← Back to blog

အမေ့ကိုယ်စား

ဘာသာပြန် ဝတ္ထုတို

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)ကျနော့် အမေမှာ မျက်လုံးတစ်လုံးတည်း ပါတာဗျ။ ကျန်တဲ့ တစ်ဖက်က ချိုင့်ပြီး မျက်လုံး ဟောက်ပတ်ကြီး ဖြစ်နေတယ်။ အီး …. ဘယ်လောက် ရှက်စရာ ကောင်းသလဲဗျာ။ ကြောက်လည်း ကြောက်စရာကြီး။ ကျနော် သူ့ကို မုန်းတယ်။ သူက ကျနော်နေတဲ့ မူလတန်းကျောင်းမှာ အလုပ်လုပ်တယ်ဗျ။ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်။မူလတန်း ကျောင်းသား ဘဝတုန်းကပေါ့။ တစ်နေ့ အမေ ကျနော့် အခန်းလာပြီး ကျနော့်ကို လာနှုတ်ဆက်တယ်။ ကျနော် ရှက်လိုက်တာဗျာ။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ကျနော် စဉ်းစားမရဘူး။ ကျနော် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်စောင်း ထိုးပစ်လိုက်တယ်။ နောက် မသိချင်ယောင်ဆောင်ပြီး ကျနော် သူမရှိတဲ့နေရာမှာ သွားပုန်းနေလိုက်တယ်။ နောက်နေ့ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က ပြောတယ်။“အီး ….. မင်းအမေရဲ့ မျက်လုံးက တစ်ဘက်တည်း”ကိုယ့်ကိုယ်ကို သတ်သာ သေလိုက်ချင်တော့တယ်ဗျာ။ နောက်ပြီး အမေ့ကို ကျနော့် မြင်ကွင်းထဲက ပျောက်ကို သွားစေချင်တယ်။ အဲဒီနေ့က သူ့ကို ကျနော် တွေ့ပြီးတော့ သူ့ကို ပြောခဲ့တယ်။“ကျနော့်ကို အမြဲ ပျော်ရွှင် ရယ်မောနေတဲ့ ကလေးတစ်ယောက် အနေနဲ့ မြင်ချင်ရင် ခင်ဗျားကြီး တစ်နေရာမှာ သွားသေလိုက်ပါလားဗျာ”

အမေ ကျနော့်ကို ဘယ်လိုမှ မတုန့်ပြန်ခဲ့ပါဘူး။ ကျနော့်မှာ ဒေါသဖြစ်လွန်းလို့ ကျနော် ပြောခဲ့တာတွေကို စက္ကန့်မလပ် ပြန်ပြန်ပြီး စဉ်းစားနေမိတယ်။ အဲဒီလို ပြောလိုက်လို့ သူ ဘာဖြစ်သွားသလဲ ကျနော် သတိမထားနိုင်တော့ဘူး။မြင်တိုင်း ရှက်မိနေတော့ အိမ်မှာ နေစရာ အကြောင်းကလည်း မရှိတော့ဘူး။ နေလည်း မနေချင်ဘူး။ သူငယ်ချင်း အိမ်မှာပဲ ကျောင်းစာ အသည်းအသန် လုပ်ဖြစ်တော့ နိုင်ငံခြားမှာ ပညာသွားသင်ဖို့ အခွင့်အရေး ရလာခဲ့တယ်။နောက်တော့ ကျနော် အိမ်ထောင် ကျခဲ့တယ်။ ကိုယ်ပိုင် အိမ်လေးတစ်လုံး ဝယ်နိုင်လာပြီး သားသမီး ရတနာတွေနဲ့လည်း စည်ကားလို့ပေါ့။ အခု လက်ရှိအနေအထားမှာ သားသမီးတွေနဲ့ ကျနော့်ဘဝလေးကို ပျော်နေခဲ့တယ်။တစ်နေ့ အမေ ကျနော့်ဆီ လာလည်တယ်။ ကျနော်နဲ့ မတွေ့တာလည်း နှစ်တွေ အတော်ကြာပြီ။ သူ့ မြေးတွေကိုဆို မြင်တောင် မမြင်ဖူးဘူးလေ။ သူ အိမ်တံခါးရှေ့ လာရပ်တော့ ကျနော့် ကလေးတွေက လှောင်ပြောင်နေကြတယ်။ သရဲမကြီး၊ သရဲမကြီးပေါ့။ မဖိတ်ဘဲ လာတဲ့ သူ့ကို ကျနော် ငေါက်လွှတ်လိုက်တယ်။“ခင်ဗျားကြီး ကျုပ်အိမ်ကို လာပြီး ကျုပ်ကလေးတွေကို လာခြောက်နေတာလား။ သွား … အခုချက်ချင်း ထွက်သွား။”အဲဒီလို ပြောသံလည်း ကြားလိုက်ရော အမေက ဖြေးဖြေးလေး ပြန်ပြောပြီး လှည့်ထွက်သွားပါတယ်။“အော် တောင်းပန်ပါတယ်ကွယ်။ အမေ လိပ်စာ မှားဝင်လာမိလို့ပါ။”တစ်နေ့ အိမ်ကို စာတစ်စောင် ရောက်လာတယ်။ ကျနော် ငယ်ငယ်က နေခဲ့တဲ့ ကျောင်းရဲ့ ကျောင်းသားဟောင်း စုံညီပွဲအတွက် ဖိတ်စာပါ။ အဲဒီမှာ အမေ ရှိနေမှာတော့ သေချာတယ်။ ဒါကြောင့် ကျနော့် ဇနီးကို အလုပ်ကိစ္စအတွက် ခရီးထွက်ဖို့လို့ ညာလိုက်ရတယ်။စုံညီပွဲပြီးတော့ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အိမ်အိုလေးဆီ သွားခဲ့တယ်။ အံ့သြလွန်းလို့ပါ။ ကျနော် ရောက်တော့ အိမ်နီးနားချင်းတွေက အမေ ဆုံးသွားပြီ ဆိုတဲ့ အကြောင်း ပြောပါတယ်။ အော် … ကျနော် မျက်ရည် တစ်စက်တောင် မကျပါလား။ကျနော် ဖတ်ဖို့ အမေ စာတစ်စောင် ထားခဲ့ပါတယ်။ ဒီစာကို ဖတ် အပြီးမှာတော့ …..ချစ်သားအမေ သားကို အချိန်တိုင်း သတိရနေတာပါ။ ဟိုတစ်နေ့က သားရဲ့အိမ်ကို လာတော့ အမေ့မြေးလေးတွေကို ခြောက်လှန့်သလို ဖြစ်သွားတာ အမေ စိတ်မကောင်းပါဘူး။ သား စုံညီပွဲကို လာတက်မယ်ဆိုတာ သိလိုက်ရတော့ အမေ အတိုင်းမသိ ဝမ်းသာသွားတယ်။ ဒါပေမယ့် သားကို တွေ့ဖို့ အိပ်ယာကနေတောင် အမေ မထနိုင်တော့ပါဘူး။ သား ကြီးပြင်းလာတဲ့ ကာလတလျှောက်လုံး သားကို အရှက်ရအောင် အမြဲလိုလို လုပ်နေမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး။ သား ဟိုး ငယ့်ငယ်အရွယ်တုန်းက ထိခိုက်ဒဏ်ရာ ရပြီး မျက်လုံးတစ်လုံး ကွယ်သွားခဲ့တယ်။ အဲဒါ သား ဘယ် မှတ်မိတော့မလဲ။ မျက်လုံးတစ်လုံးတည်းနဲ့ ကြီးပြင်းရမယ့် သားတစ်ယောက်ကို အမေတစ်ယောက်အနေနဲ့ ဘယ်လို ခွန်အား အစွမ်းသတ္တိနဲ့ ကြည့်နေရက်မှာလဲ သားရယ်။ ဒီတော့ အမေ့ မျက်လုံး သားကို ပေးခဲ့တယ်လေ။ အမေ သိပ် ဂုဏ်ယူပါတယ်။ အခုဆို အမေ့သားကြီး ကမ္ဘာလောကတစ်ခုလုံးကို၊ သားရဲ့ ဘဝလေးကို ကောင်းကောင်းကြီး ရှုမြင်နေနိုင်ပြီ။ အဲဒီ မျက်လုံးကြီးနဲ့လေ။ အမေ့နေရာကနေပေါ့။အလုံးစုံသော ချစ်ခြင်းမေတ္တာဖြင့်မင်းရဲ့ အမေသူငယ်ချင်းတစ်ယောက် ပို့လာသော Forward Mail တစ်စောင်အား စီလျှော်သလို ဘာသာပြန်ထားသည်။

Leave a comment

Your email address will not be published. Required fields are marked *