မြန်မာတွေက သုံးကြတယ်။ “ဝေဒနာခံစားနေရတယ်” တို့၊ “ဒီဝေဒနာကို မခံစားချင်တော့ဘူး” တို့ အပြောများ အသုံးများကြတယ်။ မြန်မာ အများစုက ဝေဒနာဆိုတဲ့ စကားလုံးကို ဒုက္ခဆိုတဲ့ စကားလုံးအစား ဖလှယ်ပြီး သုံးကြတယ်။ ဥပမာ “ဒုက္ခခံစားနေရတယ်” အစား “ဝေဒနာခံစားနေရတယ်” လို့ သုံးတယ်။ “ဒီဒုက္ခကို မခံစားချင်တော့ဘူး” အစား “ဒီဝေဒနာကို မခံစားချင်တော့ဘူး” လို့ ရေးကြတယ်။
ဒါကြောင့် မြန်မာစာမှာ ဝေဒနာ လို့ ရေးတာနဲ့ နာကျင်ခံခက်တဲ့ အတွေ့အကြုံပဲ ဆိုတာ တန်းသိနိုင်တယ်။ တစ်ခါတလေကျတော့ ဝေဒနာ ဆိုတာ ရောဂါကို ကိုယ်စားပြုပြန်တယ်။ အနာတရကိုလည်း ဝေဒနာလို့ သုံးပြန်တယ်။ ကင်ဆာဝေဒနာ၊ ခေါင်းကိုက်ဝေဒနာ စသဖြင့်ပေါ့။ ဒါကြောင့် ဝေဒနာ ဆိုတာနဲ့ ဆိုးရွားတဲ့ အခြေအနေကို တန်းပြီး မြင်ယောင်စေတယ်။ ဆိုရွားနေပြီ ဆိုပြီး ကောက်ချက်ဆွဲလို့ ရတယ်။ ဒါက လက်ရှိ မြန်မာစာ အသုံး။
ဝေဒနာ ဆိုတဲ့ စကားလုံးက ပါဠိစာက ဆင်းသက်လာတာမို့ ပါဠိအနက်၊ မူရင်းအနက်ကို သိဖို့ လိုပြန်တယ်။ ပါဠိမှာ ဝေဒနာ ဆိုတာက ခံစားမှုကို ပြောတာပါ။ အင်္ဂလိပ်လိုတော့ feeling ပေါ့။ ခံစားမှု ဆိုတဲ့ အနက်က ဘက်လိုက်မှု မရှိဘူး။ neutral ပဲ။ သဘောက သူ့မှာ ကောင်းခြင်း ဆိုးခြင်း ဆိုတဲ့ အနက်မပါဘူး။ ပါဠိမှာက ကောင်းတဲ့ ခံစားမှုကို ပြောချင်ရင် သုခဝေဒနာ၊ ဆိုးတဲ့ ခံစားမှုကို ပြောချင်ရင် ဒုက္ခဝေဒနာ၊ အကောင်းအဆိုး မထင်ရှားတဲ့ ခံစားမှုကို ပြောချင်ရင် အဒုက္ခမသုခဝေဒနာ လို့ သုံးပါတယ်။
ခံစားမှု ဖြစ်ပေါ်ရာ ဌာနပေါ် မူတည်ပြီးတော့လည်း ဝေဒနာကို ခွဲခြားထားတာ ရှိပါသေးတယ်။ ဥပမာ ကိုယ်ကာယကို အခြေခံပြီး ဖြစ်တဲ့ ဝေဒနာဆိုရင် ကာယိကဝေဒနာ၊ စိတ်ကို အခြေခံပြီး ဖြစ်တဲ့ ဝေဒနာဆိုရင် စေတသိကဝေဒနာလို့ သုံးပါတယ်။ နောက်ပြီး မျက်စေ့နဲ့ ထိတွေ့လို့ ဖြစ်တဲ့ ဝေဒနာဆိုရင် စက္ခုသမ္ဖဿဇာ ဝေဒနာ၊ နားနဲ့ ထိတွေ့လို့ ဖြစ်တဲ့ ဝေဒနာဆိုရင် သောတသမ္ဖဿဇာ ဝေဒနာ၊ နှာနဲ့ ထိတွေ့လို့ ဖြစ်တဲ့ ဝေဒနာဆိုရင် ဃာနသမ္ဖဿဇာ ဝေဒနာ၊ လျှာနဲ့ ထိတွေ့လို့ ဖြစ်တဲ့ ဝေဒနာဆိုရင် ဇိဝှာသမ္ဖဿဇာ ဝေဒနာ၊ ကိုယ်နဲ့ ထိတွေ့လို့ ဖြစ်တဲ့ ဝေဒနာဆိုရင် ကာယသမ္ဖဿဇာ ဝေဒနာ၊ စိတ်နဲ့ ထိတွေ့လို့ ဖြစ်တဲ့ ဝေဒနာဆိုရင် မနောသမ္ဖဿဇာ ဝေဒနာ ရယ်လို့ ခွဲခြားပြန်တယ်။
မျက်စေ့နဲ့ ထိတွေ့လို့ ဖြစ်တဲ့ ကောင်းတဲ့ ခံစားမှုဆိုရင် စက္ခုသမ္ဖဿဇာ သုခဝေဒနာ၊ ဆိုးတဲ့ ခံစားမှုဆိုရင် စက္ခုသမ္ဖဿဇာ ဒုက္ခဝေဒနာ၊ အကောင်းအဆိုး မထင်ရှားတဲ့ ခံစားမှုဆိုရင် စက္ခုသမ္ဖဿဇာ အဒုက္ခမသုခဝေဒနာ ရယ်လို့ ရေးပါတယ်။ ကျန်တဲ့ ဒွါရ ငါးပေါက်ကလည်း ထိုနည်းလည်းကောင်းပါပဲ။
အချုပ်ပြောရရင်တော့ ပါဠိမှာ သုံးတဲ့ ဝေဒနာ ဆိုတာက အကောင်းအဆိုး မခွဲခြားဘဲ ခံစားမှုသက်သက်ကိုပဲ ဝေဒနာလို့ သုံးတယ်။ အကောင်းအဆိုး သီးခြား ဝိသေသပြုချင်ရင်တော့ သုခ ဒုက္ခ စသဖြင့် ပေါင်းထည့်ပြီးမှ ဖော်ပြတယ်။ မြန်မာစာမှာကျတော့ “ဝေဒနာ” ဟာ မူလအနက်ကို သွေဖယ်ပြီး နာကျင်ခံခက်တဲ့ ခံစားမှု တစ်ခုတည်းကိုပဲ ရည်ရွယ်ပြီး သုံးနှုန်းနေကြတယ်။ “ဝေဒနာ ပြင်းထန်နေပြီ” လို့ ပြောလိုက်ရင် ဒုက္ခဝေဒနာကိုပဲ ရည်ရွယ်တော့တယ်။ ဒါကြောင့် “ဝေဒနာ” ကို ပုံပျက်သွားတဲ့ ဝေါဟာရတစ်ခုအနေနဲ့ တင်ပြလိုက်ပါတယ်။