← Back to blog

ကပ်ပါပေ့ မြို့စားရယ် (၃)

ကိုးကား တွေးစရာ

“ဒီလိုပါ အရှင် …”ဆိုတဲ့ မြို့စားကြီးရဲ့ အသံ ထွက်လာတာနဲ့ ကျွတ်စိကျွတ်စိ ဖြစ်နေတဲ့ ပရိသတ်ရဲ့ အသံဟာ အလိုအလျောက် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတယ်။ ဒီလူကြီး ဘယ်လိုများ ကပ်ဦးမှာလဲမသိ ဆိုတဲ့ မျက်နှာပေးနဲ့ မလိုသူ ရွာသားတွေရဲ့ အကြည့်၊ ငါတို့ မြို့စားကြီး ဘယ်လိုများ အပိုင်ဂိုးကို ရှူးဦးမလဲဟ ဆိုတဲ့ မျှော်လင့်ချက်နဲ့ အလိုတော်ရိတွေက တစ်မျိုးပေါ့။ အားလုံးရဲ့ အမြင်အာရုံဟာ မြို့စားကြီးရဲ့ နှုတ်ခမ်းဖျားလေးမှာ ကျက်စားနေကြတယ်။ တည်ငြိမ်တဲ့ အသွင်၊ အေးချမ်းတဲ့ မျက်နှာထားနဲ့ ကုမာရ ကဿပ မထေရ်ကတော့ မျက်လွှာလေး အသာချပြီး နောက်ထပ် ထွက်ကျလာမယ့် စကားလုံးတွေကို အိန္ဒြေရရ ငံ့လင့်နေလေရဲ့။ အားလုံးရဲ့ အကြည့်တွေကို ထိုးဖောက်ပြီး ထွက်လာတာကတော့”သီလ၊ သမာဓိ၊ အကျင့်သိက္ခာနဲ့ ပြည့်စုံကြတဲ့ သူတော်စင် ရဟန်း၊ ရသေ့ စတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အကျွနု်ပ် မြင်ဖူးပါတယ်။ ဂုဏ်သိက္ခာ၊ အကျင့်စာရိတ္တနဲ့ ပြည့်စုံကြတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း မြင်ဖူးတာ မနည်းလှပါဘူး။ အဲဒီ ပုဂ္ဂိုလ်တွေ အားလုံးဟာ ဆင်းရဲဒုက္ခ ရောက်ကြရမှာလည်း ထိတ်လန့်ကြတယ်။ မမာမကျန်း ဖြစ်မှာကိုလည်း စိုးရိမ်ကြတယ်။ အိုရမှာကိုလည်း ကြောက်ကြတယ်။ သေရမှာကိုလည်း တွေးပြီး လန့်ကြတယ်။ အားလုံးက ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ အသက်ရှည်ရှည် နေချင်ကြတဲ့ သူတွေချည်းပါပဲ။ သူတို့ အဲဒီလို နေချင်ကြမယ် ဆိုတာကိုလည်း အကျွနု်ပ် ရိပ်စား သတိထားမိပါတယ်။အရှင်၊ သူတို့ကို ကြည့်ပြီး အကျွနု်ပ်မှာ ဒီလို အကြံဖြစ်မိပါတယ်။ ငါတို့ဟာ ဒီဘဝကနေ သေခဲ့ရင် ဒီထက် မြတ်တဲ့ ဘုံဘဝမှာ ဖြစ်မယ်၊ နတ်ပြည် နတ်ရွာမှာ နတ်စည်းစိမ်အပြည့် ခံစား စံစားရမယ်ဆိုတာကို သူတို့ တကယ်တမ်း သိခဲ့မယ်ဆိုရင် လက်ရှိ ခက်ခဲ ကြမ်းတမ်းတဲ့ဘဝကို ဘာတပ်မက်စရာ လိုပါတော့မလဲ။ တမလွန်လောကရဲ့ စည်းစိမ်ချမ်းသာကို မျှော်မှန်းပြီး သူတို့ရဲ့ လက်ရှိဘဝ လက်ရှိအသက်ကို အဆိပ်ခက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ ကြိုးဆွဲချပြီးတော့ ဖြစ်ဖြစ်၊ ရေထဲ ဆင်းပြီးတော့ပဲ ဖြစ်ဖြစ်၊ ချောက်ကမ်းပါးကနေ ခုန်ချပြီးတော့ပဲ ဖြစ်ဖြစ်၊ သေနည်းအမျိုးမျိုးနဲ့ သက်ဆုံးစီရင်ကြတော့မှာပါ။ လက်တွေ့မှာကျ အဲဒီလိုမျိုး ဘယ်သူမှ မလုပ်ကြဘဲ လက်ရှိ သူ့ဘဝကိုပဲ တွယ်ကပ်ပြီး နေနေကြတာကို တပည့်တော် တွေ့ရပါတယ်။

အို .. အရှင်၊ ဒီလို လက်ရှိဘဝမှာ ဖက်တွယ်နေကြတာကို ကြည့်ရင် တမလွန်လောက ဆိုတာ မရှိ။ သေခြင်းရဲ့ အခြားမဲ့မှာ သတ္တဝါတွေ ပြန်ပြီး မဖြစ်။ ကုသိုလ်ကံ၊ အကုသိုလ်ကံရဲ့ အကျိုးဝိပါက် တွေလည်း လုံးဝ အဓိပ္ပာယ်မရှိဘူး ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် အကျွနု်ပ်ရဲ့ အယူဝါဒသာ အမှန်ဖြစ်ပါတယ်” လို့ မဆုတ်မနစ် လျှောက်ပါတော့တယ်။ဝါဒလွန်ဆွဲပွဲဟာ အတော်လေးကို အကျိတ်အနယ် ဖြစ်လာပါပြီ။ ကပ်သီးကပ်ဖဲ့ တွေးတဲ့၊ ပြောတဲ့နေရာမှာ အတော် ပိုင်နိုင်ကျွမ်းကျင်တဲ့ ပါယာသိမြို့စားကလည်း မလျှော့စတမ်း။ စကားအရာ ပရိယာယ် ကြွယ်ကြွယ်ဝဝနဲ့ ပြောတဲ့ ဟောတဲ့နေရာမှာ ဧတဒဂ်ရထားတဲ့ ကုမာရကဿပ မထေရ်ကလည်း ဘယ်မှာ လက်လျှော့ပါလိမ့်မလဲ။ အိန္ဒြေတစ်ချက်မှ မငြိမစွန်းဘဲ တည်ကြည် ပြတ်သားလှတဲ့ အသံနဲ့ ပရိသတ်အားလုံးကို ဖမ်းစားလိုက်တယ်။”အို .. ဒကာမြို့စား၊ သင့်ကို ဥပမာတစ်ခု ငါ ပြပါဦးမယ်။ ဒီဥပမာဟာ အကျိုးများလှပါတယ်။ အသိဓါတ်ခံ ကောင်းသူတွေအနေနဲ့ ဒီဥပမာကို ကြားရုံ၊ နာရုံနဲ့ ဆိုလိုချက် အဓိပ္ပာယ်ကို သိလွယ်၊ နားလည်လွယ်ပါလိမ့်မယ်။ရှေးတုန်းက ပုဏ္ဏားတစ်ယောက်မှာ မယားနှစ်ယောက် ရှိလေသတဲ့။ မယားတစ်ယောက်မှာ (၁၂) နှစ်အရွယ် သားတစ်ယောက် ရှိပြီး နောက် မယားတစ်ယောက်ကတော့ ကိုယ်လေးလက်ဝန်နဲ့ မီးဖွားခါနီးအချိန်မှာပါ။ တစ်နေ့တော့ အဲဒီ မယားနှစ်ယောက်ရဲ့ ခင်ပွန်းယောကျ်ားဖြစ်တဲ့ ပုဏ္ဏားကြီး ရုတ်တရက် သေဆုံးသွားတယ်။ ဒီတော့ (၁၂) နှစ်အရွယ် သားဟာ သူရဲ့ မိထွေးတော်စပ်တဲ့ ကိုယ်ဝန်ဆောင် မယားနဲ့ အမွေလုပါလေရော။
‘ အို အမိ၊ ဖခင် ချန်သွားတဲ့ ပစ္စည်းမှန်သမျှ အားလုံးဟာ အကျွနု်ပ်နဲ့သာ သက်ဆိုင်ပါတယ်။ သင်နဲ့ ဘယ်လိုနည်းနဲ့မှ မဆိုင်။ ဒီတော့ သင့်လက်ဝယ်မှာ ရှိနေတဲ့ ပစ္စည်းအားလုံး ကျွနု်ပ်ကို အပ်ပါ ‘
လို့ ပြောလာတယ်။ အဲဒီအခါ မိထွေးက
‘ အမောင်၊ ငါ မွေးဖွားပြီးအောင် စောင့်ပါဦး။ တကယ်လို့ သားယောကျ်ားလေး မွေးမယ်ဆိုရင် ကျန်ရှိပစ္စည်းရဲ့ တစ်ဝက်ကို ငါ့သားအနေနဲ့ ပိုင်ဆိုင်ခွင့် ရှိပါတယ်။ တကယ်လို့ သမီးမွေးမယ်ဆိုရင်တော့ သင်ရဲ့ အလုပ်အကျွေး ဖြစ်ပါစေ ‘
လို့ ပြန်တောင်းဆိုတယ်။ သုံးခါတိတိ တောင်းပြီး တောင်းတဲ့အခါတိုင်း သုံးခါလုံး ဒီအတိုင်းပဲ ပြောလွှတ်လိုက်တယ်။
ဘယ်လို ပြောပြော မရပါဘူး။ အဲဒီသားက ခဏခဏ တောင်းနေတော့တာပဲ။ မိထွေးလုပ်သူက ကြံရာမရ ဖြစ်နေတယ်။ ပစ္စည်းတွေကိုလည်း မပေးရက်၊ လက်လွတ်မခံနိုင်။ ကလေးကလည်း မမွေးသေးတော့ ခက်ပါဘိသနဲ့။ နောက်တော့ ‘ ငါ့လင်ပစ္စည်း ဒင်းလက်ထဲ ဘယ်နည်းနဲ့မှ မအပ်နိုင်ဘူး ‘လို့ ကြိမ်းဝါးပြီး အခန်းထဲကို ဓါးတစ်ချောင်းနဲ့ ဝင်သွားလေရဲ့။ ‘ သားမွေးမွေး၊ သမီးမွေးမွေး၊ ငါ့အတွက်တော့ အမြတ်ချည်းပဲ ‘ ဆိုပြီး သူ့ဗိုက်ကြီးကို ဓါးနဲ့ထိုးစိုက်ပြီး ခွဲချလိုက်တယ်။ ပစ္စည်းအတွက် လောဘရမ္မက် အားကြီးလွန်းလှတဲ့ မိန်းမမိုက်ဟာ ကိုယ့်လက်ချက်နဲ့ ကိုယ်ပဲ အသက်လည်းသေ၊ သားသန္ဓေလည်း သေ၊ ပစ္စည်းလည်းဆုံးပြီး အလုံးစုံ ပျက်စီးခြင်းကို စိုက်ရောက်ရတော့တယ်။အို .. ဒကာမြို့စား၊ ဒီလိုပါပဲ။ ဆင်ခြင်တုံတရား နည်းနည်းမှ မရှိဘဲ ပရလောကကို ရှာဖွေနေတဲ့ အသင်ဟာလည်း ရှာရင်းနဲ့ပဲ အဲဒီ မိန်းမလို ပျက်စီးခြင်း ရောက်ရလိမ့်မယ်။ အခု ငါဆိုခဲ့တဲ့ ဥပမာကို ထောက်ထားပြီး ရွဲ့စောင်းနေတဲ့ သင်ရဲ့ အယူဝါဒဟောင်းကို စွန့်ပယ်လိုက်ပါ။ ‘တမလွန်လောကဆိုတာ ရှိတယ်။ သတ္တဝါတွေ သေပြီးနောက်မှာ ဘဝသစ် နောက်တစ်ခါ ထပ်ဖြစ်တယ်။ ကုသိုလ်၊ အကုသိုလ်တွေရဲ့ အကျိုးဝိပါက်ဆိုတာလည်း အမှန်စင်စစ် ရှိတယ်’ ဆိုတဲ့ ဝါဒအသစ်ကို လက်ခံပါတော့လား ဒကာ။“ကုမာရကဿပ မထေရ်ဟာ စိတ်ရှည်လက်ရှည်နဲ့ ပါယာသိမြို့စားကို အမြင်မှန် ဝါဒဟောင်းကို စွန့်နိုင်ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား မြို့စားကြီးကတော့ ပေကပ်ကပ်နဲ့ အကျောက်အကန် ငြင်းဆန် ရုန်းကန်နေတုန်းပါပဲ။”အို .. အရှင်၊ သင့်စကားတွေက နားထောင်လို့တော့ အတော်ကောင်းသား။ ဒါပေမယ့် အကျွန်ုပ်ကို သာယာအောင်၊ ကျေနပ်အောင်တော့ မစွမ်းဆောင်နိုင်သေးပါဘူး။ ဒီလောက်လေး ပြောရုံ ဆိုရုံလောက်နဲ့ ကျွနု်ပ်ရဲ့ ဝါဒကို ချိုးနှိမ်လို့ မရပါဘူး။ ဒီလောက်နဲ့တော့ အသင့်ရဲ့အောက်ကို တိုးလျှိုးလာလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကျွနု်ပ်ရဲ့ ဝါဒဟာ သံမှိုနဲ့ ဆွဲတာထက်ကို မြဲပါတယ်။ အင်မတန် ခိုင်မာတဲ့ လက်တွေ့ သာဓကတွေလည်း ကျွန်ုပ်မှာ အများကြီး ရှိတယ်။ သင့်မှာ ဥပမာတွေ ပေါများသလိုပဲ အကျွနု်ပ်မှာလည်း ယုံကြည်နိုင်လောက်တဲ့ အကိုးအထောက် အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ အရှင် ဝန်မလေးဘူး ဆိုရင် အကျွနု်ပ် တင်ပြလိုပါသေးတယ်။ ဘယ်လို သဘောရပါသလဲ အရှင်””အို .. ဒကာမြို့စား၊ ငါ့မှာ နည်းနည်းလေးမှ ဝန်မလေးပါဘူး။ သင် တတ်နိုင်သလောက် ငါ့ကို တင်ပြပါတော့။”

Leave a comment

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading