← ဘလော့ဂ်သို့ ပြန်ရန်

အက္ခရာ နှစ်လုံး ဆင့်ခြင်း

ကိုးကား ပီကေ့မှတ်စု မြန်မာစာ

မြန်မာစာပေ အရေးအသားပိုင်းကို စိတ်ဝင်တစားနဲ့ လေ့လာခဲ့တာတော့ မကြာသေးပါဘူး။ ဒါပေမယ့် အပြောအဆိုပိုင်းတော့ ငယ်ငယ်ကတည်းက အတော်လေး စိတ်ဝင်စားလို့ စကားကြွယ်နည်း စာအုပ်တွေ တွေ့တိုင်း ဝယ်ဖတ်ဖြစ်တယ်။ သူငယ်ချင်းတွေ ကြားမှာ အမြဲ ငြင်းနေရတော့ ကိုယ်က တော်ကီကောင်းမှ သူတို့ထက် နှာတစ်ဖျား သာမယ်လေ။ ဥပမာ ဥပမေယျ တွေက ချည်ပြီး တုတ်ပြီး ပြောမှ သူငယ်ချင်းတွေက လက်ခံကြတာ ဆိုတော့ သူတို့ကို ငြင်းဖို့ဆို အချက်အလက် အတော် ရှာရတယ်။ သူတို့နဲ့ နှစ်ပေါင်း နှစ်ဆယ်နီးပါး ငြင်းလာကြတာ ဆိုတော့ တဖြည်းဖြည်းနဲ့ လက်ရည်တက်လာတာ ပေါ့ဗျာ။ ကျနော် မြန်မာစာနဲ့ ပတ်သက်ပြီး သိချင်ပေမယ့် စာအကိုးအကားနဲ့ မတွေ့လို့ လိုက်ရှာနေတဲ့ အကြောင်းအရာ တချို့ ရှိတယ်ဗျ။ အဲဒီထဲက တစ်ခုကတော့ အက္ခရာ နှစ်ထပ်ဆင့်တွေ အကြောင်းပါ။ ကမ္ဘာမှာရှိတဲ့ တိုင်းရင်းအက္ခရာ အမျိုးအစား အများကြီးထဲမှာ အက္ခရာကို နှစ်လုံးဆင့်ပြီး ရေးတတ်တဲ့ လူမျိုး မရှိသလောက် ရှားပဲ။ ဒီအက္ခရာတွေ နှစ်လုံး ဆင့်ကြတဲ့ အခါ ဘယ်လို ဥပဒေသနဲ့ ဆင့်ကြသလဲ ဆိုတာ ကျနော် လိုက်ရှာနေတာ အတော်ကြာသွားပါပြီ။ မြန်မာစာ ဌာနက ထုတ်တဲ့ စာအုပ်တွေ လက်လှမ်းမီသလောက် ဝယ်ဖတ်တာလည်း မတွေ့။ ဆောင်းပါးတွေ ကြုံရင် ဖတ်ကြည့်တာလည်း မမြင်ဖြစ်နေတယ်။ ဒါပေမယ့် ကံကောင်း ထောက်မချင်တော့ စိန္တာမဏိ ဦးချစ်မောင် ပြုစုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေ ဗဟုသုတ မာတိကာကျမ်း မှာ သွားတွေ့တော့ ကျနော် အတော် ပျော်သွားတယ်။ ဒါကြောင့် တခြား စိတ်ဝင်တစား ရှာနေတဲ့လူရော၊ မရှာပေမယ့် မြန်မာစာကို ချစ်မြတ်နိုးတဲ့ လူရော၊ မမြတ်နိုးတတ်ပေမယ့် အသုံးချနေကြရတဲ့ လူတွေရော လေ့လာနိုင်အောင် ကျနော် နားလည်သလို စီကုံးပြီး တင်ပြပေးလိုက်ပါတယ်။မြန်မာ အက္ခရာမှာ ဗျဉ္ဇန ခေါ် ဗျည်း ၃၃ လုံး ရှိတာ လူတိုင်း သိပါတယ်။ အဲဒီ အက္ခရာတွေကို အုပ်စု ခေါ် ဝဂ် အနေနဲ့ အုပ်စု ခွဲလိုက်ရင်`က´ ဝဂ် အနေနဲ့ က၊ ခ၊ ဂ၊ ဃ၊ င`စ´ ဝဂ် အနေနဲ့ စ၊ ဆ၊ ဇ၊ ဈ၊ ည`ဋ´ ဝဂ် အနေနဲ့ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ`တ´ ဝဂ် အနေနဲ့ တ၊ ထ၊ ဒ၊ ဓ၊ န`ပ´ ဝဂ် အနေနဲ့ ပ၊ ဖ၊ ဗ၊ ဘ၊ မ* ဒါတွေကို အသံဖြစ်ပေါ်ရာ ဌာနနဲ့ မူတည်ပြီး ဌာန်ငါးပါးဆိုပြီး ထပ်ခွဲပြပါတယ်။`အ´ ဝဂ် အနေနဲ့ ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ ဠ၊ အ

အပေါ်ကဟာတွေကို ရှင်းရှင်းလင်းလင်း မြန်မာလို ခေါ်ရင် `က´ အုပ်စု၊ `စ´ အုပ်စု၊ `ဋ´ အုပ်စု၊ `တ´ အုပ်စု နဲ့ `ပ´ အုပ်စု လို့ ခေါ်လို့ရတယ်။ ကျန်တဲ့ ဗျည်း ရှစ်လုံးကတော့ တစ်လုံးနဲ့ တစ်လုံး အသံဖြစ်တဲ့နေရာ မတူကြလို့ ပါဠိလိုတော့ အဝဂ်၊ မြန်မာလိုတော့ အုပ်စုမဟုတ်သော ဗျည်းများလို့ ခေါ်တယ်။ ဒါတွေက ကျောင်းက သဒ္ဒါထဲမှာ ပျင်းနေအောင် သင်ခဲ့ရပါတယ်။အခုဆက်ပြောမှာ အဲဒီ စာအုပ်တွေထဲ မပါပါဘူး။ (ကျနော် အဲဒီနေ့က ကျောင်းမတက်တာလည်း ဖြစ်နိုင်ပါတယ်။)အဲဒီ ဗျည်း ၃၃ လုံးကို အထီး အမ ခွဲထားတယ်။ အဖို အမ ခွဲပုံက ဒီလိုပါ။ ခုန ငါးလုံးတွဲ အုပ်စုရဲ့ အစ စာလုံးတွေက အဖိုတွေ ပေါ့။ နောက် အဲဒီ အစအက္ခရာတွေရဲ့ တစ်လုံးကျော်မှာ ရှိတဲ့ အက္ခရာတွေကို အဖိုဗျည်းလို့ သက်မှတ်တယ်။ ကြားထဲမှာ ကျန်ရစ်ခဲ့တဲ့ အက္ခရာတွေကတော့ အမဗျည်းတွေပေါ့။ ဒါဆို စာရင်း ချကြည့်တာပေါ့။အဖိုဗျည်းများ – က၊ ဂ၊ င၊ စ၊ ဇ၊ ည၊ ဋ၊ ဍ၊ ဏ၊ တ၊ ဒ၊ န၊ ပ၊ ဗ၊ မ စတဲ့ (၁၅) လုံး။အမဗျည်းများ – ခ၊ ဃ၊ ဆ၊ ဈ၊ ဌ၊ ဎ၊ ထ၊ ဓ၊ ဖ၊ ဘ စတဲ့ (၁၀) လုံး။အက္ခရာ နှစ်ထပ်ဆင့် ရေးကြတဲ့အခါမှာ ဥပဒေသ တချို့ရှိတယ်။၁။ အဖို အဖိုချင်း ထပ်ရေးလို့ ရတယ်။ဥပမာ ။ သက္က၊ မဂ္ဂ၊ ကိစ္စ၊ ဝဇ္ဇ၊ ဝဏ္ဏ၊ သတ္တ၊ သဒ္ဒ၊ ပန္န၊ သိပ္ပ၊ သဗ္ဗ၊ ဓမ္မ စသဖြင့်ပေါ့။၂။ အမ အမချင်း ထပ်ရေးလေ့ မရှိဘူး။ဥပမာ ။ ခ္ခ၊ ဃ္ဃ၊ ဆ္ဆ၊ ထ္ထ၊ ဓ္ဓ၊ ဖ္ဖ၊ ဘ္ဘ စသဖြင့် ရေးလို့ မရပါဘူး။၃။ အဖိုနဲ့ အမ ထပ်လို့ ရတယ်။ ဒါပေမယ့် အဖိုက အပေါ်က၊ အမက အောက်က နေရမယ်။ဥပမာ ။ ယက္ခ၊ အဂ္ဃ၊ အစ္ဆ၊ အဇ္ဈ၊ အတ္ထ၊ ဗုဒ္ဓ၊ ပုပ္ဖ၊ လဗ္ဘတိ စသဖြင့် ရေးလို့ရတယ်။၄။ ကျန်တဲ့ ဗျည်း (၈) လုံး အတွက်က အဝဂ္ဂေါ၊ နပုံသကော တဲ့။ အဓိပ္ပါယ်က အုပ်စုမဟုတ်တဲ့ ဗျည်း (၈) လုံးက အဖိုလည်းမဟုတ်၊ အမလည်းမဟုတ်တဲ့ နပုံဗျည်းများ ဖြစ်တယ်တဲ့။ အခြောက်ဗျည်းပေါ့ဗျာ။ ဒါကြောင့် သူတို့က ဆင့်ချင်သလို ဆင့်လို့ ရသတဲ့။ဥပမာ ။ ဗြဟ္မာ နဲ့ ဂိမှာနံ ( ဂိမှာနံ မှာပါတဲ့ `မှ´ ရဲ့ မူလ စာရေးပုံက မ နဲ့ ဟ ကို အထက်အောက် ဆင့်ထားလို့ `မှ´ ဆိုတဲ့ စကားလုံး ရတာပါ။ ဒါကြောင့် `-ှ´ ကို ဟထိုးလို့ မြန်မာလို အသံထွက်ပါတယ်။ အလျင်းသင့်ရင် ပင့်ရစ်စွဲထိုး အကြောင်း ပြောပြချင်ပါသေးတယ်။)၅။ ယ၊ လ၊ သ၊ ဠ ဆိုတဲ့ အဝဂ်ဗျည်းတွေက သူ့ ဖာသာသူ ပြန်ထပ်ရလို့ အဖိုဗျည်းလို့လည်း ထည့်တွက်ကြပါသေးတယ်။ဥပမာ ။ ပေယျာလ၊ ဒုလ္လဘ၊ နမောတဿ၊ ဝိရုဠက (ဇော်ဂျီတွင် ဠကြီး နှစ်လုံးဆင့် မရှိ၍)။* ယျာ ရဲ့ မူလ ရေးသားပုံက `ယ´ အက္ခရာ နှစ်လုံးဆင့် ထားတာပါ။ ဒါကြောင့် `-ျ´ ကို ယပင့်လို့ အသံထွက်ပါတယ်။* ဿ က `သ´ အက္ခရာ နှစ်လုံးဆင့် ထားတယ်လို့ လူအများ သိပြီး ဖြစ်ပါလိမ့်မယ်။၆။ ရ၊ ဝ၊ ဟ၊ အ ဆိုတဲ့ အဝဂ်ဗျည်းတွေကတော့ အချင်းချင်း ပြန်ထပ်တာ မတွေ့ရတော့ သူတို့ကို အမ စာရင်းထဲ ထည့်တွက်ကြတယ်လေ။ဒါဆို ဗျည်း (၃၃) လုံးမှာ အဖိုဗျည်း (၁၉) လုံး နဲ့ အမဗျည်း (၁၄) လုံး ရှိတယ်လို့ ယူဆလို့လည်း ရပါတယ်။ကျနော် အခု ရေးထားတာကို အချို့လည်း စိတ်ဝင်စားလိမ့်မယ်။ အချို့လည်း စိတ်မဝင်စားလောက်ဘူး။ ဒီပို့စ်ကို တင်ရတဲ့ ကျနော်ရဲ့ အဓိက ရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ နံပါတ်တစ်က မြန်မာစာကို စိတ်ဝင်စားတဲ့လူ လေ့လာမှတ်သားလို့ ရအောင်ပါ။ ဒုတိယက ဒီဥပဒေသတွေ လူသိနည်းလာပြီး မှတ်တမ်းအနေနဲ့ မပျောက်မပျက်အောင် တစ်ဖက်တစ်လမ်းက ကူညီပြီး မှတ်တမ်းတင်ပေးတဲ့ သဘောပါ။အကျိုးရှိမယ်လို့ ယုံကြည်မိပါတယ်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading