(က)
လက်မှတ်စစ်ဂိတ်မှ ထွက်လာသောအခါ နာမီယာ တာကာယူကီသည် လက်ပတ်နာရီကို ကြည့်လိုက်သည်။ နာရီလက်တံများသည် ည ၈ နာရီခွဲကျော်ကျော်သို့ ပြညွှန်နေကြသည်။ တစ်ခုခု လွဲနေသည်ဟု ခံစားလိုက်ရသောကြောင့် သူသည် ပတ်ဝန်းကျင်ကို လှမ်းကြည့်မိသည်။ သူ စိတ်ထင့်နေသည့်အတိုင်းပင် ခန်းမထဲရှိ နာရီကြီး၏ လက်တံများက ၈ နာရီ ၄၅ မိနစ်သို့ ညွှန်ပြနေသည်။ နာမီယာ တာကာယူကီက မျက်နှာကို ရှုံ့ပြီး တောက်ခေါက်လိုက်သည်။ နာရီစုတ်၊ နောက်ကျနေပြန်ပြီ။
ယင်းလက်ပတ်နာရီကို သူ တက္ကသိုလ် တက်ရောက်စဉ်က ဖခင် ဝယ်ပေးထားခြင်း ဖြစ်သည်။ ယခုတလောတွင် မကြာခဏ ရပ်ရပ်နေတတ်သည်။ သူ့အပြစ်ဟုလည်း မဆိုသာပေ။ သုံးလာခဲ့သည်မှာ အနှစ်နှစ်ဆယ်မျှပင် ကြာခဲ့လေပြီ။ ယခုတစ်ခါ အသစ်လဲလျှင် ကွာ့ဇ် (quartz) နာရီ အသစ်လဲမည်ဟု သူ စိတ်ကူးထားသည်။ ယခင်က ၎င်းနာရီသည် ကားသစ်တစ်စီးမျှ ဈေးမြောက်ခဲ့သော်လည်း ယခုအခါတွင် ဘာမျှ တန်ကြေး မရှိရတော့ပေ။
ကားဂိတ်မှ ထွက်ပြီး ဈေးဆိုင်တန်းများထဲသို့ ဖြတ်လျှောက်လာသည်။ သူ့အား အံ့အားသင့်စေသည့် အချက်မှာ အတော်ပင် ညဉ့်နက်နေပြီ ဖြစ်သော်လည်း တချို့ဆိုင်များက ဖွင့်ထားလျက် ရှိဆဲပင် ဖြစ်သည်။ အပြင်ပန်းအရ ကြည့်လျှင် ဆိုင်တိုင်းလိုလိုမှာ ဈေးဝယ်သူများနှင့် စည်ကားလျက် ရှိနေသည်။ လူနေရပ်ကွက်များ တိုးချဲ့လာခြင်းနှင့် လူဦးရေ တိုးပွားလာခြင်း ဟူသော အကြောင်းအရင်းကြောင့် ကားဂိတ်အရှေ့ရှိ ဆိုင်ခန်းများသည် ရေမြင့်၍ ကြာတင့်ဆိုသကဲ့သို့ ဖြစ်လာခဲ့သည်။
ဤသို့သော တစ်ဘက်ပိတ် မြို့ကလေး၏ ဈေးတန်းက ဤမျှ စည်ကားနေသည်ကို တာကာယူကီ တအံ့တဩ ဖြစ်နေမိသည်။ သို့သော် မိမိ ငယ်စဉ်တောင်ကျေး ကလေးဘဝက ရှင်သန်ကြီးပြင်းလာခဲ့ရသော ဤနေရာကလေးသည် ဤသို့ ပျားပန်းခတ်မျှ လှုပ်ရှားစည်းကားနေသည်ကို မြင်ရ၍ မိမိအနေဖြင့် စိတ်ပျက်စရာ အကြောင်းမရှိပေ။ မိမိတို့၏ ဆိုင်လည်း ဤဈေးတန်းထဲတွင် တည်ရှိနေလျှင် ကောင်းလေစွဟုပင် သူ တွေးလိုက်မိသေးသည်။
ဈေးဆိုင်တန်းမှ လမ်းကျဉ်းတစ်ခုထဲသို့ ကွေ့ဝင်ပြီး ရှေ့သို့ တည့်တည့် သွားလိုက်လျှင် လူနေရပ်ကွက်တစ်ခုသို့ ရောက်လာနိုင်သည်။ ဤဒေသတစ်ဝိုက်သို့ ရောက်လာသည့် အခါတိုင်း ဘေးဘီရှုခင်းမှာ အသစ်အဆန်းများနှင့် ပြည့်နှက်နေတတ်သည်။ နေအိမ်တိုက်ခန်းများ အသစ်အသစ် ဆောက်လုပ်လာကြသောကြောင့် ဖြစ်သည်။ ဤပတ်ဝန်းကျင်၌ နေထိုင်ကြသော မိသားစုများတွင် တိုကျိုသို့ နေ့စဉ်သွား၍ အလုပ်လုပ်ဝင်နေကြသော သူများ မနည်းမနော ရှိနေကြောင်း သူ ကြားဖူးထားသည်။ ဓာတ်ရထား စီး၍ သွားရသည်ပင် ဖြစ်စေ။ နှစ်နာရီကြာမျှ လိုက်ပါစီးနင်းရမည် ဖြစ်သောကြောင့် မိမိအနေဖြင့် ထိုသို့ ပြုလုပ်၍ မဖြစ်နိုင်ဟု တာကာယူကီက ယူဆသည်။ သူသည် တိုကျိုမြို့တွင်းရှိ အထပ်မြင့်တိုက်ခန်းတစ်ခန်းကို ငှားနေနေသည်။ မျက်နှာပြင် မကျယ်ဝန်းသော်လည်း အိပ်ခန်းနှစ်ခန်းနှင့် စားသောက်ခန်းတစ်ခန်းပါသောကြောင့် လင်မယားနှင့် ဆယ်နှစ်သား သားငယ်တစ်ယောက်အတွက် ဖူလုံပေသည်။
သို့သော် သူက ထိုသို့လည်း စဉ်းစားမိပြန်သည်။ ဤနေရာမှ တိုကျိုသို့ နှစ်နာရီကြာမျှ ခရီးရှည် စီးသွားရသော်လည်း ဤနေရာတွင်လည်း သူ့အားသာချက်နှင့်သူတော့ ရှိသေးသည်သာ။ ဘဝတွင် အရာရာ ဖြစ်ချင်သည့်အတိုင်း ဖြစ်လာကြရသည် မဟုတ်။ အကယ်၍ သူ၏ ပြဿနာများသည် နေ့စဉ် ခရီးရှည် နှင်ရခြင်းဖြင့် အကုန်လုံး ပြေလည်သွားမည် ဆိုလျှင် ထိုသို့သော ဒုက္ခမျိုးကို ခံသင့်သည်ဟု သူ ယုံကြည်မိသည်။
လူနေရပ်ကွက်ကို ဖြတ်လာပြီးလျှင် T ပုံလမ်းဆုံသို့ ရောက်သည်။ ၎င်းလမ်းဆုံမှ ညာချိုးပြီး ဆက်လျှောက်သွားလျှင် ခပ်ပြေပြေ မြင့်တက်သွားသော ကုန်းတက်တစ်ခု ရှိသည်။ ဤနေရာတွင် မျက်စိမှိတ်ထားလျက် လျှောက်သွားလျှင်ပင် လမ်းမှားစရာ အကြောင်း မရှိတော့။ မည်သို့ပင် သွားသွား ခန္ဓာကိုယ်က ဘယ်နေရာတွင် ကွေ့ရမည်ကို အလိုလို သိနေသည်။ အဘယ်ကြောင့်ဆိုသော် အထက်တန်းကျောင်း ပြီးသည်အထိ ဤလမ်းကြောင်းသည် သူ နေ့စဉ် ဖြတ်သန်းသွားလာခဲ့ရသော လမ်းကြောင်းပေတည်း။
မကြာခင် လမ်းညာဘက်ခြမ်း၌ အဆောက်အအုံ သေးသေးလေးတစ်လုံးကို တွေ့ရသည်။ လမ်းမီးများ လင်းထိန်နေသော်လည်း ဆိုင်းဘုတ်ပေါ်မှ စာများမှာမူ အမှောင်ရိပ်ကြောင့် သဲသဲကွဲကွဲ မမြင်ရပေ။ ယင်းလိပ်တံခါးမှာ ပိတ်ထားလျက် ရှိသည်။
တာကာယူကီသည် ဆိုင်ရှေ့တွင် ခြေစုံရပ်ပြီး ဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။ အနားသို့ ရောက်လာသည်နှင့် ဆိုင်းဘုတ်ပေါ်မှ စာများကို ပီသစွာ ဖတ်နိုင်လာသည်။ နာမီယာကုန်စုံဆိုင်။
ကုန်စုံဆိုင်နှင့် ဘေးနားရှိ ဂိုဒေါင်၏ အကြားတွင် တစ်မီတာခန့် ကျယ်သော လမ်းကြားလေးတစ်ခု ရှိသည်။ တာကာယူကီသည် ထိုလမ်းကြားအတိုင်း ဆိုင်အနောက်ဘက်သို့ လှမ်းလျှောက်သွားသည်။ သူ ကျောင်းတက်စဉ်အခါက စက်ဘီးကို ထိုလမ်းကြားလေးထဲတွင် ထိုးထားတတ်သည်။
အနောက်ဘက်တွင် တံခါးပေါက် တစ်ပေါက်ရှိသည်။ တံခါးပေါက်၏ ဘေးတွင် နွားနို့သေတ္တာတစ်လုံး ချထားသည်။ နွားနို့ကို လွန်ခဲ့သော ဆယ်နှစ်ခန့်အထိ ပို့ခဲ့သေးသည်။ မိခင် ကွယ်လွန်ပြီးနောက်တွင် ဆက်မလုပ်ဖြစ်တော့။ သို့သော် နွားနို့သေတ္တာကို ယခုအချိန်ထိ သိမ်းဆည်းထားသေးသည်။ နွားနို့သေတ္တာ၏ ဘေးတွင် ခလုတ်တစ်ခု ရှိသည်။ နှိပ်လိုက်လျှင် ခေါင်းလောင်းသံ မြည်လာပေမည်။ ယခင်က မြည်ခဲ့သော်လည်း ယခု ပျက်နေလေပြီ။
တာကာယူကီက တံခါးလက်ကိုင်ကို ဆွဲကြည့်သည်။ သူထင်ထားသည့်အတိုင်း ပွင့်သွားသည်။ အမြဲတမ်း ဤအတိုင်းပင်။
ဖိနပ်ချွတ်ရာ နေရာတွင် သူရင်းနှီးပြီးသော အိမ်စီး ဖိနပ်တစ်ရံနှင့် အိုဟောင်းနေသော သားရေဖိနပ်တစ်ရံကို တွေ့ရသည်။ ဖိနပ်နှစ်ရံစလုံး၏ ပိုင်ရှင်မှာ တစ်ဦးတည်းသာ။
“ကောင်းသောညပါ” တာကာယူကီက အသံခပ်နိမ့်နိမ့်ဖြင့် နှုတ်ဆက်လိုက်သည်။ တုံ့ပြန်သံ မကြားရ။ သူက တုံ့ဆိုင်းမနေဘဲ ဖိနပ်ချွတ်ကာ အိမ်ထဲသို့ ဝင်သွားသည်။ ဝင်ဝင်ချင်း မီးဖိုချောင်ကို တွေ့ရသည်။ ဆက်သွားလျှင် အိပ်ခန်းရှိပြီး အိပ်ခန်း၏ အရှေ့ဘက်မှာ ဆိုင်ခန်းဖြစ်သည်။
ယူဂျီသည် ဂျပန်ရိုးရာ ဘောင်းဘီရှည်နှင့် ဆွယ်တာအင်္ကျီကို ဝတ်လျက် စားပွဲပုလေးရှေ့တွင် ဒူးတုပ်လျက် ထိုင်နေသည်။ တာကာယူကီဘက်သို့ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကာ စာကြည့်မျက်မှန်ပေါ်မှ ကျော်၍ ကြည့်နေသည်။
“ဪ … မင်းကိုး”
“အဖေက တံခါးလည်း လော့မချပြန်ဘူး။ ကျွန်တော် ပြောတာ ခဏခဏ ရှိနေပြီ။ တံခါးကို အသေအချာ လော့ချထားမှပေါ့ဗျ”
“ကိစ္စ မရှိပါဘူးကွာ။ လူဝင်လာရင်လည်း ချက်ချင်း သိနိုင်တာပဲကိုး”
“ချက်ချင်း သိနိုင်တယ်? ကျွန်တော် စောစောတုန်းက အဖေ့ကို ခေါ်နေတာ ကြားရော ကြားလို့လား”
“ကြားပါတယ်ကွာ။ ငါ ကိစ္စလေးတစ်ခု စဉ်းစားနေလို့ ပြန်မဖြေဖြစ်တာပါ”
“အကြောင်းပြချက်တွေချည်းပဲ” တာကာယူကီသည် သယ်ဆောင်လာသော စက္ကူထုပ်ကို စားပွဲပေါ် တင်ပြီး ဒူးတုတ်ထိုင်လိုက်သည်။ “ဒီမှာ အဖေကြိုက်တဲ့ ကူမူရာယာက ပဲပေါက်ဆီ”
“ဝိုး” ယူဂျီ၏ မျက်လုံးများ လင်းလက်သွားသည်။ “မင်းက ဟိုဟာဝယ် ဒီဟာဝယ်နဲ့။ အားနာစရာကြီး”
“အဖေကလည်း ဘာအားနာစရာ လိုလို့လဲ”
ယူဂျီသည် အားယူ၍ ထလိုက်ပြီး စက္ကူအိတ်ကို လှမ်းယူသည်။ ဘေးနားရှိ ဘုရားစင်မှာ တံခါးဖွင့်ထားသည်။ သူသည် ပဲပေါက်ဆီထည့်ထားသော စက္ကူအိတ်ကို ဘုရားစင်ပေါ်သို့ တင်ပြီး အရှေ့တွင် ရပ်လျက် ခေါင်းလောင်းကို နှစ်ကြိမ် ခါယမ်းလိုက်သည်။ ထို့နောက်မှ မူလနေရာသို့ ပြန်ထိုင်လေသည်။ ခန္ဓာကိုယ် သေးကွေးပိန်လှီလှသော ယူဂျီသည် ယခုအခါ အသက် ၈၀ နားသို့ နီးကပ်လာပြီ ဖြစ်သော်လည်း ခါးမကိုင်းသေး။
“မင်းရော ညစာ စားပြီးပြီလား”
“အလုပ်ဆင်းတာနဲ့ ဆိုဘာခေါက်ဆွဲ တစ်ပန်းကန် စားထားတယ်။ ကျွန်တော် ဒီည ဒီမှာ ညအိပ်မယ်”
“ဖူမီကိုကိုရော ပြောခဲ့သေးလား”
“ဟုတ် ပြောခဲ့တယ်။ သူကလည်း အဖေကို သတိရနေတာ။ အဖေ အခုတလော ကျန်းမာရေး ကောင်းရဲ့လား”
“ကောင်းပါတယ်ဗျာ။ တကယ်တော့ မင်းငါ့ဆီ တကူးတက လာနေစရာ မလိုပါဘူး”
“အဲဒီလို မပြောပါနဲ့ အဖေရာ။ ကျွန်တော်က တွေ့ချင်လို့ လာတာပဲကို”
“ငါ အဲဒီလို ဆိုလိုချင်တာ မဟုတ်ပါဘူးကွာ။ ငါ့ကို စိတ်မပူဖို့ ပြောတာပါ။ ဒါနဲ့ ငါ စောစောကလေးတင် ရေချိုးလို့ ပြီးတာ။ ရေတွေ သွန်မပစ်ရသေးဘူး။ အခုချိန် အေးဦးမှာ မဟုတ်ဘူး။ မင်း ချိုးချင်တဲ့အချိန် သွားချိုးလို့ရတယ်”
သူတို့ နှစ်ဦးသား စကားပြောနေကြစဉ် တစ်လျှောက်လုံး ယူဂျီ၏ အကြည့်သည် စားပွဲဆီသို့သာ စိုက်ကြည့်နေလေသည်။ စားပွဲပေါ်တွင် စာရေးစက္ကူတစ်ရွက် ဖြန့်ခင်းထားသည်။ ဘေးနားတွင်လည်း စာတစ်စောင်။ စာလက်ခံသူ နေရာတွင် ‘သို့ – နာမီယာကုန်စုံဆိုင်’ ဟု လိပ်မူထားသည်။
“ဒါက ဒီည လာတဲ့စာလား” တာကာယူကီက မေးလိုက်သည်။
“မဟုတ်ဘူး။ မနေ့ည ညဉ့်နက်ပိုင်းမှ ရောက်လာတာ။ ဒီမနက်ရောက်မှ တွေ့တယ်”
“ဒီမနက်ပဲ စာပြန်ရမှာ မဟုတ်ဘူးလား”
နာမီယာကုန်စုံဆိုင်သို့ မေးမြန်းထားသော ပြဿနာများအတွက် နောက်နေ့ မနက်တွင် နွားနို့သေတ္တာထဲ၌ ပြန်စာ ရှိနေတတ်သည်။ ၎င်းမှာ ယူဂျီ ချမှတ်ခဲ့သော စည်းကမ်း ဖြစ်သည်။ ထို့အတွက်ကြောင့် သူသည် မနက် ၅ နာရီခွဲတွင် အိပ်ရာမှ ထလေ့ရှိသည်။
“မလိုပါဘူး။ စာထည့်သူကလည်း ညဉ့်နက်မှ စာပို့နိုင်တဲ့အတွက် အားနာကြောင်း ထည့်ရေးထားတယ်။ ဒါကြောင့် တစ်ရက် နောက်ကျမှ စာပြန်လည်း ရပါတယ်တဲ့လေ”
“ဒီလိုလား”
တာကာယူကီအတွက်တော့ ၎င်းလုပ်ရပ်များကို နားမလည်နိုင်အောင် ဖြစ်နေသည်။ အဘယ်ကြောင့် ကုန်စုံဆိုင်၏ ဆိုင်ရှင်သည် သူတစ်ပါးတို့၏ စိတ်ရှုပ်စရာ ပြဿနာ မေးခွန်းများကို ဖြေကြားပေးနေရသနည်း။ ၎င်း၏ နောက်ကြောင်းရာဇဝင်ကို သူ ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။ မဂ္ဂဇင်းတချို့ကပင် လာရောက်ပြီး တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့သေးကြောင်း သူ သိရှိထားသည်။ ထိုအချိန်မှ စ၍ စာရေးမေးမြန်းသူများလည်း များသည်ထက် များလာလေသည်။ ၎င်းတို့အထဲတွင် တချို့မှာ စေတနာမှန်ဖြင့် မေးမြန်းကြခြင်း ဖြစ်သော်လည်း အများစုမှာမူ သိလို စမ်းသပ်လိုခြင်း သက်သက်မျှသာ ဖြစ်ကြသည်။ စေတနာဆိုးဖြင့် သက်သက်မဲ့ နှောင့်ယှက်လိုသူများကလည်း မနည်းလှချေ။ အဆိုးဆုံးတစ်ကြိမ်မှာ တစ်ညတည်းနှင့် စာအစောင် သုံးဆယ် လက်ခံရရှိခြင်း ဖြစ်သည်။ ကြည့်လိုက်ရုံဖြင့် လူတစ်ဦးတည်းက ရေးသားပေးပို့ထားကြောင်း သိသာနေသည်။ စာထဲတွင်လည်း တွေ့ကရာ လျှောက်ရေးထားသည်။ ယူဂျီကမူ ၎င်းစာများကိုပါ စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည်။ “ထားလိုက်ပါ အဖေရာ” ထိုစဉ်က တာကာယူကီသည် သည်းညည်းမခံနိုင်တော့ဘဲ ပြောမိခဲ့သည်။ “ဘယ်လိုကြည့်ကြည့် တမင် နောက်ပြောင်နေတာမှန်း သိသာနေတဲ့ဟာကို။ အဲဒါကို အရေးတယူ လုပ်နေရင် မိုက်မဲရာ ကျမနေဘူးလား”
သို့သော် ဖခင်အိုကြီးသည် ဘာမျှ နစ်နာမသွားသည့် ဟန်အမူအရာဖြင့် သူ့ကို သနားစရာကောင်းသော သတ္တဝါကဲ့သို့ ကြည့်၍ ပြောလေသည်။ “မင်းကလေ … ဘာမှကို နားမလည်ဘူး”
“ကျွန်တော် ဘယ်နေရာ နားမလည်လို့လဲ”
စိတ်ဆိုးမာန်ဆိုးဖြင့် မေးလိုက်သော တာကာယူကီ၏ မေးခွန်းကို ယူဂျီက ဘာမျှ အမှုမထားဟန်ဖြင့် ပြန်ဖြေလေသည်။
“နှောင့်ယှက်တာပဲ ဖြစ်ဖြစ်၊ နောက်ပြောင်တာပဲ ဖြစ်ဖြစ်၊ နာမီယာကုန်စုံဆိုင်ဆီကို အဲဒီလို စာရေးတဲ့ သူတွေဟာ ဘယ်သူပဲဖြစ်ဖြစ် အမှန်တကယ် မေးချင်မြန်းချင်လို့ စာရေးတဲ့ သူတွေနဲ့ သဘောတရားအရ အတူတူတွေချည်းပဲ။ သူတို့ အားလုံးရဲ့ နှလုံးသားထဲမှာ အပေါက်တစ်ခု ရှိနေကြတယ်။ အရေးကြီးတဲ့ အရာတွေဟာ အဲဒီအပေါက်ကနေ ယိုစိမ့်ထွက်နေလို့ ဆုံးရှုံးနေကြရတယ်။ မင်း မယုံရင် စောင့်ကြည့်။ အဲဒီလူတွေကလည်း ပြန်စာကို မျှော်နေကြမှာပဲ။ သူတို့ နွားနို့သေတ္တာကို လာကြည့်ကြလိမ့်မယ်။ နာမီယာဘိုးဘိုးက သူတို့ကို ဘယ်ပုံဘယ်နည်း စာပြန်လိမ့်မလဲ ဆိုတာ သူတို့လည်း သိပ်သိချင်နေမှာပဲ။ မင်း စဉ်းစားကြည့်စမ်း။ လုပ်ကြံပြီး လျှောက်ရေးထားတဲ့ စိတ်သောကတွေပဲ ဖြစ်စေဦးတော့။ တစ်ဘရိတ်တည်းနဲ့ အခုလို အမျိုးသုံးဆယ် စဉ်းစားနိုင်ဖို့ ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ဒီလောက်တောင် ဒုက္ခခံပြီး လုပ်ထားရမှတော့ အဖြေကို မသိချင်ဘဲ ဘယ်နေပါ့မလဲ။ ဒါကြောင့် ငါ့အနေနဲ့ ပြန်စာ ရေးရမယ့်အပြင် ကျကျနန ဆင်ခြင်သုံးသပ်ပြီးမှ ရေးရလိမ့်မယ်။ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ အသံတွေကို ဥပေက္ခာ ပြုထားဖို့ မသင့်ဘူးကွ”
လက်တွေ့တွင်လည်း ယူဂျီသည် လူတစ်ယောက်တည်းက ရေးခဲ့သော စာအစောင် ၃၀ စလုံးကို စိတ်နှစ်၍ ဖြေဆိုခဲ့ပြီး နောက်နေ့ မနက်တွင် နွားနို့သေတ္တာထဲသို့ ထည့်ထားခဲ့သည်။ နံနက် ၈ နာရီ ဆိုင်တံခါး မဖွင့်ခင်မှာပင် ၎င်းစာများ အားလုံးကို လူတစ်ယောက် လာယူသွားခဲ့လေသည်။ နောက်ပိုင်းတွင် ထိုကဲ့သို့သော နောက်ပြောင် ကျီစယ်ခြင်းမျိုးကို မတွေ့ရတော့ချေ။ ထို့အပြင် ညတစ်ည၌ စာတစ်ကြောင်းတည်းသာ ရေးသားထားသော စာရွက်တစ်ရွက် ရောက်ရှိလာသည်။ “တောင်းပန်ပါတယ်။ ကျေးဇူးပါခင်ဗျာ” လက်ရေးလက်သားမှာ စာအစောင် ၃၀ နှင့် အတူတူပင် ဖြစ်သည်။ ဖခင်က ၎င်းစာရွက်ကို သူ့အား ယူပြစဉ် ဖြစ်ပေါ်နေသော ဂုဏ်ယူသည့် မျက်နှာအမူအရာကို တာကာယူကီသည် ယနေ့ထက်တိုင် မမေ့နိုင်သေးချေ။
အသက်ဆက် ရှင်သန်ရခြင်း၏ တန်ဖိုးကို သူ တွေ့ရှိသွားသောကြောင့် ဖြစ်ပေမည်ဟု တာကာယူကီက ယူဆမိသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က မိခင်သည် နှလုံးရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်ခဲ့ရသည်။ ဖခင်လည်း စိတ်အပျက်ကြီး ပျက်သွားခဲ့သည်။ ထိုစဉ်က မောင်နှမများအားလုံး အိမ်ခွဲ နေထိုင်ကုန်ကြပြီ ဖြစ်သောကြောင့် တစ်ကိုယ်တည်း နေရသော အထီးကျန် ဘဝသည် အသက် ၇၀ အရွယ် အဘိုးအိုတစ်ယောက်ကို ဆက်လက် ရှင်သန်လိုသည့် စိတ်စွမ်းအင်များ လျော့နည်းသွားစေခဲ့ပေမည်။
တာကာယူကီတွင် သူ့ထက် နှစ်နှစ်ကြီးသော ယိုရီကိုအမည်ရှိ အစ်မတစ်ယောက် ရှိသည်။ သူသည် အိမ်ထောင်ကျပြီးကတည်းက ယောက္ခမနှင့် အတူ နေထိုင်ခဲ့သည်။ ထို့ကြောင့် ယူဂျီကို စောင့်ရှောက်နိုင်သူမှာ တာကာယူကီ တစ်ယောက်တည်းသာ ကျန်တော့သည်။ သို့သော် ထိုစဉ်အချိန်က သူသည် အိမ်ထောင်ပြုပြီးကာစ ဖြစ်၍ ကျဉ်းမြောင်းသော ကုမ္ပဏီပိုင် တိုက်ခန်းကလေးတွင် နေထိုင်နေရသောကြောင့် ဖခင်ကြီးကို သူတို့နှင့် အတူနေရန် မခေါ်ဆောင်နိုင်ခဲ့ပေ။
ယူဂျီကလည်း သားသမီးများ၏ အခက်အခဲကို နားလည် သဘောပေါက်သည့်အလျောက် ကျန်းမာရေး မကောင်းသော်လည်း ဆိုင်ပိတ်မည့် အကြောင်းကို စကားမဟခဲ့ချေ။ ဖခင်က တစ်ယောက်တည်းနေရန် ဆုံးဖြတ်ထားသောကြောင့်လည်း တာကာယူကီက သူ့ဆန္ဒကို လိုက်လျောထားလိုက်သည်။
သို့သော် တစ်နေ့တွင် အစ်မဖြစ်သူ ယိုရီကိုထံမှ မထင်မှတ်ထားသော ဖုန်းတစ်ကောကို ရရှိခဲ့သည်။
“ငါဖြင့် သူ့ကိုမြင်ပြီး လန့်တောင် သွားတယ် သိလား။ အဖေကြီးက အခုဆို လန်းဆန်းတက်ကြွနေတာပဲ။ အမေ မဆုံးခင်က အချိန်ထက်ကို ဖျတ်လတ်နေတယ်။ အဲဒီလို မြင်လိုက်ရမှ ငါလည်း စိတ်ချသွားတော့တယ်။ လတ်တလောတော့ ဘာမှ ဆိုးဆိုးရွားရွား ဖြစ်လာဦးမယ် မထင်ဘူး။ နင်လည်း ဖေကြီးကို သွားကြည့်လိုက်ဦး။ နင် သူ့ကို တွေ့ရင်လည်း အရမ်း အံ့ဩသွားမှာ”
အစ်မသည် ဖခင်ထံသို့ သွားမတွေ့ခဲ့သည်မှာ ကြာလှပေပြီ။ ယခု သွားတွေ့ပြီး သူ့ကို အားတက်သရော ပြောပြနေသည်။ ထို့နောက် အစ်မက ရွှင်မြူးသော လေသံဖြင့် သူ့ကို မေးလိုက်ပြန်သည်။ “ဖေကြီး ဘာဖြစ်လို့ အခုလို တက်ကြွနေတာလဲ ဆိုတာကို နင် သိလား” တာကာယူကီက မသိကြောင်း ပြန်ပြောလိုက်သည်။ “အေးလေ။ ဟုတ်သား။ နင် ဘယ်သိပါ့မလဲ။ ငါ စကြားကြားချင်းတုန်းကလည်း မျက်လုံးတောင် ပြူးတယ်” ထိုသို့ ပြောပြီးနောက် သူသည် တာကာယူကီအား အကြောင်းအရင်းကို ရှင်းပြလေသည်။ သူတို့၏ ဖခင်ကြီးသည် ယခုအခါ လူမှုရေးရာ အကြံပေး လုပ်နေလေသတတ်။
ထိုစကားကို ကြားရသောအခါ တာကာယူကီသည် စကားလုံး၏ အနက်အဓိပ္ပာယ်ကို နားမလည်ဘဲ ဖြစ်နေသည်။ လူမှုရေးရာ အကြံပေး ဆိုသည်မှာ အဘယ်ပါနည်း။ သူ မစဉ်းစားတတ်ပေ။ သို့ဖြင့် ရုံးပိတ်ရက် တစ်နေ့တွင် သူသည် အဖေ့အိမ်သို့ ပြန်လာခဲ့သည်။ မျက်စိရှေ့တွင် သူမြင်နေရသော မြင်ကွင်းကို မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။ နာမီယာကုန်စုံဆိုင်၏ အရှေ့တွင် လူအုပ်တစ်အုပ်ဖြင့် ပြည့်နှက်နေသည်။ အများစုမှာ ကလေးငယ်များ ဖြစ်ပြီး လူကြီးများလည်း အနည်းအကျဉ်း ပါသည်။ သူတို့ အားလုံးသည် ဆိုင်အတွင်း နံရံပေါ်သို့ ဝိုင်းအုံ ကြည့်နေကြသည်။ ၎င်းနေရာတွင် စက္ကူအပိုင်းလေး များစွာ ကပ်ထားသည်။ သူတို့အားလုံး ကြည့်နေကြရင်း ပြုံးပျော်ရွှင်လျက်။
တာကာယူကီလည်း သူတို့ကြားထဲ တိုးဝင်သွားပြီး နံရံထက်သို့ မော့ကြည့်လိုက်သည်။ စာရေးစက္ကူများ၊ ဗလာစာအုပ်မှ စက္ကူများနှင့် အကြမ်းရေး စက္ကူပိုင်းများစွာ ကပ်ထားသည်ကို တွေ့ရသည်။ စက္ကူတစ်ရွက်ပေါ်တွင် ဤသို့ ရေးသားထားသည်။ ‘မေးခွန်းတစ်ခုလောက် မေးပါရစေ။ ကျွန်တော် စာမလုပ်ချင်ဘူး။ စာလည်း ခိုးမချချင်ဘူး။ ဒါပေမယ့် စာမေးပွဲမှာ အမှတ် ၁၀၀ အပြည့်ရချင်တယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ’
ကလေးတစ်ယောက်၏ လက်ရေးဖြစ်ကြောင်း သိသာလှသည်။ ထိုမေးခွန်းအတွက် အဖြေကို ထိုစာရွက်၏ အောက်တွင် ကပ်လျက် တွေ့နိုင်သည်။ ၎င်းမှာ သူရင်းနှီးပြီး ဖြစ်သော ဖခင်၏ လက်ရေးများ ဖြစ်သည်။
‘နောက်တစ်ခါ စာမေးပွဲစစ်ရင် သားနဲ့ ပတ်သက်တဲ့ အကြောင်းကိုပဲ မေးပေးပါလို့ ဆရာမကို တောင်းဆိုကြည့်ပေါ့။ စာမေးပွဲမှာ သား ကိုယ်တိုင်ရဲ့ အကြောင်းတွေကိုပဲ ဖြေရမှာဆိုတော့ သားရဲ့ အဖြေကလည်း မှားစရာ မရှိတော့ဘူးလေ’
ဘာတွေလဲ။ တာကာယူကီက တွေးနေသည်။ ၎င်းမှာ အကြံဉာဏ်ဟု ဆိုခြင်းထက် ပြက်လုံးနှင့်ပင် ပို၍ တူနေတော့သည်။
သူသည် တခြား စာရွက်ပိုင်းများကို ဖတ်ကြည့်လိုက်သည်။ မေးခွန်းအားလုံးမှာ တည်တည်တံ့တံ့ မရှိကြ။
‘ကျွန်တော့်အိမ်ကို ခရစ္စမတ်ဘိုးဘိုးကြီး လာလည်စေချင်တယ်။ ဒါပေမယ့် အိမ်မှာ မီးခိုးခေါင်းတိုင် မရှိဘူး။ ဘယ်လို လုပ်ရပါ့မလဲ’
‘တကယ်လို့ ကမ္ဘာကြီးကို မျောက်ဝံတွေ စိုးမိုးသွားရင် ဘယ်သူ့ဆီမှာ မျောက်ဝံစကား သွားသင်ရပါ့မလဲ’
သို့သော် မည်သို့သော မေးခွန်းကို ဖြစ်စေ၊ ယူဂျီက စိတ်ရှည်လက်ရှည်ဖြင့် ဖြေကြားထားလေသည်။ ထိုသို့သော အမေးကဏ္ဍကို လူကြိုက်များပုံ ရသည်။ ဆိုင်ဝင်ပေါက်ဘေးတွင် စာထည့်နိုင်သော အပေါက်ပါသည့် သေတ္တာတစ်လုံး ချထားသည်။ ၎င်းအပေါ်တွင် စက္ကူတစ်ရွက် ကပ်ထားလေသည်။ ၎င်းပေါ်တွင် ရေးထားသည်မှာ
❝ ပြဿနာများ အားလုံးအတွက် အကြံဉာဏ်ပေးသည်။
ကြိုက်နှစ်သက်ရာ မည်သည့် မေးခွန်းမဆို မေးမြန်းနိုင်သည်။
– နာမီယာကုန်စုံဆိုင် ❞
“ဟေ့ … ဘဝကို ပျော်အောင် နေတတ်ဖို့ အရေးကြီးတယ်ကွ။ အစပိုင်းကတော့ ဒီနား ပတ်ဝန်းကျင်မှာ နေတဲ့ ကလေးတွေနဲ့ ဂိမ်းတစ်ခုလို သဘောထားပြီး စခဲ့တာပဲကွာ။ မထင်မှတ်ဘဲ လူကြိုက်များလာပြီး အဝေးကြီးကနေ တကူးတက လာကြည့်တဲ့သူတောင် ရှိလာပြီ။ ဘယ်လောက် အသုံးတည့်မလဲ ဆိုတာတော့ ငါလည်း မသိဘူး။ ဒါပေမယ့် အခုတလော ကလေးတွေက သူတို့ဘဝမှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ ပြဿနာတွေကို လာမေးနေကြတော့ ငါလည်း ဦးနှောက်ကို ညှစ်ထုတ်ပြီး ဖြေနေရတော့တာပဲ။ တကယ် မလွယ်ဘူး ငါ့ကောင်ရ”
ယူဂျီက ရယ်လျက် ရှိသည်။ အားမာန်အပြည့်ဖြင့် ရယ်မောနေခြင်းမျိုး။ ဇနီးသည် သေဆုံးပြီးခါစက အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် တခြားလူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားသည့်နှယ်။ အစ်မဖြစ်သူ၏ စကားမှာ အပိုစကား မဟုတ်ကြောင်း သူ သဘောပေါက်လာသည်။
ထိုအကြံဉာဏ်ပေးခြင်း လုပ်ငန်းက ယူဂျီ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးသကဲ့သို့ ရှိခဲ့လေသည်။ အစပိုင်းတွင် ပျော်စေပြက်စေ သဘောဖြင့် စတင်ခဲ့သော်လည်း အချိန်ကြာလာသည် နှင့်အမျှ မေးသော မေးခွန်းများမှာ ပိုမို နက်နဲလာပြီး တကယ့် လက်တွေ့ဘဝနှင့် ပိုမို နီးစပ်လာလေသည်။ ထို့ကြောင့် စာထည့်သေတ္တာကို လူမြင်ကွင်းတွင် ထားရန် မသင့်တော်တော့ပေ။ သို့ဖြင့် ယခု လက်ရှိပုံစံ ဖြစ်သော ယင်းလိပ်တံခါးပေါက်မှ စာထည့်၍ နွားနို့သေတ္တာတွင် ပြန်စာယူရသည့် ပုံစံသို့ ပြောင်းလဲလာခဲ့သည်။ သို့သော် အများ စိတ်ဝင်စားနိုင်သော ပြဿနာများကိုမူ ယခင်ကကဲ့သို့ ဆိုင်နံရံပေါ်တွင် ကပ်ထားဆဲ ရှိလေသည်။
ယူဂျီသည် လက်ကို တင်းတင်း ပိုက်လျက် စားပွဲရှေ့တွင် ဒူးတုပ်ထိုင်နေသည်။ စားပွဲပေါ်တွင် စာရေးစက္ကူတစ်ရွက် ဖြန့်ချထားသော်လည်း စာရေးရန် အစီအစဉ် ရှိသေးပုံ မရပေ။ သူ၏ အောက်နှုတ်ခမ်းကို အနည်းငယ် စူထားလျက် နဖူးရေးများက လှိုင်းထနေကြသည်။
“အဖေ စဉ်းစားနေတာ အတော်ကြာပြီ” တာကာယူကီက ပြောသည်။ “ဖြေရမှာ အတော်ခက်လို့လား”
ယူဂျီက ဖြည်းညင်းစွာ ခေါင်းညိတ်သည်။ “မေးတဲ့သူက အမျိုးသမီးကွ။ အဲဒီလို မေးခွန်းမျိုးကို ငါ မပိုင်ဆုံးဘဲ”
အချစ်ကိစ္စကို သူ ရည်ညွှန်းနေပုံ ရသည်။ ယူဂျီသည် မိဘများ၏ စေ့စပ်ပေးမှုဖြင့် အိမ်ထောင်ကျခဲ့ခြင်း ဖြစ်သည်။ မင်္ဂလာပွဲ ကျင်းပသောနေ့ ရောက်သည်အထိ သတို့သားနှင့် သတို့သမီးတို့သည် တစ်ဦးကိုတစ်ဦး ကောင်းစွာ မရင်းနှီးကြသေးချေ။ ထိုသို့သော ခေတ်ကာလမျိုး ဖြတ်သန်းလာခဲ့ရသူ တစ်ဦးကို အချစ်နှင့် ပတ်သက်သော ပြဿနာများ မေးမြန်းခြင်းသည် ဗဟုသုတ ခေါင်းပါးလွန်းရာ ကျနေသည်ဟု တာကာယူကီက ကျိတ်၍ တွေးနေမိသည်။
“ဒါဆိုလည်း အဆင်ပြေသလို ရေးလိုက်ပေါ့ အဖေရာ”
“မင်းဟာက ဘာစကားလဲကွ။ အဲဒီလို ပစ်စလက်ခတ် လုပ်လို့ ဖြစ်မလား” ယူဂျီက လေသံမာမာဖြင့် ပြန်ပြောသည်။
တာကာယူကီသည် ပခုံးတွန့်ပြပြီး မတ်တတ်ထရပ်သည်။ “ဘီယာရှိတယ်မလား။ ကျွန်တော် တစ်ပုလင်း ယူသောက်ဦးမယ်”
ယူဂျီက ဘာမျှ ပြန်မဖြေ။ တာကာယူကီသည် ကိုယ့်ဘာသာ ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ၎င်းမှာ မော်ဒယ်ဟောင်း နှစ်ထပ် ရေခဲသေတ္တာ ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်က အစ်မ၏ ယောက္ခမအိမ်တွင် ရေခဲသေတ္တာ အသစ် လဲသောအခါ ယခင်က အသုံးပြုခဲ့သော အဟောင်းကို ယူဂျီအား ပေးခဲ့သည်။ ယခင်က သူ အသုံးပြုခဲ့သော ရေခဲသေတ္တာမှာ တံခါးတစ်ပေါက်သာ ပါရှိသည်။ ၁၉၆၀ ခုနှစ်က ဝယ်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က တာကာယူကီမှာ တက္ကသိုလ်တက်ဆဲ ရှိသေးသည်။
ရေခဲသေတ္တာထဲတွင် အအေးခံထားသော ဘီယာနှစ်ပုလင်း ရှိသည်။ ယူဂျီသည် ဘီယာသောက်တတ်သောကြောင့် ရေခဲသေတ္တာထဲတွင် ဘီယာကို မပြတ်လပ်ရအောင် အမြဲ ထည့်ထားတတ်သည်။ ယခင်က သူသည် အချိုစာများကို လှည့်ပင် မကြည့်ပေ။ ကာမူရာယာမှ ပဲပေါက်ဆီကို စတင် ကြိုက်တတ်သွားသည်မှာ အသက် ၆၀ ကျော် နောက်ပိုင်းမှ ဖြစ်သည်။
တာကာယူကီသည် ဘီယာတစ်ပုလင်းကို ဆွဲထုတ်ပြီး အဖုံးဖွင့်လိုက်သည်။ ထို့နောက် ပန်းကန်စင်ပေါ်မှ ဖန်ခွက်နှစ်လုံးကို ယူပြီး စားပွဲရှိရာသို့ ပြန်ရောက်လာသည်။ “အဖေရော တစ်ခွက်လောက် သောက်ပါဦးလား”
“ဟင့်အင်း၊ အခု မသောက်သေးဘူး”
“ဟုတ်လား။ ထူးထူးဆန်းဆန်းဗျာ”
“စာရေးလို့ မပြီးမချင်း မသောက်သေးဘူး။ ငါမင်းကို ပြောဖူးတာပဲ”
“ဒီလိုလား” တာကာယူကီက ခေါင်းညိတ်လျက် သူ့ဖန်ခွက်ထဲသို့ ဘီယာများ လောင်းထည့်နေသည်။
အတွေးထဲတွင် နစ်မြုပ်နေသော ယူဂျီသည် တာကာယူကီဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာသည်။
“အဖေမှာ မိန်းမနဲ့ ကလေး ရှိပုံရတယ်”
“ဗျာ ….” တာကာယူကီက ပါးစပ်အဟောင်းသား ဖြစ်လျက် “ဘယ်သူ့ကို ပြောနေတာလဲ”
“မေးခွန်း မေးတဲ့သူလေ။ သူက အမျိုးသမီး။ ဒါပေမယ့် အဖေမှာ မိန်းမ ရှိတယ်”
တာကာယူကီက နဝေတိမ်တောင် ဖြစ်နေဆဲ။ သူသည် ဘီယာကို တစ်ကျိုက်တည်း အကုန် မော့ချပြီး ဖန်ခွက်ကို ပြန်ချလိုက်သည်။
“ဘာထူးဆန်းလို့လဲ။ ကျွန်တော့်အဖေမှာလည်း မိန်းမနဲ့ ကလေး ရှိတာပဲဟာ။ ဇနီးက ဆုံးရှာပြီ။ ကလေးကတော့ ကျန်သေးတယ်။ အဲဒါ ကျွန်တော်ပဲလေ”
ယူဂျီသည် မျက်မှောင်ကုတ်လျက် ခေါင်းကို တွင်တွင် ခါယမ်းနေသည်။ “မင်း ငါပြောတာ နားမလည်ဘူးပဲ။ ငါ အဲဒီလို ပြောတာမဟုတ်ဘူး။ ငါပြောတဲ့ အဖေဆိုတာ မေးခွန်းရှင်ရဲ့ အဖေ မဟုတ်ဘူး။ ကလေးရဲ့ အဖေကွ”
“ကလေး? ဘယ်က ကလေးလဲ”
“ငါ မင်းကို ပြောပြီးပြီလေ” ယူဂျီက စိတ်မရှည်စွာဖြင့် လက်ခါယမ်းနေသည်။ “အဲဒီ အမျိုးသမီးရဲ့ ဗိုက်ထဲက ကလေးကွ”
“ဗျာ ….” တာကာယူကီအတွက် စက္ကန့်အနည်းငယ် အချိန် ယူလိုက်ရသည်။ “ဪ၊ သိပြီ။ အဲဒီအမျိုးသမီးမှာ ကိုယ်ဝန် ရှိနေတယ်။ ဒါပေမယ့် ကလေးရဲ့ အဖေမှာ မယားကြီးနဲ့”
“ဟုတ်တယ်။ ငါ အစကတည်းက အဲဒီလို ပြောနေတာပဲ”
“အဖေ ပြောတာလည်း မရှင်းမရှင်းနဲ့ပါဗျာ။ အဖေလို့ ပြောလိုက်တော့ ဘယ်သူမဆို မေးခွန်းရှင်ရဲ့ အဖေလို့ပဲ ထင်ကြမှာပဲ”
“အဲဒါ မင်းက အစောတလျင် ကောက်ချက်ချလိုက်တာကိုး”
“ဟုတ်လား” တာကာယူကီသည် ခေါင်းကို ငဲ့စောင်းလျက် ဖန်ခွက်ကို လှမ်းယူလိုက်သည်။
“မင်း ဘယ်လိုမြင်သလဲ” ယူဂျီက မေးသည်။
“ဘာကို ဘယ်လို မြင်ရမှာလဲ”
“ငါ ပြောတာ နားရော ထောင်နေရဲ့လား။ အဲဒီယောက်ျားမှာ မိန်းမနဲ့ ကလေးရှိတယ်။ မေးခွန်းမေးလာတဲ့ အမျိုးသမီးမှာတော့ ကိုယ်ဝန် လွယ်ထားရတယ်။ အဲဒီတော့ ဘယ်လို လုပ်ရင် ကောင်းမယ်လို့ မင်းထင်သလဲ”
ယခုမှ ပြဿနာကို နားလည်သွားတော့သည်။ တာကာယူကီသည် ဘီယာကို တစ်ငုံ သောက်ပြီး သက်ပြင်းကို မသိမသာ ချလိုက်သည်။
“တကယ်ပဲ။ ဒီခေတ် မိန်းကလေးတွေက နည်းနည်းမှ ဆင်ဆင်ခြင်ခြင် မနေတတ်ကြဘူး။ အဲဒီလောက်ပဲ အ,ရသလား။ မယားကြီးရှိတဲ့ ယောက်ျားနဲ့ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်မှတော့ ကောင်းစရာ ရှိပါဦးမလားဗျာ။ သူ့ဦးနှောက်ထဲမှာ ဘာတွေများ စဉ်းစားနေသလဲ မသိဘူး”
ယူဂျီသည် တင်းမာသော မျက်နှာထားဖြင့် စားပွဲကို ပုတ်လိုက်သည်။
“မင်းကို လူ့ကျင့်ဝတ်တွေ အကြောင်း မေးနေတာ မဟုတ်ဘူးကွ။ သူက အကြံဉာဏ် လိုအပ်နေတာ။ ဘယ်လို လုပ်သင့်သလဲဆိုတာသာ အမြန် ပြောစမ်းပါ”
“မေးစရာ လိုသေးလားဗျာ။ ကိုယ်ဝန် ဖျက်ချလိုက်ရမှာပေါ့။ အဲဒါကလွဲလို့ ဘာအဖြေ ရှိဦးမှာမို့လဲ”
ယူဂျီက သက်ပြင်းကြီး ချလိုက်ပြီး နားရွက်အနောက်ဘက်ကို ကုတ်နေလေသည်။ “ငါကိုက လျှာရှည်ပြီး မေးမိတာပဲ”
“ဗျာ … ဘာကို ဆိုလိုတာလဲ”
ယူဂျီသည် အံကို ကြိတ်လျက် စာအိတ်ကို လက်ဖမိုးဖြင့် တဗုန်းဗုန်း ရိုက်နေသည်။ “ ‘မေးစရာ လိုသေးလားဗျာ။ ကိုယ်ဝန် ဖျက်ချလိုက်ရမှာပေါ့’ – မင်းတောင် အဲဒီလို စကားမျိုး ပြောတတ်တယ်။ အခု အကြံဉာဏ် တောင်းနေတဲ့သူကရော အဲဒီလို မစဉ်းစားတတ်တော့ဘူးတဲ့လား။ သူလည်း ပထမဦးဆုံး အဲဒီအဖြေကို စဉ်းစားမိမှာပဲ။ ဒါပေမယ့် သူ ဦးနှောက်ခြောက်နေတုန်းပဲ။ အဲဒါကို ကြည့်ခြင်းအားဖြင့် သူရဲ့ ပြဿနာက အဲဒီလောက်နဲ့ မပြေလည်နိုင်ဘူး ဆိုတာကို မင်း မမြင်နိုင်သေးဘူးလား”
ပြင်းထန်သော တုံ့ပြန်မှုက တာကာယူကီကို ဆွံ့အသွားစေသည်။ သူ ယခုမှ သဘောပေါက်သွားသည်။
“သေချာနားထောင်” ယူဂျီက ဆက်ပြောသည်။ “သူရဲ့ စာထဲမှာ ရေးထားတယ်။ ကလေးကို ဖျက်ချပစ်ရမယ်ဆိုတာ သူလည်း သဘောပေါက်ပါတယ်တဲ့။ အဲဒီ ယောက်ျားက တာဝန်ယူမှာ မဟုတ်ဘူး ဆိုတာကိုလည်း သူ သိတယ်။ ပြီးတော့ စိတ်အေးလက်အေး ထားပြီး စဉ်းစားကြည့်တဲ့ အခါမှာလည်း မိန်းမသားတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ အင်မတန်မှ ပင်ပန်း ခက်ခဲလိမ့်မယ်မှန်း သူ နားလည်တယ်။ အဲဒီလို သိနေပေမယ့်လည်း သူ ဆုံးဖြတ်ချက် မချနိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် သူ ဒီကလေးကို မွေးလိုက်ချင်တယ်။ ဖျက်မချချင်ဘူး။ အဲဒါ ဘာဖြစ်လို့လဲ ဆိုတာ မင်းသိလား”
“အဲဒါလား၊ ကျွန်တော် မသိဘူး။ အဖေရော သိလား”
“စာဖတ်ပြီးတဲ့နောက် ငါ သဘောပေါက်သွားတယ်။ သူ့အနေနဲ့ အဲဒါ နောက်ဆုံး အခွင့်အရေးပဲ”
“နောက်ဆုံး? ဘာဖြစ်လို့လဲ”
“ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် သူ နောက်နောင် ကလေးရနိုင်မယ် မထင်တော့ဘူး။ အဲဒီ အမျိုးသမီးက အရင်က အိမ်ထောင်တစ်ခါ ကျဖူးတယ်။ ကလေးမရလို့ဆိုပြီး ဆရာဝန်နဲ့ သွားပြခဲ့သေးတာ။ သန္ဓေတည်နိုင်ဖို့ အင်မတန် ခက်ခဲတဲ့ သားအိမ်ကို ပိုင်ဆိုင်ထားကြောင်း သိလာခဲ့ရတယ်။ ကလေးရဖို့ မမျှော်လင့်သင့်ကြောင်း ဆရာဝန်ကတောင် ပြောခဲ့သေးတယ်။ အဲဒီအကြောင်းကြောင့်ပဲ အိမ်ထောင်ရေးကလည်း မတည်မြဲခဲ့ဘူး”
“သူက မြုံနေတာလား”
“ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ ဒီကိုယ်ဝန်ဟာ သူရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲလို့ ခံယူထားတယ်။ ဒီလောက်ဆို မင်းလည်း သဘောပေါက်လောက်ရောပေါ့။ ‘ကိုယ်ဝန်ဖျက်ချလိုက်’ ဆိုပြီး လွယ်လွယ်နဲ့ ဖြေလို့ မရဘူး”
တာကာယူကီသည် ခွက်ထဲမှ ဘီယာကို တစ်ကျိုက်တည်း မော့သောက်ချလိုက်ပြီး ဘီယာပုလင်းဆီသို့ လက်လှမ်းနေသည်။
“အဖေ ပြောတာ ကျွန်တော် နားလည်တယ်။ ဒါပေမယ့် မမွေးတာ အကောင်းဆုံးပဲ။ ကလေးက သိပ်သနားစရာ ကောင်းတယ်။ သူလည်း အရမ်း ပင်ပန်းမှာပဲ”
“ဒါကြောင့်လည်း သူက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု လုပ်ထားပြီးပါပြီလို့ စာထဲမှာ ရေးထားတာပေါ့”
“အဲဒီလို ဆိုပေမယ့် …..” တာကာယူကီသည် ဘီယာတစ်ခွက် ထပ်ငှဲ့ပြီး ခေါင်းမော့လာသည်။ “ဒါက အကြံတောင်းနေတာနဲ့ မတူတော့ဘူး။ သူ ဒီလောက်အထိ ပြောလာမှတော့ သူ မွေးဖို့ ဆုံးဖြတ်ထားပြီးပြီဆိုတာ သိသာနေတာပဲ။ အဖေက ဘယ်လိုပဲ ဖြေဖြေ သူ့ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလေ”
ယူဂျီက ခေါင်းညိတ်သည်။ “ဖြစ်နိုင်ပါတယ်”
“ဖြစ်နိုင်တယ်?”
“ဒီလောက် နှစ်တွေအများကြီး အကြံဉာဏ်ပေးလာခဲ့တာ။ ငါ အကြောင်းအရာတစ်ခုကိုတော့ ဖြည်းဖြည်းချင်း နားလည်လာခဲ့တယ်။ များသောအားဖြင့် မေးခွန်းမေးတဲ့လူရဲ့ စိတ်ထဲမှာ အဖြေက ရှိနှင့်နေပြီ။ အခုလို လာမေးတယ် ဆိုတာကလည်း ကိုယ်ရဲ့ ဆုံးဖြတ်ချက်ကို မှန်ပါတယ်လို့ အတည်ပြုချင်ကြလို့ပဲ။ ဒါကြောင့် တချို့လူတွေက ပြန်စာကို ရပြီးတဲ့နောက် နောက်စာတစ်စောင် ထပ်ပြီး ရေးလာတတ်ကြတယ်။ ပြန်စာထဲမှာ ပါတဲ့ အကြောင်းအရာက သူတို့ ယူဆထားတာနဲ့ ကွဲလွဲနေလို့ ဖြစ်ဖို့များတယ်”
တာကာယူကီသည် ဘီယာတစ်ငုံ သောက်ပြီး မျက်မှောင်ကုတ်နေသည်။ “ဒီလောက် အလုပ်ရှုပ်တာ အဖေမို့ နှစ်တွေ အကြာကြီး လုပ်နေနိုင်တယ်”
“သူများကို ကူညီရတာ စိတ်ချမ်းသာဖို့ ကောင်းတယ်ကွ။ အခုလို အပင်ပန်းခံပြီး စိတ်နှစ်ထားရလို့လည်း လုပ်ရတဲ့လူအတွက် အဓိပ္ပာယ် ရှိနေတာပေါ့”
“ကိုယ်နဲ့ ဘာမှမှ မဆိုင်တာပဲဗျာ။ အခု ဒီစာကိုလည်း အပင်ပန်းခံပြီး စဉ်းစားမနေနဲ့တော့။ မဟုတ်လည်း သူက ကလေးကို မွေးထားဖို့ ဆုံးဖြတ်ထားပြီးနေပြီပဲဟာ။ ‘ကြိုးစားထား၊ ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက် ဖွားမြင်နိုင်ပါစေ’ လို့ ဆုတောင်းပေးလိုက်ရုံပဲပေါ့”
သားတော်မောင်၏ စကားကို ကြားရသောအခါ ယူဂျီသည် ပါးစပ်ကို ဂငယ်ပုံသဏ္ဌာန် မဲ့ထားပြီး သူ့သား၏ မျက်နှာကို စိုက်ကြည့်နေသည်။ ခေါင်းကိုလည်း ခပ်ဖြည်းဖြည်း ခါယမ်းလျက်။ “မင်း ဘာမှ နားမလည်သေးဘူးပဲ။ စာကို ဖတ်ကြည့်ခြင်းအားဖြင့် သူက ကလေးကို အသက်ဆက် ရှင်ခွင့်ပေးလိုကြောင်း ရာနှုန်းပြည့် ခံစားသိလို့ ရနေပေမယ့် ဆန္ဒနဲ့ လက်တွေ့ဟာ တစ်ထပ်တည်း ကျချင်မှ ကျမယ်ဆိုတာကို နားလည်ထားမှ ဖြစ်မယ်။ အဲဒီကလေးကို မွေးမြူထားချင်တာ မှန်ပေမယ့် ဖျက်ချပစ်မှ သင့်မယ်လို့ သူ့အတွင်းစိတ်က နားလည်ထားပြီး ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ စာရေးလာတဲ့ အကြောင်းအရင်းက သူရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး ခိုင်မာလာအောင် လုပ်နေတာ ဖြစ်ချင် ဖြစ်နိုင်တယ်။ အဲဒီလိုသာဆိုရင် ကလေးကို မွေးထားလိုက်ပါလို့ သူ့ကို အကြံပေးလို့ မဖြစ်ဘူး။ သူ ဆုံးဖြတ်ရခက်အောင် လုပ်သလို ဖြစ်သွားလိမ့်မယ်”
တာကာယူကီသည် နားထင်ကို လက်ဖြင့် ဖိနှိပ်နေသည်။ သူ ခေါင်းကိုက်လာချေပြီ။
“ကျွန်တော်သာဆိုရင် မင်းဟာမင်း လုပ်ချင်သလို လုပ်ကွာလို့ ပြန်ဖြေလိုက်မှာပဲ”
“မပူပါနဲ့။ မင်းကိုလည်း ဘယ်သူကမှ အဖက်လုပ်ပြီး မေးမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ။ မေးခွန်းရှင်ရဲ့ စိတ်သဘောထားကို ဒီစာထဲကနေ နားလည်အောင် လုပ်မှ ဖြစ်လိမ့်မယ်” စကားဆုံးသည်နှင့် ယူဂျီသည် လက်နှစ်ဘက်ကို ပြန်၍ ပိုက်ထားပြန်သည်။
‘တော်တော် အလုပ်ရှုပ်တာပဲ’ ဟု တာကာယူကီက တွေးနေမိသည်။ သို့သော် မည်ကဲ့သို့ စာပြန်ရမည်နည်းဟု ထိုမျှ စိတ်ပင်ပန်းခံ၍ စဉ်းစားနေရခြင်းသည် ယူဂျီအတွက်တော့ အဖိုးမဖြတ်နိုင်သည့် စိတ်ပျော်ရွှင်မှုတစ်ခု ဖြစ်နေလေသည်။ ထိုသို့ ဖြစ်နေသောကြောင့်ပင် တာကာယူကီသည် လာရင်းကိစ္စကို ဖွင့်ဟပြောဆိုရန် အခက်တွေ့နေသည်။ သူ ယနေ့ည ဤနေရာသို့ ရောက်ရှိနေရခြင်းမှာ အိုမင်းနေပြီ ဖြစ်သော ဖခင်ကြီးကို မြင်တွေ့လိုခြင်း သက်သက် မဟုတ်ပေ။
“အဖေ၊ အဖေ့ကို ပြောစရာ ကိစ္စရှိလို့ အားတယ် မဟုတ်လား”
“ဘာကိစ္စလဲ။ မင်းလည်း မျက်စိပါတာပဲ။ ငါ အခု အလုပ်ရှုပ်နေတာ မတွေ့ဘူးလား”
“မကြာစေရပါဘူးဗျာ။ အဖေ့ဟာက အလုပ်ရှုပ်နေတာမှ မဟုတ်ဘဲ။ စဉ်းစားမရလို့ ဘူပိတ်နေတာပဲ ဥစ္စာ။ မဟုတ်ဘူးလား။ တစ်ခဏလောက် တခြားကိစ္စကို ပြောင်းပြီး စဉ်းစားလိုက်ရင် ခဏနေ ဉာဏ်ပွင့်ချင် ပွင့်လာမှာပေါ့”
သူပြောသော စကားကို မှန်သည်ဟု ယူဆလိုက်သောကြောင့်လားဟု မဆိုနိုင်။ ယူဂျီသည် သုန်မှုန်သော မျက်နှာထားဖြင့် သားရှိရာဘက်သို့ လှည့်လာသည်။ “ဘာကိစ္စလဲ”
တာကာယူကီသည် ခါးကို မတ်လိုက်သည်။ “အစ်မက ကျွန်တော်ကို ပြောတယ်။ ဆိုင်ရဲ့ စီးပွားရေး အခြေအနေက အတော်လေး မကောင်းဘူးဆို”
ယူဂျီသည် ထိုစကားကို ကြားသည်နှင့် မျက်မှောင်ကုတ်လိုက်သည်။ “အတော် လျှာရှည်တဲ့ ကောင်မလေး”
“သူက အဖေ့ကို စိုးရိမ်လို့ ပြောပြတာလေ။ သူလည်း အဖေ့သမီးပဲဟာ။ စိုးရိမ်မှာပေါ့”
ယိုရီကိုသည် အခွန်ဌာနတွင် အလုပ်လုပ်ခဲ့ဖူးသောကြောင့် ၎င်းအတွေ့အကြုံကို အသုံးချကာ နာမီယာကုန်စုံဆိုင်အတွက် အခွန်ကိစ္စများကို နှစ်စဉ်နှစ်တိုင်း သူက စီမံဆောင်ရွက်ပေးလေသည်။ သို့သော် ယခုနှစ်အတွက် အခွန်ကိစ္စများ ဆောင်ရွက်ပြီးစီးသွားသောအခါ သူသည် တာကာယူကီထံသို့ ဖုန်းဆက်လာလေသည်။
“ငါတို့ဆိုင်က အခြေအနေ အတော်ဆိုးနေပြီ။ ဘယ်လောက် မြတ်သလဲလို့ ရင်ခုန်ရမယ့် အခြေအနေ မဟုတ်တော့ဘူး။ ဘယ်လောက် ရှုံးမလဲလို့ ရင်မနေရမယ့် ဘဝ ရောက်နေပြီ။ အဲဒီလိုဆိုရင် အခွန်တင်ဖို့ ကိစ္စကို ဘယ်သူပဲ လုပ်ပေးလုပ်ပေး ထူးမှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဝင်ငွေခွန်အတွက် အကြံအဖန် လုပ်စရာ မလိုဘဲ စာရင်းကို အရှိအတိုင်း တင်ပြရင်တောင် တစ်ပြားမှ ဆောင်နေစရာ မလိုဘူး”
“အဲဒီလောက်တောင် ဆိုးနေတာလား” တာကာယူကီ၏ အမေးအတွက် ပြန်ရသော ယိုရီကို၏ အဖြေမှာ “အဖေကိုယ်တိုင်သာ အခွန်ရုံး ရောက်သွားရင် အခွန်ဝန်ထမ်းတွေက အဖေ့ကို ထောက်ပံ့ကြေး လျှောက်ထားဖို့ ဖျောင်းဖျချင် ဖျောင်းဖျနေကြမှာ”
တာကာယူကီသည် ဖခင်ကို လှည့်ကြည့်လိုက်သည်။
“အဖေ၊ ဆိုင်ကို ပိတ်ပစ်လိုက်ဖို့ အချိန်တန်ပြီ ထင်တယ်။ ဒီပတ်ဝန်းကျင်က လူတွေလည်း ကားဝင်းနားက ဈေးတန်းမှာပဲ ဈေးဝယ်ကြတော့တာ မဟုတ်လား။ အဝေးပြေး ကားဝင်း မရှိခင်တုန်းကတော့ ဒီနေရာက ဘတ်စ်ကားဂိတ်နဲ့ နီးလို့ စီးပွားဖြစ်ခဲ့ပေမယ့် အခု မရတော့ဘူး။ လက်လျှော့လိုက်ပါတော့”
ယူဂျီသည် စိတ်ရှုပ်စွာ မေးစေ့ကို ပွတ်နေသည်။ “ဆိုင်ပိတ်ပြီးတော့ ဘာဆက်လုပ်ရမှာလဲ”
တာကာယူကီသည် အသက်ကို အဝရှူပြီး ပြောလိုက်သည်။ “ကျွန်တော်နဲ့ လိုက်နေပေါ့”
ယူဂျီက မျက်ခုံးပင့်လိုက်သည်။ “ဘာပြောတယ်”
တာကာယူကီသည် အခန်းပတ်လည်ကို လှမ်းကြည့်သည်။ နံရံပေါ်ရှိ အက်ကွဲကြောင်းများကို ငေးကြည့်နေမိသည်။
“ဆိုင်မဖွင့်တော့ဘူးဆိုရင် အဖေလည်း ဒီလို နေရာမှာ နေစရာ မလိုတော့ဘူးလေ။ ကျွန်တော်တို့နဲ့ လိုက်နေပါ အဖေရာ။ ကျွန်တော် ဖူမီကိုနဲ့လည်း တိုင်ပင်ပြီးပါပြီ”
“အဲဒီ အခန်းကျဉ်းလေးမှာ နေရမှာလား”
“မဟုတ်ဘူး။ ကျွန်တော်တို့ အိမ်ပြောင်းဖို့ အစီအစဉ် ရှိပါတယ်။ တိုက်ခန်းတစ်ခန်း ဝယ်ဖို့ အချိန်လည်း တန်နေပြီလေ”
ယူဂျီ၏ စာကြည့်မျက်မှန်အောက်မှ မျက်လုံးများ ပြူးကျယ်လာသည်။ “မင်းက တိုက်ခန်းဝယ်မယ်?”
“အထူးအဆန်းလည်း မဟုတ်ပါဘူး အဖေရာ။ ကျွန်တော့်အသက် ၄၀ တောင် ပြည့်တော့မယ်။ အခု အခန်းသစ် လိုက်ရှာနေတယ်။ ပြီးတော့ အဖေ့အတွက် ရှေ့ရေးကိုလည်း ထည့်စဉ်းစားရဦးမယ်လေ”
ယူဂျီက မျက်နှာလွှဲလိုက်ပြီး လက်ကို ခါယမ်းနေသည်။ “ငါ့ကို ထည့်စဉ်းစားစရာ မလိုပါဘူး”
“ဘာဖြစ်လို့လဲ”
“ငါ့ကိစ္စ ငါ့ဟာငါ အကြံထုတ်မှာပေါ့။ မင်းတို့ စောင့်ရှောက်စရာ မလိုဘူး”
“အဖေက အဲဒီလို ပြောပေမယ့် မဖြစ်နိုင်တဲ့ ကိစ္စက ဘယ်လိုလုပ်လုပ် ဖြစ်မလာနိုင်ဘူးလေ။ ဝင်ငွေမှ မရှိရင် ဘယ်လိုလုပ်ပြီး အသက်ဆက်နိုင်ပါ့မလဲ”
“ပူမနေစမ်းပါနဲ့ကွာ။ ငါပြောပြီးပြီပဲ။ ငါ့ဟာငါ ကြံပါ့မယ်”
“ဘယ်လိုကြံ ….”
“မင်းဟာက မပြီးတော့ဘူးလား” ယူဂျီ၏ အသံက ကျယ်လောင်လာသည်။ “မင်း မနက်ဖြန် အလုပ်ဝင်ရဦးမှာ မဟုတ်ဘူးလား။ ဒါဆို စောစော ထရမှာပေါ့။ ဒီမှာ စကားရှည်မနေနဲ့။ မြန်မြန် ရေချိုးပြီး သွားအိပ်ချေတော့။ ငါလည်း မအားဘူး။ လုပ်စရာ ရှိသေးတယ်”
“အဖေ့အလုပ်က အဲဒီစာ ရေးမလို့ မဟုတ်ဘူးလား” တာကာယူကီက မေးငေါ့ပြသည်။
ယူဂျီသည် တိတ်ဆိတ်လျက် စာရေးစက္ကူကို စိုက်ကြည့်နေသည်။ ကြည့်ရသည်မှာ သူ့ကို အဖက်လုပ်ချင်ပုံ မရတော့။
တာကာယူကီသည် သက်ပြင်းချ၍ မတ်တတ်ရပ်လိုက်သည်။ “ရေချိုးခန်း ခဏသုံးဦးမယ်”
ဘာတုံ့ပြန်မှုမျှ မရ။
နာမီယာအိမ်ရှိ စတီးရေစိမ်ကန်မှာ အတော်လေး သေးငယ်သည်။ တာကာယူကီသည် ခြေလက်ကို ကျုံ့ထားပြီး စတီးကန်ထဲတွင် ရေစိမ်နေရင်း ပြတင်းအပြင်ဘက်သို့ လှမ်းကြည့်နေမိသည်။ ပြတင်းပေါက်နားတွင် ကြီးမားသော ထင်ရှူးပင် တစ်ပင် ရှိပြီး ၎င်း၏ အကိုင်းအခက်များကို အထဲမှ လှမ်းမြင်နေရသည်။ ၎င်းမှာ သူ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ရသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ယူဂျီအနေဖြင့် သံယောဇဉ် မဖြတ်နိုင်သည်မှာ ကုန်စုံဆိုင် ဟုတ်ချင်မှ ဟုတ်မည်။ အကြံဉာဏ် ပေးရသော အလုပ် ဖြစ်နိုင်သည်။ ဆိုင်ကို ပိတ်၍ ဤနေရာမှ ထွက်ခွာသွားသည်နှင့် သူ့ကို အကြံဉာဏ် တောင်းမည့်သူလည်း ရှိတော့မည် မဟုတ်ကြောင်း သူ သိနေသည်။ လူအများက လက်ရှိ အခြေအနေကို သဘောကျကြသည်။ အတိုင်းအတာ တစ်ခုအထိ စိတ်ဝင်စားစရာ ကောင်းနေသောကြောင့်သာ လူများစွာသည် သူ့ထံတွင် အကြံဉာဏ်များ တောင်းခံနေကြခြင်း ဖြစ်သည်။
ဖခင်၏ တစ်ခုတည်းသော ပျော်ရွှင်ချမ်းမြေ့မှုကို သူ့ဘဝထဲမှ ဆွဲထုတ်ပစ်ရန် ကြိုးစားခြင်းမှာ ရက်စက်ရာ ကျနေပေတော့မည်။
နံနက် ၆ နာရီတွင် တာကာယူကီသည် အိပ်ရာမှ နိုးလာသည်။ သူ၏ ရှေးဟောင်း သံပတ်နာရီက သူ့ကို နှိုးခဲ့ခြင်း ဖြစ်သည်။ အပေါ်ထပ်ရှိ သူ၏ အခန်းတွင် အဝတ်အစား လဲနေစဉ် လှုပ်ရှားသံတချို့ကို ပြတင်းပေါက်ဘက်မှ ကြားလိုက်ရသည်။ သို့ဖြင့် ပြတင်းပေါက်ကို မသိမသာ ဖွင့်၍ အောက်ဘက်သို့ ငုံ့ကြည့်သောအခါ လူတစ်ယောက် နွားနို့သေတ္တာအနားမှ ထွက်ခွာသွားသည်ကို တွေ့ရသည်။ အဖြူရောင် အင်္ကျီ ဝတ်ဆင်ထားသော ဆံပင်ရှည်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး မျက်နှာကိုမူ ကောင်းကောင်း မမြင်ရချေ။
တာကာယူကီသည် အခန်းမှ ထွက်ပြီး အောက်ထပ်သို့ ဆင်းလာသည်။ ယူဂျီလည်း နိုးနေပြီး မီးဖိုချောင်ထဲတွင် မတ်တတ်ရပ်နေသည်။ အိုးထဲမှ ရေများပင် ဆူနေလေပြီ။
“မောနင်း” တာကာယူကီက နှုတ်ဆက်လိုက်သည်။
“ဪ မင်း နိုးလာပြီပဲ” ယူဂျီက နံရံပေါ်ရှိ နာရီကို စွေကြည့်သည်။ “နံနက်စာအတွက် ဘယ်လို လုပ်မလဲ”
“ဘာမှ မလုပ်နဲ့တော့ အဖေ။ ကျွန်တော် အခုပဲ သွားတော့မယ်။ ဟိုကိစ္စကို ဘယ်လိုလုပ်လိုက်လဲ။ စာကို ပြောတာ”
ဘူးထဲမှ ငါးခြောက်မှုန့်များ နှိုက်ယူနေသော ယူဂျီ၏ လက်များ ရပ်တန့်သွားပြီး တာကာယူကီကို စိုက်ကြည့်နေသည်။
“ရေးပြီးသွားပြီ။ ရေးတာ ညဉ့်နက်မှ ပြီးတော့တယ်”
“သူ့ကို ဘယ်လို ဖြေလိုက်တာလဲ”
“မင်းကို ပြောလို့ ဘယ်ဖြစ်မလဲ”
“ဘာဖြစ်လို့လဲ”
“မေးစရာ လိုသေးလို့လား။ စည်းကမ်းလေကွာ။ ဒါ သူများရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်ပဲဟာ”
တာကာယူကီက ခေါင်းကုတ်နေသည်။ ‘ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်’ ဟူသော ဝေါဟာရကို သူ့အဖေက သိရှိနေခြင်းအတွက် သူ အံ့ဩနေမိသည်။ “ဒါနဲ့ … အမျိုးသမီးတစ်ယောက် နွားနို့သေတ္တာဖွင့်ပြီး စာယူသွားတယ်”
“ဘာ … မင်း မြင်လိုက်တယ်ပေါ့” ယူဂျီက အပြစ်တင်လိုဟန်ဖြင့် ပြောသည်။
“ကျွန်တော် အပေါ်ထပ်ကနေ လှမ်းကြည့်တော့ မတော်တဆ တွေ့လိုက်တာ”
“သူ မင်းကို မတွေ့လိုက်ဘူးမလား”
“မတွေ့လောက်ဘူး ထင်တာပဲ”
“ထင်ရုံ ထင်တာလား”
“မတွေ့လောက်ပါဘူးဗျာ။ ခဏလေး မြင်လိုက်တာပဲ ဥစ္စာ”
ယူဂျီသည် အောက်နှုတ်ခမ်းကို စူလိုက်ပြီး ခေါင်းခါနေသည်။
“မေးခွန်းရှင်ကို ချောင်းမကြည့်ရဘူးကွ။ အဲဒါလည်း စည်းကမ်းပဲ။ တကယ်လို့ သူ့ကို ဘယ်သူလဲဆိုတာ ရိပ်မိသွားပြီလို့ ယူဆရင် နောက် ဘယ်တော့မှ စာရေးမှာ မဟုတ်တော့ဘူး”
“ဒါကြောင့် တမင် ချောင်းကြည့်တာ မဟုတ်ဘူးလို့ ပြောတာပေါ့။ မတော်တဆ မြင်လိုက်တာပါဗျာ”
“တကယ်ပဲကွာ။ တစ်ခါတလေလေး ပြန်လာပါတယ်။ ငါ့ကို ဒုက္ခရောက်အောင်တော့ မလုပ်လိုက်ပါနဲ့” ယူဂျီသည် နှုတ်မှ အပြစ်တင်စကား ဆိုနေရင်း ငါးခြောက်မှုန့် ထည့်ထားသော စွပ်ပြုတ်ရည်ကို ခပ်နေလေသည်။
တာကာယူကီသည် တောင်းပန်စကား ဆိုပြီး အိမ်သာထဲသို့ ဝင်သွားသည်။ ထို့နောက် ဘေစင်တွင် မျက်နှာသစ်၍ သွားတိုက်လေသည်။ ယူဂျီက မီးဖိုချောင်ထဲတွင် ကြက်ဥကြော်နေသည်။ တစ်ကိုယ်တည်း နေလာခဲ့သည်မှာ ကြာညောင်းလှပြီ ဖြစ်သောကြောင့် သူ၏ အပြုအမူတို့မှာ အထစ်အငေါ့ မရှိဘဲ အဆင်ချောနေသည်။
“အဖေ အခု ကျွန်တော်တို့ဆီ ပြောင်းမလာချင်သေးဘူး ဆိုလည်း သဘောပါပဲ” တာကာယူကီသည် ယူဂျီ၏ ကျောပြင်ကို စိုက်ကြည့်နေသည်။ “အဖေ ဆန္ဒရှိတဲ့အချိန်ကျရင် အချိန်မရွေးပြောပါ”
ယူဂျီက ဘာမျှ ပြန်မပြော။ ဖြေနေစရာ မလိုအပ်ဟုလည်း သဘောထားနေပုံ ရသည်။
“ကောင်းပြီလေ။ ဒါဆို ကျွန်တော် သွားတော့မယ်”
“အေး အေး” ယူဂျီက အသံ ခပ်တိုးတိုး ပြန်ဖြေသည်။ သို့သော် လှည့်ကြည့်ဖော် မရ။
နောက်ဖေးပေါက်မှ ထွက်ပြီးသောအခါ တာကာယူကီသည် နွားနို့သေတ္တာကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ဘာမျှ မရှိ။
ဖခင်သည် မည်သို့ ဖြေကြားလိုက်မည်နည်း။ သူ အနည်းငယ် …. မဟုတ်သေး။ အလွန်အမင်း စိတ်ဝင်စားနေသည်။
(ခ)
တာကာယူကီ အလုပ်ဝင်နေသော ကုမ္ပဏီသည် ရှင်ဂျုကုတွင် ရှိပြီး ၎င်းတို့၏ ကုမ္ပဏီရှိရာ ငါးထပ်တိုက်ပေါ်မှ ကြည့်လျှင် ယာဆုကုနိလမ်းကို လှမ်းမြင်နေရသည်။ သူတို့၏ လုပ်ငန်းမှာ ရုံးသုံးစက်ကိရိယာများကို ရောင်းချခြင်းနှင့် ငှားရမ်းခြင်းတို့ ဖြစ်သည်။ ဖောက်သည်များမှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်ကြသည်။ ငယ်ရွယ်သော ကုမ္ပဏီဥက္ကဋ္ဌက ‘ယခုအခါ ကွန်ပျူတာခေတ်သို့ ဝင်ရောက်လာပြီ’ ဖြစ်ကြောင်း ကြွေးကြော်တတ်သည်။ နှစ်အနည်းငယ် ကြာလျှင် ရုံးခန်းတစ်ခန်းစီတိုင်းတွင် ကွန်ပျူတာတစ်လုံးကျစီ ထားရှိလာမည့် အခြေအနေသို့ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သူက ပြောနေသည်။ ဝိဇ္ဇာဘွဲ့ဖြင့် ကျောင်းပြီးထားသူ တာကာယူကီအတွက် ၎င်းစက်ပစ္စည်း၏ အသုံးဝင်ပုံကို သံသယ ရှိနေသည်။ သို့သော် ဥက္ကဋ္ဌကမူ ၎င်းပစ္စည်းကို အတိုင်းအဆမရှိ အသုံးဝင်လိမ့်မည်ဟု ချီးမွမ်းခန်း ဖွင့်နေလေသည်။
“ဒါကြောင့် အခုချိန်က စပြီး ခင်ဗျားတို့တတွေ ကွန်ပျူတာကို စိတ်ပါလက်ပါ သင်ထားကြဗျ” ၎င်းမှာ ယခုတလော ရွတ်ဆိုနေကျဖြစ်သော ဥက္ကဋ္ဌ၏ ဂါထာတစ်ပုဒ် ဖြစ်သည်။
အစ်မဖြစ်သူ ယိုရီကို ဖုန်းဆက်လာချိန်တွင် တာကာယူကီသည် ‘ကွန်ပျူတာမိတ်ဆက်’ စာအုပ်ကို ဖတ်နေသည်။ စာအုပ်ထဲမှ စကားလုံးတစ်လုံး၏ အနက်အဓိပ္ပာယ်ကို နားမလည်သောကြောင့် စိတ်ရှုပ်ကာ စာအုပ်ကို လွှင့်ပစ်ချင်စိတ် ပေါက်နေသည်။
“အလုပ်ထဲအထိ ဖုန်းခေါ်လာရတာ အားနာပါတယ်” ယိုရီကိုက တောင်းပန်သည်။
“ရပါတယ်။ ဘာကိစ္စလဲ။ အဖေ့ကိစ္စပဲလား” အစ်မဖုန်းဆက်လာလျှင် ပထမဆုံး မြင်ယောင်လာသည်မှာ အဖေ၏ မျက်နှာပင် ဖြစ်သည်။
“အင်း” ယိုရီကို၏ အဖြေမှာ သူ ထင်ထားသည့်အတိုင်း ဖြစ်နေသည်။ “မနေ့က ငါ သူ့ဆီ ရောက်ခဲ့သေးတယ်။ ဒါပေမယ့် ဆိုင်တံခါး ပိတ်ထားတယ်။ ဘာတွေများ ကြားထားသေးလဲ”
“ဟင့်အင်း။ ဘာမှ မကြားမိပါဘူး။ ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့ ဆိုင်ပိတ်တာလဲလို့ ငါ သူ့ကို မေးကြည့်တယ်။ ဘာမှ မဖြစ်ဘူးတဲ့။ တစ်ခါတလေ အနားယူချင်လို့လို့ ပြန်ပြောတယ်”
“အင်း ဟုတ်မှာပေါ့။ အဲဒါ ဘာဖြစ်လို့လဲ”
“အဲဒီလို မဟုတ်ဘူး။ အပြန်လမ်းမှာ အဲဒီနားက အိမ်တစ်အိမ်ကို ဝင်စုံစမ်းကြည့်ခဲ့တယ်။ နာမီယာကုန်စုံဆိုင်ရဲ့ အခြေအနေ ဘယ်လို ရှိလဲလို့ မေးကြည့်တာပေါ့။ သူတို့ အပြောက ဆိုင်ပိတ်ထားတာ တစ်ပတ်လောက် ရှိပြီတဲ့”
တာကာယူကီက မျက်မှောင်ကို ကုတ်လိုက်သည်။ “ဒါဆို တစ်ခုခု ဖြစ်နေပြီ”
“အဖေရဲ့ မျက်နှာကလည်း မကောင်းဘူး။ ပြီးတော့ အတော်လေး ပိန်သွားသလိုပဲ”
“နေမကောင်းဘူးလား”
“ငါလည်း အဲဒီလို ထင်တာပဲ”
ဤကိစ္စမှာ အလွန် စိုးရိမ်စရာ ကိစ္စ ဖြစ်သည်။ ယူဂျီအနေနှင့် ဆိုရလျှင် စာအမေးအဖြေ လုပ်နေရခြင်းသည် သူ့၏ ဘဝအပန်းဖြေရာ အလုပ်တစ်ခု ဖြစ်နေသည်။ အကယ်၍ ၎င်းကို ဆက်လက် လုပ်ကိုင်လိုလျှင် ကုန်စုံဆိုင်ကို မည်သည့် နည်းဖြင့်မဆို ဆက်လက် ဖွင့်ထားရန် လိုအပ်ပေလိမ့်မည်။
မနှစ်က တာကာယူကီသည် ဆိုင်ပိတ်လိုက်ရန် ယူဂျီအား ဖျောင်းဖျ ပြောဆိုခဲ့ဖူးသည်။ ထိုစဉ်က သူ၏ အမူအရာကို ပြန်လည် မြင််််ယောင်မိသောအခါ ယူဂျီသည် မဖျားမနာဘဲ ဆိုင်ကို လုံးဝ ပိတ်လိမ့်မည် မဟုတ်ကြောင်း နားလည်လာသည်။
“ကျွန်တော် သဘောပေါက်ပြီ။ ဒီနေ့ပဲ ကျွန်တော် ပြန်သွားကြည့်လိုက်မယ်”
“အေးဟယ်၊ သွားကြည့်လိုက်စမ်းပါဦး။ နင့်ကိုသာဆိုရင် သူ အမှန်အတိုင်း ပြောချင် ပြောမှာ”
ထိုသို့ တစ်ထစ်ချ ပြော၍ မဖြစ်နိုင်။ တာကာယူကီက ထိုသို့ တွေးနေသည်။ “ဟုတ်ကဲ့။ ကျွန်တော် မေးကြည့်လိုက်မယ်” ဟု ပြောကာ ဖုန်းချလိုက်သည်။
ရုံးဆင်းချိန် ရောက်သောအခါ သူသည် ကုမ္ပဏီမှ ဖခင်ထံသို့ တိုက်ရိုက် ထွက်လာခဲ့သည်။ လမ်းပေါ်တွင် အများသုံးဖုန်းဖြင့် အိမ်သို့ ဖုန်းဆက်ပြီး အကျိုးအကြောင်းကို ရှင်းပြလိုက်သည်။ ဖူမီကိုကလည်း စိတ်ပူနေသည်။
ယခုနှစ် ဇန္နဝါရီလက ဖခင်နှင့် နောက်ဆုံး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဖူမီကိုနှင့် သားကို တစ်ပါးတည်း ခေါ်ဆောင်၍ ဖခင်ထံသို့ သွားရောက်ခဲ့ပြီး ဖခင်ကို ကြည့်ရသည်မှာ သန်မာဖျတ်လတ်ဆဲ ဖြစ်သည်။ သူ့ထံသို့ မရောက်သည်မှာ နှစ်ဝက်မျှ ကြာခဲ့ပြီ ဖြစ်၍ ဤအတောအတွင်း ဘာတွေများ ဖြစ်ခဲ့သနည်း။
ည ၉ နာရီကျော်တွင် တာကာယူကီသည် နာမီယာကုန်စုံဆိုင်သို့ ဆိုက်ရောက်ခဲ့သည်။ ခြေလှမ်းတုံ့၍ လှမ်းကြည့်သောအခါ ဆိုင်၏ ယင်းလိပ်တံခါးကို အပြည့်ပိတ်ထားသည်။ ထိုမြင်ကွင်းမှာ ဘာမျှ ထူးခြားမှု မရှိသော်လည်း သူ၏ စိတ်ထဲမှာတော့ ထင့်နေသည်။ ဆိုင်ကြီးတစ်ဆိုင်လုံး အသက်မဲ့နေသည့် အလား မြင်ယောင်နေမိသည်။
နောက်ဖေးတံခါးသို့ ပတ်သွားပြီး တံခါးလက်ကိုင်ကို ဆွဲကြည့်သောအခါ တံခါးလော့ချထားသည်ကို တွေ့ရသည်။ တာကာယူကီသည် သော့ပိုကို ထုတ်လိုက်သည်။ ဤသော့ကို အသုံးမပြုခဲ့ရသည်မှာ ကြာလှချေပြီ။
တံခါးဖွင့်၍ ဝင်သွားသောအခါ မီးဖိုချောင်မီးက ဖွင့်လျက် ရှိနေသည်။ ရှေ့ဆက်လျှောက်သွားသောအခါ ခုတင်ပေါ်တွင် လဲလျောင်းနေသော ယူဂျီကို တွေ့လိုက်ရသည်။
အသံတစ်စုံတစ်ခု ကြားသွားသောကြောင့် ဖြစ်မည်။ ယူဂျီသည် ကိုယ်ကို လှည့်ကာ အခန်းပြင်ဘက်သို့ လှမ်းကြည့်သည်။ “မင်းလား။ ဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမှာလဲ။ အစ်မက အဖေ့ကို စိတ်ပူလို့ ကျွန်တော်ဆီ ဖုန်းဆက်လာတယ်။ အဖေ ဆိုင်ပိတ်ထားတယ်ဆို။ ပြီးတော့ တစ်ပတ်ကြီးများတောင်”
“ယိုရီကိုလား။ ဒီကောင်မလေးကတော့ ကိုယ်နဲ့ မဆိုင်တာကို အင်မတန် ဝင်ရှုပ်တတ်တာပဲ”
“ဘာလို့ မဆိုင်ရမှာလဲ အဖေရာ။ ဘာတွေ ဖြစ်နေတာလဲဗျ။ နေလို့ ထိုင်လို့ မကောင်းဘူးလား”
“ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး”
ထိုသို့ ပြောခြင်းဖြင့် နေထိုင်မကောင်းကြောင်း ဝန်ခံရာ ရောက်နေသည်။
“ဘယ်နေရာ နေလို့ မကောင်းတာလဲ”
“ငါ ပြောပြီးပြီပဲ။ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး ဆိုနေ။ ဘယ်နေရာမှ နာကျင်တာ နေမကောင်းတာ မရှိဘူး”
“ဒါဆို ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ဆိုင်ပိတ်ရတာလဲ။ ကျွန်တော်ကို ပြောပြပါဦး”
ယူဂျီက နှုတ်ဆိတ်နေသည်။ ဖခင်သည် ခေါင်းမာသောကြောင့် မဖြေလိုခြင်း ဖြစ်မည်ဟု ယူဆလိုက်မိသည်။ သို့သော် ဖခင်၏ မျက်နှာကို ကြည့်လိုက်မိသောအခါတွင် သူ အံ့အားသင့်သွားလေသည်။ ဖခင်သည် နဖူးပြင်ကို အစွမ်းကုန် ရှုံ့ထားပြီး နှုတ်ခမ်းတစ်စုံကိုလည်း ခပ်တင်းတင်း စေ့ထားလေသည်။ မျက်နှာ အမူအရာက အင်မတန် နာကျင်ခံခက်ယောင် ထင်ရှားပေါ်လွင်နေသည်။
“အဖေ၊ ဘာဖြစ် …”
“သား” ယူဂျီထံမှ စကားသံ ပွင့်ဟလာသည်။ “အခန်း ရှိတယ် မဟုတ်လား”
“အဖေက ဘာကို ဆိုလိုတာလဲ”
“မင်းတို့နေရာမှာလေ။ တိုကျိုမှာ”
“ရှိတာပေါ့” တာကာယူကီက ခေါင်းညိတ်ပြသည်။
တာကာယူကီသည် မနှစ်က မြို့အနောက်ဘက်ခြမ်း၌ တည်ရှိသော မီတာကာတွင် အိမ်တစ်လုံး ဝယ်ခဲ့သည်။ အိမ်မှာ အသစ် ကျပ်ချွတ် မဟုတ်သော်လည်း သူတို့ မပြောင်းရွှေ့ခင် ပြန်လည် ပြင်ဆင်ထားသောကြောင့် အသစ်ကဲ့သို့ ဖြစ်နေလေသည်။ ယူဂျီလည်း ထိုအိမ်သို့ ရောက်ဖူးသည်။
“အခန်းပိုရော ရှိသေးရဲ့လား”
တာကာယူကီသည် ဖခင်ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သည်။ တစ်ချိန်တည်းမှာပင် ဖခင် ရုတ်တရက် စိတ်ပြောင်းသွားသည်ကို အံ့အားသင့်နေမိသည်။
“ရှိတာပေါ့ အဖေရ။ ကျွန်တော်တို့ အစောကြီးကတည်းက အဖေ့အတွက် အခန်းတစ်ခန်း ရာထားပြီးသား။ ပထမထပ်မှာလေ။ အဖေရောက်လာတုန်းက ကျွန်တော် ပြခဲ့သေးတယ် မဟုတ်လား။ အခန်းက နည်းနည်း ကျဉ်းပေမယ့် နေရောင် ကောင်းကောင်း ရတယ်။
ယူဂျီသည် သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး မျက်ခုံးမွေးအထက်မှ အရေပြားကို ကုတ်နေလေသည်။
“ဖူမီကိုကရော ဘယ်လို မြင်လဲ။ သူ တကယ်ပဲ လက်ခံနိုင်ပါ့မလား။ ကိုယ်ပိုင်အိမ်လေး ရထားတာမှ မကြာသေးဘူး။ ကိုယ့်လင် ကိုယ့်သားနဲ့ ပျော်ပျော်ရွှင်ရွှင် အတူ နေကြမယ်လို့မှ မကြံရသေးဘူး။ အဘိုးကြီးတစ်ယောက် ရုတ်တရက် ရောက်လာမှာဆိုတော့ အနှောင့်အယှက် ပေးတယ်လို့များ ယူဆနေမလား မသိဘူး”
“အဲဒါတော့ စိတ်ချအဖေ။ ကျွန်တော်တို့ အိမ်ဝယ်ဖို့ စရွေးကတည်းက အဖေနဲ့ အတူတူ နေနိုင်ဖို့ ဆိုတဲ့ စံနှုန်းနဲ့ ကျွန်တော်တို့ ရွေးချယ်ခဲ့ကြတာ”
“ဪ …….”
“အခု လိုက်နေတော့မလား။ ကျွန်တော်တို့က အဖေ့ကို အချိန်မရွေး စောင့်မျှော်နေတာပါ”
“ကောင်းပြီလေ” ယူဂျီ၏ အမူအရာမှာ ပြေလျော့သွားခြင်း မရှိသေးပေ။ “သားတို့ကို ဒုက္ခပေးသလို ဖြစ်နေပြီ”
“အဲဒီလို မပြောပါနဲ့ အဖေရယ်။ ဒါပေမယ့် …. ဘာတွေ ဖြစ်ကုန်တာလဲ။ ဆိုင်ကို အမြဲ ဖွင့်သွားမယ်လို့ အဖေ အရင်က ပြောခဲ့ဖူးတယ်လေ။ အဖေ တကယ်ပဲ နေထိုင်မကောင်း ဖြစ်နေတာ မဟုတ်လား”
“အဲဒီလို မဟုတ်ပါဘူးကွာ။ တောင်တောင်အီအီ လျှောက်တွေးမနေစမ်းနဲ့။ ဘယ်လို ပြောရမလဲ။ အဲ ……” ယူဂျီက ပြောရန် စကားလုံး ရှာနေသည့်နှယ် ရပ်တန့်သွားသည်။ “အချိန်လည်း တန်ပြီလေကွာ”
တာကာယူကီက ခေါင်းညိတ်ပြလိုက်သည်။ ယူဂျီက ဘာမျှ ရှင်းပြလိုစိတ် မရှိမှန်း သိနေသောကြောင့် သူကလည်း အတင်းအကျပ် မမေးလိုတော့ပေ။
နောက်တစ်ပတ်အကြာတွင် ယူဂျီသည် နာမီယာကုန်စုံဆိုင်မှ ထွက်ခွာလာခဲ့သည်။ အိမ်ပြောင်းရွှေ့ဝန်ဆောင်မှု ကုမ္ပဏီကို ငှားရမ်းမနေတော့ဘဲ မိသားစုဝင်များ ကိုယ်တိုင် အိမ်ပြောင်းရွှေ့ခြင်း အမှုကို ပြုလုပ်ခဲ့ကြသည်။ အရေးတကြီး လိုအပ်သော ပစ္စည်းများကိုသာ သယ်ဆောင်သွားခဲ့ပြီး တခြားအရာများ အားလုံးကို ဆိုင်တွင် ထားပစ်ခဲ့သည်။ ထိုအခန်းအား မည်သို့ စီမံရမည်ကို မဆုံးဖြတ်ရသေးချေ။ အကယ်၍ ရောင်းလိုသည်ပဲ ထားဦး။ အချိန်တိုအတွင်း ဝယ်လက် တွေ့နိုင်မည် မဟုတ်သောကြောင့် ထိုအတိုင်း ပစ်ထားလိုက်ရသည်။
မီတာကာသို့ သွားရာလမ်းတွင် ငှားရမ်းထားသော ထရပ်ကား၏ ရေဒီယိုမှ Southern All Stars ၏ ‘အီတိုရှိ နော အယ်လီ’ (မောင့်အချစ်လေး အယ်လီ) သီချင်း လွှင့်နေသည်။ ၎င်းသီချင်းသည် မတ်လ အခွေထွက်ချိန်ကတည်းက အင်မတန် လူကြိုက်များ ရေပန်းစားနေသည်။
ဇနီးသည် ဖူမီကိုနှင့် သားတော်မောင်ကလည်း အတူလာနေသည့် ဖခင်ကြီးအား ဝမ်းသာအယ်လဲ ကြိုဆိုခဲ့ကြသည်။ သို့သော် တာကာယူကီ၏ အတွင်းစိတ်မှ အလိုလို သိနေခဲ့သည်။ သားမောင်ကိုတော့ ထည့်တွက်စရာ မလို။ ဖူမီကို၏ စိတ်ထဲတွင် များစွာ ကြည်ဖြူလှမည် မဟုတ်ကြောင်း သူ သိနေသည်။ သို့သော် သူသည် ယဉ်ကျေးနူးညံ့သော အမျိုးသမီးတစ်ယောက် ဖြစ်သောကြောင့် ထိုသို့သော စကားမျိုးကို ထုတ်ဖော်ဖွင့်ဟလိမ့်မည် မဟုတ်ပေ။ ထိုအားသာချက်ကြောင့်လည်း တာကာယူကီက သူ့ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယူဂျီလည်း သူ၏ ပတ်ဝန်းကျင်အသစ်ကို နှစ်လိုကျေနပ်ပုံ ရသည်။ နေ့စဉ်နေ့တိုင်း သူ၏ ကိုယ်ပိုင်အခန်းထဲတွင် စာဖတ်လိုက်၊ တီဗီကြည့်လိုက်၊ တစ်ခါတစ်ရံ အပြင်ထွက် လမ်းလျှောက်လိုက် လုပ်နေလေသည်။ အထူးသဖြင့် သူ့အား ကျေနပ်ဝမ်းမြောက်စေသည်မှာ သူ၏ မြေးငယ်ကို အချိန်တိုင်း မြင်ခွင့် ရနေခြင်းပင် ဖြစ်သည်။
သို့သော် ၎င်းအခြေအနေသည် ကြာရှည် မခံခဲ့။
သားအဖများ အတူနေထိုင်ကြပြီး များမကြာခင်မှာပင် ယူဂျီသည် မထင်မှတ်ဘဲ ဗုန်းဗုန်းလဲလေတော့သည်။ ညအချိန်တွင် ရုတ်တရက် နာကျင်လာသောကြောင့် ဆေးရုံသို့ အမြန် ပို့လိုက်ရသည်။ သူ၏ အပြောအရ ဗိုက်အရမ်းနာသည်ဟု ဆိုသည်။ ထိုသို့သော အခြေအနေမျိုးကို ယခင်က တစ်ခါမျှ မကြုံဖူးသောကြောင့် တာကာယူကီလည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။
နောက်တစ်နေ့တွင် တာကာယူကီသည် ဖခင်၏ ရောဂါအခြေအနေကို ဆရာဝန်ထံမှ သိလာရသည်။ အသေးစိတ် ဆက်လက် စစ်ဆေးရန် လိုအပ်သေးသည် မှန်သော်လည်း အသည်းကင်ဆာ ဖြစ်ကြောင်းမှာမူ သေချာသလောက် ရှိနေသည်။
“ကင်ဆာက နောက်ဆုံးအဆင့်ပဲ” ဟု ဆရာဝန်က မျက်မှန်ပေါ်မှ ကျော်ကြည့်၍ ခံစားချက်မဲ့သော လေသံဖြင့် ပြောခဲ့သည်။
“ဆရာ့သဘောက ကုလို့ မရတော့ဘူးလို့ ဆိုလိုတာလား”
“အဲဒီလို ယူဆလို့ ရပါတယ်” ဆရာဝန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။ ဤသို့ဆိုလျှင် ခွဲစိတ်ကုသလျှင်လည်း မျှော်လင့်ချက် မရှိနိုင် ဟူသော သဘောပင်။
ယူဂျီကတော့ ထိုစကားများကို မကြားခဲ့ရပေ။ သူတို့ ဆွေးနွေးနေကြစဉ် အချိန်က သူသည် မေ့ဆေးအရှိန်ဖြင့် သတိမရသေး။
သူတို့သည် လူနာအား ရောဂါအခြေအနေမှန်ကို ဖွင့်မပြောရန် ဆုံးဖြတ်ခဲ့ကြသည်။ အဆင်ပြေမည့် ရောဂါနာမည် တစ်ခုခု ပြော၍ ဖုံးဖိထားရန် ပြင်ဆင်ထားသည်။
ယိုရီကိုသည် အဖြစ်မှန်ကို သိရသောအခါ ရှိုက်ကြီးတငင် ငိုကြွေးလေသည်။ ဖခင်အား စောစောစီးစီး မစစ်ဆေး ပေးနိုင်ခြင်းအတွက် နောင်တရနေသည်။ မိမိကိုယ်ကိုယ် အပြစ်တင်နေသော အစ်မကို မြင်ရသောအခါ တာကာယူကီလည်း စိတ်မကောင်း ဖြစ်လာသည်။ ဖခင် မလန်းမဆန်း ဖြစ်နေသည်ကို ရိပ်စားမိသော်လည်း ဤမျှ ဆိုးဆိုးရွားရွား ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမျှ မစဉ်းစားခဲ့ဖူးချေ။
ထိုအချိန်မှ စ၍ ယူဂျီသည် သေမင်းနှင့် စစ်ခင်းနေရလေတော့သည်။ သို့သော် ကံကောင်းသည်ဟု ဆိုရမည်လား မသိ။ နာကျင်သည်ဟု သူ ဘယ်တုန်းကမျှ မငြီးငြူခဲ့စဖူး။ ဆေးရုံသို့ သွားရောက် ကြည့်ရှုသည့် အခါတိုင်း တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ပို၍သာ ပိန်ချုံးလာသည်ကို မြင်တွေ့နေရသောကြောင့် တာကာယူကီ၏ စိတ်ထဲ အားမလို အားမရ ဖြစ်နေခဲ့ရသည်။ သို့သော် ခုတင်ပေါ် လဲလျောင်းနေသော ယူဂျီကို ကြည့်ရသည်မှာ ယခင်ထက် ပို လန်းဆန်းနေသယောင် ထင်ရသည်။
ထိုသို့ဖြင့် တစ်လနီးပါးမျှ ကုန်လွန်သွားသည်။ တာကာယူကီသည် ရုံးဆင်းသည်နှင့် ဆေးရုံသို့ သွား၍ ဖခင်ကို ကြည့်ရှုသည်။ ယူဂျီသည် မထိုင်စဖူး ခုတင်ပေါ်တွင် ထိုင်လျက် ပြတင်းပေါက် အပြင်ဘက်သို့ ငေးမျှော်ကြည့်နေသည်။ သူ၏ အခန်းမှာ လူနာနှစ်ယောက်ခန်း ဖြစ်ပြီး ခုတင်တစ်လုံးမှာ လွတ်လျက် ရှိသည်။
“အဖေ ဒီနေ့ လန်းဆန်းနေပါလား” တာကာယူကီက နှုတ်ဆက်လိုက်သည်။
ယူဂျီသည် သားကို မော့ကြည့်ပြီး ဘာမျှ ပြန်မပြောဘဲ ပြုံးနေသည်။
“ခါတိုင်းအချိန်က အနိမ့်ဆုံး အဆင့်ကို ရောက်နေတော့ တစ်ရက်တလေတော့လည်း အတက်ဘက် ရောက်လာဦးမှာပေါ့”
“တက်တာကောင်းတယ်။ ဒါက အဖေကြိုက်တဲ့ ပဲပေါက်ဆီ” တာကာယူကီသည် စက္ကူအိတ်ကို ခုတင်ဘေးရှိ စားပွဲပေါ်သို့ တင်လိုက်သည်။
ယူဂျီသည် စက္ကူအိတ်ကို တစ်ချက်လှမ်းကြည့်ပြီး တာကာယူကီဘက်သို့ ပြန်လှည့်လာသည်။
“မင်းကို အကူအညီ တောင်းစရာ ရှိတယ်”
“ဘာများလဲ”
“အဲ ..……..” ယူဂျီသည် အသံရှည်ဆွဲ၍ ရေရွတ်နေရင်း အကြည့်ကို လွှဲဖယ်လိုက်သည်။ ထို့နောက် တွန့်ဆုတ်သော အသံနေ အသံထားဖြင့် ပြောဆိုလာသည်။ ထိုစကားမှာ တာကာယူကီ လုံးဝ မျှော်လင့်မထားသော စကားတစ်ခွန်း ဖြစ်နေသည်။
သူ ဆိုင်သို့ ပြန်လိုကြောင်း ပြောလာသည်။
“ဘာလုပ်ဖို့ ပြန်မှာလဲ။ ဆိုင်ဖွင့်ဦးမလို့လား။ အဖေ ကျန်းမာရေး ကောင်းတာလည်း မဟုတ်ဘူး”
ယူဂျီက ခေါင်းကို ခါယမ်းနေသည်။
“ဆိုင်မှာ ရောင်းစရာ ပစ္စည်းမှ မရှိတာ။ ဖွင့်လည်း အပိုပါပဲ။ ဒါပေမယ့် ကိစ္စ မရှိပါဘူးလေ။ ငါ အဲဒီကို ပြန်သွားချင်ရုံ သက်သက်ပါပဲ”
“ဘာဖြစ်လို့ ပြန်သွားချင်ရတာလဲ”
ယူဂျီ နှုတ်ဆိတ်နေသည်။ ပြောသင့် မပြောသင့် စဉ်းစားနေဟန် ရှိသည်။
“လက်တွေ့ကျကျ တွေးကြည့်စမ်းပါဦး အဖေရာ။ အဖေရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေအရ တစ်ယောက်တည်း နေလို့ လုံးဝ မဖြစ်နိုင်ဘူးလေ။ လူတစ်ယောက်က အဖေကို အနားမှာ စောင့်ရှောက်ပေးနေမှ ဖြစ်မှာ။ အဲဒီလို မဖြစ်နိုင်ဘူး ဆိုတာကို အဖေ နားလည် သဘောပေါက်သင့်ပါတယ်”
ထိုစကားကြောင့် ယူဂျီသည် မျက်မှောင်ကုတ်သွားပြီး ခေါင်းခါလိုက်သည်။
“စောင့်ရှောက်ဖို့ လူမလိုပါဘူးကွာ။ ငါတစ်ယောက်တည်းလည်း ဖြစ်ပါတယ်”
“ဘယ်ဖြစ်မှာလဲဗျာ။ တွေးကြည့်ရုံနဲ့ သိနေတာပဲ။ လူနာတစ်ယောက်ကို ဂရုမစိုက်ဘဲ ပစ်ထားလို့မှ မဖြစ်တာ။ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောပါနဲ့တော့”
ယူဂျီသည် သူ့ကို စေ့စေ့စိုက်ကြည့်နေသည်။ မျက်လုံးများက တစ်စုံတစ်ရာကို ရှင်းပြချင်နေသယောင်။ “တစ်ညတည်း နေရရင် ဖြစ်ပြီ”
“တစ်ည”
“အင်း၊ တစ်ည။ ဆိုင်ထဲမှာ တစ်ယောက်တည်း တစ်ညတာ နေခွင့် ရချင်တယ်”
“အဖေ ဘာတွေ ဖြစ်နေတာလဲ”
“မင်းကို ပြောလည်း အပိုပါပဲ။ မင်း နားလည်နိုင်မှာ မဟုတ်ဘူး။ အဲ … တခြားသူကို ပြောလည်း နားလည်မှာ မဟုတ်ဘူး။ ငါ့ကို ရူးလို့ ပြောနေတယ်ပဲ ထင်ပြီး အဖက်လုပ်ကြမှာ မဟုတ်ဘူး”
“အဖေက ကျွန်တော်ကို ပြောမပြဘဲ နားလည်မလည် ဘယ်လိုလုပ်ပြီး သိနိုင်မလဲ”
“အင်း …….” ယူဂျီသည် ခေါင်းကို ငဲ့စောင်း၍ စဉ်းစားသည်။ “မဖြစ်သေးပါဘူး။ မင်း ယုံမှာ မဟုတ်ဘူး”
“ဗျာ။ မယုံဘူး? ဘာကို မယုံရမှာလဲ”
ယူဂျီက မေးခွန်းကို ပြန်မဖြေဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။ “တာကာယူကီ၊ ငါ အချိန်မရွေး ဆေးရုံ ဆင်းနိုင်တယ်လို့ ဆရာဝန်က မင်းကို မပြောဘူးလား။ မဟုတ်လည်း ကုလို့ ရတာမှ မဟုတ်ဘဲ။ လူနာ စိတ်ချမ်းသာသလို နေပါစေလို့ သူတို့က မင်းကို အဲဒီလို ပြောတယ် မဟုတ်လား”
တာကာယူကီ နှုတ်ဆိတ်ရမည့် အလှည့် ရောက်လာသည်။ ယူဂျီ ပြောခဲ့သည်မှာ အမှန်။ ဆရာဝန်က သူ့ကို အသိပေးထားခဲ့သည်။ ယူဂျီ၏ ရောဂါအခြေအနေသည် ကုသနိုင်သည့် အဆင့်ကို လွန်သွားပြီ ဖြစ်သောကြောင့် အချိန်မရွေး အသက်ဆုံးရှုံးနိုင်သော အခြေအနေတွင် ရှိနေသည်။
“တောင်းပန်ပါတယ် သားရယ်” ယူဂျီက လက်အုပ်ချီ၍ အသနားခံနေလေသည်။
“အဲဒီလို မလုပ်ပါနဲ့ အဖေရာ”
“ငါ့မှာ အချိန် မရှိတော့ဘူး။ မင်း ငါ့ကို ဘာမှ မပြောပါနဲ့လား။ ဘာမှလည်း မမေးပါနဲ့လား။ ငါလုပ်ချင်တဲ့ အလုပ်ကို နောက်ဆုံးအနေနဲ့ လုပ်သွားပါရစေလားကွာ”
ဖခင်အိုကြီး၏ စကားသည် တာကာယူကီ၏ ရင်ကို လေးပင်သွားစေသည်။ ဖခင်၏ ဆန္ဒကို လုံးစေ့ပတ်စေ့ နားမလည်သော်လည်း သူ၏ ဆန္ဒကို အကောင်အထည် ဖော်ပေးလိုက်ချင်သည်။ သူ သက်ပြင်းချလိုက်သည်။ “အဖေ ဘယ်တော့ သွားချင်တာလဲ”
“မြန်လေ ကောင်းလေပဲ။ ဒီည ဆိုရင်ရော”
“ဒီည?” တာကာယူကီက မျက်လုံးပြူးလျက် “ဘာဖြစ်လို့ အဲဒီလောက် လောနေရတာလဲ”
“ငါ ပြောပြီးပြီပဲ။ အချိန်မရှိတော့ဘူး”
“ဒါပေမယ့် အသိပေးစရာ ရှိတဲ့လူတွေကိုတော့ အသိပေးရဦးမယ်လေ”
“မလိုပါဘူးကွာ။ ယိုရီကိုကိုတော့ သွားမပြောနဲ့ဦး။ အိမ်ခဏ ပြန်မယ်လို့ ဆေးရုံကို အသိပေးပြီး ဆိုင်ကို တန်းသွားကြတာပေါ့”
“အဖေ … ဘာတွေ ဖြစ်နေတာလဲဗျာ။ အကျိုးအကြောင်းတော့ ကျွန်တော်ကို ပြောပြသင့်တယ် ထင်တာပဲ”
ယူဂျီက မျက်နှာလွှဲသွားသည်။ “တကယ်လို့ မင်းကို ပြောပြရင် မင်းက ငါ့ကို သွားခွင့်ပြုတော့မှာ မဟုတ်ဘူး”
“ဟင့်အင်း၊ ကျွန်တော် ကတိပေးတယ်။ အဖေကို ဆိုင်လိုက်ပို့ ပေးမယ်။ ကျွန်တော့်ကိုသာ ပြောပြစမ်းပါ”
ယူဂျီသည် တာကာယူကီဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာသည်။ “တကယ် ပြောတာလား။ မင်း ငါ့စကားကို တကယ် ယုံမှာလား”
“တကယ်ပေါ့။ ကျွန်တော် ယုံပါ့မယ်။ ယောက်ျားကတိ”
“ကောင်းပြီလေ” ယူဂျီက ခေါင်းညိတ်ပြသည်။ “ဒါဆို ငါ မင်းကို ပြောပြမယ်”
(ဂ)
ဘေးခုံတွင် ထိုင်နေသော ယူဂျီသည် တစ်လမ်းလုံး ဘာစကားမျှ မပြောပေ။ အိပ်ပျော်နေခြင်းမျိုးလည်း မဟုတ်။ ဆေးရုံမှ ထွက်ခွာလာပြီး ၃ နာရီခန့် ကြာသောအခါ ရင်းနှီးထားပြီးသော ရှုမျှော်ခင်းများ မြင်ကွင်းထဲသို့ ရောက်လာကြသည်။ ထိုအခါမှ သူသည် ပြတင်းပေါက် အပြင်ဘက်သို့ တသစွာ ငေးမျှော်ကြည့်နေသည်။
ယူဂျီကို အပြင်သို့ ခေါ်ထုတ်လာသည့် ကိစ္စကို ဇနီးသည် ဖူမီကိုတစ်ယောက်တည်းအား ပြောပြထားသည်။ လူနာတစ်ယောက်ကို ဓာတ်ရထား စီးခိုင်းရန် မသင့်လျော်သောကြောင့် ကိုယ်တိုင် ကားမောင်း၍ လိုက်ပို့ရသည်။ ထို့အပြင် ညတွင်းချင်းလည်း ပြန်လာနိုင်မည် မဟုတ်ပေ။
တစ်ခဏအကြာတွင် နာမီယာကုန်စုံဆိုင်ကို အဝေးမှ လှမ်းမြင်လာရသည်။ ယမန်နှစ်ကမှ ဝယ်ထားခဲ့သော ဆစ်ဗစ်ကားကို ဆိုင်ရှေ့တွင် ရပ်တန့်လိုက်သည်။ ဟန်းဘရိတ်ကို ဆွဲပြီး လက်ပတ်နာရီကို လှမ်းကြည့်သည်။ ည ၁၁ နာရီ ထိုးပြီးခါစ။
“ရောက်ပြီ အဖေ”
ကားသော့ကို ဆွဲနှုတ်ပြီးနောက် တာကာယူကီသည် ထရန် ဟန်ပြင်နေစဉ် ယူဂျီသည် သူ၏ ခြေထောက်ကို လက်ဖြင့် ဖိထားလိုက်သည်။
“ဒီလောက် ပို့ပေးရင် ရပါပြီ။ မင်း ပြန်လိုက်တော့”
“ဒါပေမယ့် ……..”
“မင်းကို ဘယ်နှခါ ပြောနေရမှာလဲ။ ငါတစ်ယောက်တည်း နေလို့ ဖြစ်ပါတယ်။ အနားမှာ တခြားလူ ရှိမနေစေချင်ဘူး”
တာကာယူကီက မျက်နှာကို လွှဲလိုက်သည်။ အကယ်၍ ဖခင်ပြောခဲ့သော ထိုယုံတမ်းစကားကို ယုံကြည်မည် ဆိုလျှင် ဖခင်၏ လတ်တလော စိတ်အခြေအနေကို သူ နားလည်ပေးနိုင်သည်။ သို့သော် …..
“ငါ့ကို ဒီလောက် အဝေးကြီး လိုက်ပို့ရပြီးမှ မင်းကို နှင်လွှတ်ရတာ စိတ်မကောင်းပါဘူး”
“ထားပါတော့။ ကိစ္စ မရှိပါဘူး” တာကာယူကီသည် နှာသီးဖျားကို ပွတ်နေသည်။ “ဒါဆို ကျွန်တော် မနက်ဖြန်မနက်မှ အဖေ့ကို ပြန်လာခေါ်တော့မယ်။ အခု တစ်နေရာရာမှ အချိန်သွားဖြုန်းလိုက်မယ်”
“မင်းက ကားထဲမှာ အိပ်မလို့လား။ ဘယ်ဖြစ်မလဲ။ အဲဒါ ကျန်းမာရေးအတွက် မကောင်းဘူး”
တာကာယူကီက တစ်ချက် ဟန့်လိုက်သည်။
“အဖေမို့ အဲဒီလို စကားမျိုး ပြောထွက်တယ်။ အဖေကိုယ်တိုင်က လူနာတစ်ယောက်လေဗျာ။ ပြီးတော့ အဖေ ကျွန်တော့်ကို ကိုယ်ချင်းစာ ကြည့်ပါဦး။ အဖေသာ ကျွန်တော်ဆိုရင် ကျန်းမာရေး မကောင်းတဲ့ ကိုယ့်ဖခင်တစ်ယောက်ကို ဒီလို အိမ်အိုကြီးတစ်လုံးထဲမှာ တစ်ယောက်တည်း ပစ်ထားပြီး ပြန်သွားရက်ပါ့မလား။ မနက် ပြန်လာရမယ့် အတူတူတော့ ကားပေါ် ထိုင်စောင့်နေတာကမှ သက်သာလိမ့်ဦးမယ်”
ယူဂျီက နှုတ်ခမ်းကို မဲ့လိုက်သည်။ မျက်နှာပေါ်မှ အရေးအကြောင်းများ ပိုမို နက်ရှိုင်းသွားကြသည်။ “ဆောရီးပါကွာ”
“အဖေ တစ်ယောက်တည်း တကယ်ရော အဆင်ပြေမှာမို့လား။ ကျွန်တော် ပြန်လာတဲ့အချိန် အမှောင်ထုထဲမှာ အဖေ လဲနေတာ တွေ့ရရင် ကျွန်တော့်ကိုယ်ကျွန်တော် ခွင့်လွှတ်နိုင်မှာ မဟုတ်တော့ဘူး”
“အေးပါ။ ဘာမှ မဖြစ်ပါဘူး။ ပြီးတော့ မီးဖျက်ခံထားရတာမှ မဟုတ်တာ။ ဆိုင်ထဲ မှောင်မဲနေမှာ မဟုတ်ပါဘူး” ပြောပြီးနောက် ယူဂျီသည် ကားတံခါးကို ဖွင့်ပြီး မြေပြင်သို့ ခြေချလိုက်သည်။ သူ၏ လှုပ်ရှားနေပုံမှာ တစ်ချက်ကလေးမျှ စိတ်ချချင်စရာ မကောင်းပေ။
“ဪ … ဒါနဲ့” ယူဂျီက နောက်ပြန် လှည့်ကြည့်သည်။ “အရေးကြီးတာ မေ့သွားတော့မလို့။ ငါ မင်းကို ဒါ အရင်ပေးထားမှ ဖြစ်မယ်” သူက စာတစ်စောင် လှမ်းပေးသည်။
“အဲဒါက ….”
“နဂိုကတော့ သေတမ်းစာအနေနဲ့ ရေးထားတာပဲ။ အခုတော့ မင်းကိုလည်း ဘာမှ မကွယ်မဝှက် အသိပေးထားပြီးပြီ ဆိုတော့ အခု ပေးလိုက်လည်း ကိစ္စ မရှိတော့ပါဘူး။ စောစော ပေးထားတာ ပိုတောင် ကောင်းချင် ကောင်းနေဦးမှာ။ ငါ အိမ်ထဲ ဝင်သွားပြီဆိုမှ ဖတ်ကြည့်။ ဖတ်ပြီးသွားရင်တော့ ငါ့ဆန္ဒအတိုင်း လုပ်ပေးပါ့မယ်လို့ သစ္စာဆိုရမယ်။ မဟုတ်ရင် ငါ အခု လုပ်နေတာတွေက အဓိပ္ပာယ် ရှိမှာ မဟုတ်တော့ဘူး”
တာကာယူကီသည် စာကို လှမ်းယူလိုက်သည်။ စာအိတ်၏ နှစ်ဘက်စလုံးတွင် ဘာစာမျှ ရေးထားခြင်း မရှိ။ သို့သော် အထဲတွင် စာတစ်စောင် ထည့်ထားသည်။
“ငါပြောတာ မမေ့နဲ့နော်” ယူဂျီ ကားပေါ်မှ ဆင်းသွားသည်။ ဆေးရုံမှ ယူလာသော တောင်ဝှေးကို ထောက်ကာ ထောက်ကာဖြင့် ဖြည်းဖြည်းချင်း လျှောက်နေသည်။
တာကာယူကီသည် ဘာပြောရမည်မှန်း မသိဘဲ ဖြစ်နေသောကြောင့် ဘာမျှ မပြောဘဲ တိတ်တဆိတ် ကြည့်နေမိသည်။ ယူဂျီသည် တစ်ချက်ကလေးမျှ နောက်ပြန် လှည့်မကြည့်ဘဲ သူ၏ အရိပ်သည် ဆိုင်နှင့် ဂိုဒေါင်ကြားရှိ လမ်းကျဉ်းလေးထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
တစ်ခဏမျှ ငေးကြောင် ကြည့်နေပြီးမှ သတိပြန်ဝင်လာကာ လက်ထဲမှ စာအိတ်ကို ဖောက်လိုက်သည်။ အထဲတွင် စာတစ်စောင်ကို တွေ့ရသည်။ စာထဲတွင် နားလည်ရခက်သော အကြောင်းအရာတစ်ခုကို ရေးသားထားသည်။
❝ သား တာကာယူကီ
မင်း ဒီစာကို ဖတ်ရတဲ့အချိန် အဖေ လူ့လောကမှာ ရှိမယ် မထင်တော့ဘူး။ အခုလို ရေးရတာ ကြေကွဲစရာ ကောင်းလှပေမယ့် အဲဒါက လောကဓမ္မတာပဲ မဟုတ်လား။ ပြီးတော့ အခုချိန်မှာ အဖေ မရှိတော့ဘူး ဆိုတော့ အဖေ့မှာ ဝမ်းနည်းကြေကွဲတတ်တဲ့ နှလုံးသားလည်း ရှိမယ် မထင်တော့ပါဘူး။
အဖေ မင်းကို အကူအညီတစ်ခု တောင်းချင်လို့ ဒီစာကို ရေးရတာပါ။ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် အဖေ့ကိုယ်စား မဖြစ်ဖြစ်အောင် လုပ်ပေးပါ။
အဖေ မင်းကို အကူအညီ တောင်းချင်တဲ့ ကိစ္စကတော့ စကားတစ်ခွန်းတည်းနဲ့ ပြောရရင် ကြေညာချက်တစ်ခု ထုတ်ပေးဖို့ပဲ။ အဖေဆုံးတဲ့ ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့ကျရင် အောက်မှာ ရေးထားတဲ့အတိုင်း လူအများဆီကို ဖြစ်တဲ့နည်းတစ်ခုခုနဲ့ ကြေညာပေးပါ။
“ xx လ xx ရက်နေ့ (ဒီနေရာမှာ အဖေသေဆုံးတဲ့ ရက်စွဲကို ဖြည့်ပေးပါ) ညသန်းခေါင်ယံ ၀ နာရီ ၀ မိနစ် အချိန်မှ နံနက် အရုဏ်တက်ချိန်အထိ နာမီယာကုန်စုံဆိုင်၏ အကြံတောင်း စာတိုက်ပုံးကို ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခင်က ၎င်းကုန်စုံဆိုင်တွင် အကြံဉာဏ် တောင်းခံခဲ့ဖူး၍ ပြန်စာ ရရှိခဲ့ဖူးသော လူကြီးမင်းများကို တစ်ခုလောက် တောင်းဆိုပါရစေ။ ထိုအချိန်က ရရှိခဲ့သော ထိုပြန်စာသည် လူကြီးမင်း၏ ဘဝလမ်းကြောင်းတွင် မည်သို့သော သက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့ပါသနည်း။ လူကြီးမင်းအား အကူအညီ တစ်စုံတစ်ရာ ပေးနိုင်ခဲ့ပါသလော။ ထိုမေးခွန်းများကို အမှန်အတိုင်း ဖွင့်ဟပြောဆိုပေးပါရန် တောင်းခံပါရစေ။ ယခင်က နည်းအတိုင်းပင် ပေးစာများကို ဆိုင်မှ ယင်းလိပ်တံခါးပေါ်ရှိ စာထည့်ပေါက်တွင် ထည့်ပေးကြပါခင်ဗျာ။ ကျေးဇူး အထူးတင်ရှိပါသည်”
မင်းကတော့ ကကျိုးကကြောင်တွေလို့ ထင်ချင် ထင်နေမှာပဲ။ ဒါပေမယ့် ငါ့အတွက်တော့ အင်မတန် အရေးကြီးတယ်။ ရူးတယ်လို့ပဲ ထင်ထင်။ အဲဒီလောက်တော့ အဖေအတွက် မဖြစ်ဖြစ်အောင် လုပ်ပေးပါ။
အဖေ ❞
၎င်းစာကို နှစ်ခေါက် ပြန်ဖတ်ပြီးနောက် တာကာယူကီသည် တစ်ယောက်တည်း မဲ့ပြုံး ပြုံးနေမိသည်။
အကယ်၍သာ အကျိုးအကြောင်းကို ကြိုသိမထားရဘဲ ယခုကဲ့သို့ ထူးဆန်းသော သေတမ်းစာကို လက်ခံရရှိခဲ့ပါလျှင် သူ မည်သို့ ပြုလုပ်ချိမ့်မည်နည်း။ အဖြေမှာ ရှင်းပါသည်။ ၎င်းစာကို မသိကျိုးကျွံ ပြုလိုက်မည်သာ။ ဖခင်သည် သေအံ့မူးမူး ဖြစ်နေသောကြောင့် ဦးနှောက်ထိခိုက်ကာ လျှောက်ရေးထားခြင်း ဖြစ်ရမည်။ ထိုမျှဖြင့် ပုဒ်မချလိုက်ပေမည်။ မိမိတွင် လုပ်ပေးရမည့် ဝတ္တရား ရှိသည်ဟု ကွယ်လွန်ကာစ၌ ထင်ကောင်း ထင်နေနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဝေဝါး ပျောက်ကွယ်သွားပေမည်။ ထိုမျှ မြန်မြန်နှင့် မမေ့နိုင်ဟု ဆိုချင် ဆိုနိုင်သေးသည်။ သို့သော် အနှစ် ၃၀ ကြာပြီးနောက်တွင်တော့ ဘာမျှ ကျန်နိုင်တော့မည် မဟုတ်ချေ။
သို့သော် ယူဂျီ၏ ထူးဆန်းသော စကားကို ကြားပြီးသည့် နောက်တွင်မူ ၎င်းသေတမ်းစာကို သူ လျစ်လျူရှုထား၍ မဖြစ်တော့ပေ။ ယူဂျီသည် သူရင်တွင်း၌ ဖြစ်ပေါ်နေသော စိုးရွံ့ထိတ်လန့်မှုများကို သူ့အား ပြောခဲ့ခြင်းကြောင့်တည်း။
ထိုစဉ်က ဖခင်သည် ဘာမျှ မပြောသေးဘဲ ကတ်ကြေးဖြင့် ဖြတ်ယူထားသော သတင်းစာ အပိုင်းလေးတစ်ပိုင်းကို ထုတ်ယူပြီး သူ့အား ထိုးပေးသည်။ “မင်း ဒါအရင် ဖတ်ကြည့်”
၎င်းမှာ လွန်ခဲ့သော ၃ လခန့်က သတင်းတစ်ပုဒ် ဖြစ်သည်။ အနီးနားရှိ မြို့တစ်မြို့မှ အမျိုးသမီး၏ သေဆုံးခြင်းနှင့် ပတ်သက်သော သတင်းတစ်ပုဒ်။ ကားတစ်စီးသည် ဆိပ်ကမ်းပေါ်မှ ပင်လယ်ထဲသို့ ထိုးကျသွားကြောင်း၊ လူအများပင် တွေ့မြင်လိုက်ကြကြောင်း သတင်းတွင် ဖော်ပြထားသည်။ ရဲစခန်းသို့ အကြောင်းကြားပြီးနောက် ရဲသားများနှင့် ကယ်ဆယ်ရေးအဖွဲ့များ အမြန်ဆုံး ရောက်ရှိလာကြပြီး ကယ်ဆယ်ရေးကို ပြုလုပ်ခဲ့ကြသည်။ ကားမောင်းသူ အမျိုးသမီး၏ အသက်ကိုမူ မမီလိုက်ချေ။ သို့သော် ပင်လယ်ထဲသို့ ပြုတ်ကျပြီး မကြာခင်တွင် အသက်တစ်နှစ်ခန့် အရွယ်ရှိသော ကလေးငယ်တစ်ယောက်သည် ကားထဲမှ တွန်းထုတ်ခံရပြီး ရေအထက်သို့ ပေါ်လာကာ သူ့ကို တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့သည်။ ၎င်းကလေးမှာ ကံထူးစွာ အသက်ရှင်သန်ခွင့် ရခဲ့သည်။
ကားမောင်းသော အမျိုးသမီး၏ နာမည်မှာ ကာဝါဘေ မီဒိုရီ (အသက် ၂၉ နှစ်) ဖြစ်ပြီး အိမ်ထောင် မရှိပေ။ မော်တော်ကားမှာလည်း ကလေးကို ဆေးရုံပို့ရန်ဟု ဆိုကာ သူငယ်ချင်းထံမှ ငှားရမ်းထားခြင်း ဖြစ်သည်။ သူ့အိမ်နီးနားချင်း၏ ပြောကြားချက်အရ သူ့တွင် အလုပ်အကိုင် မရှိဘဲ အနေအထိုင် ကျပ်တည်းလှသည်။ လက်တွေ့တွင်လည်း သူသည် အခန်းခကို မပေးဆောင်နိုင်သောကြောင့် ယခုလမကုန်ခင် အခန်းမှ ဆင်းပေးရန် နှင်ချခံထားရသည်။ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်တွင် ကားတာယာ ပွတ်ဆွဲထားသော အခြင်းအရာများ မတွေ့ရှိရခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်း ဖြစ်ဖို့များကြောင်း ရဲဘက်မှ ယူဆထားသည်။ လက်ရှိအချိန်အထိ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဟု သတင်းက အဆုံးသတ်ထားလေသည်။
“ဒီသတင်းက ဘာဖြစ်နေလို့လဲ” တာကာယူကီက မေးသည်။
ယူဂျီသည် ဝမ်းနည်းစွာ မျက်စိကို စုံမှိတ်ထားပြီး ပြန်ဖြေလေသည်။
“အဲဒါ ဟိုအမျိုးသမီးပဲ။ မင်း မှတ်မိသေးလား။ အမျိုးသမီးက ကိုယ်ဝန်ရှိနေပြီး ယောက်ျားလေးဘက်က မယားကြီးရှိနေလို့ စိတ်ရှုပ်တာနဲ့ ငါ့ဆီ အကြံဉာဏ် လှမ်းတောင်းခဲ့တာလေ။ ငါတော့ အဲဒီအမျိုးသမီးပဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ မြို့က ဒီအနီးနားကမြို့။ ကလေးက တစ်နှစ်ပဲ ရှိသေးတာ။ ဒါတွေအားလုံးလည်း အံကိုက်ပဲ”
“မဖြစ်နိုင်ပါဘူး” တာကာယူကီက ပြောသည်။ “တိုက်ဆိုင်တာ နေမှာပါ အဖေရာ”
သို့သော် ယူဂျီက ခေါင်းခါနေသည်။
“လူတွေက ငါ့ဆီကို စာရေးရင် နာမည် အစစ်နဲ့ မရေးကြဘဲ နာမည်ပြောင် သုံးကြတယ်။ သူသုံးတဲ့ နာမည်က ‘မြနဒီ’ တဲ့။ စောစောက သတင်းထဲမှာ ပါတဲ့ အမျိုးသမီးရဲ့ နာမည်က ကာဝါဘေး မီဒိုရီ။ မီဒိုရီဆိုတာ အစိမ်းရောင်လို့ ဆိုလိုတာ။ မြဆိုတာလည်း အစိမ်းရောင်ပဲ။ ပြီးတော့ ကာဝါဘေ ဆိုတဲ့ စကားလုံးထဲမှာလည်း မြစ်လို့ အဓိပ္ပာယ်ရတဲ့ အက္ခရာတစ်လုံး ပါနေတယ်။ နဒီဆိုတာလည်း မြစ်ပဲ။ အဲဒါတွေကရော တိုက်ဆိုင်မှုပဲလား။ ငါတော့ အဲဒီလို မထင်ဘူး”
တာကာယူကီ ဆွံ့အနေမိသည်။ တိုက်ဆိုင်သည်ဟု ပြောရလျှင်လည်း တိုက်ဆိုင်လွန်းလှချည့် ဟုသာ ဆိုရန် ရှိတော့သည်။
“ပြီးတော့” ယူဂျီက ဆက်ပြောသည်။ “အဲဒီ အမျိုးသမီးဟာ ဟိုတစ်ချိန်က မေးခွန်းရှင် ဟုတ်မဟုတ်ဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက ဟိုတစ်ချိန်က ငါရဲ့ အဖြေဟာ မှန်ကန်မှု ရှိခဲ့ရဲ့လား ဆိုတာပဲ။ ဟင့်အင်း။ ဟိုတစ်ချိန်ကတင် မကပါဘူးလေ။ အခုအချိန်ထိ ရေးခဲ့ပြီးတဲ့ မရေမတွက်နိုင်အောင် များပြားလှတဲ့ ပြန်စာတွေဟာ ကာယကံရှင်တွေအတွက် တကယ်ရော အကျိုးသက်ရောက်မှု ရှိခဲ့ရဲ့လား။ အဲဒါက ပို အရေးကြီးတယ်။ ငါကတော့ ဘယ်တော့မဆို လေးလေးနက်နက် စဉ်းစားပြီးမှ စာပြန်ခဲ့တာချည်းပဲ။ ဘယ်တုန်းကမှ လက်လွတ်စပယ် ရေးခဲ့တာမျိုး မရှိဘူး။ ဒါတော့ ငါ အာမခံရဲတယ်။ ဒါပေမယ့် ငါရဲ့ ပြန်စာက ကာယကံရှင်အတွက် အထောက်အပံ့ရော ဖြစ်ခဲ့ရဲ့လား။ ဒါတော့ ငါလည်း မသိဘူး။ သူတို့က ငါပြောတဲ့အတိုင်း လိုက်လုပ်မိလို့ ဒုက္ခရောက်သွားကြတာမျိုးလည်း ရှိကောင်း ရှိနိုင်တာပဲ။ အဲဒီအတွေးက တစ္ဆေတစ်ကောင်လို အမြဲလိုက်နေလို့ ဘယ်သူ့အတွက်မှ အကြံပေးစာ မရေးနိုင်တော့ဘူး။ ဒါကြောင့် ဆိုင်ပိတ်ခဲ့ရတာပဲ”
‘ဒါကြောင့် ဆိုင်ပိတ်ခဲ့တာကိုး’ တာကာယူကီက အခုမှ လိပ်ပတ်လည်လာသည်။ ယခင်က ဆိုင်ပိတ်ရန် ဖခင်အား မည်သို့မျှ ချော့မော့ ပြော၍ မရခဲ့သော်လည်း ဖခင်သည် ရုတ်တရက် စိတ်ပြောင်းကာ ဆိုင်ကို မပြောမဆိုနှင့် ပိတ်ပစ်ခဲ့သည်။ အဘယ်ကြောင့် ထိုသို့ ရုတ်တရက် ပြောင်းလဲသွားရသနည်း ဆိုသည့် မေးခွန်းအတွက် သူ ဦးနှောက်စားခဲ့ရသည်။
“မင်းနဲ့ အတူ ပြောင်းနေပြီးတော့လည်း အဲဒီကိစ္စကို တစ်စက္ကန့်လေးတောင် မေ့မရနိုင်ခဲ့ဘူး။ ငါရဲ့ အဖြေက တခြားလူကို လမ်းမှားပေါ် တင်ပေးလိုက်သလိုမျိုး ဖြစ်သွားလေမလား။ ဒီမေးခွန်းကို စဉ်းစားမိတိုင်း ငါ အိပ်လို့ မပျော်တော့ဘူး။ ဆေးရုံရောက်တော့လည်း ငါ စဉ်းစားနေခဲ့တာပဲ။ အဲဒါ ဝဋ်လည်တာပဲ ဖြစ်လိမ့်မယ် ထင်တယ်”
“အဖေ အစိုးရိမ် လွန်နေတာပါဗျာ” တာကာယူကီက ပြောသည်။ “ပြန်စာကို ဘယ်လိုပဲ ရေးထား ရေးထား၊ နောက်ဆုံး ဆုံးဖြတ်ချက် ချရတာ ကာယကံရှင်လေဗျာ။ တကယ်လို့ နောက်ဆုံးမှာ စိတ်မချမ်းမြေ့စရာ အဖြစ်မျိုးနဲ့ ကြုံဆုံရတယ် ဆိုရင်တောင် အဲဒီရလဒ်အတွက် အဖေ့မှာ တာဝန် မရှိပါဘူး”
သို့သော် ယူဂျီကတော့ ထိုသို့ ကျိုးကြောင်းဆက်၍ လက်မခံနိုင်ခဲ့ပေ။ ထိုသို့ဖြင့် ဆေးရုံခုတင်ပေါ်တွင် တစ်လူးလူး တစ်လှိမ့်လှိမ့်နှင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့သည်။ ထို့နောက် တစ်ညတွင် ထူးဆန်းသော အိပ်မက်တစ်ခုကို စတင် မြင်မက်ခဲ့သည်။ ၎င်းအိပ်မက်မှာ အခြား မဟုတ်။ နာမီယာကုန်စုံဆိုင် အကြောင်း ဖြစ်သည်။
“ည သန်းခေါင်အချိန်မှာပေါ့။ လူတစ်ယောက်က ယင်းလိပ်တံခါးရဲ့ စာထည့်ပေါက်ကနေ စာတစ်စောင် ထည့်သွားတယ်။ ငါက တစ်နေရာကနေ အဲဒါကို လှမ်းမြင်နေရတယ်။ ဘယ်နေရာလည်း ဆိုတာတော့ ငါလည်း မသိဘူး။ ကောင်းကင်ပေါ်ကနေလို့ ထင်တာပဲ။ ဆိုင်အနီးအနားမှာလို့လည်း ထင်တယ်။ ဘာပဲဖြစ်ဖြစ် ငါ မြင်လိုက်တာတော့ အမှန်ပဲ။ ပြီးတော့ အဲဒါက အနာဂတ်မှာ ဖြစ်နေတဲ့ကိစ္စ ….. ဒီကနေ နှစ်ပေါင်း ဆယ်ချီ ကွာလိမ့်မယ်။ ငါ ဘယ်လိုလုပ်ပြီး သိသလဲ လို့တော့ မမေးနဲ့။ ငါ မဖြေတတ်ဘူး။ ဒါပေမယ့် အဲဒီလိုပဲ ငါ ခံစားနေရတယ်”
သူသည် ညတိုင်းနီးပါး ထိုအိပ်မက်ကို ဆက်တိုက် မြင်မက်နေခဲ့သည်။ နောက်ဆုံးတွင် သူ သဘောပေါက်လာသည်။ ၎င်းမှာ ရိုးစင်းသော အိပ်မက်မြင်ကွင်း သက်သက် မဟုတ်ဘဲ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ကိစ္စကို ကြိုုတင်တွေ့မြင် နေရခြင်း ဖြစ်သည်။
“ယင်းလိပ်တံခါးမှာ စာလာထည့်တဲ့ လူတွေက တခြားသူ မဟုတ်ဘူး။ ငါ့ဆီ စာပို့ပြီး အကြံဉာဏ် တောင်းခဲ့ကြလို့ ပြန်စာ ရခဲ့ကြတဲ့ လူတွေချည်းပဲ။ သူတို့ရဲ့ ဘဝအခြေအနေတွေ ဘယ်ပုံဘယ်နည်း ပြောင်းလဲသွားကြတယ် ဆိုတာ ငါ့ကို လာပြောပြနေကြတာ။ ငါ အဲဒီစာတွေကို သွားယူချင်တယ်” ယူဂျီက ပြောသည်။
“အနာဂတ်ကာလက စာတွေကို ဘယ်လိုလုပ်ပြီး လက်ခံမလဲ” တာကာယူကီက မေးလိုက်သည်။
“ဆိုင်ထဲကို ရောက်အောင် သွားနိုင်ရင် သူတို့ရဲ့ စာတွေကို လက်ခံရမှာပဲ။ ကြားရတာတော့ မယုံနိုင်စရာ ဖြစ်နေမှာပဲ။ ဒါပေမယ့် ငါ အဲဒီလိုပဲ ယုံကြည်ထားတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ငါ အဲဒီကို တစ်ခေါက်လောက် ပြန်သွားချင်တယ်”
ယူဂျီ၏ လေသံမှာ ခိုင်မာပြတ်သားလှသည်။ ယောင်ယမ်း ပြောဆိုနေခြင်းမျိုး မဟုတ်။
ထိုစကားမျိုးမှာ ယုံကြည်ရန် အင်မတန် ခဲယဉ်းလှသော စကားမျိုး ဖြစ်သည်။ သို့သော် တာကာယူကီသည် ဖခင်ပြောမည့် စကားများကို ယုံကြည်ပါမည်ဟု အာမဘန္တေ ခံထားပြီးသား ဖြစ်နေသည်။ ဖခင်၏ ဆန္ဒကို မလိုက်လျော၍ မဖြစ်တော့ချေ။
(ဃ)
ကျဉ်းကျပ်သော ဆစ်ဗစ်ကားလေးထဲတွင် အိပ်နေရာမှ နိုးလာသော အချိန်၌ ပတ်ဝန်းကျင်မှာ အမှောင်အတိ ရှိနေဆဲပင် ဖြစ်သည်။ တာကာယူကီသည် ကားထဲမှ ခေါင်မိုးမီးကို ဖွင့်ပြီး အချိန်ကို ကြည့်လိုက်သည်။ နံနက် ၅ နာရီထိုးရန် မိနစ် အနည်းငယ် လိုသေးသည်။
ကားကို ပန်းခြံအနီးရှိ ကားလမ်းဘေးတွင် ရပ်ထားသည်။ တာကာယူကီသည် အနောက်သို့ လှန်ထားသော ထိုင်ခုံနောက်မှီကို မတ်မတ် ပြန်ထားလိုက်ပြီး ဇက်လေ့ကျင့်ခန်း အနည်းငယ် ပြုလုပ်၍ ကားပေါ်မှ ဆင်းသည်။
သူသည် ပန်းခြံရှိ အများသုံးအိမ်သာတွင် အပေါ့အပါး သွားပြီး မျက်နှာသစ်သည်။ ၎င်းမှာ သူငယ်စဉ်က မကြာခဏ လာကစားလေ့ရှိခဲ့သော ပန်းခြံ ဖြစ်သည်။ အများသုံး အိမ်သာထဲမှ ထွက်လာသောအခါ သူသည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်သည်။ ပန်းခြံ၏ အကျယ်အဝန်းမှာ သူ့အတွက် ထင်မှတ်မထားလောက်အောင် ကျဉ်းမြောင်းလွန်းနေသည်ကို တွေ့ရသောအခါ သူ အံ့အားသင့်နေမိသည်။ သူတို့ ငယ်စဉ်က ဤမျှ ကျဉ်းမြောင်းသော နေရာလေးတွင် ဘေ့စ်ဘောကို မည်ကဲ့သို့ ကစားခဲ့ကြသနည်း။ သူ မစဉ်းစားတတ်အောင် ဖြစ်နေသည်။
ကားပေါ်သို့ ပြန်ရောက်သောအခါ ကားကို စက်နှိုး၍ ရှေ့မီးဖွင့်ကာ ရှေ့သို့ ရွေ့လျားလာခဲ့သည်။ ဤနေရာမှ အိမ်သို့ မီတာ တစ်ရာကျော်မျှသာ ကွာလှမ်းသည်။
ကောင်းကင်လည်း တဖြည်းဖြည်း လင်းလာပြီ။ နာမီယာကုန်စုံဆိုင်ရှေ့သို့ ဆိုက်ရောက်သောအခါ ဆိုင်ဆိုင်းဘုတ်ပေါ်မှ စာလုံးများကိုပင် ပီပီသသ တွေ့မြင်နိုင်ပြီ။
တာကာယူကီသည် ကားပေါ်မှ ဆင်း၍ လမ်းကြားလေးထဲသို့ လျှောက်ဝင်သွားသည်။ နောက်ဖေးတံခါးကို စေ့စေ့ပိတ်ပြီး လော့ချထားသည်။ သူ့တွင် သော့ပါလာသော်လည်း သူက တံခါးခေါက်ရန် ဆုံးဖြတ်လိုက်သည်။
တံခါးခေါက်ပြီး ၁၀ စက္ကန့်မျှ ကြာသောအခါ အတွင်းဘက်မှ လှုပ်ရှားသံများ ထွက်ပေါ်လာသည်။
တံခါးသော့ဖွင့်သံ ကြားရပြီးနောက် တံခါးပွင့်လာသည်။ ယူဂျီ၏ မျက်နှာမှာ ချမ်းမြေ့နေပုံ ရသည်။
“အဖေ ဘာများ ဖြစ်နေပြီလဲလို့ စိတ်ပူသွားတာပဲ” တာကာယူကီက အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။
“အင်း … အထဲ အရင်ဝင်ဦး”
တာကာယူကီ အိမ်ထဲသို့ ရောက်သည်နှင့် နောက်ဖေးတံခါးကို ဗုန်းခနဲ ပိတ်ချလိုက်သည်။ ထိုခဏတွင် အနီးပတ်ဝန်းကျင်၌ တစ်စုံတစ်ခု ပြောင်းလဲနေကြောင်း သူ ခံစားလိုက်ရသည်။ ပြင်ပလောကနှင့် ကမ္ဘာတစ်ခု ခြားသွားသယောင်။
ဖိနပ်ချွတ်၍ အခန်းတွင်းသို့ ဝင်လာခဲ့သည်။ လပေါင်းများစွာ လူမနေဘဲ ပစ်ထားခဲ့ရသော်လည်း အိမ်ထဲတွင် သန့်ရှင်းသပ်ရပ်နေဆဲ ဖြစ်သည်။ သူ ထင်ထားသကဲ့သို့ ပင့်ကူမျှင်များလည်း မတွေ့ရပေ။
“ဝိုး၊ အတော်လေး သန့်ရှင်းနေတုန်းပါပဲလား။ ဒီလောက်အကြာကြီး ….”
‘လှောင်ပိတ်ထားတာတောင်’ ဟု ဆက်ပြောမည် အပြုတွင် တာကာယူကီ ရုတ်တရက် ဆွံ့အသွားသည်။ မီးဖိုချောင်ထဲမှ ထမင်းစား စားပွဲပေါ်သို့ အကြည့်ရောက်သွားသည်။
ထမင်းစား စားပွဲပေါ်တွင် စာအထပ်လိုက် တင်ထားသည်။ ဆယ်စောင် မကပေ။ စာအိတ်တိုင်း တောက်ပြောင်လှပနေကြသည်။ စာလက်ခံသူ နေရာတွင် ‘သို့ – နာမီယာကုန်စုံဆိုင်’ ဟု စာအိတ်တိုင်းလိုလို ရေးသားထားသည်။
“အဲဒါတွေက …… မနေ့ညက ရတာတွေလား”
ယူဂျီက ခေါင်းညိတ်ပြပြီး ထိုင်ခုံတွင် ဝင်ထိုင်သည်။ စာအိတ်များကို ဝေ့ဝိုက်ကြည့်ပြီးနောက် တာကာယူကီကို ခေါင်းမော့ကြည့်လိုက်သည်။
“ငါ ထင်ထားတဲ့အတိုင်းပဲ။ ငါ ဒီနေရာမှာ ထိုင်လိုက်တာနဲ့ တပြိုင်နက် စာတွေ တစ်စောင်ပြီး တစ်စောင် ယင်းလိပ်တံခါးပေါက်ကနေ ကျလာတော့တာ။ ငါ ပြန်လာမှာကို အစောကြီးကတည်းက စောင့်နေကြတဲ့ အတိုင်းပဲ”
တာကာယူကီက ခေါင်းခါယမ်းနေသည်။
“အဖေ မနေ့ညက အိမ်ထဲ ဝင်သွားပြီးတဲ့နောက် ကျွန်တော် ဆိုင်အပြင်ဘက်မှာ အတော်ကြာကြာ နေနေခဲ့သေးတယ်။ ကျွန်တော် ဆိုင်ဘက်ကို တစ်ချိန်လုံး ကြည့်နေတာပဲ။ ဒီနားမှာ ဘာလူရိပ်လူရောင်မှ မတွေ့ပါဘူး။ အဲဒါအပြင် ဆိုင်ရှေ့ ဖြတ်သွားတဲ့လူတွေ ဘယ်သူမှ မရှိဘူး”
“ဟုတ်လား။ ဒါပေမယ့် စာတွေ ရောက်လာတာပဲလေ” ယူဂျီသည် လက်နှစ်ဘက်ကို ဖြန့်လိုက်သည်။ “ဒါတွေက အနာဂတ်က လာတဲ့ ဖြေကြားချက်တွေပဲ”
တာကာယူကီသည် ထိုင်ခုံတစ်လုံးကို ဆွဲယူပြီး ယူဂျီ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ “မယုံနိုင်စရာပဲ”
“ငါ့ကို ယုံပါမယ်လို့ မင်း ပြောခဲ့တယ် မဟုတ်ဘူးလား”
“အင်း ပြောတော့ ပြောခဲ့တာပေါ့”
ယူဂျီက မဲ့ပြုံးပြုံးလိုက်သည်။
“မင်းရဲ့ အတွင်းစိတ်ထဲမှာတော့ မဖြစ်နိုင်ဘူးလို့ပဲ ခံယူထားတာ မဟုတ်လား။ ဒီတော့ ဒီစာတွေ မြင်ပြီး ဘယ်လို ခံစားရသလဲ။ ဒါတွေကို ငါက ကြိုတင် ပြင်ဆင်ထားတာပါလို့များ မင်းက ပြောချင်နေသေးတာလား”
“အဲဒီလို မပြောပါဘူး။ အဖေမှာ ပြင်ဆင်ဖို့ အချိန် မရှိဘူးဆိုတာ ကျွန်တော် သိနေတာပဲဟာ”
“ဒီလောက်များတဲ့ စာအိတ်နဲ့ စာရေးစက္ကူတွေ ပြင်ဆင်ရတာနဲ့တင် အတော် အလုပ်ရှုပ်နေပြီ။ ပိုပြီး ခိုင်လုံအောင် ပြောရရင် အဲဒီစာအိတ်နဲ့ စက္ကူတွေထဲမှာ ငါတို့ ရောင်းတဲ့ပစ္စည်း တစ်ခုမှ မပါဘူး”
“ကျွန်တော် သိတယ်။ အဲဒီပစ္စည်းတွေကို ကျွန်တော် မြင်တောင် မမြင်ဖူးဘူး”
တာကာယူကီ၏ စိတ်ထဲ မအီမသာ ဖြစ်နေသည်။ ဤမျှ မှော်ဆန်သော ကိစ္စမျိုးသည် ဤကမ္ဘာလောကတွင် အမှန်တကယ်ပင် ဖြစ်လာနိုင်သလော။ တစ်စုံတစ်ဦး၏ ပြောင်မြောက်လှသော မျက်လှည့်အစွမ်းဖြင့် ဖခင်သည် အညာခံနေရခြင်း ဖြစ်မည်ဟု သူ သံသယ ဝင်လိုက်သေးသည်။ သို့သော် ထိုသို့ လုပ်ဆောင်ရန် ခိုင်လုံသော အကြောင်းပြချက်ကို သူ စဉ်းစား၍ မရ။ ထို့အပြင် သေတွင်းနှုတ်ခမ်းတွင် ခနော်နီ ခနော်နဲ့ လျှောက်လှမ်းနေရသော အဘိုးအိုတစ်ယောက်ကို လိမ်ညာကျီစယ်ခြင်းဖြင့် အဘယ်သို့သော အကျိုးမျိုး ရရှိနိုင်မည်နည်း။
အနာဂတ်ကာလမှ စာများ – ၎င်းသည်သာ တစ်ခုတည်းသော ရှင်းလင်းချက် ဖြစ်နိုင်ပေမည်။ အကယ်၍သာ ယူဂျီ၏ စကားသည် အမှန်သာ ဖြစ်နေလျှင် အင်မတန် ဆန်းကြယ်လိုက်ပါဘိ။ တာကာယူကီသည် မျက်မြင်ဒိဋ္ဌအတွက် စိတ်လှုပ်ရှားနေသင့်သည် မှန်သော်လည်း သူသည် ထူးထူးခြားခြား တည်ငြိမ်နေသည်။ သူ၏ အတွေးများက အနည်းငယ် ပျံ့လွင့်နေငြားသော်လည်း တည်တည်ငြိမ်ငြိမ် ရှိနေခြင်းအတွက် သူကိုယ်တိုင်ပင် အံ့အားသင့်နေမိသည်။
“အဖေ အကုန်လုံးကို ဖတ်ပြီးသွားပြီလား”
“အင်း” ယူဂျီက ဖြေရင်း စာတစ်စောင်ကို ကောက်ယူလိုက်သည်။ စာအိတ်ထဲမှ စက္ကူစာရွက်ကို ဆွဲထုတ်ပြီး တာကာယူကီကို လှမ်းပေးသည်။ “မင်း ဖတ်ကြည့်ကြည့်”
“ကျွန်တော် ဖတ်လို့ရလား”
“ပြဿနာ မရှိလောက်ပါဘူး”
တာကာယူကီသည် စာရွက်ခေါက်ကို လှမ်းယူပြီး ဖြန့်ကြည့်လိုက်သောအခါ သူ့ပါးစပ်မှ “အား” ဟူသော အာမေဍိတ်သံတစ်သံ ထွက်ပေါ်လာသည်။ စာရွက်ပေါ်တွင် လက်ရေးဖြင့် ရေးသားထားသော မင်စာလုံးများကို တွေ့ရခြင်း မဟုတ်ဘဲ ပုံနှိပ်ထားသော ညီညာသည့် စာလုံးများကို တွေ့ရသောကြောင့် ဖြစ်သည်။ ထိုအကြောင်းကို ယူဂျီအား ပြောပြလိုက်သောအခါ ယူဂျီက ခေါင်းညိတ်ပြသည်။
“စာတစ်ဝက်ကျော်ကျော်လောက်က ပုံနှိပ်ထားတာချည်းပဲ။ ကြည့်ရတာ အနာဂတ်မှာ လူတိုင်းလိုလို အလွယ်တကူ ပုံနှိပ်နိုင်တဲ့ စက်ကိရိယာမျိုးတွေ ပိုင်ဆိုင်ထားကြမယ် ထင်တယ်”
ထိုအချက် တစ်ချက်တည်းနှင့်ပင် ၎င်းစာသည် အနာဂတ်မှ လာသော စာဖြစ်ကြောင်း အခိုင်အမာ သက်သေထွက်ဆိုနေလေသည်။ တာကာယူကီသည် ဝင်သက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စာကို စဖတ်လေသည်။
❝ သို့ – နာမီယာကုန်စုံဆိုင်
တကယ်ပဲ ပြန်လည်ရှင်သန် လာမှာလား။ ကြေညာချက်ထဲမှာတော့ တစ်ညတာပဲလို့ ရေးထားတယ်။ အဲဒါကရော ဘာအဓိပ္ပာယ်လဲ။ ကျွန်တော် အတော်လေး ဦးနှောက်ခြောက်ခဲ့ရတယ်။ ဘာလုပ်ရမှန်းလည်း မသိခဲ့ဘူး။ နောက်တော့ ‘အညာခံရလည်း ဘာအရေးလဲ’ ဆိုတဲ့ အတွေးနဲ့ ဒီစာကို ရေးလိုက်ပါတယ်။
ပြောရမယ်ဆိုရင် နှစ် ၄၀ ကျော်တောင် ကြာခဲ့ပြီပဲ။ အဲဒီတုန်းက ကျွန်တော် အောက်ပါအတိုင်း မေးခဲ့တယ်။
စာလုပ်စရာ မလိုဘဲ စာမေးပွဲမှာ အမှတ်တစ်ရာ အပြည့်ရချင်တယ်။ ကျွန်တော် ဘာလုပ်သင့်သလဲ။
အဲဒီတုန်းက ကျွန်တော်က မူလတန်း ကျောင်းသားပဲ ရှိသေးတာ။ အဲဒီမေးခွန်းက အတော်ကို တုံးတာပဲ။ ဒါပေမယ့် မစ္စတာနာမီယာက အင်မတန် အံ့ဩစရာ ကောင်းတဲ့ အဖြေတစ်ခု ပေးခဲ့တယ်။
နောက်တစ်ခါ စာမေးပွဲစစ်ရင် သားနဲ့ ပတ်သက်တဲ့ အကြောင်းကိုပဲ မေးပေးပါလို့ ဆရာမကို တောင်းဆိုကြည့်ပေါ့။ စာမေးပွဲမှာ သား ကိုယ်တိုင်ရဲ့ အကြောင်းတွေကိုပဲ ဖြေရမှာဆိုတော့ သားရဲ့ အဖြေကလည်း မှားစရာ မရှိတော့ဘူး။ ဒါကြောင့် အမှတ်တစ်ရာ အပြည့်ရမှာ အသေအချာပဲ။
အဘိုးရဲ့ အဖြေကို ဖတ်ပြီးတဲ့နောက် ဒါသက်သက် နောက်နေတာပဲလို့ ကျွန်တော် ပထမဆုံး တွေးလိုက်မိတယ်။ ကျွန်တော် တကယ် သိချင်တာက သင်္ချာတို့ ပထဝီတို့မှာ အမှတ်ပြည့်ရနိုင်မယ့် နည်းလမ်းကိုလေ။
ဒါပေမယ့် အဲဒီအဖြေက ကျွန်တော်ရဲ့ မှတ်ဉာဏ်ထဲမှာ အမြဲ ကိန်းအောင်းနေခဲ့တယ်။ ဒီလိုနဲ့ အလယ်တန်း၊ အထက်တန်းတွေ ရောက်လာပြီး စာမေးပွဲလို့ ကြားလိုက်တာနဲ့ အဲဒီအဖြေကိုပဲ သတိရနေမိတော့တာပဲ။ အဲဒီလောက်ကို ကျွန်တော့်စိတ်ထဲ စွဲနေခဲ့တယ်။ ကလေးတစ်ယောက်က အပြောင်အပြက် မေးခဲ့တာကို အလေးအနက်ထားပြီး ပြန်ဖြေကြားခံခဲ့ရလို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့။
ဒါပေမယ့် အဲဒီအဖြေရဲ့ အရေးပါ ထိရောက်မှုကို အမှန်တကယ် သိရှိနားလည်ခဲ့တာကတော့ ကလေးတွေကို ကျောင်းမှာ ပညာသင်ကြားပေးရတဲ့ အချိန်က စတာပဲ။ ဟုတ်တယ်ခင်ဗျ။ ကျွန်တော် ကျောင်းဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။
ကျောင်းဆရာ ဖြစ်ပြီး မကြာခင်မှာပဲ ကျွန်တော် အကျပ်အတည်း ဆိုက်တော့တာပဲ။ အတန်းထဲက ကလေးတွေဟာ ကျွန်တော်ကို ပွင့်ပွင့်လင်းလင်း မဆက်ဆံကြသလို ကျွန်တော်ရဲ့ စကားကိုလည်း နားမထောင်ကြဘူး။ ပြီးတော့ သူတို့ အချင်းချင်းလည်း ရင်းရင်းနှီးနှီး မရှိကြဘူး။ အဲဒီ အခြေအနေကို ပြောင်းလဲသွားအောင် ကျွန်တော် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အရာမထင်ခဲ့ဘူး။ အဲဒီကလေးတွေရဲ့ အတွင်းစိတ်တွေဟာ သိပ်ကို အတ္တကြီးလွန်းနေတယ်လို့ ကျွန်တော် ထင်တယ်။ သူငယ်ချင်း အနည်းအကျဉ်း လောက်ကလွဲပြီး ဘယ်သူ့ကိုမှ စိတ်ဝင်တစား ပေါင်းသင်းဆက်ဆံလေ့ မရှိဘူး။
ကျွန်တော် နည်းလမ်းပေါင်းစုံ ကြိုးစားကြည့်ခဲ့တယ်။ ဥပမာ အားကစားနဲ့ ဂိမ်းတွေ အတူတကွ လုပ်ခိုင်းပြီး တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှု ရအောင် ကြိုးစားကြည့်ခဲ့တယ်။ ကလေးတွေကို စကားရည်လုပွဲ ကျင်းပပေးခဲ့တယ်။ ဘာမှ အလုပ်မဖြစ်ခဲ့ဘူး။ ဘယ်သူကမှလည်း စိတ်မဝင်စားကြဘူး။
တစ်နေ့တော့ ကလေးတစ်ယောက်က ပြောလာတယ်။ “ကျွန်တော် အဲဒီလို ဟာမျိုးကြီးတွေ မလုပ်ချင်ဘူး။ အမှတ်ကောင်းကောင်း ရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာသာ သင်ပေးပါ”
ကျွန်တော် အဲဒီလို ကြားလိုက်တော့ ဘာလုပ်ပေးရမလဲ ဆိုတာ ချက်ချင်း သဘောပေါက်သွားတယ်။ အရေးပါလှတဲ့ ကျွန်တော်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံကို ပြန်သတိပေးလိုက်သလိုပဲ။
ခင်ဗျားလည်း အခုလောက်ဆို ရိပ်စားမိလောက်ပြီ ထင်တယ်။ တစ်ခါမှ မလုပ်ဖူးတဲ့ စမ်းသပ်မှု တစ်မျိုး လုပ်ကြရအောင်လို့ ကျွန်တော် သူတို့ကို ပြောလိုက်တယ်။ အဲဒါကို ‘သူငယ်ချင်းပဟေဠိ’ လို့ ကျွန်တော်တို့ နာမည်ပေးထားတယ်။ အတန်းထဲက ကျောင်းသားတစ်ယောက်ကို ကျပန်းရွေးပြီး သူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို မေးခွန်းလုပ်ပြီး မေးလိုက်တယ်။ သူရဲ့ မွေးနေ့၊ လိပ်စာ၊ မွေးချင်းအရေအတွက်၊ မိဘအလုပ်အကိုင် စတာတွေအပြင် သူရဲ့ ဝါသနာ၊ အားသာချက်၊ ကြိုက်နှစ်သက်တဲ့ မင်းသား/မင်းသမီး စတာတွေပေါ့။ စစ်ဆေးမှု ပြီးဆုံးတဲ့ အခါမှာ အဲဒီကျောင်းသား ကိုယ်တိုင်က အဖြေကို ကြေညာပေးရတယ်။ ကျန်တဲ့သူတွေက ကိုယ့်ဘာသာကိုယ် အဖြေ ပြန်စစ်ကြပေါ့။
အစပိုင်းတော့ သူတို့ ဘာလုပ်ရမှန်း မသိကြဘူး။ နှစ်ကြိမ်၊ သုံးကြိမ်လောက် လုပ်ပြီး နောက်ပိုင်းမှာတော့ တိုးတက်မှုတွေ တွေ့လာရတယ်။ စမ်းသပ်ချက်မှာ အမှတ်များများ ရနိုင်ဖို့ဆိုရင် နည်းလမ်းက တစ်ခုပဲ ရှိတယ်။ အဲဒါက တစ်တန်းတည်းသား သူငယ်ချင်းရဲ့ အကြောင်းကို ကောင်းကောင်း ရင်းနှီးနေဖို့ပဲ။ သူတို့အားလုံး ချက်ချင်းဆိုသလိုပဲ ပုံစံ ပြောင်းကုန်ကြတယ်။ သူတို့ အချင်းချင်းလည်း ဆက်ဆံပြောဆိုမှုတွေ ရှိလာတယ်။
ကျွန်တော်လို ဝါနုတဲ့ ဆရာတစ်ယောက်အတွက်တော့ တကယ့်ကို တန်ဖိုးကြီးတဲ့ အတွေ့အကြုံပါပဲ။ ကျွန်တော်ဟာ ဆရာကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုပြီး အဲဒီအချိန်ကနေ စလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိလာတော့တာပဲ။ တကယ်လည်း ကျွန်တော် အခုချိန်ထိ ကျောင်းဆရာတစ်ယောက် ဆက်လုပ်နေတုန်းပါ။
ဒါတွေ အားလုံးဟာ မစ္စတာနာမီယာရဲ့ ကျေးဇူးတွေပါ။ သူ့ရဲ့ ကျေးဇူးတွေကို ကျွန်တော် အခါမလပ် သတိရနေခဲ့တယ်။ ဒါပေမယ့် ကျေးဇူးတင်ကြောင်းကို ဘယ်လို ပြောရမှန်း မသိဘူး ဖြစ်နေခဲ့တယ်။ အခုလို ကျေးဇူးတင်ခွင့် ရတဲ့အတွက် အင်မတန်မှ ဝမ်းမြောက်မိပါတယ်။
လေးစားစွာ
အမှတ်ပြည့်ကောင်လေး
စာကြွင်း ။ ။ ဒီစာကို လက်ခံမယ့်သူဟာ မစ္စတာနာမီယာရဲ့ မိသားစုဝင် တစ်ယောက်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ မစ္စတာနာမီယာရဲ့ အုတ်ဂူရှေ့မှာ ချထားပူဇော်ပေးဖို့ မျှော်လင့်မိပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ❞
စာဖတ်ပြီး၍ တာကာယူကီ ခေါင်းထောင်လာသည်နှင့် ယူဂျီက မေးလိုက်သည်။ “ဘယ်လိုနေလဲ”
“သိပ်ကောင်းတာပဲ” တာကာယူကီက ပြောသည်။ “အဲဒီမေးခွန်းကို ကျွန်တော်လည်း မှတ်မိတယ်။ စာမလုပ်ဘဲ အမှတ်တစ်ရာ ရအောင် ဘယ်လိုလုပ်မလဲ ဆိုပြီး အဖေကို မေးခဲ့တာလေ။ အဲဒီကလေးက စာပြန်ရေးလာတယ် ဆိုတော့ မယုံနိုင်စရာပဲ”
“ငါလည်း အရမ်း အံ့ဩသွားတယ်။ ပြီးတော့ သူက ငါ့ကို ကျေးဇူးတင်နေသေးတယ်။ အဲဒီလို ပြောင်သလို ပြက်သလို မေးခွန်းတွေကို ငါ ဖြေခဲ့တုန်းက ငါရဲ့ ဇဝနဉာဏ်ကို အသုံးချပြီး ဖြေခဲ့လိုက်တာပဲ”
“အဲဒီလူကတော့ အဖေရဲ့ အဖြေကို ဘယ်တော့မှ မမေ့ခဲ့ဘူး”
“ဟုတ်လောက်တယ်။ မမေ့တဲ့အပြင် သူ့နည်းသူ့ဟန်နဲ့ အဲဒါကို အဓိပ္ပာယ် ဖွင့်လိုက်သေးတယ်။ ပြီးတော့ လက်တွေ့ဘဝမှာလည်း အံဝင်ခွင်ကျ ဖြစ်အောင် အသုံးချနိုင်ခဲ့တယ်။ တကယ်တော့ သူက ငါ့ကို ကျေးဇူးတင်ရမှာ မဟုတ်ဘူး။ အခုလို အောင်အောင်မြင်မြင် ဖြစ်သွားတာ သူရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပဲ”
“ဒါပေမယ့် အဲဒီလူကတော့ အရမ်း ပျော်နေမှာပဲ။ နောက်ပြောင်ပြီး မေးလိုက်တဲ့ မေးခွန်းကို လျစ်လျူရှု မခံရတဲ့အပြင် လေးလေးနက်နက် ဖြေကြားတာကိုလည်း ခံလိုက်ရသေးတယ်။ ဒါကြောင့်လည်း သူ့စိတ်ထဲမှာ အမြဲ မှတ်မိနေတာ နေမှာ”
“ငါကတော့ ထူးထူးခြားခြား ဆက်ဆံလိုက်တာ မဟုတ်ပါဘူးကွာ” ယူဂျီသည် စာအထပ်လိုက်ကို လှမ်းကြည့်သည်။ “တခြားစာတွေကလည်း အဲဒီလိုပဲ။ အားလုံးက ငါရဲ့ အဖြေအတွက် ကျေးဇူးတင်နေကြတယ်။ ဒါက ဝမ်းမြောက်ဖို့ ထိုက်တန်တဲ့ ကိစ္စတစ်ခုပါပဲ။ သူတို့ရဲ့ ကျေးဇူးတင်စာတွေအရ ပြောရရင် ငါရဲ့ ဖြေကြားချက်က တကယ် လက်တွေ့မှာ အသုံးတည့်ခဲ့တာ မှန်ပေမယ့် အဲဒီလို အသုံးတည့်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းက တခြားမဟုတ်ဘူး။ သူတို့ ကိုယ်တိုင်ရဲ့ လုံ့လအားထုတ်မှုပဲ။ တကယ်လို့ သူတို့မှာ ပြဿနာတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုသာ မရှိခဲ့ရင် ဘယ်လို ဖြေကြားမှုမျိုးပဲ ရရ၊ ဘာမှ ထူးလာမှာ မဟုတ်ဘူး”
တာကာယူကီကလည်း ထိုသို့ ထပ်တူခံစားရသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။
“အဲဒါတွေကို သိခွင့်ရတော့ ကောင်းတာပေါ့။ မဟုတ်ဘူးလား။ အဖေဟာ သူတို့ကို လမ်းမှန်ပေါ် တင်ပေးနိုင်ခဲ့တယ် ဆိုတဲ့ သက်သေပဲလေ”
“အင်း၊ အဲဒီလို ပြောလို့ရမယ် ထင်ပါတယ်” ယူဂျီသည် သူ့ပါးပြင်ကို လက်ဖြင့် ပွတ်နေသည်။ ထို့နောက် စာတစ်စောင် လှမ်းယူလိုက်သည်။ “နောက်ထပ် စာတစ်စောင် မင်းကို ဖတ်စေချင်သေးတယ်”
“ကျွန်တော့်ကို? ဘာဖြစ်လို့လဲ”
“ဖတ်ကြည့်လိုက်ရင် သိပါလိမ့်မယ်”
တာကာယူကီသည် စာကို လှမ်းယူပြီး စာရွက်ကို ထုတ်လိုက်သည်။ လက်ရေးဖြင့် စာလုံးများကို ညီညီညာညာ သပ်သပ်ရပ်ရပ် စာမျက်နှာအပြည့် ရေးသားထားသည်။
❝ သို့ – နာမီယာကုန်စုံဆိုင်
လူကြီးမင်းတို့ရဲ့ အမေးအဖြေကဏ္ဍကို တစ်ညတာ ပြန်ဖွင့်မယ်လို့ အင်တာနက်ပေါ်မှာ ဖတ်လိုက်ရတော့ ကျွန်မ နေမထိ ထိုင်မသာ ဖြစ်နေခဲ့မိတယ်။ ဒါကြောင့်ပဲ ဒီစာကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မ နာမီယာကုန်စုံဆိုင် အကြောင်းကို မသိပါဘူး။ အတိတ်တုန်းက နာမီယာကုန်စုံဆိုင်မှာ အကြံဉာဏ် တောင်းခဲ့တဲ့သူက ကျွန်မ မဟုတ်ဘူး။ တခြားသူပါ။ အဲဒီလူ ဘယ်သူလဲ ဆိုတာကို မပြောပြခင် ကျွန်မကိုယ်ကျွန်မ အရင် မိတ်ဆက်ပေးရလိမ့်မယ်။
ကျွန်မရဲ့ ကလေးဘဝကို မိဘမဲ့ဂေဟာမှာ ဖြတ်သန်းလာခဲ့ရတာပါ။ ဘယ်အချိန်ကနေ စပြီး အဲဒီနေရာကို ရောက်နေခဲ့သလဲ ဆိုတာကိုလည်း ကျွန်မ မမှတ်မိတော့ဘူး။ ကျွန်မ သိတတ်တဲ့ အရွယ်ကနေ စပြီးတော့ပဲ ကျွန်မဟာ တခြား ကလေးတွေ အများကြီးနဲ့ အတူတကွ နေထိုင်နေကြရပြီ။ အဲဒီတုန်းကတော့ ဘာတွေ ထူးခြားနေတယ်ဆိုတာ ဘယ်ခံစားတတ်ခဲ့မှာလဲ။
ကျွန်မ ကျောင်းစနေပြီးတဲ့ နောက်မှာတော့ ကျွန်မမှာ မေးချင်တာတွေ အများကြီး ရှိလာတယ်။ ကျွန်မမှာ ဘာဖြစ်လို့ မိဘ မရှိရတာလဲ။ ဘာဖြစ်လို့ အိမ် မရှိရတာလဲ။
တစ်နေ့မှာတော့ ကျွန်မ အယုံကြည်ရဆုံး အမျိုးသမီး ဝန်ထမ်းတစ်ယောက်ဆီကနေ ကျွန်မ ဂေဟာကို ဘာဖြစ်လို့ ရောက်နေရသလဲ ဆိုတဲ့ အကြောင်းအရင်းကို သိလာရတယ်။ သူ့ပြောပြချက်အရ ဆိုရင် ကျွန်မ တစ်နှစ်သမီးအရွယ်မှာ မိခင်ဟာ မတော်တဆမှု တစ်ခုကြောင့် အသက်ဆုံးပါးသွားခဲ့တယ်။ ဖခင်ကတော့ နဂိုကတည်းက မရှိခဲ့ဘူး။ အကြောင်းအရင်း အတိအကျကိုတော့ ကျွန်မ အရွယ်ရောက်မှ သိလာခဲ့ရတယ်။
ကျွန်မ စိတ်ရှုပ်သွားခဲ့တယ်။ ကျွန်မမှာ ဘာဖြစ်လို့ အဖေ မရှိရတာလဲ။ အချိန်တွေ ကုန်လွန်သွားပေမယ့် ကျွန်မရဲ့ စိတ်တွေ ရှင်းလင်းမလာခဲ့ဘူး။
အဲဒီနောက် အလယ်တန်းကျောင်းကို ရောက်လာတယ်။ လူမှုသိပ္ပံဘာသာရပ် ဆရာမက ကျွန်မတို့ကို သုတေသနတစ်ခု လုပ်ခိုင်းတယ်။ ကျွန်မတို့ မွေးဖွားတဲ့ ခုနှစ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို စာတမ်းလေးတစ်စောင် ရေးခိုင်းတာပဲ။ ဒါနဲ့ ကျွန်မ စာကြည့်တိုက်ကို သွားပြီး အဲဒီခုနှစ်မှာ ထွက်ခဲ့တဲ့ သတင်းစာတွေကို ငှားရမ်းဖတ်ရှု ကြည့်ခဲ့တယ်။ အဲဒီမှာ သတင်းတစ်ပုဒ်ကို ကျွန်မ မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။
မော်တော်ကားတစ်စီး ပင်လယ်ထဲကို ပြုတ်ကျသွားတဲ့ အကြောင်း ရေးထားတာ။ ကားမောင်းသူ မီဒိုရီက အဲဒီမှာတင် ပွဲချင်းပြီး ဆုံးရှာတယ်။ ကားပေါ်မှာ တစ်နှစ်အရွယ် ကလေးတစ်ယောက် ပါတဲ့အပြင် ကားတာယာ ပွတ်တိုက်ရာတွေကို မတွေ့တာကြောင့် မိခင်ဖြစ်သူဟာ သေကြောင်းကြံတာပဲ ဖြစ်ရမယ်လို့ သံသယ ရှိကြတယ်။
ကျွန်မအမေရဲ့ နာမည်နဲ့ သူနေခဲ့ဖူးတဲ့ နေရပ်လိပ်စာကို ကျွန်မ ကြားသိထားတော့ အဲဒီသတင်းထဲက ကိစ္စဟာ ကျွန်မတို့ရဲ့ အကြောင်းပဲဆိုတာ ကျွန်မ ဖတ်ဖတ်ချင်း တန်းသိလိုက်တယ်။
ကျွန်မ အရမ်း ထိတ်လန့်သွားတယ်။ ကျွန်မအမေရဲ့ သေဆုံးခြင်းဟာ မတော်တဆ ဖြစ်ခဲ့လို့ မဟုတ်ဘဲ သေကြောင်းကြံတာပါလို့ သိလိုက်ရတဲ့အပြင် သူရဲ့ လုပ်ရပ်ဟာ လူသတ်မှုတစ်ခု ဖြစ်နေတယ်။ သူက ကျွန်မကိုပါ တစ်ပါတည်း သတ်ပစ်ဖို့ ကြိုးစားခဲ့တာပဲ။ ကျွန်မ အတော်လေး ရှော့ဖြစ်သွားတယ်။
စာကြည့်တိုက်ကနေ ထွက်လာပြီး ကျွန်မ မိဘမဲ့ဂေဟာကို ပြန်မသွားတော့ဘူး။ ဘယ်ကို သွားခဲ့တာလဲလို့ ကျွန်မကို မေးရင် ကျွန်မလည်း မဖြေတတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မလည်း မမှတ်မိတော့လို့ပဲ။ အဲဒီအချိန်တုန်းက ကျွန်မ ခေါင်းထဲမှာ စဉ်းစားနေမိတာ တစ်ခုပဲ ရှိတယ်။ ‘ငါဟာ အစောကြီးကတည်း သေသွားဖို့ ကောင်းပြီး ရှင်သန်နေလို့ ဘာအကျိုးမှ မရှိတဲ့ လူတစ်ယောက်ပါလား။ အမေဆိုတာမျိုးက ဒီလောကမှာ ကိုယ့်ကို အချစ်ဆုံးလူတစ်ယောက် ဖြစ်နေသင့်တာတောင် သူကိုယ်တိုင်က ငါ့ကို သေစေချင်နေပါလား။ ငါလို လူမျိုးက ဒီလောကမှာ အသက်ရှင်နေတော့ရော ဘာအကျိုးထူးဦးမှာလဲ’
ရဲစခန်းကို ရောက်တဲ့နေ့က တတိယမြောက်နေ့ပေါ့။ စူပါမားကတ်ကြီးတစ်ခုရဲ့ အပေါ်ဆုံးထပ်မှာ ရှိတဲ့ ကလေးကစားကွင်းရဲ့ ထောင့်လေးတစ်ထောင့်မှာ ကျွန်မ ခွေခွေလေး လဲနေတာကို တွေ့ရှိသွားခဲ့ကြတယ်။ အဲဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ ဆိုတာကိုလည်း ကျွန်မ မမှတ်မိတော့ဘူး။ ကျွန်မ ဝိုးတဝါး မှတ်မိနေတာကတော့ အဲဒီအချိန်က ကျွန်မရဲ့ အတွေးပဲ။ အမြင့်တစ်နေရာကနေ ခုန်ချလိုက်ရင် ခပ်လွယ်လွယ်နဲ့ပဲ သေသွားနိုင်တယ်လို့ တွေးနေခဲ့တာ။
သူတို့ ကျွန်မကို ဆေးရုံ တင်လိုက်ကြတယ်။ ကျွန်မဟာ လူနဲ့ မတူအောင် ချိနဲ့ အားနည်းနေတဲ့အပြင် ကျွန်မရဲ့ လက်ကောက်ဝတ်မှာလည်း ဓားဒဏ်ရာတွေ ဗရပွနဲ့။ ကျွန်မ တယုတယ ပွေ့ဖက်ထားတဲ့ အိတ်လေးထဲမှာ သွေးအလိမ်းလိမ်း ကပ်နေတဲ့ ဘရိတ်ဓားတစ်ချောင်းလည်း ရှိနေခဲ့တယ်။
ကျွန်မ ဘယ်သူနဲ့မှ စကားမပြောတာ အချိန် တော်တော် ကြာတယ်။ ဘယ်သူ့ကိုမှလည်း မတွေ့ချင်တော့ဘူး။ အစာလည်း စားမဝင်တာကြောင့် တစ်နေ့တခြား ပိုပိုပြီး ပိန်လှီလာတယ်။
အဲဒီအချိန်မှာပဲ ကျွန်မကို လူတစ်ယောက် လာတွေ့တယ်။ ဂေဟာမှာဆိုရင် သူက ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းပေါ့။ ကျွန်မနဲ့ ရွယ်တူပဲ။ သူ့မှာ ပြဿနာ ရှာတတ်တဲ့ မောင်လေးတစ်ယောက် ရှိတယ်။ သူတို့ရဲ့ မိဘတွေက သူတို့ မောင်နှမနှစ်ယောက်ကို အကြမ်းပတမ်း ဆက်ဆံလို့ ဂေဟာကို ရောက်လာကြရတယ်လို့ ပြောကြတယ်။ သူက သီချင်းဆို အရမ်း ကောင်းတယ်။ ကျွန်မကလည်း ဂီတဝါသနာ ပါတော့ အဲဒါနဲ့ပဲ ကျွန်မတို့ သူငယ်ချင်း ဖြစ်လာခဲ့ကြတယ်။
သူနဲ့ မျက်နှာချင်းဆိုင် တွေ့ရမှ ကျွန်မ စကားပြောနိုင်လာတယ်။ ကျွန်မတို့ အလ္လာပ သလ္လာပ စကားတွေ အနည်းအကျဉ်း ပြောပြီးတော့ သူ ဒီနေ့ ရောက်လာရတဲ့ အကြောင်းအရင်းကို ပြောပြခဲ့တယ်။ ကျွန်မကို အင်မတန် အရေးကြီးတဲ့ အကြောင်းအရာတစ်ခု ပြောပြစရာ ရှိလို့တဲ့။
ဂေဟာမှာ ရှိတဲ့ လူတွေဆီကနေ ကျွန်မရဲ့ ဘဝနောက်ကြောင်း အပြည့်အစုံကို သူ သိလာရပြီးတဲ့နောက် သူ ကျွန်မနဲ့ အေးအေးဆေးဆေး စကားပြောချင်လာတယ်။ ကြည့်ရတာ ဂေဟာမှာ ရှိတဲ့ ဝန်ထမ်းတွေက သူ့ကို လာခိုင်းတာ ဖြစ်မယ် ထင်ပါတယ်။ ကျွန်မနဲ့ ကောင်းကောင်း စကားပြောနိုင်မယ့်သူ ဆိုလို့ သူပဲ ရှိတာကိုး။ ဒါကြောင့်လည်း သူ့ကို ရွေးပြီး လွှတ်လိုက်တာ ဖြစ်လိမ့်မယ်။
ကျွန်မ အားလုံးကို သိထားပြီးပြီ ဖြစ်လို့ ဘာမှ ထပ်မကြားချင်တော့ဘူးလို့ သူ့ကို ပြန်ဖြေခဲ့တယ်။ သူက ခေါင်းကို တွင်တွင်ခါပြီး ကျွန်မကို ပြောပြန်တယ်။ ကျွန်မ သိတယ်ဆိုတာ အနည်းကျဉ်းပဲ ရှိတာ။ တကယ့် အဖြစ်မှန်ကိုတော့ ကျွန်မ သိဦးမှာ မဟုတ်ဘူးတဲ့။
“ဥပမာဟာ … နင့်အမေ ဆုံးတဲ့အချိန်တုန်းက သူ့ရဲ့ ကိုယ်အလေးချိန်ကို နင် သိလား” သူက ကျွန်မကို မေးတယ်။ “အဲဒီလိုကိစ္စမျိုးကို ငါက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ” လို့ ကျွန်မ ပြန်ဖြေလိုက်တော့ သုံးဆယ် ကီလိုဂရမ်ပဲ ရှိတယ်လို့ သူက ကျွန်မကို ပြောပြတယ်။ အဲတော့ ဘာဖြစ်သလဲလို့ ပါးစပ်က ပြန်ပြောလိုက်တော့မလို့ပဲ။ ဒါပေမယ့် ရုတ်တရက် သတိဝင်လာတာနဲ့ မအောင့်နိုင်တော့ဘဲ နောက်တစ်ကြိမ် ထပ်မေးလိုက်မိတယ်။ “သုံးဆယ်ကေဂျီပဲ ရှိတာ?”
သူငယ်ချင်းက ခေါင်းညိတ်ပြပြီး အောက်ပါ စကားတွေကို ဆက်ပြောပြခဲ့တယ်။
မီဒိုရီရဲ့ ရုပ်အလောင်းကို တွေ့တဲ့အချိန်မှာ သူ့တစ်ကိုယ်လုံး အရိုးနဲ့အရေ ကပ်နေလောက်အောင် ပိန်လွန်းလှတယ်။ ရဲဘက်က သူရဲ့ အိမ်ကိုလည်း သွားစစ်ဆေးခဲ့တယ်။ အိမ်ထဲမှာလည်း နို့မှုန့်ကလွဲလို့ တခြား ဘာစားစရာမှ မတွေ့ရဘူး။ ရေခဲသေတ္တာထဲမှာလည်း ကလေးအစားအစာ ဘူးတစ်ဘူးပဲ ရှိတယ်။
အကြောင်းသိတဲ့ လူတွေကို မေးကြည့်တော့ မီဒိုရီဟာ သူရဲ့ ဘဏ်စုငွေတွေ ကုန်သွားတဲ့အပြင် အလုပ်ကိုလည်း ရှာလို့ မရခဲ့ဘူး။ အိမ်လခလည်း မပေးနိုင်လို့ အိမ်ကနေ ဆင်းသွားဖို့ နှင်ချခံထားရတယ်။ အထက်ပါ အချက်တွေကို ကြည့်ပြီး သူ့ဘဝကို စိတ်ပျက်ငြီးငွေ့လို့ သေကြောင်းကြံခဲ့တာပါ ဆိုပြီး ကောက်ချက်ဆွဲရင်တော့ ကျိုးကြောင်းဆီလျော်ပါတယ်။
ဒါပေမယ့် သူ့ကလေးဟာ ဘာဖြစ်လို့ ကံကောင်းထောက်မစွာ ရှင်သန်ခွင့်ရခဲ့သလဲ ဆိုတဲ့ ပဟေဠိကိုတော့ ဖြေရှင်းမပေးနိုင်ဘူး။
“တကယ်တမ်းတော့ အဲဒါ ကံကောင်းလို့ မဟုတ်ဘူး” သူငယ်ချင်းက ပြောတယ်။ သူ ဆက်မပြောပြခင်မှာ ကျွန်မကို အရင် ဖတ်ကြည့်စေချင်တယ် ဆိုပြီး စာတစ်စောင် ထိုးပေးတယ်။
အဲဒီစာကို ကျွန်မ အမေရဲ့ ခုတင်ဘေးက တွေ့ခဲ့တယ်လို့ ဆိုတယ်။ အဲဒီစာကို ကျွန်မရဲ့ ချက်ကြိုးနဲ့အတူ တွဲပြီး တွေ့ခဲ့ရတာကြောင့် ဂေဟာက အဲဒီပစ္စည်းနှစ်ခုစလုံးကို ကျွန်မအတွက် သိမ်းဆည်းထားပေးခဲ့တယ်။ သင့်လျော်တဲ့ အချိန်ရောက်ရင် ကျွန်မကို ပြန်ပေးမယ်လို့ အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ထားခဲ့ကြတယ်။
စာထည့်ထားတဲ့ စာအိတ်ပေါ်က လက်ခံသူနေရာမှာ ‘သို့ – မြနဒီ’ လို့ ရေးထားတယ်။
ကျွန်မ တုံ့ဆိုင်းနေပြီးမှ စာကို ဖွင့်ဖတ်လိုက်တယ်။ အထဲမှာ ရေးထားတဲ့ လက်ရေးက အတော် လှတာပဲ။ အစပထမပိုင်းတော့ အမေရေးထားတဲ့ စာလို့ ထင်နေခဲ့တာ။ ဖတ်ရင်း ဖတ်ရင်းနဲ့မှ အဲဒီလို မဟုတ်မှန်း သိလာရတယ်။ တခြားလူတစ်ယောက်က အမေ့ကို ရေးပေးတဲ့ စာပဲ။ မြနဒီဆိုတာ အမေ့ကို ရည်ညွှန်းထားတာ။
စာကတော့ အမေ့ကို အကြံဉာဏ် ပေးတဲ့ စာပဲ။ ကြည့်ရတာ အမေဟာ တခြားလူ တစ်ယောက်ယောက်ကို ရင်ဖွင့်ပြီး အကြံဉာဏ် တောင်းထားပုံ ရတယ်။ စာပါ အကြောင်းအရာအရ ဆိုရင် အမေဟာ အိမ်ထောင်ရှိ ယောက်ျားတစ်ယောက်နဲ့ မရှင်းမရှင်း ဖြစ်ပြီး ကိုယ်ဝန်လွယ်ထားရတယ်။ အဲဒီကိုယ်ဝန်ကို ဆက်လွယ်ထားရမလား၊ ဒါမှမဟုတ် ဖျက်ချပစ်ရမလား ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲခဲ့တယ်။
ကျွန်မရဲ့ နောက်ကြောင်း ရာဇဝင် အသစ်ကို သိရပြန်တော့ ကျွန်မ စိတ်ဆင်းရဲရပြန်တယ်။ ကျွန်မဟာ လူကြီးတွေ စာရိတ္တ ဖောက်ပြားလို့ ရလာတဲ့ ရလဒ်တစ်ခုပါလားလို့ သိလိုက်ရပြန်တော့ ကျွန်မကိုယ်ကျွန်မတောင် ရွံလာမိတယ်။
ကျွန်မရဲ့ သူငယ်ချင်း အရှေ့မှာတင် အမေ့ကိုလည်း ဆဲဆိုခဲ့မိတယ်။
“ငါ့ကို ဘာဖြစ်လို့ မွေးခဲ့ရသေးတာလဲ။ ငါ့ကိုသာ မွေးမထုတ်ခဲ့ရင် အခုလို ခံစားနေရတော့မှာလည်း မဟုတ်ဘူး။ ပြီးတော့ ငါ့ကိုလည်း ရေနှစ်ပြီး တကူးတက သတ်နေဖို့ မလိုတော့ဘူး”
သူငယ်ချင်းက ကျွန်မ အထင်မှားနေကြောင်း ပြောတယ်။ ပြီးတော့ ကျွန်မကို စိတ်အေးအေးထားပြီး စာဆက်ဖတ်ဖို့ ဖျောင်းဖျရှာတယ်။
စာရေးသူက အမေ့ကို ပြောတယ်။ ‘မွေးဖွားလာမယ့် ကလေးကို သာယာချမ်းမြေ့မှု ပေးနိုင်၊ မပေးနိုင်ဆိုတဲ့ အချက်က အရေးအကြီးဆုံးပဲ။ မိစုံဖစုံ ရှိရုံနဲ့လည်း ကလေးကို သာယာချမ်းမြေ့အောင် ထားနိုင်မယ်လို့ အာမခံနိုင်တာ မဟုတ်ဘူး’ တဲ့။ နောက်ဆုံး သူ နိဂုံးချုပ် ပြောတာက ‘ကလေးရဲ့ သာယာချမ်းမြေ့မှုအတွက် ဘယ်ကိစ္စကို မဆို သည်းခံဖို့ စိတ်ဆန္ဒ အပြည့်ရှိရမယ်။ အဲဒီလိုမှ စိတ်ပိုင်းဖြတ် မထားနိုင်ဘူး ဆိုရင် ခင်ဗျားမှာ လင်ယောက်ျား ရှိနေတောင် အဲဒီကလေးကို မွေးထုတ်ဖို့ ကျွန်တော်က အကြံပေးမှာ မဟုတ်ဘူး’
“နင့်အမေက နင့်ကို ပျော်ရွှင်ချမ်းမြေ့အောင် ထားနိုင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ရှိလို့သာလျှင် နင့်ကို မွေးထုတ်ခဲ့တာပေါ့။ ဒီစာကို သူ တယုတယ သိမ်းထားတာက အကောင်းဆုံး သက်သေပဲလေ။ ဒါကြောင့် သူ နင့်ကိုပါခေါ်ပြီး သေကြောင်းကြံတာ မဖြစ်နိုင်ဘူး” သူငယ်ချင်းက ပြတ်ပြတ်သားသား ပြောခဲ့တယ်။
ပင်လယ်ထဲ ပြုတ်ကျသွားတဲ့ ကားရဲ့ မှန်ပြတင်းပေါက်တစ်ဘက်က ပွင့်နေတာ တွေ့ရတယ်လို့ သူငယ်ချင်းက ပြောပြခဲ့တယ်။ ကလေးရှိတဲ့ ဘက်က မှန်ပြတင်းပေါ့။ အဲဒီနေ့က တစ်မနက်လုံး မိုးရွာနေတာကြောင့် ကားမောင်းနေတုန်းမှာ မှန်ဖွင့်ထားဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေက ပင်လယ်ထဲ ပြုတ်ကျသွားပြီးမှ ဖွင့်လိုက်တာပဲ ဖြစ်ရမယ်။
ဒါကို ကြည့်ခြင်းအားဖြင့် အဲဒီ ဖြစ်ရပ်ဟာ သေကြောင်းကြံတာ မဟုတ်ဘူး။ လုပ်ကြံတာလည်း မဟုတ်ဘူး။ မတော်တဆ ဖြစ်မှု သက်သက်ပဲ။ နပ်မှန်အောင် မစားခဲ့ရတဲ့ ကာဝါဘေး မီဒိုရီဟာ ကားမောင်းနေရင်း အာဟာရ ချို့တဲ့မှုကြောင့် သွေးအားနည်းပြီး မူးမော်တာမျိုး၊ သတိလစ်သွားတာမျိုး ဖြစ်ကောင်း ဖြစ်ခဲ့လိမ့်မယ်။ ပြီးတော့ ကားငှားရတဲ့ အကြောင်းအရင်းကလည်း သူပြောသလို ကလေးကို ဆေးခန်းသွားပြချင်လို့ ဆိုတာ ဖြစ်နိုင်တာပဲ။
မူးမော်ပြီး သတိလက်လွတ် ဖြစ်သွားခဲ့ပေမယ့် ရေထဲ ပြုတ်ကျသွားတဲ့ အခါမှာ သတိပြန်ဝင်လာတယ်။ အခက်အခဲတွေ ကြားမှာပဲ သူ မှန်ပြတင်းကို ဖွင့်နိုင်ခဲ့ပြီး သူ့ကလေး လွတ်မြောက်ရေးအတွက် ကားအပြင် ထုတ်ပေးလိုက်နိုင်တယ်။
သူ့ရုပ်အလောင်းကို ကားထဲမှာ တွေ့ရတဲ့ အချိန်တုန်းက မီဒိုရီဟာ ထိုင်ခုံခါးပတ်ကိုတောင် မချွတ်ရသေးဘူး။ အားနည်းပြီး သတိလစ်သွားတာ ဖြစ်ဖို့ များတယ်။
ကယ်ဆယ်လို့ ရခဲ့တဲ့ ကလေးရဲ့ ကိုယ်အလေးချိန်က တစ်ဆယ်ကီလိုဂရမ် ကျော်တယ်။ မီဒိုရီဟာ ကလေးကို ဝဝလင်လင် ကျွေးမွေးထားပုံပဲ။
အဲဒီစကားတွေကို ပြောပြီးတဲ့အခါမှာ သူငယ်ချင်းက ကျွန်မကို မေးတယ်။ “အခု နင် ဘယ်လို မြင်သလဲ။ လူ့လောကထဲ ရောက်မလာခဲ့တာပဲ ကောင်းမယ်လို့ ထင်နေတုန်းပဲလား”
ကျွန်မ ဘယ်လို ခံစားနေသလဲ ဆိုတာကို ကျွန်မ မသိဘူး။ ကျွန်မ အမေ့ကို တစ်ခါမှ မြင်ခွင့် မရခဲ့ပါဘူး။ သူ့ကို မုန်းတယ် ဆိုရင်တောင် အဲဒါ စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်မျိုးပဲ ဖြစ်လိမ့်မယ်။ အဲဒီ စိတ်ကူးယဉ်ဆန်တဲ့ အမုန်းတရားကို ကျေးဇူးတရားအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားရမယ် ဆိုရင်တော့ ကျွန်မရဲ့ အတွင်းစိတ်ဟာ ပိုရှုပ်သထက် ရှုပ်လာတော့မှာပဲ။ ဒါနဲ့ “ငါ ဘယ်လိုမှ မမြင်ဘူး” လို့ပဲ သူ့ကို ပြန်ဖြေလိုက်တယ်။
“ကား ရေထဲ ထိုးကျသွားတာ သူရဲ့ အပြစ်ပဲလေ။ ဘာမှ စားစရာ မရှိလောက်အောင် မွဲတေ မနေဘူးဆိုရင် ဒီလို အဖြစ်မျိုးလည်း ကြုံလာရမှာ မဟုတ်ဘူး။ ငါ့ကို ကယ်တင်ရမှာက အမေတစ်ယောက်ရဲ့ တာဝန်ပဲ။ သူ့ကိုယ်သူ ပြန်မကယ်နိုင်တာကတော့ သူ အသုံးမကျလို့ပေါ့” သူငယ်ချင်းကို ကျွန်မ အဲဒီလို ပြောပစ်လိုက်တယ်။
သူငယ်ချင်းက ကျွန်မပါးကို ရိုက်ချလိုက်တယ်။ သူ ငိုယိုပြီး ကျွန်မကို ပြောတယ်။ “နင် ဘာဖြစ်လို့ ဒီလောက်တောင် လူ့အသက်တစ်ချောင်းကို တန်ဖိုး မထားတတ်ရတာလဲ။ လွန်ခဲ့တဲ့ သုံးနှစ်က မီးလောင်ခဲ့တဲ့ အဖြစ်အပျက်ကို နင် မေ့သွားပြီလား”
အဲဒီစကားကြောင့် ကျွန်မရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။
ကျွန်မတို့ နေနေတဲ့ ဂေဟာမှာ လွန်ခဲ့တဲ့ သုံးနှစ်က မီး အကြီးအကျယ် လောင်ခဲ့တယ်။ ခရစ္စမတ်ညကပေါ့။ အဲဒီ အဖြစ်အပျက်ဟာ ကျွန်မအတွက်လည်း အင်မတန် ထိတ်လန့်စရာ ကောင်းတဲ့ အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်ခဲ့တယ်။
သူငယ်ချင်းရဲ့ မောင်လေးဟာ တစ်နေရာမှာ ချောင်ပိတ်မိနေပြီး မီးထဲက ပြေးမထွက်နိုင်ဘဲ ဖြစ်နေခဲ့တယ်။ သူသာ ထွက်မပြေးနိုင်ခဲ့ရင် မီးထဲမှာပဲ အသက် ဆုံးရရှာတော့မှာ။ ဒါပေမယ့် ခရစ္စမတ်ပွဲမှာ လာပြီး ဖျော်ဖြေပေးတဲ့ ဦးလေးတစ်ယောက်ဟာ အသက်ကို ပဓာနမထားဘဲ သူ့ကို မီးပုံထဲကနေ ရအောင် ကယ်ထုတ်ပေးခဲ့တယ်။ ကျွန်မ သူ့ရဲ့ မျက်နှာကို အခုထိ မှတ်မိနေတုန်းပဲ။ သူ့မျက်နှာဟာ သိပ်ကို ချိုတယ်။ လူတိုင်းလူတိုင်းဟာ မီးထဲက လွတ်ဖို့ အပြင်ကိုပဲ ပြေးထွက်နေကြချိန်မှာ သူတစ်ယောက်တည်းကပဲ ကျွန်မ သူငယ်ချင်းကို အဖက်လုပ်ပြီး မောင်လေးကို သွားရှာပေးခဲ့တယ်။ သူ့မောင်လေး ရှိနိုင်မယ့် အပေါ်ထပ်ကို ပြေးတက်သွားပြီး ကယ်ထုတ်ပေးခဲ့တယ်။ သူ့မောင်လေးက အသက်ရှင်သန်ခွင့် ရခဲ့ပေမယ့် အဲဒီလူကတော့ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံမှာပဲ ဆုံးရှာတယ်။
“ငါနဲ့ မောင်လေးက သူ့ကို တစ်သက်လုံး ကျေးဇူးတင်နေမိတော့မှာ။ ငါ့ဘဝ တစ်ခုလုံးနဲ့ ရင်းပြီး သူရဲ့ ကျေးဇူးတွေကို ဆပ်ဖို့ ကြိုးစားသွားမယ်လို့ ငါ သန္နိဋ္ဌာန် ချထားတယ်” သူငယ်ချင်းက ငိုယိုပြီး ပြောရှာတယ်။ “အသက်တစ်ချောင်းဟာ သိပ်ကို တန်ဖိုးကြီးတယ်ဆိုတာ နင့်ကိုလည်း နားလည်စေချင်တယ်”
မိဘမဲ့ဂေဟာရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ဘာဖြစ်လို့ သူ့ကို ကျွန်မဆီ လွှတ်ခဲ့ရသလဲဆိုတာ ကျွန်မ သဘောပေါက်သွားပြီ။ ကျွန်မ အမေအပေါ် ဘယ်လို သဘောထားရမလဲ ဆိုတာ သူ့လောက် ဘယ်သူမှ ကျွန်မကို ရှင်းပြနိုင်လိမ့်မယ် မထင်ဘူး။ သူတို့ရဲ့ ရွေးချယ်မှု မှန်သွားပါတယ်။ သူ့ဆီက ခံစားမှုတွေ ကူးစက်လာပြီး ကျွန်မလည်း ငိုချလိုက်တယ်။ နောက်ဆုံးတော့ ကျွန်မ တစ်ခါမှ မသိမကျွမ်းခဲ့ဖူးတဲ့ အမေ့ကို ကျွန်မ ကျေးဇူးတင်နိုင်လာခဲ့တယ်။
အဲဒီနေ့ကစပြီး ‘ကျွန်မ ဘယ်တုန်းကမှ မွေးမလာခဲ့ရင် ကောင်းမှာပဲ’ လို့ ဘယ်တော့မှ မပြောဖြစ်တော့ဘူး။ ဒီနေ့ဒီအချိန်ထိ ကျွန်မရဲ့ ဘဝလမ်းကြောင်းဟာ သာယာဖြောင့်ဖြူးပါတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ရှင်သန်နေမှသာလျှင် လောကဓံ အဆိုးအကောင်းတွေကို ခံစားဖို့ အခွင့်အရေး ရနိုင်တယ်လို့ နားလည်လိုက်တဲ့ အချိန်ကစပြီး ကျွန်မ ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်လာနိုင်ခဲ့တယ်။
နောက်ပြီး ကျွန်မရဲ့ အမေ့ဆီကို စာရေးခဲ့တဲ့ သူဟာ ဘယ်သူ ဖြစ်မလဲ ဆိုတာကိုလည်း ကျွန်မ အရမ်း စိတ်ဝင်စားလာတယ်။ ‘နာမီယာကုန်စုံဆိုင်’ လို့ စာရဲ့ အောက်ဆုံးမှာ လက်မှတ်ထိုးထားတယ်။ အဲဒီလူက ဘယ်သူလဲ။ ဘာဖြစ်လို့ လူနာမည် မရေးဘဲ ကုန်စုံဆိုင်နာမည် တပ်ထားရတာလဲ။
အဲဒီလူဟာ သူများရဲ့ စိတ်သောကတွေကို ဖြေဖျောက်ပေးတတ်တဲ့ အကြံဉာဏ်ကောင်း ပေးတတ်တဲ့ အဘိုးအိုတစ်ယောက် ဖြစ်မှန်း အခုရက်ပိုင်း ရောက်မှပဲ ကျွန်မ အင်တာနက်ထဲကနေ တစ်ဆင့် သိခဲ့ရတယ်။ လူတစ်ယောက်က သူရဲ့ ဘလော့ဂ်ထဲမှာ သူရဲ့ အတွေ့အကြုံကို ချရေးထားတယ်။ အကြံဉာဏ် တောင်းခဲ့ဖူးတဲ့ တခြား လူတွေများ ရှိဦးမလား ဆိုပြီး ကျွန်မ လျှောက်ရှာရင်းနဲ့ ကြေညာချက်ကို တွေ့လိုက်ရတာပါပဲ။
နာမီယာကုန်စုံဆိုင်က ဘဘကြီးရှင့်၊ ကျွန်မရဲ့ အမေကို အကြံကောင်း ဉာဏ်ကောင်းတွေ ပေးခဲ့တဲ့အတွက် ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။ ကျွန်မအနေနဲ့ ကျေးဇူး ပြန်မဆပ်နိုင်ပေမယ့် အနည်းဆုံး ကျေးဇူးတင်ကြောင်းတော့ ပြောပြနိုင်ဖို့ အမြဲတမ်း မျှော်လင့်နေခဲ့မိတယ်။ အရမ်းကို ကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်မ ယုံကြည်ချက် အပြည့်နဲ့ ပြောနိုင်ခဲ့ပါပြီ။ ဒီကမ္ဘာမှာ လူဖြစ်ခွင့် ရခဲ့တာ သိပ်ကို ကျေနပ်စရာ ကောင်းလှပါတယ်။
မြနဒီရဲ့ သမီး
စာကြွင်း ။ ။ ကျွန်မရဲ့ သူငယ်ချင်းဟာ အခုဆိုရင် အင်မတန် နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက် ဖြစ်နေပြီ။ သူရဲ့ ထူးခြားတဲ့ ဂီတပါရမီကို အပြည့်အဝ အသုံးချနိုင်ခဲ့တဲ့ အတွက် သူဟာ ဂျပန်ပြည်မှာ အထင်ရှားဆုံး အနုပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပြီ။ သူလည်း သူ့ကျေးဇူးရှင်ကို ကျေးဇူးဆပ်နေပါတယ်။ ကျွန်မက အခု အဲဒီသူငယ်ချင်းရဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲသူပါ။ ❞
(င)
တာကာယူကီသည် စာရွက် အထပ်လိုက်ကြီးကို သေသေချာချာ ပြန်ခေါက်ပြီး စာအိတ်ထဲ ထည့်လိုက်သည်။
“သိပ်ကောင်းတာပဲ အဖေရာ။ အဖေရဲ့ အကြံပြုချက်က ဒက်ထိ မှန်နေပဲ”
သို့သော် ယူဂျီက ခေါင်းခါသည်။
“ငါ စောစောက ပြောသလိုပေါ့။ အရေးပါဆုံး အချက်က သူ ဘယ်လောက် အားစိုက်ထုတ်ခဲ့သလဲ ဆိုတာပဲ။ ငါရဲ့ အကြံပြုချက်က လူတစ်ဦးတစ်ယောက်ရဲ့ ဘဝကို နစ်မွန်းသွားစေနိုင်တယ်လို့ ငါ စိုးရိမ်ခဲ့တယ်။ တွေးကြည့်ရင်တော့ ရယ်ချင်စရာပဲ။ ငါ့လို ဘာမဟုတ်တဲ့ အညတရ အဘိုးအိုကြီးတစ်ယောက်မှာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းနိုင်တဲ့ အစွမ်းသတ္တိတွေ ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲ။ ငါကသာ အဓိပ္ပာယ် မရှိ စိတ်ပူနေမိတာ” သူက ထိုသို့ ပြောနေသော်လည်း သူ၏ အမူအရာမှာ ကျေနပ်အားရနေသည့် ဟန်မျိုး။
“ဒီစာတွေက အဖေရဲ့ ရတနာတွေပဲဗျ။ ကောင်းကောင်း သိမ်းထားရမယ်”
တာကာယူကီ၏ စကားကို ကြားလိုက်သည်နှင့် ယူဂျီသည် ခပ်မဆိတ် စဉ်းစားနေလေသည်။ “အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကို အကူအညီ တောင်းရဦးမယ်”
“ဘယ်ကိစ္စလဲ”
“ဒီစာတွေကို ငါ့အစား သေချာသိမ်းထားပေးပါလား”
“ကျွန်တော်က သိမ်းရမယ်? ဘာဖြစ်လို့လဲ”
“မင်းသိတဲ့ အတိုင်းပဲကွာ။ ငါလည်း ကြာကြာနေရမယ် မထင်တော့ဘူး။ အဲဒီစာတွေကို ငါ့အနားမှာ ထားထားလို့ လူတွေ မြင်သွားရင် မကောင်းဘူးကွ။ ဒီစာပေါ်မှာ ရေးထားတဲ့ အကြောင်းအရာတွေ အားလုံးက အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စတွေချည်းပဲ”
ယခု တွေ့မြင်နေရသော ဖြစ်စဉ်ကြီး တစ်ခုလုံးကို လုံးဝဥဿုံ လက်ခံသည်ဟု မဆိုနိုင်သေးသော်လည်း သူ့ဖခင်၏ စကားက အဓိပ္ပာယ် ရှိသည်ဟု သူ ယူဆသည်။
“ဘယ်အချိန်ထိ သိမ်းထားပေးရမှာလဲ”
“အင်း …… ငါသေတဲ့အထိပေါ့”
“ကျွန်တော် သဘောပေါက်ပြီ။ အဲဒီအချိန်ကျရင် အခေါင်းထဲ ထည့်ပေးလိုက်မယ်။ ဘယ်လိုလဲ။ သူတို့ကိုလည်း မီးသင်္ဂြိုဟ် လိုက်တာပေါ့”
“ကောင်းတယ်” ယူဂျီက ပေါင်ကို ပုတ်လိုက်သည်။ “အဲဒီအတိုင်းသာ လုပ်လိုက်တော့”
တာကာယူကီသည် ခေါင်းညိတ်လျက် စာအိတ်အထပ်လိုက်ကို ကြည့်နေပြန်သည်။ ၎င်းတို့သည် အနာဂတ်ကာလရှိ လူများထံမှ ရောက်လာသော စာများ ဖြစ်သည်ဟု သူ မယုံကြည်နိုင်သေးချေ။
“အဖေ” သူက မေးလိုက်သည်။ “အင်တာနက်ဆိုတာ ဘာကြီးလဲ”
“အား … အဲဒါလား” ယူဂျီသည် အထက်ဘက်သို့ လက်ညှိုးထိုးလိုက်သည်။ “ငါလည်း အဲဒါကို စဉ်းစားနေတာ။ အဲဒီ စကားလုံးကို တခြား စာတွေမှာလည်း ခဏခဏ တွေ့ရတယ်။ ‘အင်တာနက်ပေါ်မှာ ကြော်ငြာကို တွေ့လိုက်ရတယ်’ ဆိုတာမျိုး ရေးထားကြတာ။ နောက်ပြီး ‘ဟန်းဖုန်း’ ဆိုတဲ့ စကားလုံးလည်း တွေ့ရသေးတယ်”
“ဟန်းဖုန်း? ဘာကြီးလဲ”
“ငါလည်း မသိဘူးလေကွာ။ သတင်းစာနဲ့ ဆင်ဆင်တူတဲ့ ပစ္စည်းတစ်ခုခု ဖြစ်ချင် ဖြစ်မှာပေါ့” ပြောပြီး ယူဂျီသည် မျက်လုံးများကို မှေးလျက် တာကာယူကီကို စိုက်ကြည့်နေသည်။ “ဒီစာတွေထဲက အတိုင်းဆိုရင် မင်းက ငါ ခိုင်းထားတဲ့အတိုင်း ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ကြော်ငြာစာတစ်စောင်ကို ထုတ်ပြန်လိုက်တယ်လို့ ဆိုရမှာပဲ”
“အင်တာနက်နဲ့ ဟန်းဖုန်းပေါ်မှာလား”
“အဲဒီလိုပဲ နေမှာပေါ့”
တာကာယူကီက မျက်မှောင်ကုတ်လိုက်သည်။ “ဘာကြီးတုန်းဗျာ။ စိတ်ထဲမှာ တစ်မျိုးပဲ”
“မစိုးရိမ်စမ်းပါနဲ့။ မင်း တစ်နေ့ သိလာမှာပဲဟာ။ ကဲ … ငါတို့ သွားကြရအောင်လား”
ထိုစဉ် ဆိုင်ဘက်မှ လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာသည်။ ဂလောက် ဟူသော အသံနှင့်အတူ ပစ္စည်းတစ်ခု ကြမ်းပေါ်သို့ ကျလာသည်။ တာကာယူကီနှင့် ယူဂျီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“လာပြန်ပြီ ထင်တယ်” ယူဂျီက ပြောသည်။
“စာလား”
“အင်း” ယူဂျီက ခေါင်းညိတ်ပြသည်။ “မင်း သွားကြည့်လိုက်ဦး”
“ဟုတ်” ဟုဆိုကာ တာကာယူကီသည် ဆိုင်ခန်းထဲသို့ ဝင်သွားသည်။ ဆိုင်ထဲတွင် ပစ္စည်းများ သိမ်းဆည်းထားခြင်း မရှိသောကြောင့် စင်ပေါ်တွင် ကုန်ပစ္စည်းတချို့ ရှိနေကြသည်။
ယင်းလိပ်တံခါး အရှေ့တွင် စက္ကူသေတ္တာတစ်လုံး ချထားသည်။ အထဲသို့ လှမ်းကြည့်သောအခါ ခေါက်ထားသော စာရွက်ခေါက်တစ်ခုကို တွေ့ရသည်။ ကြည်ရသည်မှာ စာရေးစက္ကူ ဖြစ်ဟန်တူသည်။ တာကာယူကီသည် ကောက်ယူလိုက်ပြီး အိပ်ခန်းသို့ ပြန်လာသည်။ “ဟောဒါပဲ”
ယူဂျီက စာရွက်ခေါက်ကို ဖြန့်ကြည့်သောအခါ အံ့အားသင့်သွားသည်။
“ဘာဖြစ်လို့လဲ” တာကာယူကီက မေးလိုက်သည်။
ယူဂျီသည် နှုတ်ခမ်းကို တင်းတင်း စေ့ထားလျက် စာကို သူ့ထံသို့ ကမ်းပေးလေသည်။
“ဟမ်” တာကာယူကီထံမှ အာမေဍိတ်သံ ထွက်ပေါ်လာသည်။ စာရွက်ပေါ်တွင် ဘာမျှ ရေးထားခြင်း မရှိ။ “ဒါက ဘာအဓိပ္ပာယ်လဲ”
“ငါလည်း မသိဘူး”
“နောက်နေတာများလား”
“ဖြစ်နိုင်တာပဲ။ ဒါပေမယ့် …….” ယူဂျီသည် စာရွက်ကို လှမ်းကြည့်လိုက်သည်။ “အဲဒီလို မဟုတ်ဘူးလို့ ထင်တာပဲ”
“ဒါဆို ဘာလဲ”
ယူဂျီသည် စာရွက်ကို စားပွဲပေါ် တင်လိုက်ပြီး လက်ပိုက်ကာ စဉ်းစားနေလေသည်။ “ကြည့်ရတာ ဒီလူက မေးခွန်း မေးဖို့ အဆင်သင့် မဖြစ်သေးဘူး နေမှာ။ သူရဲ့ အတွင်းစိတ်ထဲမှာ ရှုပ်ထွေးနေပြီး ဘာမေးခွန်း မေးရမယ် ဆိုတာကိုတောင် ရှာမတွေ့သေးတာပဲ ဖြစ်ရမယ်”
“အဲဒီလို ဆိုပေမယ့်လည်း စက္ကူလွတ်တစ်ရွက်ပေါ် ဘာမှ မရေးဘဲ ဒီအတိုင်းကြီး ပစ်ထည့်လိုက်တာကတော့ နည်းနည်း ………”
ယူဂျီသည် တာကာယူကီကို မော့ကြည့်လေသည်။ “မင်း အပြင်ဘက်မှာ ခဏလောက် သွားစောင့်ပေးပါလား”
တာကာယူကီသည် နားမလည်နိုင်စွာဖြင့် မျက်တောင်ကို တဖျပ်ဖျပ် ခတ်နေလေသည်။ “ဘာလုပ်မလို့လဲ”
“မေးစရာလိုသေးလား။ ပြန်စာ ရေးမလို့ပေါ့ကွ”
“စာရေးမယ်? ဒါပေမယ့် သူ့စာမှာက ဘာမှ ရေးမထားဘူးလေ။ အဖေက ဘယ်လို စာပြန်မလို့လဲ”
“အဲဒါကို အခု စဉ်းစားမလို့ပေါ့ဟ”
“အခု?”
“မကြာပါဘူးကွာ။ မင်း အရင် ထွက်သွားစမ်းပါ”
ဖခင်သည် ဆုံးဖြတ်ချက် ချပြီး ဖြစ်ဟန်တူသောကြောင့် တာကာယူကီလည်း စောဒက တက်မနေတော့ပေ။ “ဒါဆိုလည်း မြန်မြန်လုပ် အဖေ”
“အေး အေး” သူ အတွေးထဲတွင် နစ်မြောသွားလေပြီ။
တာကာယူကီ အိမ်အပြင်ဘက်သို့ ရောက်သောအခါ မိုးကောင်းကင်သည် သူ ထင်မှတ်ထားသကဲ့သို့ လင်းချင်း၍ မနေသေး။ သူ အလွန် ထူးဆန်းနေသည်။ အိမ်ထဲတွင် အချိန် အကြာကြီး ထိုင်နေခဲ့သည် မဟုတ်ပါလား။
ဆစ်ဗစ်ကားထဲသို့ ပြန်ရောက်ပြီး လည်ပင်း လေ့ကျင့်ခန်း အနည်းငယ် လုပ်ပြီးသည်နှင့် မိုးကောင်းကင်တွင် ရောင်နီများ ယှက်ဖြာလာကြသည်။ ထိုအခါ သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ အိမ်ထဲနှင့် အိမ်ပြင်၏ အချိန် ရွေ့လျားမှုနှုန်းသည် ကွဲပြားခြားနားနေသလော။
ဤမျှ ဆန်းပြားနက်နဲသော အကြောင်းအရာများကို သူ့ဇနီးနှင့် အစ်မတို့အား ပြောပြ၍ မဖြစ်။ သူတို့ကို ပြောပြလျှင်လည်း သူတို့က ယုံကြည်ကြမည် မဟုတ်ချေ။
ခါးကို ဘယ်ပြန်ညာပြန် လှည့်၍ လေ့ကျင့်ခန်း လုပ်နေစဉ် ကုန်စုံဆိုင်ဘက်မှ အသံဗလံများ ထွက်ပေါ်လာသည်။ လမ်းကျဉ်းကလေးထဲတွင် ယူဂျီကို တွေ့ရသည်။ သူသည် တောင်ဝှေးကို ထောက်လျက် ဖြည်းဖြည်းချင်း လျှောက်လှမ်းနေသည်။ တာကာယူကီသည် ကားပေါ်မှ အမြန်ဆင်းပြီး ဖခင်အား ခရီးဦးကြို ပြုလိုက်သည်။
“ရေးလို့ ပြီးသွားပြီပေါ့”
“အင်း”
“ပြန်စာကို ဘယ်မှာ ထားလိုက်တာလဲ”
“နွားနို့သေတ္တာထဲပဲပေါ့ကွ”
“အဲဒါဆို ရပြီလား။ တစ်ဘက်လူဆီ ရောက်သွားမယ်ပေါ့?”
“ရောက်လောက်ပါတယ်”
တာကာယူကီသည် ထူးဆန်းအံ့ဩသော မျက်နှာထားဖြင့် ဖခင်အား ငေးကြည့်နေမိသည်။ သူ့ဖခင်သည် လူသားတစ်ယောက် မဟုတ်တော့ဘဲ နတ်ဘုရားတစ်ပါးများ ဖြစ်နေပြီလား ဟူသော စူးစမ်းမှုမျိုး …
သူတို့ နှစ်ယောက်စလုံး ကားထဲသို့ ရောက်လျှင် ရောက်ချင်း တာကာယူကီက သူ့ကို မေးလိုက်သည်။ “အဲဒီ ဗလာစာရွက်ကို အဖေက ဘယ်လို ဖြေလိုက်တာလဲ”
ယူဂျီက ခေါင်းခါပြသည်။ “ငါ့စည်းကမ်းကို မင်းလည်း သိနေတာပဲ။ ငါ မင်းကို ပြောလို့ မဖြစ်ဘူး”
တာကာယူကီသည် ပခုံးကို တွန့်ပြပြီး ကားစက်နှိုးလိုက်လေသည်။ ရှေ့သို့ မောင်းသွားတော့မည် အပြုတွင် ရုတ်တရက် ယူဂျီထံမှ အသံထွက်ပေါ်လာသည်။ “ခဏနေဦး” သူ ဘရိတ်ကို အမြန် နင်းချလိုက်ရသည်။
နားဘေးတွင် ထိုင်နေသော ယူဂျီသည် ဆိုင်ဘက်သို့ ငေးမျှော်ကြည့်နေသည်။ ဆယ်စုနှစ်ပေါင်းများစွာ ဤဆိုင်က သူ့ကို ကျွေးခဲ့မွေးခဲ့ခြင်း ဖြစ်၍ ယခုအချိန်တွင် ခွဲခွာရတော့မည် ဆိုသောအခါ သူ့စိတ်ထဲ နှမြောတသ ဖြစ်နေမည်မှာ အမှန်။ ထို့အပြင် ဤနေရာသည် သူ့အတွက် စီးပွားရှာသော နေရာသက်သက် မဟုတ်ခဲ့ပေ။
“အင်း …..” ယူဂျီက အသံတိုးတိုးဖြင့် ပြောသည်။ “ရပြီ၊ မောင်းတော့”
“အဖေရဲ့ ဆန္ဒတွေ ပြည့်ခဲ့ပြီမလား”
“အေး … အားလုံး နိဋ္ဌိတံခဲ့ပြီ” ပြောပြီးနောက် ယူဂျီသည် မျက်လုံးများကို စုံမှိတ်ထားလေတော့သည်။
(စ)
ဆိုင်းဘုတ်ပေါ်တွင် ညစ်ပတ်ပေရေ နေသောကြောင့် အပေါ်မှ စာလုံးများကို သဲသဲကွဲကွဲ မမြင်ရတော့ပေ။ သို့သော် မတတ်နိုင်ပြီ။ တာကာယူကီသည် ကင်မရာ ခလုတ်ကို နှိပ်ချလိုက်သည်။ ထို့နောက် ရှုထောင့်မျိုးစုံမှလည်း ဓာတ်ပုံ အတော်များများ ရိုက်ယူခဲ့သည်။ ဓာတ်ပုံ ရိုက်လေ့ ရိုက်ထ မရှိသောကြောင့် ပုံကောင်း ထွက်မည်၊ မထွက်မည်ကိုတော့ သူလည်း အာမ မခံနိုင်။ သို့သော် ကောင်းခြင်း မကောင်းခြင်းက အရေးမကြီး။ သူတကာကို လျှောက်ပြနေဖို့မှ မဟုတ်ဘဲ။
လမ်းတစ်ဘက်မှ နေ၍ အိုဟောင်းနေသော အဆောက်အအုံကို စိုက်ကြည့်နေရင်း လွန်ခဲ့သော တစ်နှစ်က အကြောင်းကို ပြန်မြင်ယောင်မိနေသည်။ ယူဂျီနှင့်အတူ ဤဆိုင်သို့ နောက်ဆုံး အလည်ရောက်ခဲ့ကြစဉ်က တစ်ညတာ အချိန်များ။
အသေအချာ ပြန်စဉ်းစားကြည့်သောအခါ ထိုညမှ ဖြစ်ရပ်များကို အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များအဖြစ် လက်ခံနိုင်ရန် မလွယ်ကူးသေးကြောင်း သူ တွေ့လာရသည်။ ယခုချိန်ထိပင် ထိုဖြစ်ရပ်ကို အိပ်မက်တစ်ခုလေလားဟု သံသယ ဝင်နေဆဲ။ အမှန်တကယ်ပင် အနာဂတ်ကာလမှ ပေးစာများကို လက်ခံရရှိခဲ့သလော။ နောက်နောင်တွင် ယူဂျီလည်း ထိုညမှ အဖြစ်အပျက်များကို လုံးဝ စကားမဟတော့ချေ။
ထိုအချိန်က သူ့ထံ အပ်နှံခဲ့သော ပေးစာများကို ဖခင်၏ အခေါင်းထဲသို့ ထည့်ပေးလိုက်သည်။ ၎င်းမှာ မြေကြီးလက်ခတ် မလွဲမှားနိုင်သော အဖြစ်မှန်ပင်။ ယိုရီကိုက ၎င်းစာများ အကြောင်းကို မေးသောအခါ သူ ဘာမျှ မဖြေခဲ့။
အံ့ဩစရာ ကောင်းသော အကြောင်းများတွင် ဖခင်၏ သေခြင်းကလည်း တစ်ခု အပါအဝင် ဖြစ်သည်။ အချိန်မရွေး သေဆုံးသွားနိုင်သည်ဟု ကြိုတင် အသိပေးချက် ရရှိထားစေကာမူ သူ၏ အသက်ဝိဉာဉ်သည် အဆုံးအစ မရှိ ဆွဲဆန့်ထားခံရသကဲ့သို့ ပိုးချည်မျှင်တစ်ချောင်းလို သေးပင် သေးသော်ငြားလည်း မပြတ်မတောက်ဘဲ အသက်နှင့်ခန္ဓာကို မြဲမြံစွာ တုတ်နှောင်ထားခဲ့လေသည်။ သူသည် အစားမဝင်တော့ဘဲ အိပ်ရာဖျာကပ် အနေအထားမျိုးဖြင့်သာ နောက်ထပ် တစ်နှစ်ကြာမျှ ဆက်လက် ရှင်သန်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ရှိ အချိန်ယန္တရားသည် နှေးကွေးစွာ လှုပ်ရှားနေသည့်နှယ်။
တာကာယူကီသည် အတိတ်၌ လွင့်မျောနေစဉ် နားထဲသို့ အသံတစ်သံ တိုးဝင်လာသည်။ “ကျေးဇူးပြုပြီး …….” သူ သတိပြန်လည်လာပြီး ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။ အရပ်အမောင်း ကောင်းကောင်းနှင့် မိန်းမပျိုတစ်ယောက်သည် စက်ဘီးလက်ကိုင်ကို ကိုင်လျက် အနားတွင် ရပ်နေသည်ကို တွေ့ရသည်။ သူသည် အားကစားဝတ်စုံကို ဝတ်ထားပြီး စက်ဘီးနောက်ခုံပေါ်တွင် ခရီးဆောင်အိတ်တစ်လုံး ချည်ထားသည်။
“ဟုတ်ကဲ့” တာကာယူကီက ပြန်ဖြေလိုက်သည်။ “ဘာများ ကူညီပေးရမလဲခင်ဗျ”
အမျိုးသမီးငယ်က တွန့်ဆုတ်သော အမူအရာဖြင့် မေးသည်။ “ဦးက မစ္စတာနာမီယာကို သိလားရှင့်”
တာကာယူကီက အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ “ကျွန်တော်က သူ့ရဲ့သားပါ။ ဒါက ဖခင်ရဲ့ ဆိုင်ပဲ”
အမျိုးသမီးငယ်သည် အံ့အားသင့်စွာဖြင့် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်နေလေသည်။ “ဪ …..”
“ခင်ဗျားက ဒီဆိုင်ကို သိလို့လား”
“ဟုတ်။ ဒါပေမယ့် ပစ္စည်းဝယ်ဖူးတာတော့ မဟုတ်ပါဘူး” သူသည် အားနာသည့် မျက်နှာအမူအရာဖြင့် လမ်းမပေါ်သို့သာ ငုံ့ကြည့်နေသည်။
တာကာယူကီသည် ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ “ခင်ဗျားက အကြံဉာဏ် တောင်းခံဖူးတယ် ဆိုပါတော့”
“ဟုတ်ကဲ့” သူက ပြန်ဖြေသည်။ “အင်မတန် အဖိုးတန်တဲ့ လမ်းညွှန်မှုတွေ ရခဲ့ပါတယ်”
“ဟုတ်လား။ ကောင်းတာပေါ့ဗျာ။ အဲဒါ ဘယ်အချိန်လောက်တုန်းကလဲ”
“မနှစ်က ၁၁ လပိုင်း”
“၁၁ လပိုင်း?”
“ဒီဆိုင်ကို နောက် မဖွင့်တော့ဘူးလား” အမျိုးသမီးငယ်သည် ကုန်စုံဆိုင်ဘက်သို့ လှမ်းကြည့်နေသည်။
“….. ဟုတ်တယ်ဗျ။ အဖေလည်း ဆုံးရှာပြီ”
သူသည် အသက်ရှူဖို့ပင် မေ့သွားဟန် တူသည်။ မျက်လုံးများက ရီဝေလျက်။ “ဆုံးရှာပြီလား ….. ဘယ်အချိန်က ဆုံးတာလဲ”
“ပြီးခဲ့တဲ့ လကပဲ”
“ဟုတ်လား ….. ဦးအတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်မှာပဲနော်”
တာကာယူကီက ခေါင်းညိတ်ပြလိုက်သည်။ သူက အမျိုးသမီးကို စိုက်ကြည့်နေသည်။ “ခင်ဗျားက အားကစားသမားလား”
“ဟုတ်၊ ဓားသိုင်းကစားပါတယ်”
“ဓားသိုင်း … ဝိုး” တာကာယူကီက ထိုသို့ မမျှော်လင့်ထားပေ။
“လူအတော်များများက အဲဒီ ကစားနည်းနဲ့ မရင်းနှီးကြတော့ဘူး” သူက ပြုံးလျက် စက်ဘီးပေါ်သို့ တက်လိုက်သည်။ “အနှောင့်အယှက် ပေးမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်ရှင်။ ကျွန်မကို သွားခွင့်ပြုပါဦး”
“ဟုတ်ကဲ့၊ ဘိုင်”
စက်ဘီးနင်း၍ အဝေးသို့ ရောက်သွားပြီ ဖြစ်သော ထိုအမျိုးသမီးကို တာကာယူကီက ငေးကြည့်နေမိသည်။ ဓားသိုင်းသမား။ နေ့တိုင်း မြင်နိုင်သော အရာမျိုး မဟုတ်။ လေးနှစ်တစ်ကြိမ် ကျင်းပသော အိုလံပစ်ပွဲတော်ချိန် ရောက်မှသာ တီဗီဖန်သားပြင်တွင် မြင်ခွင့်ရနိုင်သည်။ ထို့အပြင် ပွဲစဉ်အပြည့် မဟုတ်ဘဲ ရွေးကောက် တင်ပြချက်မျှသာ ကြည့်ခွင့်ရသည်။ သို့သော် ယခုနှစ် အိုလံပစ်ပွဲကို ဂျပန်အစိုးရက သပိတ်မှောက်လိုက်သောကြောင့် ရွေးကောက် တင်ပြချက်ကိုပင် ကြည့်ခွင့် ရတော့မည် မဟုတ်ပေ။
သူသည် မနှစ် နိုဝင်ဘာလက စာရေးဆက်သွယ်ခဲ့သည်ဟု ဆိုသည်။ အမှတ်များ မှားနေရော့သလား။ ထိုစဉ်က ယူဂျီသည် နာမကျန်းဖြစ်၍ ဆေးရုံတက်နေရသည်။
တာကာယူကီသည် ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားပြီး လမ်းမကို ဖြတ်ကူးကာ ကုန်စုံဆိုင်ဘေးရှိ လမ်းကြားထဲသို့ လျှောက်ဝင်သွားသည်။ နောက်ဖေးတံခါးနားသို့ ရောက်သောအခါ နွာနို့သေတ္တာကို ဖွင့်၍ အထဲသို့ လှမ်းကြည့်လိုက်သည်။
အထဲတွင် ဗလာနတ္ထိ။ မဟုတ်မှ လွဲရော …. ဟိုတစ်နေ့ညက ဗလာစာရွက် တစ်ရွက်အတွက် ပေးပို့သော ယူဂျီ၏ ပြန်စာသည် အနာဂတ်ကာလသို့ လျောလျောလျူလျူ ရောက်ရှိသွားခဲ့ပြီလော။
(ဆ)
၂၀၁၂ ခု၊ စက်တင်ဘာလ။
နာမီယာ ရွှန်ဂိုသည် ကွန်ပျူတာအရှေ့တွင် ထိုင်၍ ငိုင်နေသည်။ သူ ထိုသို့ မလုပ်သင့်ဟု တွေးနေမိသည်။ အကယ်၍ တစ်စုံတစ်ခု ခြေချော်လက်ချော်ပြီး အခြေအနေ ရှုပ်ထွေးလာလျှင် ပြဿနာက ကြီးထွားသွားနိုင်သည်။ သူသည် အိမ်တွင်းရှိ ကွန်ပျူတာကို အသုံးပြုနေသောကြောင့် ရဲများက စုံစမ်းသိရှိသွားလျှင် သူ့အိမ်အထိ အမှုပတ်လာနိုင်သည်။ ထို့အပြင် အင်တာနက်မှုခင်းအတွက် ချမှတ်ထားသော ပြစ်ဒဏ်များမှာလည်း သက်သက်ညှာညှာ မရှိလှချေ။
သို့သော် အဘိုးသည် သူ့ကို ဒုက္ခရောက်အောင် ချောက်တွန်းလို၍ ဤသို့ ခိုင်းစေခဲ့ခြင်း မဟုတ်မှန်း သူ ယုံကြည်သည်။ အဘိုးသည် နောက်ဆုံး ထွက်သက်ကို မှုတ်ထုတ်လိုက်သည့် အချိန်အထိ သူ့ဦးနှောက်မှာ ကြည်လင်နေကြဆဲ ဖြစ်သည်။ ပြောသော စကားသံမှာလည်း တည်ငြိမ်ပြီး ပြတ်သားလှသည်။
ရွှန်ဂို၏ အဘိုးဖြစ်သူ တာကာယူကီသည် မနှစ် နှစ်ကုန်ပိုင်းက အစာအိမ်ကင်ဆာဖြင့် အနိစ္စရောက်ခဲ့သည်။ အဘေးသည်လည်း ကင်ဆာဖြင့်ပင် ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် သူတို့ မိသားစုတွင် ကင်ဆာဖြစ်စေနိုင်သော မျိုးဗီဇ ရှိနေသည်လော မသိ။
တာကာယူကီသည် ဆေးရုံ မတက်ခင် ရွှန်ဂိုအား သူ့အခန်းသို့ တိတ်တဆိတ် ခေါ်ယူပြီး သူ့ကို မှာကြားခဲ့သည်။ ဘယ်သူ့ကိုမျှ မပြောပြဘဲ လျှို့ဝှက်ထားရမည်ဟု ကတိတောင်းခဲ့သည်။
“ဘာကိစ္စလဲ အဘိုး” သူ အထူး စိတ်ဝင်စားသွား၍ မေးလိုက်သည်။
“မင်း ကွန်ပျူတာ ကျွမ်းကျင်တယ် မဟုတ်လား” တာကာယူကီက မေးသည်။
“မဆိုးပါဘူး” ရွှန်ဂိုက ပြန်ဖြေသည်။ သူသည် အလယ်တန်းကျောင်းတွင် သင်္ချာပြိုင်ပွဲများ၌ ဝင်ပြိုင်လေ့ရှိပြီး ကွန်ပျူတာကိုလည်း မကြာခဏ သုံးတတ်သည်။
သို့ဖြင့် တာကာယူကီသည် စာရွက်တစ်ရွက် ထုတ်ပြသည်။
“နောက်နှစ် ကိုးလပိုင်းရောက်ရင် ဒီပေါ်က စာတွေကို အင်တာနက်ပေါ်မှာ ကြေညာပေးစမ်းပါကွာ”
ရွှန်ဂိုသည် စာရွက်ကို လှမ်းယူပြီး အစအဆုံး ဖတ်ကြည့်သည်။ အကြောင်းအရာမှာ ထူးခြား ဆန်းကြယ်နေသည်။
“ဘာတွေလဲဗျ”
တာကာယူကီက ခေါင်းခါနေသည်။ “ဘာမှ လျှောက်စဉ်းစားမနေနဲ့။ အဲဒီအထဲက စာတွေကို လူအများသိအောင် ကြေညာပေးရင် ရပြီ။ မင်း လုပ်ပေးနိုင်တယ် မဟုတ်လား”
“လုပ်တာက လုပ်ပေးလို့ ရပါတယ် …..”
“တကယ်တော့ အဲဒီကိစ္စကို ငါကိုယ်တိုင် လုပ်ပေးလိုက်ချင်တာပါ။ ငါကိုယ်တိုင် လုပ်ပါမယ်လို့လည်း တစ်ချိန်တုန်းက ကတိပေးထားခဲ့တာလေ”
“ဘယ်သူ့ကို ကတိပေးခဲ့တာလဲ”
“ငါ့အဖေကို။ မင်းရဲ့ အဘေးပေါ့ကွာ”
“ဘိုးဘိုးရဲ့ အဖေကိုလား …….”
“ဒါပေမယ့် ငါအခု ဆေးရုံတက်ရတော့မယ်။ ဘယ်အချိန်ထိ အသက်ရှင်နေနိုင်မလဲ ဆိုတာလည်း ပြောရခက်တယ်။ ဒါကြောင့် ဒီကိစ္စ မင်းကို လွှဲခဲ့ချင်တယ်”
ရွှန်ဂို မည်သို့ ပြန်ပြောရမည်မှန်း မသိ။ မိဘများ၏ ပြောစကားအရ သူ သိထားခဲ့သည်။ အဘိုး၏ ကျန်းမာရေးကလည်း အားရစရာ မရှိ။
“စိတ်ချပါ အဘိုး” ရွှန်ဂိုက ပြန်ဖြေသည်။
တာကာယူကီက စိတ်ကျေနပ်စွာဖြင့် ခေါင်းတဆတ်ဆတ် ညိတ်နေလေသည်။
တာကာယူကီလည်း ဆေးရုံတက်ပြီး များမကြာမီ လူ့လောကမှ ထွက်ခွာသွားရသည်။ နာရေးအခမ်းအနားတွင် အခေါင်း၏ အရှေ့၌ ချထားသော တာကာယူကီ၏ ဓာတ်ပုံကို ကြည့်လျက် ရွှန်ဂိုက ခပ်တိုးတိုး ရေရွတ်ခဲ့သည်။ “စိတ်ချလက်ချသာ သွားပါ အဘိုး”
ထိုအချိန်မှ စ၍ သူသည် အဘိုးအား ပေးခဲ့သော ကတိကို တစ်ရံတစ်ဆစ်မျှ မမေ့ခဲ့ပေ။ သို့သော် စာထဲမှာ ပါသော အကြောင်းအရာနှင့် ပတ်သက်၍မူ ဇဝေဇဝါ ဖြစ်နေလေသည်။ ထိုသို့ တောင်တွေးမြောက်တွေးနှင့်ပင် စက်တင်ဘာလသို့ ရောက်ရှိလာသည်။
ရွှန်ဂိုသည် စားပွဲပေါ်မှ စာရွက်ကို ပြန်ဖတ်လိုက်သည်။ ၎င်းမှာ တာကာယူကီက သူ့အား ပေးခဲ့သော စာရွက်ပင် ဖြစ်သည်။
❝ စက်တင်ဘာလ ၁၃ ရက်နေ့၊ ညသန်းခေါင်ယံ ၀ နာရီ ၀ မိနစ် အချိန်မှ နံနက် အရုဏ်တက်ချိန်အထိ နာမီယာကုန်စုံဆိုင်၏ အကြံတောင်း စာတိုက်ပုံးကို ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခင်က ၎င်းကုန်စုံဆိုင်တွင် အကြံဉာဏ် တောင်းခံခဲ့ဖူး၍ ပြန်စာ ရရှိခဲ့ဖူးသော လူကြီးမင်းများကို တစ်ခုလောက် တောင်းဆိုပါရစေ။ ထိုအချိန်က ရရှိခဲ့သော ထိုပြန်စာသည် လူကြီးမင်း၏ ဘဝလမ်းကြောင်းတွင် မည်သို့သော သက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့ပါသနည်း။ လူကြီးမင်းအား အကူအညီ တစ်စုံတစ်ရာ ပေးနိုင်ခဲ့ပါသလော။ ထိုမေးခွန်းများကို အမှန်အတိုင်း ဖွင့်ဟပြောဆိုပေးပါရန် တောင်းခံပါရစေ။ ယခင်က နည်းအတိုင်းပင် ပေးစာများကို ဆိုင်မှ ယင်းလိပ်တံခါးပေါ်ရှိ စာထည့်ပေါက်တွင် ထည့်ပေးကြပါခင်ဗျာ။ ကျေးဇူး အထူးတင်ရှိပါသည်။ ❞
သူ့ကို ဤစာရွက်နှင့်အတူ တခြားပစ္စည်းတစ်ခုကိုလည်း တာကာယူကီက ပေးခဲ့သေးသည်။ ၎င်းမှာ နာမီယာကုန်စုံဆိုင်၏ ဓာတ်ပုံ။ ရွှန်ဂိုသည် ထိုနေရာသို့ မရောက်ဖူးချေ။ သို့သော် ထိုဆိုင်သည် ယခုအချိန်အထိ တည်ရှိနေဆဲ ဖြစ်ကြောင်း ကြားဖူးထားသည်။
နာမီယာမိသားစုသည် ယခင်က ကုန်စုံဆိုင်တစ်ဆိုင် ဖွင့်ခဲ့ဖူးကြောင်းကို ရွှန်ဂိုသည် အဘိုးထံမှ ကြားသိခဲ့ရသည်။ သို့သော် အသေးစိတ် အကြောင်းအချက်များကိုမူ သူ ကောင်းကောင်း မသိခဲ့ရ။
‘အကြံတောင်း စာတိုက်ပုံး’ ဆိုသည်မှာ အဘယ်ပါနည်း။ ‘ပြန်လည် ဖွင့်လှစ်သွားမည်’ ဆိုသည်ကရော ဘာအဓိပ္ပာယ်နည်း။
လက်မလွန်ခင် ရပ်တန်းက ရပ်လျှင် ကောင်းမည်ဟု သူ ထင်သည်။ ပြဿနာ တစ်စုံတစ်ခု ဖြစ်လာခဲ့လျှင် ဘာမျှ နောက်ပြန်ဆုတ်၍ ရနိုင်တော့မည် မဟုတ်။
ရွှန်ဂိုသည် ကွန်ပျူတာကို ပိတ်ပစ်လိုက်တော့မည်ဟု ဆုံးဖြတ်လိုက်စဉ်မှာပင် ပစ္စည်းတစ်ခုက လက်ခနဲ သူ့အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
၎င်းမှာ စားပွဲတစ်နေရာတွင် ချထားသော လက်ပတ်နာရီတစ်လုံး။ သူ အချစ်ရဆုံး အဘိုးက သူ့အား ပေးခဲ့သော အမှတ်တရ လက်ဆောင် ဖြစ်သည်။ ထိုနာရီသည် တစ်နေ့လျှင် ၅ မိနစ် နောက်ကျတတ်သည်ဟု သူ ကြားဖူးထားသည်။ တာကာယူကီ တက္ကသိုလ်သို့ စတက်သည့် နေ့က ရရှိခဲ့သော သူ့ဖခင်၏ လက်ဆောင်ပစ္စည်းလည်း ဖြစ်ပေသည်။
ရွှန်ဂိုသည် ကွန်ပျူတာကို ငူငူကြီး စိုက်ကြည့်နေမိသည်။ အနက်ရောင် ဖန်သားပြင်ပေါ်တွင် သူ့မျက်နှာကို အထင်းသား မြင်နေရသည်။ သူ့မျက်နှာ အပြင် ဘေးတွင် သူ့အဘိုး၏ မျက်နှာ။ ၎င်းမျက်နှာနှစ်ခုသည် တဖြည်းဖြည်း ပေါင်းစပ်သွားကာ တစ်ခုတည်း ဖြစ်သွားလေသည်။
ယောက်ျားကတိ။ သူ ကတိတည်ရမည်။
ရွှန်ဂိုသည် ကီးဘုတ်ပေါ်သို့ လက်တင်လိုက်လေတော့သည်။