← Back to blog

ပုံပျက်သွားသော ပါဠိသက် ဝေါဟာရများ – ကုဋီ

ပါဠိဝေါဟာရ မြန်မာစာ

မြန်မာတွေရဲ့ ပါးစပ်ဖျားမှာ ‘ကုဋီ’ လို့ ပြောလိုက်တာနဲ့ အားလုံးက အိမ်သာ toilet ကို ပြေးမြင်ကြတာပဲ။ ကုဋီ ဆိုတဲ့ စကားလုံးက ပါဠိစကားလုံး ‘ကုဋိ’ ကနေ ဆင်းသက်လာတယ်။ ကုဋိ ဆိုတာ တကယ်တော့ အိမ်သာလို့ အဓိပ္ပာယ် မထွက်ဘူး။ မြန်မာတွေ ပါးစပ်ထဲမှာ ပြောရင်း ပြောရင်းနဲ့ ကုဋီကို အိမ်သာ လို့ပဲ မြင်ကြတော့တယ်။ အတိအကျ ပြောရရင်တော့ သံဃာသုံးအိမ်သာကို ကုဋီလို့ ခေါ်ကြတယ်။ လူဝတ်ကြောင်တွေတင် မကဘဲ ပါဠိစာတတ်တဲ့ ဘုန်းကြီးတွေကအစ ကုဋီ ဆိုရင် သံဃာသုံးအိမ်သာကိုပဲ ရည်ညွှန်းကြတယ်။

‘ကုဋိ’ အကြောင်းကို မပြောခင် လမ်းကြုံလို့ ဋသန်လျင်းချိတ် (ဋ) ရဲ့ အသံထွက်ကို ပြောပြချင်သေးတယ်။ ဋ နဲ့ အနီးစပ်ဆုံး အသံကတော့ တဝမ်းပူ (တ) ရဲ့ အသံပဲ။ တဝမ်းပူ အသံနဲ့ တူတယ်ပေါ့။ ဒါကြောင့် ကုဋိ/ကုဋီ ကို ကုတိ/ကုတီ လို့ အသံထွက်ရတယ်။ ဒါပေမယ့် အတိအကျ ပြောကြေးဆိုရင် တဝမ်းပူအသံနဲ့ ထပ်တူမကျဘူး။ ဘာနဲ့တူသလဲဆိုတော့ ယ နဲ့ ရ ကွာသလိုပဲ။ ယပက်လက်ကို အသံထွက်ရင် Y သံ ‘ယ’ လို့ ထွက်ပေမယ့် ရကောက်ကို အသံထွက်ရင် လျှာလိပ်သံ R သံ ထွက်မှ မှန်မယ်။

အဲဒီလိုပဲ။ ဋသန်လျင်းချိတ်သံက တဝမ်းပူသံနဲ့ ဆင်တယ် ဆိုပေမယ့် ‘တ’ သံကို လျှာလိပ်ပြီး ဆိုမှ ပိုမှန်လိမ့်မယ်။ လျှာကို အပေါ် လိပ်တင်ထားပြီး ‘တ’ လို့ ရွတ်ကြည့်လိုက်ပါ။ အဲဒါ တသန်လျင်းချိတ်ရဲ့ အသံ အမှန်ပဲ။ ဋသန်လျင်းချိတ်တင် မကဘူး။ ဋဝဂ်ထဲမှာ ပါတဲ့ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ ဒီငါးခုက တ၊ ထ၊ ဒ၊ ဓ၊ န နဲ့ အသံဆင်တယ် ဆိုပေမယ့် ရွတ်တဲ့အခါမှာ လျှာလိပ်သံနဲ့ ဆိုမှ မှန်မယ်။ ဒါကတော့ အသံနဲ့ ပတ်သက်ပြီးတော့ ဗဟုသုတအနေနဲ့ ပြောပြတာပါ။

ပါဠိစကားလုံး ‘ကုဋိ’ရဲ့ အဓိပ္ပာယ်က အိမ်၊ တဲ၊ လယ်တဲ၊ တင်းကုပ်၊ ကျောင်း တဲ့။ အင်္ဂလိပ်လိုတော့ hut ပေါ့။ လူနေနေ ရဟန်းနေနေ အိမ်အသေးစား၊ အဆောက်အအုံ အသေးစားကို ကုဋိ လို့ သုံးတယ်။ ပါဠိစာပေထဲမှာ ကုဋိဂေဟ – မြက်မိုးကျောင်း၊ ကုဋိဃရ – မြေအောက်တိုက်ခန်း၊ ဂန္ဓကုဋိ – နံ့သာကျောင်း, ဘုရားရှင်စံကျောင်း၊ ကပ္ပိယကုဋိ – ပစ္စည်းသိုလှောင်ရာကျောင်း၊ ပဿာဝကုဋိ – ကျင်ငယ်အိမ်၊ ဝစ္စကုဋိ – ကျင်ကြီးအိမ်၊ စတဲ့ ကုဋိတွေ အများကြီးရှိတယ်။

အခု မြန်မာတွေ သုံးနေတဲ့ ကုဋီ – အိမ်သာလို့ အဓိပ္ပာယ်ရတဲ့ ပါဠိစကားလုံးက ဝစ္စကုဋိပါ။ ရှေးခေတ်က ကျင်ကြီးအိမ်၊ ကျင်ငယ်အိမ် ဆိုပြီး နှစ်မျိုးခွဲထားတယ်။ အီအီးပါတဲ့ အိမ်နဲ့ ရှူရှူးပေါက်တဲ့ အိမ်ပေါ့။ ဒါကြောင့် ဒီခေတ်ခေါ်တဲ့ အိမ်သာဆိုရင်တော့ ပါဠိလို ဝဿာဝကုဋိလို့ သုံးရလိမ့်မယ်။ တကယ်တမ်းကျတော့ အိမ်သာ toilet ကို ကုဋီလို့ သုံးတာကလည်း မြန်မာတစ်နိုင်ငံမှာပဲ ရှိတယ်။ သီဟိုဠ်ကပဲ ဖြစ်ဖြစ်၊ ထိုင်းကပဲ ဖြစ်ဖြစ် ကုဋိလို့ ပြောရင် ဘုန်းကြီးနေတဲ့ အဆောင်ကို သုံးကြတယ်။ မြန်မာပြည်မှာကတော့ ရဟန်းသုံးအိမ်သာကို ပြောချင်ရင် ကုဋီလို့ ပြောလိုက်တာပဲ။ ကုဋီ ဆိုတာနဲ့ လူတိုင်းက အိမ်သာကိုပဲ မျက်လုံးထဲ တန်းမြင်ကြတော့တယ်။

Leave a comment

Your email address will not be published. Required fields are marked *