← Back to blog

အျပံဳးခြန္အား ေပးသနားပါ

တွေးစရာ

၂၀၀၈ ခုနစ်၊ မတ်လ၊ ၇ရက် (သောကြာနေ့)

လူအတော်များများ ပြုံးဖို့ ခဲယဉ်းကြတယ်။ တစ်နေ့တာရဲ့ အချိန်တွေကို ရှုံ့မဲ့စွာနဲ့ ဖြုန်းတီးပစ်ကြတယ်။ ပြုံးဖို့ မေ့နေကြပုံပဲ။ လူတွေဟာ သောကရဲ့ ဖိစီးမှုအောက်မှာ ပြားပြားဝပ်နေကြသလို သောကကို တွန်းလှန်ဖို့ မေ့နေကြတယ်။ သောကဟာ လူတိုင်းမှာ ရှိနေတဲ့ အားလုံးရဲ့ ပိုင်ဆိုင်မှု တစ်ခုပါ။ သောကကင်းတဲ့ လူဆိုတာ မရှိပါဘူး။ အလိုမကျရင် သောကဆိုတာ ဖြစ်လာတာပါပဲ။ လောကမှာ အလိုမကျစရာ တစ်ပုံကြီးပါ။ အဲဒါကြောင့် သောကတွေ တစ်ပုံတစ်ပင်ကြီး ထမ်းထားရတယ်။ ပိုးထားရတယ်။ဒါပေမယ့် တချို့လူတွေမှာ သောက မရှိဘူးလို့ ထင်ရတယ်။ အဲဒီလူတွေဟာ ဘယ်သူတွေလဲ။ ဘယ်လို လူမျိုးတွေလဲ။ ငွေကြေး၊ အာဏာ ပိုင်ဆိုင်ထားကြသူတွေလား။ မဟုတ်ဘူး၊ သူတို့တွေရဲ့ ပိုင်ဆိုင်မှုကို ဒီထပ် များများရဖို့ ကြောင့်ကြစိုက်နေရတယ်။ ရှိထားတဲ့ အရာတွေ ဆက်လက် ထိန်းသိမ်းဖို့ ပူပင်နေရတယ်။ တစ်နေကုန် မျက်မှောင်ကြီး ကြုံ့ပြီး သောကရောက်နေကြတယ်။ မျက်ထောင့်နီနီနဲ့ ဒေါသထွက်နေရတယ်။ ဒါဆို ဘယ်လိုလူတွေလို့ ထင်သလဲ။ ရယ်မောနေတဲ့သူ၊ ပြုံးနေတဲ့သူတွေပါ။ သူတို့က သောကကို ကျောခိုင်းနေတာ။ အံတုနေတာ။ သူတို့ဆီမှာ သောက မရှိတာမဟုတ်ဘူး။ ဝှက်ထားတာလည်း မဟုတ်ဘူး။ မသိချင်ယောင် ဆောင်နေတာ။ ဂရုမစိုက်တာ။ ပြုံးနေတဲ့ လူတွေဟာ သောကကို အဓိပ္ပာယ်ရှိရှိ ဥပေက္ခာ ပြုထားကြတယ်။

အပြုံးဆိုတဲ့ နေရာမှာ အပြုံးက အမျိုးမျိုးရှိတော့ ဘယ်လို အပြုံးမျိုး ဖြစ်လေမလဲလို့ စဉ်းစားနေကြမယ်ထင်တယ်။ အပြုံး ဘယ်နှမျိုးလောက် ရှိမလဲ ဆိုတာ ဒီနေရာမှာ မဆွေးနွေးချင်ပါဘူး။ ပေါ့ပေါ့ပါးပါး ပြုံးတဲ့ အပြုံးမျိုးကို ဆိုလိုတာပါ။အပြုံးတစ်ခုဟာ သောကကို တွန်းလှန်ဖို့ ခွန်အားတွေ ဖြစ်စေတယ်။ လူဘဝမှာ ပျော်ရွှင်မှုတွေ စိတ်ဆင်းရဲမှုတွေဟာ တဒင်္ဂ တခဏတာပဲ ဖြစ်ပေါ်နေတယ်။ လျှပ်စီးလျပ်သလိုပဲ။ ဖျက်ခနဲဆို ပြီးသွားပြီ။ ဒါပေမယ့် ဘာဖြစ်လို့ လူတွေရဲ့ မျက်နှာမှာ စိတ်ဆင်းရဲတာကို များများမြင်ရပြီး ပျော်ရွှင်ဖို့ဆို တခဏတာပဲ ပျော်ရွှင်နိုင်ကြတာလဲ။ ဘာလို့လဲ။ လူတွေဟာ စိတ်ဆင်းရဲမှုဆိုတာ မကောင်းမှန်းသိတယ်။ မကောင်းမှန်း သိကြပေမယ့် အဲဒီ မကောင်းတာကြီးကိုပဲ ဖက်တွယ်ထားကြတယ်။ တခဏတာ ရောက်လာတဲ့ စိတ်ဆင်းရဲမှုကို မစွန့်မပစ်ရက်နဲ့ ဖက်တွယ်ထားတယ်။ အဖန်တလဲလဲ စဉ်းစားခြင်းအားဖြင့် ဖက်တွယ်ထားကြတယ်။ ခဏခဏ စဉ်းစားနေလိုက်တော့ သောကကို ပျောက်ကွယ်မသွားအောင် အားသစ်လောင်းသလို ဖြစ်နေတယ်။ အဲဒီလို နားမလည်ကြတော့ သောကကို ခြေရာခံ လိုက်နေသလို ဖြစ်နေတယ်။ ဒါကြောင့်မို့ ရှာဖွေလေ တွေ့ရှိလေ ဖြစ်နေပြီ။ ဘယ်တော့မှ မဆုံးတော့ဘူး။ ဒါကို မနေတတ်ဘူးလို့ ပြောလို့ရတယ်။ သောကဟာ အနားမှာရှိနေတာ သိရင် သွားမကြည့်နဲ့။ လိုက်လာလိမ့်မယ်။ မရှိသလို နေလိုက်ရင် တဖြည်းဖြည်း ဝေးသွားမှာပါ။သောကဟာ အပြုံးကို ချေဖျက်နိုင်သလို အပြန်အလှန်အားဖြင့် အပြုံးဟာလည်း သောကကို ကျေပျက်စေနိုင်ပါတယ်။ လူတွေဟာ လူ့ဘဝကို စတင်ကတည်းက ငိုပြီး မွေးဖွားခဲ့ရတယ်။ သေခါနီး စက္ကန့်ပိုင်းတွေမှာလည်း ပျော်ရွှင်တယ် ဆိုတာ မရှိကြဘူး။ ဘဝရဲ့ အလယ်မှာလည်း အရှုပ်တွေလုပ်ပြီး အလုပ်တွေ ရှုပ်နေကြတယ်။ လူတွေရဲ့ စိတ်တွေဟာ ပစ္စုပ္ပန် တည့်တည့်မှာ မရှိဘဲ အတိတ်နဲ့ အနာဂါတ်တွေမှာ ရောက်နေတယ်။ အတိတ်ကိုပဲ တဝဲ၀ဲလည်နေတဲ့ စိတ်ကြောင့် နောင်တတွေပဲ အဖန်တလဲလဲ ဖြစ်နေတယ်။ အနာဂါတ်မှာချည်း စိတ်ရောက်နေတော့ တွေဝေမှုတွေပဲ ထပ်ခါထပ်ခါ ဖြစ်နေတယ်။ မနေ့က မလုပ်မိလေခြင်း ဆိုပြီး နောင်တရမိတယ်။ မနက်ဖြန် ဟိုဟာလေး လုပ်ရင် ကောင်းမလားဆိုပြီး တွေဝေနေတယ်။ ဒီလိုနဲ့ အားလုံးဟာ သောကကို လက်လျက် ခေါ်နေကြတယ်။ ရှိနှင့်ပြီးသား သောကကို ဘယ်လို ဖြေရှင်းမလဲ မစဉ်းစားအားဘူး၊ မလုပ်အားဘူး။တစ်နေ့လုံးနေလို့ တစ်ခါ မပြုံးတဲ့လူတွေ ကျနော် အပြင်မှာ အများကြီး မြင်ဖူးတယ်။ သူတို့ကို ကြည့်လိုက်ရင် အမြဲလိုလို မျက်မှောင် ကြုံ့ထားကြတယ်။ သူ့မျက်နှာ မြင်တာနဲ့ စိတ်ဖိစီးမှုဒဏ် ခံနေရတယ်ဆိုတာ သိသာတယ်။ သူတို့တွေ ပြုံးဖို့ မေ့နေကြတယ်။ ပြုံးကော ပြုံးတတ်သေးလား ဆိုတာတောင် သံသယ ရှိမိတယ်။ တချို့ ကျပြန်တော့လည်း ဘာသောကမှ မရှိဘူးလို့ ထင်ရအောင်ကို မျက်နှာက ပြုံးချိုနေတယ်။ သောက မရှိလို့ ပြုံးနေနိုင်တာလား။ ပြုံးနေနိုင်လို့ သောက မရှိဘူးလို့ ထင်ရတာလား။ ဒါ စဉ်းစားစရာပါ။ သေချာတာ တစ်ခုက လောကမှာ သောက မရှိတဲ့လူ ဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် သောကမရှိလို့ ပြုံးနေနိုင်တယ် ဆိုတာ မဖြစ်နိုင်တော့ဘူး။ နောက်ပြီး ပြုံးနေတဲ့ မျက်နှာဟာ ကျက်သရေ အင်မတန်ရှိပါတယ်။ ဒါကြောင့် ကျက်သရေ ရှိမယ့် အဆောင်တစ်ခုဆိုရင် အပြုံးကိုပဲ ညွှန်ချင်ပါတယ်။ အမြဲ ပြုံးနေတတ်တဲ့ အန်တီကြီး တစ်ယောက်ရဲ့ စကားဟာ အင်မတန် မှတ်သားဖို့ ကောင်းလို့ တင်ပြလိုက်ပါတယ်။အန်တီကို ကြည့်လိုက်ရင် အမြဲ ပြုံးလို့ ကျက်သရေကို ရှိနေတာပဲနော်။
အော် … အန်တီတို့မှာ လူချစ်လူခင်ပေါအောင် တန်ဆာဆင်နိုင်တဲ့ ရတနာတွေ သူများလို မရှိတော့ ဒီအပြုံးလေးပဲ အမြဲ ဆောင်ထားရတာပေါ့ကွယ်။

Leave a comment

Your email address will not be published. Required fields are marked *