← Back to blog

လူတွေအားလုံးက ဘဝကို သုညကချည်း စကြရတာလား

ဘာသာရေးအမြင်

“လူတွေအားလုံးက ဘဝကို သုညကချည်း စကြရတာပါ” လို့ လူအများစုက မှတ်ထင်ကြတယ်။ တကယ်တော့ အဲဒီလို မဟုတ်ဘူး။

ကျနော်တို့ အားလုံးက တကယ်တော့ စမှတ်တွေ မတူကြဘူး။ အားကစားပြိုင်ပွဲတွေမှာ တရားမျှတအောင် ဆိုပြီး စမှတ်ကို တစ်သမတ်တည်း သတ်မှတ်ထားတယ်။ ဥပမာ အပြေးပြိုင်ပွဲပေါ့။ ပြိုင်ပွဲဝင်သူ အားလုံးက စမှတ်တစ်ခုတည်းကနေ စပြေးရတယ်။ ဒါပေမယ့် ဘဝက အဲဒီလောက် တရားမျှတမနေဘူး။ လူ့ဘဝတင် မကဘူး။ သတ္တလောကကြီး တစ်ခုလုံးက တရားမျှတ မနေဘူး။

အဲဒါကို ဗုဒ္ဓဘာသာက ကံတရားလို့ ခေါ်တယ်။ တခြားဘာသာတွေက ဘုရားသခင်ရဲ့ အလိုတော်ကျတဲ့။ ဘယ်လိုပဲ ခေါ်ခေါ် သေချာတာကတော့ စမှတ်မတူဘူး။ တချို့က ကုန်းကောက်စရာ မရှိအောင် ဆင်းရဲတဲ့ မိသားစုမှာ လူဖြစ်လာကြတယ်။ တချို့က သုံးလို့ မကုန်အောင် ချမ်းသာတဲ့ မိသားစုမှာ လူဖြစ်လာတယ်။ တချို့က ရှေ့ရေးကို မျှော်မတွေးဘဲ မိုက်တိမိုက်ကန်း လုပ်တတ်၊ နေတတ်တဲ့ မိသားစုမှာ လူဖြစ်လာတယ်။ တချို့က စီမံကိန်းကျကျ အမြော်အမြင် ရှိရှိ တွေးတတ် မြင်တတ်တဲ့ မိသားစုမှာ လူဖြစ်လာတယ်။ တချို့က ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ မိဘ‌၊ ပတ်ဝန်းကျင်တွေနဲ့ ကြီးပြင်းခဲ့ရတယ်။ တချို့က စာနာထောက်ထားပြီး လူကို လူလို ဆက်ဆံတတ်တဲ့ မိဘ၊ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတယ်။

စမှတ်တွေ မတူကြဘူး။ ပေးထားချက်တွေ မတူကြဘူး။ ဒါပေမယ့် နောက် အနှစ် ၂၀၊ နောက် အနှစ် ၄၀ ကြာတဲ့ အချိန်မှာ လူတွေက သူမသာ ကိုယ်မသာတွေ ဖြစ်ကုန်ကြတယ်။ အမြင့်ကနေ ဆင်းသွားတဲ့ လူတွေ ရှိတယ်။ အနိမ့်ကနေ တက်သွားတဲ့ လူတွေ ရှိတယ်။

ပေးထားချက်တွေ မတူကြပေမယ့် တချို့က ကြိုးစားတယ်။ ကိုယ့်မှာ ရှိတဲ့ အချိန်ကို အရင်းအနှီးလုပ်ပြီး သူများထက် အားပိုစိုက်တော့ အနိမ့်ကနေ တဖြည်းဖြည်း ပိုပိုမြင့်တက်လာတယ်။

ပေးထားချက် မတူပေမယ့် တချို့က ဉာဏ်ကို လွှာသုံးတယ်။ ကိုယ့်မှာ ရှိတဲ့ ဉာဏ်ပညာအခြေခံကို မြင့်သထက် မြင့်အောင် လုပ်ပြီး အကျိုးရှိ၊ အကျိုးမဲ့ကို ဉာဏ်နဲ့ ခွဲခြားတယ်။ ဘယ်ဟာကို ဦးစားပေးရမလဲ ဆိုတာကို လေ့လာတယ်။ ဒီတော့ ဘဝလမ်းကြောင်းကို အစီအစဉ်တကျ ဖော်သွားနိုင်တယ်။

ပေးထားချက် မတူပေမယ့် တချို့က ကံကို ယိုးမယ်ဖွဲ့တယ်။ ငါ ကံမကောင်းဘူး။ ငါ သူများထက် နိမ့်ကျနေတယ်။ ငါ့ကို ကူညီဖေးမမယ့်သူ မရှိဘူး။ ငါ့ကို မိဘတွေက မကူညီဘူး။ စသဖြင့် ပတ်ဝန်းကျင်ကို အပြစ်ဖို့မယ်။ ကံကို အပြစ်ဖို့မယ်။ အပြစ်ဖို့ဖို့က လွဲလို့ ဘာမှ မလုပ်ဘူး။

ပေးထားချက် မတူပေမယ့် တချို့က အလကား ရထားတယ်ဆိုပြီး ကိုယ်ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးပစ်တယ်။ မိဘပိုက်ဆံ ထိုင်စားတယ်။ ငါ ဉာဏ်ကောင်းပြီးသားပဲ ဆိုပြီး ပေါ့ပေါ့တန်တန် နေတယ်။ မိဘရဲ့ လုပ်ငန်းအခိုင်အမာ ရှိပြီးသား ဆိုပြီး ဖြစ်သလို ပျော်လိုက်ပါးလိုက် ရေလိုက်ငါးလိုက် နေသွားကြတယ်။

ဟုတ်ပါတယ်။ စမှတ်တွေ မတူကြလို့ တချို့က စစချင်းမှာ အများစုထက် အများကြီး ပြတ်ကျန်နေတတ်တယ်။ တချို့က စစချင်းမှာတင် အဝေးကြီး ရောက်ချင် ရောက်နေမယ်။ ဒါပေမယ့် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ မပြောင်းမလဲဘဲ ပေနေတဲ့ လေနေတဲ့ လူပဲ ကျန်ရစ်ဖြစ်ရတယ်။ သူ ပြောင်းရင် ကိုယ်လိုက်ပြောင်းရမယ်။ ကိုယ်လိုက်ပြေးရမယ်။ ပြေးတဲ့သူရဲ့ အရှိန်ပေါ် မူတည်ပြီး ကျကျန်ခဲ့တဲ့ လူတွေ ရှိလာတယ်။ ကျော်တက်သွားတဲ့ လူတွေ ရှိလာတယ်။

ဗုဒ္ဓဘာသာရဲ့ အယူအဆအရ ကံကိုပဲ ယိုးမယ်ဖွဲ့နေတဲ့သူကို မိစ္ဆာဒိဋ္ဌိလို့ ခေါ်တယ်။ ကံ (အတိတ်ကံ) တွေ မတူကြတာ မှန်တယ်။ ဒါပေမယ့် ဘဝရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းက ကံကြောင့်ချည်း သက်သက် မဟုတ်ဘူး။ ဉာဏ် နဲ့ ဝီရိယ ကလည်း အရေးပါတဲ့ အကြောင်းတရားထဲမှာ ပါတယ်။ အတိတ်ကံကို ဒီဘဝစာအတွက် ပြင်လို့ မရတော့ဘူး ဆိုပေမယ့် ကျန်တဲ့ ဉာဏ်နဲ့ ဝီရိယကို လိုတိုး ပိုလျှော့ လုပ်လို့ ရတယ်။

ဘာရယ်ကြောင့်တော့ မသိဘူး။ ကံကောင်းလွန်းတဲ့ လူတွေဟာ ဉာဏ်နဲ့ ဝီရိယမှာ အားနည်းလွန်းကြတယ်။ အထူးသဖြင့် ဝီရိယပေါ့။ ကံ နဲ့ ဉာဏ်က ပေးထားချက်အနေနဲ့ ဘဝစစချင်းမှာ အကောင်းစားတွေ ရနိုင်ပေမယ့် ဝီရိယကတော့ ပေးထားချက်ထဲ မပါဘူး။ သဘောက ဒီဘဝမှာ ကိုယ့်ဟာကိုယ် လုပ်ယူမှ ရတယ်။ မွေးမွေးချင်း သူများထက် ကံ ပိုကောင်းချင် ကောင်းမယ်။ မွေးမွေးချင်း သူများထက် ဉာဏ် ပိုကောင်းချင် ကောင်းမယ်။ ဝီရိယကတော့ လူတိုင်း အတူတူပဲ။ လူတိုင်းမှာ တစ်နေ့ကို ၂၄ နာရီပဲ ရတယ်။ ဘယ်သူမှ ပိုမရဘူး။ ဘယ်သူမှ လျော့မရဘူး။ ဒီတော့ အချိန်ကို ဘယ်သူက ပိုပြီး တန်ဖိုးထားသလဲ။ ဘယ်သူက အကျိုးရှိရှိ အသုံးချသလဲ။ ဘယ်သူက အလုပ်ကို ဇွဲနပဲနဲ့ လုပ်တတ်သလဲ။ အဲဒီအချက်တွေပေါ် မူတည်ပြီး လုပ်အားတွေ ကွာသွားတယ်။

အနှစ်ချုပ်ရရင် လူတိုင်းမှာ ပေးထားချက် မတူဘူး။ စမှတ် မတူဘူး။ ကံ မတူနိုင်ဘူး။ ဉာဏ် မတူနိုင်ဘူး။ ဒါပေမယ့် ဉာဏ်က နောက်ပိုင်းမှာ အဆင့်မြှင့်လို့ရတယ်။ upgrade လုပ်နိုင်တယ်။ အတိတ်ကံကတော့ ပြင်မရဘူး။ လူအားလုံး တစ်ပြေးညီတည်း ရထားတာကတော့ ဝီရိယပဲ။ အတိအကျ ပြောရရင် အားလုံးက မွေးမွေးချင်းမှာ ဝီရိယ ဇီးရိုးနဲ့ စရတယ်။ အဲဒီကနေမှ မိဘရဲ့ အားပေးမှု၊ ပတ်ဝန်းကျင်ရဲ့ အားပေးမှု၊ ကိုယ်တိုင် စိတ်ပိုင်းဖြတ်မှုတွေနဲ့ ဝီရိယကို upgrade လုပ်ယူရတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ပေးထားချက်ကို လေ့လာပါ။ သူများထက် နိမ့်နေမှန်း သိရင် ဉာဏ်နဲ့ ဝီရိယကို အဆင့်မြှင့်တင်ပါ။ upgrade လုပ်ပါ။ ပေးထားချက် ကောင်းတယ် ဆိုတဲ့ လူတွေကလည်း မပေါ့ပါနဲ့။

အပြောင်းအလဲတွေ နေ့တိုင်း ဖြစ်နေတဲ့ လောကကြီးမှာ၊ အမြဲလှုပ်နေတဲ့ လောကကြီးမှာ ငြိမ်နေတဲ့တစ်နေ့ သူများအောက်ကို ရောက်သွားမှာပဲ။ ကျနော်တို့ဟာ ရေနက်ကြီးထဲမှာ ရပ်တည်နေရသလိုပဲ။ မကူးခတ်ချင်ဘူး ဆိုရင်တောင် အနည်းဆုံးတော့ ကိုယ်ဖော့နေရမယ်။

ကိုယ်ဖော့တယ် ဆိုတာ လှုပ်နေတဲ့ ပတ်ဝန်းကျင်မှာ ငြိမ်နေအောင် လှုပ်ရှား‌နေရတဲ့ သဘောပါ။ အလှုပ်ကို အလှုပ်နဲ့ တန်ပြန်ထိန်းညှိနိုင်မှ ငြိမ်သွားပါမယ်။ ဒါကြောင့် ကိုယ်ဖော့တာပဲဖြစ်ဖြစ်၊ ကူးခတ်တာပဲ ဖြစ်ဖြစ် လှုပ်တော့ လှုပ်ရှားနေရမယ်။ မကူးခတ်တော့ဘူး၊ ဒါမှမဟုတ် ကိုယ်မဖော့တော့ဘူး ဆိုရင် ရေနက်ထဲ စုန်းစုန်းမြုပ်သွားမှာပဲ။

Leave a comment

Your email address will not be published. Required fields are marked *