← ဘလော့ဂ်သို့ ပြန်ရန်

မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် – ကျမြီး

စာအုပ်တွေအကြောင်း မြန်မာ့သမိုင်း

မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် (ဘာသာပြန်သူ ကျမြီး) စာအုပ်က မဂ္ဂဇင်းဆိုဒ် စာမျက်နှာ ၆၀၀ ကျော်ပါတဲ့ စာအုပ်အထူကြီးဆိုတော့ အတော်လေး ဖတ်ယူခဲ့ရတယ်။ စာအုပ်ရဲ့ မူရင်းစာရေးသူက ဆာ ဝီလီယံ ဆလင်း။ သူက ၁၉၄၂ ခု အင်္ဂလိပ်တပ်တွေ မြန်မာပြည်ကနေ အိန္ဒိယပြည်ထဲ ဆုတ်ခွာတော့ သူက ဦးစီးခဲ့ရတယ်။ နောက်ပြီး ၁၉၄၄ ခုကနေ စပြီး မြန်မာပြည်ကို ပြန်သိမ်းတော့လည်း Burma Campaign ရဲ့ စစ်သေနာပတိအနေနဲ့ ဦးဆောင်ပြီး သိမ်းခဲ့တာဆိုတော့ ဒီစာအုပ်က သူရဲ့ မြန်မာပြည်စစ်မှတ်တမ်းလို့ ပြောလို့ရတယ်။

ဒီစာအုပ် မဖတ်ခင်က သိချင်နေခဲ့တဲ့ အချက်တချို့ ရှိခဲ့တယ်။ ၁၉၄၂ ခုနှစ်လောက်မှာ ဗြိတိသျှဟာ ပြိုင်ဘက်မရှိ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတစ်နိုင်ငံအနေနဲ့ ရပ်တည်နေနိုင်တုန်းပဲ။ (အဲဒီအချိန်မှာ အမေရိကန်ကတော့ ပုခုံးချင်း ယှဉ်လာနေပြီ) အဲဒီလို နံပါတ်တစ် အင်အားကြီး နိုင်ငံတစ်နိုင်ငံက ပိုင်တဲ့ မြန်မာနိုင်ငံကို ဂျပန်က တက်သိမ်းတော့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတယ်။ ဘာကြောင့်လဲ။ သိက္ခာရှိရှိ ခံစစ်နဲ့ ပြန်မချနိုင်ဘဲ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတာ။ ရန်ကုန်မြို့ဆိုရင် ပြန်မချဘဲ ထွက်ပြေးကြတာ။ တစ်နိုင်ငံလုံး အဲဒီအတိုင်းပဲ။ ဂျပန်တွေ ယိုးဒယားနယ်စပ်ကနေ စဝင်တဲ့အချိန်က စတွက်ရင် ၆ လကျော်ကျော်လောက်မှာပဲ ‌ဗြိတိသျှတပ်တွေ အကုန်လုံး နီးပါး အိန္ဒိယနယ်စပ်ကို မောင်းထုတ်ခံလိုက်ရတယ်။ အတိအကျ ပြောရရင် ထွက်ပြေးကြတာ။ ဂျပန်ကို ခံတိုက်တယ်လို့ ပြောလို့ရတာက မွန်ပြည်နယ် လောက်မှာပဲ ရှိတယ်။ စစ်တောင်းတံတား ကျသွားတာနဲ့ ပြေးဖို့ စပြီး စီစဉ်တော့တာပဲ။

အဲဒီတော့ စိတ်ဝင်စားစရာ ကောင်းတာက နံပါတ်ဝမ်းကြီးက ဘာကြောင့် ထွက်ပြေးရတာလဲ။ ဂျပန်တွေက အဲလောက်ပဲ စွမ်းလို့လား။ မနေ့တနေ့ကမှ သေနတ်ကိုင်ဖူးတဲ့ မြန်မာ့တပ်မတော် ဆိုတာကိုတော့ ထပ်မတွက်နဲ့တော့ပေါ့။ အဲဒီ မေးခွန်းနဲ့ ပတ်သက်ပြီး သိချင်နေခဲ့တာ အတော်ကြာပြီ။ ဒီစာအုပ်ကို ဖတ်ရတော့မှ အတော်လေး သဘောပေါက်လာတယ်။ ၁၉၄၀ ပတ်ဝန်းကျင်မှာ အင်္ဂလိပ်တွေဟာ Management အမှားတွေ အများကြီး လုပ်ခဲ့တယ်။ အဲဒီ အမှားတွေကြောင့်ပဲ နံပါတ်ဝမ်းနေရာကို ဆုံးရှုံးလိုက်ရတာပဲ။ အဲဒါကြောင့်ပဲ ဂျပန်က မြန်မာပြည်ကို လွယ်လွယ်ကလေးနဲ့ သိမ်းလို့ ရသွားတယ်။

ဒီစာအုပ်ကို သဘောကျတဲ့ အချက်က စစ်ရေးနဲ့ ပတ်သက်ပြီး ‌ဗြိတိသျှဘက်က ဘာတွေ မှားလုပ်ခဲ့တယ်၊ ဘာတွေ အားနည်းခဲ့တယ်၊ စတာတွေကို သုံးသပ်ပြထားတယ်။ သူတို့ဘက်က ဆုတ်ပြေး ပြေးကြတုန်း ဆုံးဖြတ်ချက်အမှားတွေ လုပ်ခဲ့လို့ ဒုက္ခရောက်ကြရတာတွေ ထည့်ရေးထားတယ်။ ပြီးတော့ ဂျပန်တွေဘက်က အားသာချက်တွေကို ဘယ်ပုံ လက်တွေ့ကျကျ အသုံးချသွားလို့ သူတို့မှာ တစ်မြို့ပြီးတစ်မြို့ ပစ်ပြေးရတဲ့အကြောင်း ထည့်ရေးထားတယ်။ သူတို့ ထင်းဖြစ်ခဲ့ရဲ့ဘဝတွေပေါ့။

နောက်ပြီး အိန္ဒိယရောက်တော့ သူတို့ စစ်တပ်ရဲ့ အားနည်းချက်တွေကို ပြန်သုံးသပ်ပြီး ထရိန်နင်တွေ ပြန်လုပ်ခဲ့တဲ့အကြောင်း။ သဘောအကျဆုံးနဲ့ စေ့စေ့စပ်စပ် ရေးထားတဲ့ အပိုင်းက အင်ဖာစစ်ပွဲအကြောင်းပဲ။ ဂျပန်က အင်ဖာကို ဝင်သိမ်းပြီး ဒေလီအထိ ဆက်သိမ်းဖို့ မျှော်မှန်းထားခဲ့တာ။ အဲဒီ အင်ဖာစစ်ပွဲမှာ ဂျပန်နဲ့ ဗြိတိသျှတို့ ‌ဗျူဟာအပြိုင်ခင်းပြီး တိုက်ကြပုံတွေကို မြေပုံနဲ့တကွ အသေအချာ ရေးပြသွားတယ်။ အင်ဖာတိုက်ပွဲမှာ ဂျပန်ဘက်က ဗျူဟာအမှားတွေ ချခဲ့မိလို့ ရှေ့မတိုးနိုင်ဘဲ နောက်ဆုတ်ပြေးရတဲ့ အဆင့်ထိ ဖြစ်ခဲ့ကြပုံကို အသေးစိတ် ရေးထားတယ်။

နောက်ဆုံးအနေနဲ့ မြန်မာပြည်ကို စစ်ကြောင်းတွေအများကြီး ခွဲပြီး ပြန်သိမ်းဖို့ ကြိုးစားကြတဲ့ အကြောင်းကလည်း စိတ်ဝင်စားစရာပဲ။ ဘယ်မြို့တွေ၊ ဘယ်နေရာတွေက စစ်ရေးအရ ဘယ်လို ‌ဗျူဟာကျကြောင်း၊ အရေးပါတွေလည်း သုံးသပ်ပြထားတယ်။ ၂၀ ရာစုက နည်းပညာအရ ရေးပါတာ ဆိုပေမယ့်လည်း အခုအချိန်ထိ ပထဝီအနေအထားအရ အရေးပါနေဦးမှာပဲ။ မြန်မာပြည်ဝင်သိမ်းတော့ မဟာမိတ်တပ်အနေနဲ့ အမေရိကန်လေတပ်နဲ့ တရုတ်ကြည်းတပ်ရဲ့ အကူအညီတွေနဲ့ ဘယ်လို ညှိနှိုင်း စစ်တိုက်ရကြောင်း။ တရုတ်တပ်တွေရဲ့ ညံ့ဖျင်းပုံတွေ၊ အမေရိကန် အရာရှိတချို့ရဲ့ ပလွှားပုံတွေ စတာတွေလည်း တို့ကနန်း ဆိတ်ကနန်း ရေးသွားတယ်။

စာမျက်နှာ ၆၀၀ ကျော်တဲ့ စာအုပ်ကြီးကို ဖတ်ရင်း စိတ်ထဲက မသိမသာ မျှော်လင့်နေတာ တစ်ခုရှိတယ်။ ဂျပန်ကို တိုက်တဲ့ တိုက်ပွဲ‌တွေထဲမှာ တို့မြန်မာတွေ ဘယ်အခန်းကဏ္ဍကနေ ပါပါ့မလဲပေါ့။ ‌ဗိုလ်ချုပ်အောင်ဆန်းတို့ ဗမာ့တပ်မတော်အကြောင်း ဘယ်လိုများ ရေးပါ့မလဲပေါ့။ မျှော်တလင့်လင့်နဲ့ ဖတ်လာလိုက်တာ စာအုပ်ပြီးခါနီးအထိ တစ်စက်ကလေးမှ မပါဘူး။ ပြောရရင် ကာလကတ္တားမှာ ထရိန်နင်တွေ ယူခဲ့ကြတဲ့ ဦးသိန်းဖေမြင့်တို့ အကြောင်းတောင် မပါဘူး။ အဲ … စာမျက်နှာ ၅၇၀ ကျော်ကာမှ ‌‌ဗိုလ်ချုပ်အောင်ဆန်းတို့အကြောင်း ပါလာတယ်။ အဲဒီအပိုဒ်ကို ဖတ်လိုက်ရမှ ဂျပန်တော်လှန်ရေးမှာ မြန်မာ့တပ်မတော်ရဲ့ အရေးပါမှုကို နားလည်တော့တယ်။ အဲဒီ အပိုဒ်ကို အောက်ဆုံးမှာ ဖော်ပြထားပါတယ်။

အချုပ်ပြောရရင် စစ်ရေး၊ စစ်ဆင်ရေးကို စိတ်ဝင်စားတဲ့သူတိုင်း၊ စစ်နဲ့ မကင်းတဲ့သူတိုင်း ဒီစာအုပ်ကို ဖတ်သင့်တာပါပဲ။ စစ်ဆင်ရေးတစ်ခုလုပ်ဖို့ ဘယ်လို ပြင်ဆင်ရသလဲ၊ ထောက်ပို့တွေရဲ့ အရေးပါပုံ၊ မြို့သိမ်းဖို့အတွက် ဘယ်လို ကြံစည်ရသလဲ၊ ရန်သူရဲ့အားနည်းချက် ကိုယ်ရဲ့အားသာချက်ကို စစ်ဗျူဟာမှာ ဘယ်လို အသုံးချရမလဲ၊ စတဲ့ စတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စစ်သေနာပတိတစ်ယောက်အနေနဲ့ စုံစုံစေ့စေ့ ရေးပြသွားတယ်။ သုံးသပ်ပြသွားတယ်။ စစ်ပွဲတွေကို စိတ်မဝင်စားတဲ့သူတစ်ယောက် အနေနဲ့ကတော့ ဒီစာအုပ်က နည်းနည်းမှ ဖတ်လို့ ကောင်းမယ် မထင်ဘူး။

(စာ – ၅၇၂ မှ)

“၁၀၁၁။ ဤအချိန်၌ ရန်သူဂျပန်တို့ စိတ်အနှောင့်အယှက် ဖြစ်ရာ အကြောင်းတစ်ရပ် မြန်မာပြည်ထဲတွင် ဖြစ်ပေါ်လျက်ရှိနေသည်။ ဂျပန်တို့သည် မြန်မာလူမျိုး ဗိုလ်ချုပ်အောင်ဆန်းအား မြန်မာအမျိုးသား တပ်မတော် တပ်မှူးခေါင်းဆောင် ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များ အပေါ် ၁၉၄၃ ခုနှစ်ကတည်းက မကျေနပ်ကြောင်း ကျွန်ုပ်တို့ ကြားသိရပေသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အထောက်တော်များမှတစ်ဆင့် မြန်မာအမျိုးသားပါတီများနှင့် အဆက်အသွယ် ရှိနေသည်ဖြစ်ရာ ယခု အချိန်တွင် မြန်မာအမျိုးသားတပ်မတော်ကို ရှေ့တန်းစစ်မျက်နှာသို့ စေလွှတ်လိုက်ကြောင်း သိထားပါသည်။ ကျွန်ုပ်တို့ အထောက်တော်များကတော့ ဗိုလ်ချုပ်အောင်ဆန်း ကျွန်ုပ်တို့ဘက်သို့ ကူးပြောင်း ဝင်ရောက်လာမည်ဟု သတင်းပို့ထားကြသည်။ ကျွန်ုပ်တို့သည် အမှတ်(၁၃၆)ထောက်လှမ်းရေးတပ်ဖွဲ့မှ ဗြိတိသျှအရာရှိတစ်ဦးအား မြန်မာပြည်ထဲသို့ လေထီးဖြင့် ခုန်ချစေလွှတ်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ကျွန်ုပ်တို့ဘက်သို့ ကူးပြောင်းဝင်ရောက်မည့် အရိပ်အခြည် မတွေ့ရပါ။ သို့ပါသော်လည်း မတ်လ ၂၇ ရက်တွင် မြန်မာအမျိုးသားတပ်မတော်သည် တော်လှန်ရေးဆင်နွှဲပြီး ဂျပန်အရာရှိအချို့အား သတ်ပစ်လိုက်ကြလေသည်။

၁ဝ၁၂။ အမှတ်(၁၃၆)ထောက်လှမ်းရေးတပ်ဖွဲ့ က ဗိုလ်ချုပ်အောင်ဆန်းအား အကူအညီ ပေးလိုကြသည်။ သို့သော် ကျွန်ုပ်တို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ကတော့ အထူးသဖြင့် မြန်မာပြည် လွတ်မြောက်ပြီးချိန်တွင် မြန်မာအမျိုးသားတပ်မတော်သည် ကျွန်ုပ်တို့အဖို့ အသုံးဝင်မည် မဟုတ်ဘဲ ဒုက္ခပေးမည့် အဖွဲ့သာ ဖြစ်ဖို့ များသည်ဟု ပြောကြပေသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်စိတ်အထင်မှာ မြန်မာအမျိုးသားတပ်မတော်သည် ဂျပန်တို့၏ ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် ဝင်ရောက်အနှောင့်အယှက်ပြုခြင်း၊ အင်အားနည်းသော ဂျပန်တပ်ဖွဲ့ငယ်ကလေးများအား ချုံခိုတိုက်ခိုက် သတ်ဖြတ်ချေမှုန်းခြင်း စသည်တို့ကြောင့် ဂျပန်တို့ ညကောင်းစွာ မအိပ်နိုင်ဘဲ ထိတ်လန့်ဖွယ်ရာများ ဖြစ်နိုင်သည်ဟု ထင်မြင်မိသည်။ တစ်ဖက်ကလည်း အကယ်၍ မြန်မာများသည် ကျွန်ုပ်တို့နှင့်လည်း လက်မတွဲဘဲ ဂျပန်ကို ခံတိုက်နေပြန်လျှင် ကျွန်ုပ်တို့သည် ၎င်းတို့အားလည်း တိုက်ရမည် ဖြစ်ပေသည်။ လက်တွေ့အားဖြင့် တစ်ခုတည်းသော အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့သည် ကျွန်ုပ်တို့နှင့်အတူ ရှိနေမည်ဆိုလျှင် နိုင်ငံရေးအခွင့်အလမ်းများ ရရှိနိုင်ပေသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ တပ်ဖွဲ့များအား စစ်ဆင်ရေးကွပ်ကဲမှု ရခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်း တပ်ဖွဲ့များသို့ လက်နက်ခဲယမ်းရိက္ခာ အကူအညီပေးသင့်ကြောင်း အထက်သို့ ထောက်ခံ တင်ပြလိုက်ပါသည်။ ရေတပ်ဗိုလ်ချုပ်ကြီးမောင့်ဘက်တန်ကလည်း ကျွန်ုပ် သုံးသပ်သလို သုံးသပ်ထားပြီး ဖြစ်သဖြင့် ကျွန်ုပ်ထောက်ခံချက်အတိုင်း ဆက်လက်ဆောင်ရွက်ခွင့် ပြုလိုက်ပါသည်။ ကျွန်ုပ်သည် မြန်မာ့ အမျိုးသားတပ်မတော်ကို ဤတိုက်ပွဲစဉ်တွင် အထူးတလည် တန်ခိုးကြီးထွားအောင် အသုံးချမည်မဟုတ်ပါ။ ၎င်းတို့ထံမှ အကူအညီကို မျှော်လင့်ပြီး ကျွန်ုပ် ချမှတ်ထားသော မူလစီမံချက်ကို ပြင်ဆင်ပြောင်းလဲမည်လည်း မဟုတ်ပေ။”

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *