← Back to blog

အရေးကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း

တွေးစရာ ဘာသာပြန်

“ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ” ဆိုတဲ့ မေးခွန်းကို အဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ မေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း အပြောခံနေရတယ်။ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့ ထင်ခဲ့တာ။ “မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား” လို့ အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။”မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာ ထပ် စဉ်းစားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်”နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။ ဒီတစ်ခါ ကျနော် မေမေ့ကို ဖြေလိုက်တာက “မေမေ၊ အမြင်အာရုံက လူတိုင်းအတွက် အင်မတန် အရေးကြီးတယ်လေ။ ဒီတော့ အဖြေက ကျနော်တို့ရဲ့ မျက်လုံးတွေပဲ ဖြစ်ရမယ်”မေမေ ကျနော်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ကရုဏာလေသံနဲ့”သားက အတော်လေး စဉ်းစားလာနိုင်ပြီပဲ။ ဒါပေမယ့် အဖြေက မှားနေသေးတယ်။ လောကမှာ မျက်စိမမြင်တဲ့ လူတွေ အများကြီးရှိတယ် သားရဲ့” လို့ ပြန်ပြောသွားတယ်။ကျနော် စိတ်လေသွားခဲ့ပြန်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖြေမှန်ရအောင်တော့ ကျနော် ဆက်ကြိုးစားဖို့ အားမာန် အပြည့်နဲ့ပါ။ တွေးတတ်ခေါ်တတ်ဖို့ အမေရဲ့ လေ့ကျင့်ခန်းကို ကျနော် မမေ့မလျော့ အမြဲ လုပ်နေဖြစ်တယ်။ ဒီနှစ်တွေ ကြားမှာလည်း မေမေ့ကို ခဏခဏ ဖြေပေးဖူးတယ်။ ဒါပေမယ့် အမေဆီက ကြားရတဲ့ အားပေးစကားက မပြောင်းလဲခဲ့ဘူး။”မဟုတ်သေးဘူး သား။ ဒါပေမယ့် လူလေးက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး တွေးတတ်ခေါ်တတ်လာတာပဲ”တစ်နှစ်တော့ ကျနော့ အဘိုး ဆုံးတယ်။ အားလုံး အတော်လေး စိတ်ထိခိုက်ကြတယ်။ အားလုံးလည်း ငိုခဲ့ကြတယ်။ ကျနော်ရဲ့ အဖေတောင် ငိုတယ်။ ကျနော် ကောင်းကောင်း မှတ်မိတာပေါ့။ ဘာလို့လဲဆို ဖေဖေ ငိုတာကို ဒါပါနဲ့ဆို နှစ်ခါပဲ မြင်ဖူးသေးတာ။အသုဘ အခမ်းအနားမှာ အခေါင်းပိတ်ဖို့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် အဘိုးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတယ်။ ကျနော်တို့ အလှည့်လည်း ရောက်ရော အမေက ကျနော်ကို လှမ်းကြည့်တယ်။ နောက်ပြီး သူ ကျနော်ကို လှမ်းပြောလိုက်တယ်။”အရေးကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲဆိုတာ အခု သိပြီလား၊ သား”ဒီလို အချိန်မျိုးမှာ ဒီမေးခွန်း မေးလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး။ အမေးခံလိုက်ရတော့ အတော်လေး ထွေသွားတယ်။ သူနဲ့ ကျနော် နှစ်ယောက်တည်း ဆော့တဲ့ ဂိမ်းတစ်ခုပဲလို့ ကျနော် ထင်နေခဲ့တာလေ။ အူကြောင်ကြောင်ဖြစ်နေတဲ့ ကျနော်မျက်နှာကို အကဲခတ်မိတဲ့ မေမေက”ဒီမေးခွန်းက သိပ်အရေးကြီးတယ်၊ သား။ ဘဝမှာ တကယ်ပဲ အသက်ရှင်လျက် နေထိုင်နေသလား ဆိုတာကို သိဖို့ ဒီအဖြေက အရေးပါတယ်။ ဟိုးအရင်က အစိတ်အပိုင်း အတော်များများကို သားအဖြေပေးဖူးတယ်။ ပေးတိုင်းလည်း မှားတယ်ဆိုတဲ့အကြောင်း မေမေ ဥပမာနဲ့ အမြဲ ရှင်းပြခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့ အရေးကြီးတဲ့ ဒီ သင်ခန်းစာကို သားအနေနဲ့ မှတ်ကို မှတ်သားမှ ဖြစ်မယ်။”မိခင်တစ်ယောက်ရဲ့ ကရုဏာမျိုးနဲ့ ကျနော်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး ပြောလာတယ်။ သူရဲ့ မျက်ဝန်းအိမ်အပြည့် မျက်ရည်တွေနဲ့ ဖုံးလွမ်းနေတာ ကျနော် သတိထားမိတယ်။”သား … မင်းရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းက မင်းရဲ့ ပုခုံးတွေပဲ””ကျနော့် ခေါင်းကို ထမ်းပိုးထားရလို့လား မေမေ””မဟုတ်ဘူး၊ သား။ သားရဲ့ ပုခုံးနဲ့ သူငယ်ချင်း ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူရဲ့ ခေါင်းကို မှီခွင့် ပေးထားနိုင်တယ်လေ။ သူတို့ ငိုရင်ပေါ့။ လူတိုင်းလူတိုင်း သူတို့ရဲ့ ဘဝမှာ အကြောင်း တစ်မျိုးမျိုးကြောင့် ငိုကြရရင် အမှီပြုဖို့ ပုခုံးတစ်ဖက်တော့ လိုမယ်၊ သား။ သားမှာ လုံလောက်တဲ့ အချစ်တွေ ရှိဖို့ပဲ မေမေ မျှော်လင့်တယ်။ အဲဒီလို အချစ်တွေကြောင့် သား လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့် သူငယ်ချင်းတွေ များများ ရှိပါစေလို့လည်း မေမေ အမြဲ ဆုတောင်းပေးနေပါတယ်”

သင် ပြောခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
သင် လုပ်ခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
ဒါပေမယ့်
သင့်ကြောင့် သူတို့ ဘယ်လို ခံစားသွားရသလဲ ဆိုတာကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading