← ဘလော့ဂ်သို့ ပြန်ရန်

ပြန်လည်ဆုံတွေ့ကြပါစို့

ရောက်တက်ရာရာ

မင်္ဂလာပါဗျာ ….ကျွန်တော် မနေ့က (၂၈.၁၀) ပြန်ရောက်ပါတယ်။ ပြန်ရောက်ရောက်ချင်းပဲ ဆီပုံးမှာ ဘာတွေ အော်ထားကြသလဲလို့ အပြေးအလွှား အရင်သွားကြည့်မိပါတယ်။ ပါးထားလိုက်တဲ့ အမှာစာ တွေကလည်း မနည်းပါလားနော်။ အစော့မက်တဲ့ ကလေးတွေက သေနတ်မှာကြသဗျာ။ အစားမက်တဲ့ကလေးတွေက မုန့်မှာကြသဗျာ။ စိတ်မပူပါနဲ့။ အားလုံးအတွက် လုံလုံ လောက်လောက် ဝယ်ခြမ်းလာပါတယ်။ မနေ့ကပြန်ရောက်တော့ မောမော၊ ဆာဆာ၊ ညောင်းညောင်းနဲ့ပဲ သူငယ်ချင်းတချို့ဆီ သွားလည်တော့ Chaos ဆီရောက်တော့ သူက လက်နာနေလို့ မရေးနိုင်လို့ ခဏနားမယ်ဆိုတဲ့အကြောင်း တွေ့ရတယ်။ သူ့အတွက်လည်း ဆေးပါလာသဗျာ။သူက လက်နာလို့ဆိုပြီး ပို့စ်အသစ်တင်ဖို့ ခဏနားတယ်လို့ပြောတော့ ကျနော်ကလည်း တောင်တက်လာရတာ ခြေထောက်တွေညောင်းနေလို့ တစ်ရက်နှစ်ရက်လောက် ခဏနားပါ ရစေလို့ ပြောရင်ကောင်းမလား စဉ်းစားနေတာ။ ကျနော့်မှာ ဘာနဲ့တူနေလဲဆိုတော့ အိမ်စာတွေမပြီးလို့ မျက်နှာငယ်လေးနဲ့ ဆရာမကို ရင်မဆိုင်ရဲတဲ့ ကလေးငယ်တစ်ယောက်လို ဖြစ်နေတယ်။ Tag ထားတာတွေ ဖြေဖို့ အကြွေးကလည်း ရှိနေသေးတယ်ဗျ။ ကျနော် ခရီးထွက်ခဲ့သမျှကို မှတ်တမ်းအနေနဲ့ ပို့စ်တင်ဖို့ စိတ်ကူးထားတာရှိတော့ ဒီကျိုက်ထီးရိုး ခရီးအတွက်လည်း ရေးဦးမယ်လို့ စိတ်ဆုံးဖြတ်ထားတော့ အင်း …. အကြွေးပါပဲ။ ကျနော် မျက်နှာငယ်နေပေမယ့် စိတ်မညစ်ပါဘူး။ အတော်ပျော်ပါတယ်။ ကျနော်က “ဘလော့နွံ” နစ်နေတဲ့ ကျွဲကြီးတစ်ကောင်လို့ပါပဲ။ နွံနစ်လို့ ဒုက္ခရောက်ရမယ့်အစား နွံထဲမှာနေရလို့ ပျော်တောင်ပျော်သေး။ နွံများလေ ကြိုက်လေပေါ့ဗျာ။`အားလုံးအတွက် myanmarbloggers.org ဒိုမိန်း´ နဲ့ပတ်သက်လို့ ကျနော်ဖြေပေးရမယ့် မေးခွန်း (၃) ခုရှိနေပါတယ်။၁။ `blogspot.com ရှိနေလျက်နဲ့ myanmarbloggers.org ဆိုတာ လိုသေးလို့လား´ တဲ့။၂။ `ဒီ myanmarbloggers.org ကို ပြောင်းလိုက်ရင် နည်းပညာပိုင်းအရ ကောင်းကျိုးဆိုးကျိုး ပြောပေးပါ´ တဲ့။၃။ `ကျနော် တစ်ခုခုကို ကြောက်နေသလိုပါပဲ´ တဲ့။ဟုတ်ကဲ့ပါ။ ဒီနံပါတ်(၁)မေးခွန်းက နားလည်မှုလွဲလို့ မေးမိတဲ့မေးခွန်းတစ်ခုလို့ ယူဆပါတယ်။ blogspot.com က ပင်ရင်းမူလ ကျနော်တို့ဘလော့တွေကို လူအများမြင်ရအောင် အခမဲ့တင်ပေးနေတဲ့ ဒိုမိန်းတစ်ခုပါ။ ဒါကို နိုင်ငံရေးအမြင်အရ ပေါလစီပိုင်းဆိုင်ရာ ငြိတဲ့အတွက် လက်ရှိ ISP နှစ်ခုဖြစ်တဲ့ Myanmar Teleport နဲ့ MPT တို့က Blogger.com နဲ့ Blogspot.com ကို အသုံးပြုလို့ မရအောင် ပိတ်ထားပါတယ်။ အခု myanmarbloggers.org က blogspot.com တို့လောက် ကြီးကျယ်တဲ့ ဝန်ဆောင်မှုတွေ မပေးနိုင်ပါဘူး။ ကျနော်တို့လုပ်ပေးနိုင်တာ တစ်ခုပဲရှိပါတယ်။ အဲဒါက myanmarbloggers.org ဆိုတဲ့ ဒိုမိန်းကို အလကားသုံးစွဲခွင့်ပါပဲ။ blogspot.com ထဲမှာ မြင်ရမယ့် ကိုယ့်ရဲ့ ပို့စ်တွေအားလုံးကို myanmarbloggers.org ထဲကို ပွားပေးထားတော့ ဒီ .org နဲ့လည်းကြည့်လို့ ရနေမှာပါ။ ထူးခြားတာက blogspot.com ကို ဘန်းထားပေမယ့် myanmarbloggers.org ကို ဘန်းမထားတဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ် ကြည့်နိုင်ပါ့မယ်။ ဒီ .org ကို မဘန်းမ ချင်းပေါ့။MPT ကနေ blogspot.com ကို ရွေးကောက်ပြီး ဘန်းထားတာဆိုတော့ အများစု ဘလော့ဂ်တွေကို MPTသုံးတဲ့လူတွေက ဒီအတိုင်း ကြည့်လို့ရနေတုန်းပါပဲ။ ဒါပေမယ့် BaganNet က blogspot.com တစ်ခုလုံးကို ပိတ်ထားတာဆိုတော့ ဘယ်ဘလော့ဂ်ကိုမဆို ဘန်းကျော်ပြီးမှ ကြည့်လို့ရပါ့မယ်။ ကျနော်က BaganNet သုံးတဲ့လူပါ။ အဲဒါကြောင့် ဒီဒုက္ခကို ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ကျော်လွှားဖို့ နည်းလမ်းရှာရင်း ဒါလေးတွေ့တာနဲ့ အားလုံးကို ဝေမျှပေးလိုက်တာပါ။ကျနော်ဟာ ကွန်ပြူတာကျွမ်းကျင်အဆင့် မဟုတ်ပါဘူး။ ဒါကြောင့် ကျနော် တတ်သလောက် မှတ်သလောက် ဖြေပါရစေ။ myanmarbloggers.org ကို custom domain အနေနဲ့ ယူလိုက်တဲ့အခါမှာ blogspot.com ထဲမှာ ပေါ်ရမယ့် အစား myanmarbloggers.org ကို လွှဲပေးလိုက်ပါတယ်။ လိပ်စာပဲ လွှဲပါတယ်။ ဒီ myanmarbloggers.org ထဲမှာ သိမ်းစရာနေရာ ယူမထားပါဘူး။ ရှိလည်းမရှိပါဘူး။ blogspot.com က သူ့ထဲမှာ သိမ်းထားတဲ့ ပို့စ်တွေကို .org ထဲ လာထည့်တာမဟုတ်တဲ့အတွက် .org ဒိုမိန်းကြီး ပျက်သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်အတွေးက အလိုလိုဖြေလို့ရသွားမှာပါ။ ဘာလို့လဲဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ myanmarbloggers.org ဆိုတဲ့ နာမည်ကိုပဲ ယူသုံးပါတယ်။ သူသိမ်းထားတဲ့ Server က google server ဖြစ်တဲ့ blogger.com မှာပါ။ blogger.com မပျက်မချင်း ဒီပို့စ်တွေအားလုံး ဟာရှိနေဦးမှာပါ။ကျနော်အမြင်အရ အဓိက ကောင်းကျိုးကတော့ ဒီ myanmarbloggers.org ကို ဘန်းထားတာမရှိသေးတဲ့အတွက် ဒီ .org ကို သုံးထားတဲ့ ဘလော့ဂ်တွေ မှန်သမျှဟာ ဘန်းကျော်စရာမလိုဘဲ လွတ်လွတ်လပ်လပ် ဖတ်လို့ရနေဦးမှာပါ။ ကျနော် ဒီဘလော့ဂ်တွေကို စဖတ်ဖြစ်တဲ့ အကြောင်းရင်းထဲမှာ အလွယ်တကူ ဖတ်နိုင်လို့ဆိုတဲ့ အချက်ပါပါတယ်။ အကယ်၍ ကျနော် စဖတ်မယ်ဆိုကတည်းက ဘန်းကျော်ပြီးမှ ဖတ်ရမယ်ဆိုရင် ကျနော် ဘလော့ဂ်ကို ဒီတသက် တော့မိတော့မှာ မဟုတ်ဘူး။ အခုတောင် ဘန်းထားပြီးနောက်ပိုင်း အတော်အားမွေးပြီး ပြန်ကိုင်ရပါတယ်။ အလွယ်တကူ ဖတ်လို့မရရင် မဖတ်ဘူးကွာ ဆိုတဲ့လူတွေ အတော်များမှာပါ။ ကျနော့်လိုပေါ့။ ဒါကြောင့် စာဖတ်မယ့်လူ အဆင်ပြေသွားဖို့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရတာပါ။ဆိုးကျိုးက ဘာရှိမလဲဆိုတော့ ပုံမှန် blogspot.com ကို ဝင်တာထက်တော့ ပိုနှေးသွားပါမယ်။ ဒါပေမယ့် ဘန်းကျော်နေတာထက်တော့ အများကြီး ပိုမှန်ပါတယ်။ တခြားဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေကိုတော့ ရှာဆဲပါ။ အခုဟာက .org ရဲ့ နာမည်သက်သက်ကိုပဲ ယူသုံးတာဆိုတော့ ဒီ .org ဟာ တစုံတရာ မတော်တဆ ဖြစ်ခဲ့ရင်တောင် ပို့စ်တွေအားလုံး setting တွေအားလုံးနဲ့ ဒီဘလော့ဂ်နဲ့ ပတ်သက်တာအားလုံးဟာ blogger.com ရဲ့ server ထဲမှာရှိတဲ့အတွက် ဘာမှ သက်ရောက်မှု မရှိနိုင်ပါဘူး။ အကယ်၍ ဒီဒိုမိန်းကို မလိုချင်တော့ဘူးဆိုရင် အလွယ်တကူပဲ Custom domain မှာ ဝင်ဖျက်လိုက်ယုံပါပဲ။ ဒါဆို ပုံမှန် blogspot.com ပြန်ဖြစ်သွားမှာပါ။အပေါ်က ဖော်ပြထားတာက နည်းပညာနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုပါ။ ကျနော်တို့ဆီမှာ နောက်စိုးရိမ်စရာတစ်ခု ရှိနေပါသေးတယ်။ နိုင်ငံရေးအရ စိုးရိမ်မှုပေါ့။ဒီ .org ကို စီစဉ်ရတဲ့ အကြောင်းရင်းနဲ့ စေတနာကို ကျနော် တရားဝင် ပို့စ်တစ်ခုအနေနဲ့ ကြေငြာပြီးပါပြီ။ ဒီလိုကြေငြာရတာဟာ သက်ဆိုင်ရာက ဖတ်ခဲ့မယ်ဆိုရင် ဒီစေတနာကို နားလည်စေချင်လို့ပါ။ လောကကြီးက ဒီလောက်မရိုးရှင်းဘူးလို့ ပြောချင်နေပါလိမ့်မယ်။ ဟုတ်ကဲ့ မရိုးရှင်းပါဘူး။ ဒါပေမယ့် ကျနော် ကြိုးစားကြည့်ချင်ပါတယ်။တချို့အချက်တွေကို ထပ်ပြီး ရှင်းချင်ပါတယ်။ ဟိုအရင်တုန်းက မီတင်မှာ ဆွေးနွေးခဲ့ပြီး စီမီနာမှာ `မျက်လုံး´ပြောဖြစ်ခဲ့တဲ့ အိုင်ဒီယာလေးကို အကောင်ထည်ဖော်လိုက်ချင်တာ သက်သက်ပါ။ blogspot.com ဒိုမိန်းကို ပိတ်လိုက်ကြပြီ။ စာဖတ်သူတွေရော စီစဉ်တင်ဆက် ကြတဲ့ ဘလော့ဂ်ကာတွေရော အခတ်တွေ့ကြရတယ်။ ကျနော်တို့ ဘလော့ဂ်ကာတွေဆိုတာ ရေးချင်လွန်းလို့ကို ရေးနေတာ။ ဒီတော့ ဒီလိုပိတ်ရင် ဟိုလိုလုပ်မယ်။ ဟိုလိုပိတ်ရင် ဒီလိုထပ်လုပ်ကြည့်မယ်။ ပို့စ်အသစ်လေးတွေ တင်နိုင်အောင် ကြိုးစားနေကြဦးမှာ။ ဒါပေမယ့် စာဖတ်ကြမယ့် လူတွေကကော ဒီလောက်ထိ စိတ်ရှည်ကြပါ့မလား။ သူတို့အတွက် ဘာမှ ကျော်စရာမလိုဘဲ အလွယ်တကူ ဖတ်ခွင့်ရကြရင် မကောင်းဘူးလား။ ဒါလေးတွေ တွေးမိလို့ ဒီလိုစီစဉ်ခဲ့တာပါ။စီမီနာမှာ မြန်မာဘလော့ဂ်ကာတွေအတွက် ပေါ်တယ်လုပ်ဖို့အထိတောင် ရည်ရွယ်ထားပါ တယ်လို့ မယ်လိုဒီမောင်က ပြောပါတယ်။ အဲဒီအဆင့်ရောက်ဖို့ ကြိုးစားနေကြတုန်းပါတဲ့။ စီမီနာမှာ ပြောခဲ့သလို ပေါ်တယ်လုပ်ဖို့ Hosting ကိစ္စက စနစ်တကျ အစီအစဉ်ချဖို့ လိုအပ်တာလေးတွေ ရှိနေပါသေးတယ်။ အနည်းဆုံး ကျနော်တို့ စည်းလုံးစုစည်းနေဖို့ လိုပါတယ်။ ဒီလို စုစည်းနိုင်မယ့် အခွင့်အရေးအရ ဒိုမိန်းတစ်ခုတည်းမှာ ဘလော့ဂ်တွေ များနိုင်သလောက်များအောင် လက်တွဲပြီး နေလိုက်ကြရင် မကောင်းဘူးလား။ ဘလော့ဂ်ရွာ လေးပေါ့။ myanmarbloggers.org မှာ ဘလော့ဂ်မောင်နှမတွေ အတူတကွ လက်တွဲပြီး နေကြတာပေါ့။ ဒီရွာလေးမှာ အဆင်မပြေတော့ရင် ဒီ myanmarbloggers.org ကို ဘန်းပြီဆိုရင်လည်း နောက်တစ်ရွာ နောက်ဒိုမိန်းတစ်ခုကို ပြောင်းကြတာပေါ့။ဒီဒိုမိန်းအသစ်လေးကို စီမံခန့်ခွဲဖို့ ကျနော်၊ မယ်လိုဒီမောင်နဲ့ မျက်လုံး ကျနော်တို့ သုံးယောက်က တာဝန်ယူလုပ်ဆောင်ပေးသွားမှာပါ။ မျက်လုံးက သူသိတဲ့လူတွေကို လိပ်စာသစ် လုပ်ပေး သွားမယ်။ မယ်လိုဒီမောင်ကလည်း သူသိတဲ့လူတွေ ကျနော်ကလည်း ကျနော်သိတဲ့လူတွေကို အသီးသီး ဖြည့်ပေးသွားပါ့မယ်။ အမှန်အတိုင်းပြောရရင် ငယ်သူငယ်ချင်းဖြစ်တဲ့ မယ်လိုဒီမောင် နဲ့ မျက်လုံးကလွဲလို့ ဘယ်သူကိုမှ သိလည်းမသိပါဘူး။ မြင်လည်းမမြင်ဖူးပါဘူး။ ဒါပေမယ့် အီးသံယောဇဉ်လို့ပဲ ပြောရမလားပဲ။ အားလုံးကို ခင်မင်ပြီး သံယောဇဉ်လေး တန်းလန်းနဲ့ပါ။တခြားအတွေးအမျိုးမျိုးနဲ့ ကြောက်လို့ မလုပ်ဖူးဆိုတဲ့ လူတွေလည်း အများကြီးရှိမှာပါ။ ဒီ .org ကို တစ်ယောက်တည်းကယူထားပြီး အဲဒီယူထားတဲ့ လူတစ်ယောက်ဟာ အဆင်ပြေနေ တယ်ဆိုရင်ပဲ ကျနော်ရဲ့ ဆန္ဒ အထမြောက်ပါပြီ။ စေတနာဟာ အများအတွက်ဆိုပေမယ့် နားလည်တဲ့လူတစ်ယောက် ပျော်ရွှင်နေမယ်ဆိုရင်ပဲ ကျေနပ်စရာပါ။နောက်ပြီး setting ဝင်ပြင်ပြီးပြီ ဆိုရင် blogger.com ကနေ .org လှမ်းညွန်ဖို့ သူတို့ ပြောင်းစရာရှိတာ ပြောင်းရပါတယ်။ ဒါသူတို့ဖာသာ လုပ်မှာပါ။ ကျနော်တို့ဖက်က အချိန် စောင့်ယုံပါပဲ။ ကိုယ့် setting ပြောင်းပြီးပြီးချင်း မပေါ်လို့ဆိုပြီး ပြန်မပြင်လိုက်ပါနဲ့။ သူတို့ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဒီကိစ္စကို စီစဉ်ဖို့အတွက် အများဆုံးကြာချိန်က ၄၈ နာရီပါ။ ဒါပေမယ့် တချို့ သူငယ်ချင်းတွေက ၅ မိနစ်တောင် မစောင့်လိုက်ရပါဘူး။ ကျနော်က တစ်နာရီ နီးပါးလောက် စောင့်လိုက်ရပါတယ်။ ဒီလို လွှဲနေတဲ့ အတောအတွင်းမှာ blogspot.com နဲ့ ဆက်ပြီး အလုပ်လုပ်ပေးထားပါတယ်။ ဒါကြောင့် .org ကို မပြောင်းခင်ဆက်ခြားမှာ blogspot.com နဲ့လဲ ဝင်လို့ရနေဦးမှာပါ။ .org ကိုလွှဲပြီးသွားပြီဆိုရင်တော့ blogspot.com နဲ့ ရိုက်ထည့်ပေမယ့် Address Bar မှာ myanmarbloggers.org နဲ့ ပေါ်နေမှာပါ။ ဒါဆိုရင် .org ကို လွှဲပြီးသွားပြီလို့ ယူဆလို့ရပါပြီ။ဒီနေ့ကနေစပြီး မြို့ပြဘဝရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတစ်ခုဖြစ်တဲ့ ဘလော့ဂ်ဖတ်ခြင်း၊ လည်လည်သွားခြင်း နဲ့ ပို့စ်အသစ်တင်ခြင်းတွေကို ဆက်လက်ပြီး လုပ်ဆောင်သွားတော့ မှာပါဗျာ။`မြို့ပြဘဝရဲ့ ပုံမှန်လုပ်ငန်းဆောင်တာ´ ဆိုတာကို တချို့ ခံတွင်းတွေ့မယ် မထင်ဘူး။ ကျနော် ကျိုက်ထီးရိုးရောက်တော့ ဘလော့ဂ်တွေကို သတိရနေမိတယ်။ အတွေးထဲ ဘာဝင်လာလဲ ဆိုတော့ ဘလော့ဂ်ဆိုတာ ကျေးလက်နေသူတွေအတွက် ဘယ်သိပါ့မလဲနော်။ ကျနော်တို့ မြို့ပြမှာနေလို့သာ ဒီဘလော့ဂ်နဲ့ ရင်းနှီးပြီး သံယောဇဉ်တွယ်လို့ နိစ္စဓူ၀ အလုပ်တစ်ခု ဖြစ်သွားတာပါ။ လူတစ်ယောက်ကိုမေးကြည့်ပါ `ဘလော့ဂ်ကို သိလား´လို့။ `သိဘူး၊ ဘာကြီးလဲ´လို့ ပြန်ဖြေရင် သူဟာ မြို့ပြနဲ့ မနီးစပ်တာ သေချာနေပါပြီ။ မြို့ပြတစ်ခုရဲ့ သင်္ကေတတွေထဲမှာ ခေတ်သစ်နည်းပညာများနဲ့ နီးစပ်ခြင်း ဆိုတာပါပါတယ်။ မြို့ပြမှာနေပြီး နည်းပညာနဲ့ လက်ပွန်းသတီး မရှိရင်တော့ မြို့ပြတောသားတွေ ဖြစ်နေတော့မှာပါ။ ဒါပေမယ့် ကျနော်တို့အားလုံးဟာ နိုင်ငံရပ်ခြားကို ရောက်သွားရင်ဖြင့် ချက်ချင်းဆိုသလိုပဲ `အော် ငါတို့ဟာ တောသားတွေပါလား´လို့ ကျနော်တို့အားလုံး ခံစားလိုက်ရပါတယ်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading