တောင်းရမ်းစားသောက်ခြင်းသည် ဒီနိုင်ငံတွင် စီးပွားဖြစ်လွယ်သော လုပ်ငန်းတစ်ခုဖြစ်၏။ သူတို့လောကထဲတွင် တစ်နှစ်ဝန်းကျင် ကလေးတစ်ယောက် ငှားရမ်းခသည်ပင် တစ်ရက်ကို ၅ ထောင်ခန့် ဖြစ်သွားပြီ။ ထိုကလေးများကို အိပ်ဆေးကျွေး၍ အနှီးထုပ်ထဲတွင် ထည့်ကာ လိုက်လံတောင်းရမ်းသော မိန်းမကြီးများ၏ ဝင်ငွေသည် မသေးလှ။ ထိုပြင် သက်ကြီးရွယ်အို ဘိုးဘွားတစ်ဦး၏ တစ်ရက်တာ တောင်းရမ်းရငွေသည် ၂ သောင်းနှင့် ၃ သောင်းကြား ရှိသောကြောင့် သက်ကြီးဘိုးဘွားတစ်ဦး ရှိသောအိမ်သည် တစ်မိသားစုလုံး ချောင်ချောင်လည်လည်ဖြင့် နေထိုင်စားသောက်နိုင်ပါသည်။ ….
မိဘမဲ့ဂေဟာမှ ဘုန်းကြီးက သူတို့ထမင်းစားနေသည်ကို လာကြည့်ပြီး –
‘စားနိုင်တယ်နော်၊ အလှူခံလို့ရတာနဲ့ ကာမိပါ့မလားတောင် မသိဘူး’ ဟု မျက်နှာကို ရှုံ့မဲ့ကာ ပြော၏။
နန်းမိုးတို့ကို ခေါ်လာသည့် ဘုန်းကြီးက –
‘သိပ်စဉ်းစားမနေနဲ့ ဟေ့လူ။ ကလေးတွေများလေ အလှူရှင်ပိုလာလေပဲ။ ပြီးတော့ ခင်ဗျားဆီမှာ ရှိတာတွေက ပတ်ဝန်းကျင်က ခေါ်ထားတဲ့ ဗမာကလေးတွေဆိုတော့ သနားဖို့မကောင်းဘူး။ ဒီတစ်အုပ်သာ ခေါ်သွားရင် အပြကောင်းပြီ။ စစ်ဘေးရှောင်လေးတွေနော်။ တချို့ မြန်မာစကား မတတ်ဘူး။ မိဘမဲ့အစစ်တွေ။ ခင်ဗျားကိုမို့ ပေးလိုက်တာ’ ဟု ဒေါနှင့်မောနှင့် ပြန်ပြောသည်။
‘ဘာလို့ အသက် ၁၀ နှစ်အောက်တွေကို သီလရှင်တွေ ကိုရင်တွေ ပေးဝတ်တာလဲဟင်’
သီရိက ရယ်ပါသည်။
‘,သီလရှင်တွေက စနေ၊ တနင်္ဂနွေ အလှူခံခိုင်းဖို့၊ ကိုရင်တွေကတော့ ဂေဟာကို အလှူရှင်တွေလာရင် ပြဖို့လေ။ လူတွေက သီလရှင်ဝတ်၊ ကိုရင်ဝတ်တွေကို တွေ့ရင် ပိုပြီး လှူဒါန်းကြတယ်ဟ။ နောက်တော့ နင် နားလည်သွားမှာပါ။’
…. ယခုတော့ ဂေဟာ၏ ရှင်ပြုပွဲသည် အဝတ်ပြောင်းပြီး ဝတ်ဆင်မှုတစ်ခုသာ ဖြစ်ပါသည်။
ကိုရင်ဝတ်ဖြင့် တင့်တယ်လှသော မောင်လေးကို သူကန်တော့ချင်ပေမယ့် တစ်စုံတစ်ရာက သူ့ကို တားဆီးထား၏။
ထိုအချိန်တွင် ပရဟိတအဖွဲ့ထဲသို့ ဂေဟာမှ ငါးနှစ်အရွယ် ကလေးတစ်ဦး အပြေးသွားကာ-
‘ဖေဖေ မေမေ’ ဟုခေါ်ကာ တွေ့ရာလူပေါ် အတင်းဖက်တက်လေ၏။ ပရဟိတအဖွဲ့ထဲမှ ကောင်မလေးတချို့ မျက်ရည်ကျပြီး ထိုကလေးငယ်ကို ကြင်နာစွာ ပွေ့ချီကြပါသည်။
ထိုအခါ နောက်ထပ် ကလေးငယ်တစ်ဦးကလည်း-
‘သားကိုလည်း ချီပါ မေမေ’ ဟု ပြောကာ လက်ကမ်းပေးလေတော့သည်။
‘သနားလိုက်တာ ကလေးတို့ရယ်’ ……
….. နန်းမို မျက်နှာမကောင်းသည်ကို ကြည့်ပြီး သီရိက ခပ်တိုးတိုး လာပြောသည်။
‘ဟဲ့ .. ဘာမှ စိတ်မကောင်း ဖြစ်မနေနဲ့။ အဲဒီကလေးတွေက အကုန်မိဘရှိတယ်။ ထမင်းချက်ပေးတဲ့ စားဖိုဆောင်က အဒေါ်ကြီးက သူတို့အမေပဲ။ အလှူရှင်တွေလာရင် ဒီလိုပြောရမယ် ဒီလိုလုပ်ရမယ်ဆိုပြီး ဘုန်းကြီးက သင်ပေးထားတာ’
‘ငါ့စိတ်ထဲဂေဟာမှူးတွေကို ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေတယ်။ စာလာသင်ပေးတဲ့ ဆရာမတွေကလည်း နန်းစိုး သေသွားတာကို မသင်္ကာကြဘူးလေ။ မေးမြန်းစုံစမ်းနေကြတယ်။ နင်က အဖြစ်မှန်ကို သိနေပြီး ဆရာမတွေကို သွားပြောတော့မယ်လို့ ဂေဟာကလူတွေ တဖြည်းဖြည်း စိုးရိမ်လာကြတယ်။ နင်တို့ကို အဆောင်မှူးတွေ တစ်ခုခုလုပ်တော့မယ်လို့ ငါထင်နေတယ်။ ငါထင်ရင် လွဲခဲတယ်ဟ။ နင်တို့ ပြေးတော့ဟာ။’
