← Back to blog

ရောင်စဉ်ခြယ် ဝေါဟာရ

ရောက်တက်ရာရာ

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၂၈ ရက် (တနင်္လာနေ့)အရောင်တွေကို လူတွေက ဘယ်လို သတ်မှတ်ကြသလဲ။လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကော အရောင် သတ်မှတ်ပုံချင်း တူနိုင်ပါ့မလား။လူတစ်ယောက် မြင်နေတဲ့ အရောင်ကို နောက်တစ်ယောက်ကကော အဲဒီ အရောင်ပါလို့ သဘောတူနိုင်ပါ့မလား။ ဥပမာ လူတစ်ယောက်က အစိမ်းရောင်လို့ မြင်နေတဲ့ အရာကို တခြား လူတစ်ယောက်က အမည်းရောင်ပါဗျာလို့ ပြောလာခဲ့ရင်ကော၊ ဒီလူ အမြင်အာရုံ ချွတ်ယွင်းနေတယ်လို့ သတ်မှတ်မလား။ကာလာဘလိုင်း (Color Blind) ဆိုတာ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရောင်တွေကို သဲသဲကွဲကွဲ မသတ်မှတ်နိုင်တာ။ ကာလာဘလိုင်း မဟုတ်ပါဘဲနဲ့ လောကကြီးမှာ အရောင်နှစ်ရောင်တည်း ရှိတာပါလို့ ပြောလာရင်ကော သူ့ကို ဘယ်လို မြင်မလဲ။လူမျိုးတစ်မျိုးချင်းစီရဲ့ ဘာသာစကား တစ်ခုစီမှာ အရောင်ရဲ့ ဝေါဟာရ သတ်မှတ်ပုံချင်း ကွဲပြားကြပါတယ်။ ရောင်စဉ်တစ်ခု (Spectrum) မှာ ပါတဲ့ အရောင်တွေဟာ အရောင် တစ်ရောင်နဲ့ တစ်ရောင်ကြားမှာ ကွာဟနေတဲ့ နယ်နိမိတ် အပိုင်းအခြား မရှိပါဘူး။ အရောင်တွေက တစ်ဆက်တည်း ပြောင်းလဲသွားတာပါ။ ဒီရောင်စဉ်တန်းကို ကြည့်ပြီး လူတွေက ကိုယ့်အမြင်နဲ့ကိုယ် ပိုင်းကန့်ခွဲခြားပြီး အရောင်တစ်ခုစီ သတ်မှတ်တာပဲ ဖြစ်တယ်။

လိုက်ဘေးရီးယားက ဘက်ဆာဆိုတဲ့ ဘာသာစကားမှာ အရောင် ဝေါဟာရနှစ်ခုပဲရှိတယ်။ အနီးစပ်ဆုံး ပြောရရင် ခရမ်း၊ အပြာ၊ အစိမ်း တွေကို တစ်ရောင်တည်းမြင်ပြီး အရောင်ဝေါဟာရ တစ်ခုနဲ့ ခေါ်တယ်။ အနီ၊ လိမ္မော်၊ အဝါ တွေကို အရောင်ဝေါဟာရ တစ်ခုနဲ့ ခေါ်တယ်။ သူတို့ဟာ အမြင်အာရုံ ချွတ်ယွင်းလို့ မဟုတ်ဘဲ အရောင်နှစ်ရောင်တည်း ရှိတဲ့ လောကကြီးအနေနဲ့ ရှုမြင်နေလို့သာ ဝေါဟာရ နှစ်ခုတည်း သတ်မှတ်ထားတယ်။ရိုဒီးရှားက ရှိုနာဆိုတဲ့ ဘာသာစကားမှာတော့ အရောင် ဝေါဟာရ သုံးမျိုးရှိတယ်။ အနီနဲ့ ခရမ်းကို တစ်ရောင်၊ အပြာ၊ အစိမ်းနဲ့ အမည်းကို တစ်ရောင်၊ အဝါ၊ လိမ္မော်နဲ့ အဖြူကို တစ်ရောင် လို့ ခွဲခြားထားတယ်။နဗဟိုဆိုတဲ့ ဘာသာစကားမှာ အပြာနဲ့ အစိမ်းကို ဝေါဟာရတစ်ခုတည်း အနေနဲ့ အတူတူ သုံးထားပေမယ့် အမည်းကိုကျတော့ “အမှောင်မည်း” နဲ့ “မီးသွေးမည်း” ဆိုပြီး နှစ်မျိုးခွဲထားတယ်။ဖိလစ်ပိုင်က ဟနူနူးဘာသာမှာ အနီနဲ့ အစိမ်း ခွဲခြားပုံက ထူးဆန်းတယ်။ အသက်ရှင်နေတဲ့ အပင်အားလုံးကို အစိမ်းရောင်လို့ သတ်မှတ်လို့ အညိုနုရောင်ရှိတဲ့ ဝါးပင်ပေါက် (မျှစ်စို့)ကို အစိမ်းရောင်လို့ သတ်မှတ်တယ်။ သေပြီးသား ဝါးပင်ကိုတော့ အနီရောင်လို့ သတ်မှတ်တယ်။ဒီခွဲခြားပုံတွေကို ကြည့်ပြီး အရောင်ခွဲခြားတဲ့ စနစ်ဟာ အရောင်ရဲ့ ရုပ်ဝတ္ထုပေါ်မှာပဲ မတည်မှီဘဲ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ပေါ်မှာလည်း တည်ကြောင်း ပညာရှင်တွေက ကောက်ချက်ချတယ်။ခုနကပြောသလို ကိုယ့်မူကိုယ့်ဟန်နဲ့ အရောင်တွေကို သတ်မှတ်ပါတယ် ဆိုတာကို သံသယရှိတဲ့ ပညာရှင် နှစ်ယောက်ရဲ့ သုတေသနစာတမ်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာသာစကား (၇၈) ခုရဲ့ အရောင်ဝေါဟာရတွေကို သုတေသနာပြုပြီး အခြေခံအရောင် သတ်မှတ်ပုံနဲ့ အခြေခံအရောင်ပေါ် မူတည်ပြီး အရောင် သတ်မှတ်ပုံကို အခိုင်အမာ တင်ပြထားပါတယ်။အခြေခံအရောင် ဝေါဟာရ နှစ်ခုပဲ ရှိတဲ့ ဘာသာစကားတွေမှာ အဲဒီဝေါဟာရဟာ “ဖြူ” နဲ့ “မည်း” ဖြစ်တယ်။ သုံးခု ရှိတဲ့ ဘာသာစကားမှာတော့ တတိယ အရောင်ဝေါဟာရဟာ “နီ” ဖြစ်တယ်။ လေးခု ရှိရင်တော့ စတုတ္ထမြောက်ဟာ “စိမ်း” သို့မဟုတ် “ဝါ” ဖြစ်တယ်။ ငါးခု ရှိတယ်ဆိုရင်တော့ စတုတ္ထနဲ့ ပဉ္စမ အရောင်ဝေါဟာရက “စိမ်း” နဲ့ “ဝါ” ဖြစ်တယ်။ ခြောက်ခုကနေ (၁၁) ခု အထိ ရှိရင် “ပြာ”၊ “ညို”၊ “ခရမ်း”၊ “ပန်း”၊ “လိမ္မော်”၊ “မီးခိုး” ဆိုပြီး အသီးသီး သတ်မှတ်ကြတယ်။အခြေခံအရောင်အဖြစ် ဘယ်လို သတ်မှတ်ပါသလဲ။ အခြေခံအရောင် ဝေါဟာရတွေဟာ ဒီလို အချက်တွေနဲ့ ညီညွတ်ရပါမယ်။ ကျနော်တို့ရဲ့ ဘာသာစကားနဲ့ ဥပမာပြသွားပါမယ်။ “ဖြူ၊ နီ၊ ပြာ၊ ဝါ” တွေလို လုံးချင်းဝေါဟာရ ဖြစ်ရမယ်။ နီညို၊ နက်ပြာ တို့လို လုံးတွဲတွေ မဖြစ်ရဘူး။ “ရေညှိရောင်” (အစိမ်းရောင်ရဲ့ မျိုးကွဲ) လို အရောင်ဝေါဟာရတစ်ခုရဲ့ မျိုးကွဲလည်း မဖြစ်ရဘူး။ “ဖောင်းဝတ်” လို မြင်းရဲ့အရောင်ကိုပဲ ညွှန်းတဲ့ နယ်ကျဉ်းတဲ့ ဝေါဟာရလည်း မဖြစ်ရဘူး။ “ပန်းရောင်”၊ “လိမ္မော်ရောင်”၊ “ခရမ်းရောင်” တို့လို အရာဝတ္ထုတစ်ခုရဲ့ အရောင်ကို အစွဲပြုပြီး ခေါ်ဝေါ်တဲ့ ဝေါဟာရမျိုးလည်း မဖြစ်ရဘူး။ ဘာသာစကားတစ်ခုကနေ မွေးစားယူတဲ့ “မဟော်ဂနီ”၊ “ကာကီ” တို့လို မွေးစား စကားလုံးတွေလည်း မဖြစ်ရဘူး။အခုလို မှတ်ကျောက်တင်လိုက်ရင် မြန်မာဘာသာစကားမှာ အခြေခံအရောင်အနေနဲ့ ခုနစ်ရောင် ရှိပါတယ်။ “စိမ်း၊ ညို၊ နီ၊ ပြာ၊ ဖြူ၊ မည်း (နက်)၊ ဝါ” တွေပါ။ “နီညို၊ နက်ပြာ၊ စိမ်းပြာ၊ ပန်းခရမ်း၊ ကြည်ပြာ” စတဲ့ လုံးတွဲ အရောင်ဝေါဟာရတွေ၊ “အုန်းခွံရောင်၊ ပယင်းရောင်၊ မြင်းချေးရောင်၊ ကြက်သွေးရောင်၊ ရွှေဖလားရောင်၊ ထုံးခြောက်ရောင်၊ မရမ်းစေ့ရောင်” စတဲ့ အရာဝတ္ထုတစ်ခုခုကို အစွဲပြုပြီး ခေါ်ဝေါ်တဲ့ အရောင်ဝေါဟာရတွေကို တစ်ဆင့်ခံ အရောင်ဝေါဟာရတွေလို့ ခေါ်နိုင်ပါတယ်။ တစ်ဆင့်ခံ အရောင်ဝေါဟာရတွေကို ဘာကြောင့် အဲသလို ခေါ်သလဲလို့ ရှင်းပြနိုင်ပေမယ့် အခြေခံအရောင် ဝေါဟာရတွေကိုတော့ ရှင်းမပြနိုင်ပါဘူး။ နောက်ပြီး အသစ်ပေါ်လာတဲ့ အရာဝတ္ထုတွေကို အစွဲပြုပြီး တစ်ဆင့်ခံ အရောင်ဝေါဟာရတွေ အသစ်အသစ် ပေါ်လာနိုင်ပါတယ်။ အခြေခံ အရောင်ဝေါဟာရကတော့ အသစ် မပေါ်နိုင်တော့ပါဘူး။ဘာသာစကားတွေမှာ အခြေခံအရောင် ဝေါဟာရ (၂) ခုကနေ (၁၁) ခုအထိ ကွဲပြားနေရတာက လူမှုဝန်းကျင် အခြေအနေပေါ် အများကြီး တည်ပါတယ်။ အာဖရိကတိုက် တောနက်ထဲက ယဉ်ကျေးမှု မဖွံ့ဖြိုးသေးတဲ့ လူမျိုးတစ်မျိုးရဲ့ ဘာသာစကားမှာ အခြေခံဝေါဟာရ ၂ ခုရှိရင် လုံလောက်တဲ့အတွက် ၂ ခုပဲ ရှိတာပါ။ အခြေခံအရောင်ဝေါဟာရ ၁၁ ခု ရှိဖို့ လိုအပ်တဲ့ ဘာသာစကားတွေကတော့ ယဉ်ကျေးမှုအဆင့် ဖွံ့ဖြိုးတဲ့ ဘာသာစကားမျိုးပဲ ဖြစ်ပါလိမ့်မယ်။ အခြေခံအရောင် ဝေါဟာရ (၈) ခုကနေ (၁၁) ခုအထိ ရှိတဲ့ ဘာသာစကားတွေမှာ အာရဗီ၊ ဘဟာဆာ၊ အင်ဒိုနီးရှား၊ ဘူးလ်ဂေးရီးယား၊ ကန်တုံ၊ အင်္ဂလိပ်၊ ဟီးဘရူး၊ ဟန်ဂေရီ၊ ဂျပန်၊ ကိုရီးယား၊ မလေး၊ ရုရှ၊ စပိန်၊ ထိုင်း၊ အူရ်ဒူ၊ ဗီယက်နမ် ဘာသာတွေ ပါဝင်တဲ့အကြောင်း ဖတ်မှတ်ခဲ့ရလို့ ဗဟုသုတ ပြန်လည် ဖြန့်ဝေလိုက်ရပါတယ်။အထက်ပါ ပို့စ်အား မိန်းမယောက်ျား ထိုစကား – မောင်ခင်မင် (ဓနုဖြူ) စာအုပ်မှ ကောက်နုတ် တင်ပြလိုက်ပါသည်။

Leave a comment

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading