← Back to blog

နောင်တကို စမြုံ့ပြန်ခြင်း

တွေးစရာ

၂၀၀၈ ခုနစ်၊ မတ်လ၊ ၃၁ ရက် (တနင်္လာနေ့)

ပထမတော့ ပြဿနာတစ်ခုခု ဖြစ်လာရင် သူတပါးကို အပြစ်တင်တယ်။
နောက်ပိုင်းကျတော့ ကိုယ့်ဖာသာကိုယ်ပဲ အပြစ်တင်မိတော့တယ်။
အခုတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တတ်တော့ဘူး။မနေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အတွက် နောင်တရမိတယ်။ “ဒီလိုမှန်း သိရင်” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ဒေါသထွက်တယ်။ လောကဓံက ငါ့ကို မျက်နှာသာ မပေးဘူး။ ပတ်ဝန်းကျင်က ငါ့ကို မကြည်ဖြူဘူး။ လူတွေက အကောင်းမမြင်ဘူး။ သူတို့က ငါ့စေတနာကို နားမလည်ဘူး။ ငါ့မျှော်လင့်ချက်ကို သဘောမပေါက်ဘူး။ ငါ့ရဲ့ ရည်မှန်းချက်ကို အားမပေးဘူး။ ငါ့ရဲ့ ဆန္ဒကို မလိုက်လျောနိုင်ကြဘူး။ ငါ့ဆို မကောင်းချည်း ပြောနေကြတယ်။ ဒီလို ဝမ်းနည်းကြေကွဲမှုတွေရဲ့ အဆုံးသတ်မှာ ငါတွေနဲ့ ဝန်းရံနေတဲ့ အတွေးတွေဟာ အတ္တရဲ့ ပုံဆောင်ခဲတွေလို့ နားလည်သဘောပေါက်လာတယ်။ လူတစ်ယောက်မှာ ရှိတဲ့ အတ္တရဲ့ အရာရောက်တဲ့ ဦးဆောင်မှုနဲ့ ညွှန်ကြားမှုတွေကို မြင်တွေ့လာတယ်။ သိရှိလာတယ်။ အတ္တရဲ့ ကြိုးကိုင်မှုအောက်မှာ ပြားပြားဝပ်နေတဲ့ လူတွေကို သနားတတ်လာတယ်။ ကိုယ့်ကိုယ်ကိုလည်း သနားလာမိတယ်။

ဒါနဲ့ နောက်တော့ ပြဿနာဖြစ်လာရင် ကိုယ့်ကိုယ်ကို အရင် ကြည့်မိတော့တယ်။ ဂျစ်ကန်ကန် ပြောတတ်တဲ့ လူတွေကြားမှာ ငါဆိုရင်ကော အဲဒီလို ပြောမလားလို့ တွေးလာမိတယ်။ အပြစ်လုပ်တတ်တဲ့ လူတွေကြားက လူတစ်ယောက် အနေနဲ့ အပြစ်လုပ်သူချင်း ကိုယ်ချင်းစာတတ်လာတယ်။ ငါဆိုလည်း ဆဲမိမယ်၊ လုပ်မိမယ်ပေါ့။ အပြစ်ကင်းစင်တဲ့ လူ၊ အသိပညာ အတတ်ပညာ ပြီးပြည့်စုံတဲ့ လူ ဆိုတာ မရှိပါဘူး။ လူဆိုရင် မှားတတ်မယ်။ ဒီပြဿနာမှာ ငါ့လုပ်လိုက်မိလို့ များလား။ ငါ့ ပရောဂကော ကင်းရဲ့လား။ ငါ လုပ်မိလို့များ ဒီလို ဖြစ်သွားတာလား။ ငါသာ ဝင်မပါမိရင် ဒီလောက် ဖြစ်မယ် မထင်ဘူး။ ဒီလိုနဲ့ ကိုယ့်ဖာသာ ကြည့်ပြန်တော့ အပြစ်တွေ တစ်ပုံကြီးနဲ့ပေါ့။ ကိုယ့်ကိုယ်ကို ကြိတ်ပြီး ဆဲဆိုလို့ မဆုံးတော့ဘူး။ ငါ့ကြောင့်၊ ငါ့ကြောင့်နဲ့ပဲ ပူဆွေးလို့ မဆုံးတော့ဘူး။ သူတပါးကို အပြစ်မြင်တာထက် ကိုယ့်ကိုယ်ကို အပြစ်တင်မိရင် ပိုခံစားရတယ်။ကြာတော့ အတိတ်ကို နောက်ကြောင်းပြန်နေသရွေ့ ဘယ်တော့မှ မတိုးတက်ဘူး ဆိုတာ နားလည်လာတယ်။ နောင်တရတာ၊ ပူဆွေးတာ၊ ကြေကွဲတာ ဒါတွေဟာ အတိတ်ကို စားမြုံ့ပြန်တာပဲ။ အမှားတစ်ခုရဲ့ နောက်ကွယ်မှာ အမှန်တရား ရှိပါတယ်။ အဲဒီ အမှားဆိုတာကြီးနဲ့ပဲ လုံးချာလည်လိုက်နေရင် အမှန်ဆီကို မရောက်တော့ဘူး။ အမှန်တရားဟာ အမှားတွေရှိမှ ပိုပီပြင်တယ်။ အမှားတွေကို တန်ဖိုးထားတတ်မှ အမှန်တရားရဲ့ တန်ဖိုးကို နားလည်မယ်။ ဘာလို့လဲဆိုတော့ အမှားတွေနဲ့ တန်ရာတန်ကြေး ပေးဆပ်လိုက်ရတဲ့ တန်ဖိုးဟာ အမှန်တရားရဲ့ တန်ဖိုးပဲ။ ကျန်းမာရေးရဲ့ တန်းဖိုးကို နာမကျန်းဖြစ်မှ နားလည်နိုင်မယ်။ လက်နှစ်ဖက် ရှိခြင်းရဲ့ တန်ဖိုးကို လက်တစ်ဖက် ပြတ်သွားမှ နားလည်မယ်။ သွားတွေ စုံစုံလင်လင် ရှိတဲ့ အကျိုးကျေးဇူးကို အသက်တွေကြီးပြီး သွားတွေ ကျွတ်ကုန်တဲ့ အခါမှ ကောင်းကောင်း နားလည်သွားတယ်။ မှားဖူးမှ အမှန်ကို နားလည်လာမယ်။ အမှန်ကို တန်ဖိုးထားမယ်။ အမှန်ကို ခံစားတတ်မယ်။ အမှန်အတွက် အမှားဟာ မရှိမဖြစ် လိုအပ်ချက်ပဲ။ အမှားတွေ တစီးတတန်းကြီး ဖြစ်နေတာ သိတဲ့အချိန် ဆင်ခြင်မိလိုက်တဲ့ အချိန်မှာ အမှန်တွေ တစီတတန်းကြီး လုပ်နိုင်လာလိမ့်မယ်။ ရှေးဆိုရိုးလေး တစ်ခု ရှိပါတယ်။ ငါ့နောက်ကို အလင်းတန်းကြီးတစ်ခု ထပ်ကြပ်မကွာ လိုက်လာလို့ ပြဿနာပဲ ဆိုပြီး ပြေးလိုက်ရတာ မောနေတာပဲ။ ခရီးလမ်းဆုံးခါနီးမှ ငါ့ကို လမ်းတစ်လျှောက် မီးမောင်းထိုးပေးနေတာပါလားလို့ သတိထားမိတော့တယ်။ကိုယ်လုပ်ခဲ့ဖူးတဲ့ အမှားတွေကို အပြစ်တွေကို ဘဝလမ်းတလျှောက် လမ်းပြပေးနိုင်မယ့် မီးမောင်းကြီးအနေနဲ့ အသုံးချနိုင်ခဲ့မယ်ဆိုရင် ရှေ့ဆက်လျှောက်ရမယ့် လမ်းဟာ ပိုပြီး လင်းလက်လာပါလိမ့်မယ်။ မြားဒါဏ်ရာနဲ့ အဆိပ်မိနေတဲ့ လူတစ်ယောက်အတွက် ဆေးကုသဖို့က အရေးကြီးဆုံးပါ။ ဒီမြား ဘယ်က လာသလဲ။ ဘယ်သူ ပစ်တာလဲ။ ဘာကြောင့် ပစ်တာလဲ ဆိုတာတွေက အနာပျောက်ကင်းရေးထက် ပိုအရေးကြီး နိုင်ဦးမလား။အမှားတစ်ခုအတွက် အတိတ်ကို ကောက်ကြောင်း မလိုက်တတ်တော့ဘူး။ အတိတ်မှာ ရစ်မူးနေတာ မိုက်မဲမှုပဲ။ ဘယ်သူ့ကြောင့် အပြစ်ဖြစ်ရသလဲ ဆိုတာထက်၊ ဘယ်ကြောင့် အကျိုးပျက်ရသလဲ ဆိုတာထက်၊ လက်တလော ဖြစ်နေတဲ့ ပြဿနာရဲ့ ရှေ့ရေးက ပိုအရေးကြီးပါတယ်။ ဝေဒနာကို ဘယ်လိုကုစားမလဲ ဆိုတာကိုပဲ ကြိုးစားပြီး အဖြေရှာနေမိတော့တယ်။ ထပ်မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ ဆိုတာကိုလည်း လေ့လာဖို့ မမေ့နဲ့ဦးပေါ့။

Leave a comment

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading