← ဘလော့ဂ်သို့ ပြန်ရန်

လောဟန့် (ရဟန္တာ) ၁၈ ပါး

ဗဟုသုတ ဘာသာရေးအမြင်

ဟိုးအရင် သူငယ်ချင်းတစ်ယောက်က မေးဖူးတယ်။ “ဘာကြောင့် တရုတ်ဘုံကျောင်းက နတ်ရုပ်ဆိုတာတွေက ပြူးပြူးပြဲပြဲ၊ ရှုံ့တွဖုထစ်ပြီး ကြောက်စရာ ကောင်းအောင် ထုထွင်းထားကြတာလဲ” တဲ့။ “တကယ်တမ်း ဘုရားကျောင်းတွေထဲ ဝင်သွားရင် ရင်ထဲ အေးချမ်းနေရမယ်၊ တည်ငြိမ်နေရမယ်၊ ကြည်လင်နေရမယ်။ အခုတော့ သူတို့ မြင်တာနဲ့ လိပ်ပြာတောင် လွင့်မတတ်ဘဲ” လို့ ဆက်ပြောတယ်။ “အမှန်ကတော့ မကောင်းဆိုးဝါးတွေကို နှင်ဖို့ ရုပ်ဆိုးပန်းဆိုး ထုလုပ်ထားကြတာ ဖြစ်မှာပါ” လို့ပဲ ပေါ့ပေါ့လေး ဖြေခဲ့မိတယ်။ တကယ်လည်း အဲ့လို ရည်ရွယ်တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပုထုဇဉ် နတ်ရုပ်တွေကို ရုပ်ဆိုးဆိုး ကြောက်စရာကောင်းအောင် ဆွဲတာ ထုတာတော့ ဘာမှ မပြောလိုပေမယ့် ရဟန္တာအရှင်မြတ်တွေကို ရုပ်ဆိုးပန်းဆိုး ဆွဲထားထုထားတာမြင်ရင် စိတ်ထဲ သိပ် မကျေနပ်ချင်ဘူး။ ဒါပေမယ့် တရုတ်ပြည်မှာ ရဟန္တာတွေကို အဲဒီလိုပဲ လုပ်ထားကြတယ်။ သူတို့ရဲ့ Imagination ပေါ့လေ။

အခုပုံတွေက တရုတ်ပြည်မှာ အများသူငါ ယုံကြည်နေကြတဲ့ ရဟန္တာ (၁၈) ပါးရဲ့ ရုပ်ပုံတွေ ရုပ်တုတွေပဲ။ နတ်တွေ၊ မကောင်းဆိုးဝါးတွေ မဟုတ်ပါ။ ရဟန္တာကို တရုတ်လို လောဟန့် လို့ အသံထွက်တယ်။ တစ်ခါတလေ “အားလောဟန့်” လို့လည်း ရေးတယ်။ တရုတ် မဟာယာနဗုဒ္ဓဘာသာက ယုံကြည်ကိုးကွယ်တဲ့ ရဟန္တာ ၁၈ ပါးရဲ့ စာရင်းမှာ ထေရဝါဒ ကျမ်းစာမှာ မပါတဲ့ သို့မဟုတ် မဟာသာဝကလို့ အသိအမှတ်မပြုတဲ့ ပုဂ္ဂိုလ်တွေ ပါတယ်။ တချို့ဆိုရင် ပါဠိကျမ်းစာမှာတောင် မပါဘူး။ ထေရဝါဒ ဗုဒ္ဓဝါဒမှာ အဂ္ဂသာဝက (၄) ပါး၊ မဟာသာဝက အပါး (၈၀) ဆိုပြီး ရှိသလိုပဲ မဟာယာန ဗုဒ္ဓဝါဒမှာလည်း သာဝကကြီး (၄) ပါး၊ ရဟန္တာကြီး (၁၈) ပါး၊ ရဟန္တာကြီး (၃၅) ပါး၊ ရဟန္တာ အပါး (၅၀၀) ဆိုပြီး ရှိတယ်။ တရုတ်ဘုံကျောင်း အများစုမှာ တွေ့ရတာကတော့ အခုပုံထဲက ရဟန္တာ (၁၈) ပါးရဲ့ ပုံတွေပဲ။ တရုတ် ရှောင်လင်ကား ကြည့်ဖူးရင်လည်း မှတ်မိမယ် ထင်တယ်။ သိုင်းသင်ပြီးလို့ ကျောင်းက ဆင်းချင်ရင် ကြေးရုပ်ကြီး ၁၈ နဲ့ ချရတယ်။ နိုင်မှ တောင်အောက်ဆင်းခွင့် ပေးတယ်။ အဲဒီ ကြေးရုပ် ၁၈ ရုပ်ဟာလည်း ဒီ ရဟန္တာ (၁၈) ပါးကို ကိုယ်စားပြုတာပေါ့။ ဝူခုန်းကားထဲမှာ ပါတယ်။

အခု စာရင်းမှာ ? ပြထားတာက ထေရဝါဒနဲ့ မတိုက်ဆိုင်တဲ့ မဟာသာဝကတွေပါ။ ??? ပြထားတဲ့ အရှင်ကဿပ ဆိုတာကတော့ ဘယ် ကဿပ မှန်း မသဲကွဲလို့ပါ။ ထေရဝါဒမှာ ကဿပ နာမည်နဲ့ မဟာသာဝကတွေ အများကြီးပါတယ်။ Roman လို ရေးထားတာတွေက သက္ကတဘာသာ ကနေ ပြောင်းယူထားတာပါ။ တစ်ပါးချင်းစီ ပုံမှာလည်း နာမည်တပ်ထားပါတယ်။

十八罗汉 / 十八羅漢

  1. 宾度罗跋啰惰阇(Pindola-bharadvaja)အရှင်ပိဏ္ဍောလ ဘာရဒွါဇ
  2. 迦诺迦伐蹉(Kanaka-vatsa)အရှင်ကနက-ဝဿ ?
  3. 迦诺迦跋厘惰阇(Kanaka-bharadvaja)အရှင်ကနက-ဘာရဒွါဇ ?
  4. 苏频陀(Suvinda)အရှင်သုဝိန္ဒ ?
  5. 诺距罗(Nakula)အရှင်နကုလ ?
  6. 跋陀罗(Bhadra)အရှင်ဘဒြဝုဒ
  7. 迦理迦(Karika)အရှင်ကရိက ?
  8. 伐阇罗弗多罗(Vajra-putra)အရှင်ဝဇိရပုတ္တ ?
  9. 戍博迦(Svaka)အရှင်သွာက ?
  10. 半托迦(Panthaka)အရှင်မဟာပန္ထက
  11. 罗怙罗(Rahula)အရှင်ရာဟုလ
  12. 那伽犀那(Nagasena)အရှင်နာဂသေန ?
  13. 因揭陀(Ingata)အရှင်အင်္ဂတ ?
  14. 伐那婆斯(Vanavasin)အရှင်ဝနဝါသီ ? (BC 200 ကျော်မှာ ပေါ်တဲ့ ရဟန္တာ ဖြစ်နိုင်တယ်)
  15. 阿氏多(Ajita)အရှင်အဇိတ
  16. 注荼半托迦(Cuda-panthaka)အရှင်စူဠပန္ထက
  17. 迦叶波尊者(Kasyapa 迦叶尊者)အရှင်ကဿပ ???
  18. 梅呾利耶尊者(Maitreya 弥勒尊者)အရှင်မေတ္တေယျ

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *