← ဘလော့ဂ်သို့ ပြန်ရန်

ဗျိုင်းမှာ အထီးမရှိဘူးတဲ့လား

ဗဟုသုတ

ဗျိုင်းမှာ အထီးမရှိဘူး ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ခေါင်းစဉ်တစ်ခု ခေါင်းထဲဝင်လာတာနဲ့ အင်တာနက်မှာ ဟိုခေါက်ဒီခေါက် လျှောက်ရှာကြည့်မိတယ်။ သတ္တလောကမှာ လိင်တစ်မျိုးတည်း ရှိတဲ့ သတ္တဝါ ရှိပါ့မလားပေါ့။ တကယ်တော့ ဒါက မဖြစ်နိုင်တဲ့ မေးခွန်းတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သတ္တဝါမျိုးစိတ်တစ်ခု ရှင်သန်ပွားများဖို့ဆိုရင် သတ္တဝါတိုင်းမှာ မျိုးပွားအင်္ဂါ ပါကိုပါရမယ်။ မျိုးပွားအင်္ဂါ ပါလာပြီဆိုရင် Gender ဆိုတဲ့ လိင်ကွဲပြားမှုက ရှိကို ရှိရတော့မှာပေါ့။ ထူးခြားတာတွေ ဘာတွေ တွေ့ရမလဲဆိုပြီး အင်တာနက်မှာ လျှောက်ရှာဖတ်ကြည့်တော့ ဗဟုသုတ ရစရာတွေ အများကြီး သိလာရတယ်။

ဥပမာ – Virgin birth (ပညာရပ်ဝေါဟာရ – Parthenogenesis) လို့ခေါ်တဲ့ အပျိုမီးဖွားတာမျိုး။ အမှန်က အထီးအမ လိင်ဆက်ဆံ မပြုဘဲ အမတိရစ္ဆာန်က သူ့အလိုလို ကိုယ်ဝန်တည်တာကို ပြောတာပါ။ တိရစ္ဆာန်ရုံထဲမှာ ထားထားတဲ့ ငါးမန်း 🦈၊ မြွေ 🐍၊ Lizard 🦎၊ ပျား 🐝 စတာတွေကို လက်တွေ့မျက်မြင် တွေ့ထားပြီးပါပြီ။ အဲအကောင်တွေက ရုံမှာ အမချည်း သက်သက် ထားထားပါလျက်နဲ့ ကိုယ်ဝန်တွေ ရှိကြတာမျိုးပေါ့။ ဒါပေမယ့် နို့တိုက်သတ္တဝါတွေမှာတော့ အဲဒီလို အခြေအနေမျိုး မတွေ့ရပါဘူး။ အရှည်မပြောချင်လို့ အတိအကျ ဖတ်ချင်ရင် https://www.businessinsider.com/animals-that-can… မှာ ဖတ်ကြည့်ပါ။

ဒီမှာ နည်းနည်း ချဲ့ပြောချင်တာက Nemo လေး အကြောင်းပါ။ Finding Nemo ကာတွန်းကားကို ကြည့်မိပြီးကတည်းက Nemo လေးကို ချစ်မိသွားတာပါ။ ငယ်ငယ်က နီမိုနဲ့ တူတဲ့ ငါးလေးတောင် မွေးဖူးသေးတယ်။ မြန်မာပြည်မှာတော့ တိုင်းဂါးလို့ ခေါ်ကြတာပဲ။ အဆင်းကြောင်းတွေ ပါလို့ ထင်တယ်။ Nemo လေး Clownfish လို့ ခေါ်ပါတယ်။ အခု လျှောက်မွှေမိတော့မှ Nemo လေးအကြောင်းကို ပိုသိလာရတယ်။ နီမိုလေးတွေဟာ မွေးလာတဲ့အခါမှာ အကုန်လုံး အထီးလေးတွေချည်းပဲ မွေးသတဲ့။

ဟုတ်တယ်။ နီမိုပေါက်ကလေးတွေ မှန်သမျှဟာ အကုန် အထီးချည်းပဲတဲ့။ ဒါပေမယ့် သူတို့ကို မွေးပေးတာကတော့ အမကြီးနော်။ သူတို့ရဲ့ အသိုက်အမြုံလေးတစ်ခုတစ်ခုမှာ အမက တစ်ကောင်ပဲ ရှိတယ်။ ကျန်တာ အထီးချည်းပဲ။ အထိးပဲ ဆိုပေမယ့်လည်း အထီးပီသတဲ့ အထီးတွေလည်း မဟုတ်ပြန်ဘူး။ မွေးတုန်းက အထီးချည်းပဲလည်း ပြောသေးတယ်။ အမ ဘယ်က ရောက်လာတာလဲလို့ မေးချင်စရာပေါ့။ Clownfish တွေဟာ hermaphrodite လို့ခေါ်တဲ့ ဒွိလိင်္ဂဘာဝ ရှိသတဲ့။ ရှင်းရှင်းပြောရရင် လိင်နှစ်မျိုးလုံးပါတဲ့ တိရစ္ဆာန်တွေပေါ့။ (တခြား ဒွိလိင်္ဂဘာဝရှိတဲ့ တိရစ္ဆာန်တွေ အများကြီး ရှိပါသေးတယ်။ အထူးသဖြင့် ရေသတ္တဝါတွေမှာ ပြီးတော့ ကျောရိုးမဲ့ သတ္တဝါတွေမှာ အများဆုံး တွေ့ရတယ်။ ပိုသိချင်ရင် hermaphrodite နဲ့ ဂူဂဲမှာ ရှာကြည့်ပါ။)

ဟုတ်တယ်။ နီမိလေးဟာ အထီးအမ မထင်ရှားသေးတဲ့ အထီးကလေးတွေ ဘဝနဲ့ စကြရတာပါ။ အထီးအင်္ဂါလက္ခဏာနဲ့ ပိုနီးစပ်လို့သာ အထီးကလေးတွေလို့ ပြောရတာ။ သူတို့ရဲ့ အသိုက်အမြုံမှာ ဦးစီးဦးဆောင်က အမပေါ့။ သူတို့ရဲ့ မိခင်လည်း ဟုတ်ရဲ့။ အဲဒီ အမက သူတို့အားလုံးထဲမှာ အကောင်အကြီးဆုံး။ ဒုတိယအနေနဲ့ ပါဝါအရှိဆုံးကတော့ အဲဒီ အမကြီးနဲ့ သံဝါသပြုဖို့ မျိုးပွားဖို့ မိတ်လိုက်ဖို့အတွက် အထီးနီမိုပါပဲ။ သူတို့တွေ ဘယ်အချိန်မှာ အထီးအမ ထင်ရှားလာသလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

တကယ်လို့ ဒီအသိုက်အမြုံလေးကို ဦးဆောင်နေတဲ့ အမကြီးဟာ အကြောင်းတစ်ခုခုကြောင့် သေသွားခဲ့ရင် ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ကိုယ်ခန္ဓာအရလည်း ဒုတိယအကြီးဆုံး ဖြစ်တဲ့ မိတ်လိုက်ဖော်အထီးကြီးဟာ အလိုအလျောက် လုံးရာကပြားသွားပြီး အမခေါင်းဆောင် ဖြစ်သွားပါသတဲ့။ ပြီးတော့ အရင်က တတိယမြောက် ခန္ဓာအကြီးဆုံးဖြစ်တဲ့ အကောင်လေးကလည်း အထီးဘာဝ ပီပြင်လာပြီး အလိုအလျောက် မိတ်လိုက်ဖက် ဖြစ်သွားတယ်။

ဒါကြောင့် သတ္တဗေဒ ပညာရှင်တွေက ဒီလို ပြောကြပါတယ်။ တိရစ္ဆာန်တွေမှာ Gender လို့ခေါ်တဲ့ လိင်ခွဲခြားမှုဟာ အတော်လေး သဘာဝ မကျပါဘူး။ လိင်အင်္ဂါကို ကြည့်ပြီး အထီးအမ ခွဲရအောင်ကလည်း မျိုးစိတ်အတော်များများမှာ လိင်နှစ်မျိုးလုံး ပါနေတာ တွေ့ရတယ်။ လိင်တစ်မျိုးကနေတစ်မျိုး ကူးချည်သန်းချည် ရှိတတ်တာကြောင့်လည်း အထီးပဲ အမပဲလို့ ခွဲခြားရ ခက်ပါတယ်။ လိင်အင်္ဂါနဲ့ မခွဲဘဲ ကိုယ်အသွင်အပြင်နဲ့ ခွဲရအောင်ကလည်း ခက်ပြန်ရော။ ဥပမာ ခြ‌င်္သေ့အထီးတွေမှာ လည်ဆံမွေးရှိပြီး အမတွေမှာ မပါဘူးလို့ ပြောကြလိမ့်မယ်။ ၂၀၁၆ ခုက သဘာဝဘေးမဲ့တောတစ်တောထဲမှာ လည်ဆံမွေးပါတဲ့ ခြင်္သေ့အမ ငါးကောင်တောင် တွေ့ထားသတဲ့။ နောက်ပြီး Hyena တွေမှာ အထီးရောအမရော penis လိင်တံတွေ ပါသတဲ့။ လိင်ဆက်ဆံခါနီး အထီးရောအမပါ လိင်တံတောင့်တင်းခြင်း လက္ခဏာတွေ ပြပါသတဲ့။ ဒါပေမယ့် သေချာတာကတော့ ကိုယ်ဝန်ဆောင်တယ်၊ မီးဖွားတယ်ဆိုတာ အမတွေသာ လုပ်နိုင်ပြီး မျိုးပွားချင်ပြီ ဆိုရင်တော့ အမသဘာဝအဖြစ်ကို မပြောင်းမဖြစ် ပြောင်းကို ပြောင်းကြရတာပါပဲ။

အော် .. စိတ်တွေ ဆန်းကျယ်သလောက် သတ္တလောကကြီးလည်း ဆန်းကျယ်လိုက်တာ။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *