← Back to blog

အကြည့်

Love ကိုးကား

ရွှေရောင်လင်းလဲ့နေသော လမင်း၏အလင်းရောင် …..ကျောက်တောင်တွေပေါ်သို့ လှိုင်းများပုတ်ပုတ်တင်နေသော သက်ရှိပင်လယ် …..အုန်းလက်အရိပ်များ …..သူခပ်တိုးတိုးပြောလိုက်သည်။`ကိုယ့်ရင်ထဲမှာ စကားလုံးတွေ အများကြီးရှိပါတယ်။ ယမင်းကို ပြောချင်ပါတယ်။ ဒါပေမယ့် … ကိုယ်ကြောက်နေတယ် သိလား။ ကိုယ့်ရင်ထဲက စကားလုံးတွေ အားလုံးကို ပြောလို့ပြီးသွားတဲ့အချိန်မှာ အမြင်နိုင်တဲ့တစ်နေရာက တစ်စုံတစ်ယောက်က “Cut” လို့ လှမ်းအော်ပြီး အားလုံးပြီးဆုံးသွားလေမလားလို့ ကိုယ်ကြောက်နေတယ်။ တကယ့်ဘဝထဲအထိ ရုပ်ရှင်ကဝင်လာပြီး ရိုက်နေမှာကို စိုးတာပါ။´သူ ကောင်းကင်ကို ဖြည်းဖြည်းချင်းမော့ကြည့်ရင်း ဆက်ပြောသည်။`ဘဝကိုအစစ်လို့ အကြီးအကျယ် ယုံစားထားပြီးကာမှ တို့အားလုံးကို ဖန်ဆင်းနေတဲ့ ဒါရိုက်တာက “Cut” လို့ လှမ်းအော်လိုက်တာနဲ့ တပြိုင်နက် လမင်းရဲ့အလင်းရောင်မှိန်သွားမှာ၊ ပင်လယ်ကြီးပျောက်သွားမှာကို ကိုယ် … မခံစားရဲဘူး။ ဘဝဆိုတဲ့ရှင်သန်မှုတွေ ခံစားချက်တွေအားလုံးဟာ နောက်ဆုံးကျရင် အဲဒီလို ပြီးဆုံးသွားပစ်လိုက်ရမှာလား။ ကိုယ့်ကို ရူးအောင်မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး မင်းသိထားရင် ဖြေစမ်းပါ။ ဟောဒီလောကကြီးတစ်ခုလုံးဟာ ရုပ်ရှင်ကားတစ်ကားလား။´ဆုယမင်းကျော်ထံမှ အဖြေကို သူမျှော်လင့်ချက်မထား။ သို့သော် …`သမီး ဘာကိုမှ နားမလည်ခဲ့ပါဘူး ဦးဇောရယ်။ `ငါ´ ဟာ ငါကိုယ်တိုင်အစစ် ဟုတ်ရဲ့လားဆိုတာတောင် သမီးမသိတော့ပါဘူး။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတာ ကြာပါပြီ။ သမီးမှာ `ဘဝ´ဆိုတာ မရှိတော့ဘူးလေ။ ဘဝတစ်လျှောက်လုံး သူများတွေရဲ့ စရိုက်တွေချည်း သရုပ်ဆောင်နေခဲ့ရတော့ ကိုယ့်ရဲ့စရိုက်အမှန်ဟာ ဘာလဲဆိုတာ မသိတော့ဘူး။ ဇာတ်ကောင်တွေရဲ့ ခံစားမှုအတိုင်းပဲ အမြဲငိုခဲ့ ရယ်ခဲ့ရတာဆိုတော့ ကိုယ့်ရဲ့ ခံစားချက်အစစ်က ဘယ်အခါမှာငိုပြီး ဘယ်အခါမှာ ရယ်သလဲဆိုတာ မသိတော့ဘူး။ သရုပ်ဆောင်ချက်တွေက သမီးရဲ့ဘဝကို အပိုင်သိမ်းသွားပြီ။ တကယ်တော့ သမီးဟာ တုံ့ပြန်လှုပ်တတ်တဲ့ စက်ရုပ်တစ်ရုပ်ပါပဲ။´`နောက်ဆုံးအနေနဲ့ ကိုယ့်မျက်လုံးတွေထဲကို တစ်ချက်လောက် စူးစူးနစ်နစ် ကြည့်လိုက်ပါလား ယမင်း။ ရွိုင်ရယ်ဂါးဒင်းမှာ ဒင်နာကျွေးတုန်းက ကိုယ်ပြောခဲ့တဲ့ စကားလေးကို မှတ်မိသေးလား ယမင်း။´`ကိုယ် မနက်စောစော လမ်းလျှောက်ထွက်တဲ့အခါတိုင်း သစ်ပင်တွေပေါ်ကနေ အသံပဲကြားရပြီး မမြင်ရတဲ့ ငှက်ကလေးအကြောင်းလေ။´`အသံလေးကို ချစ်တယ်ဆိုရင် အသံကြားရယုံနဲ့ ကျေနပ်လိုက်တာ အကောင်းဆုံးပါပဲ။ ငှက်ကလေးကို ပိုင်ဆိုင်ခွင့်ရဖို့အထိ မတမ်းတကောင်းပါဘူး။ ဒီလိုပဲပေါ့ ယမင်းရယ် …. ။ ကိုယ်လည်း …..´`ကိုယ့်အတွက် အချစ်ဆိုတာ အဲဒီ “အကြည့်” လေး တစ်ကြည့်စာလေးနဲ့တင် လုံလောက်ပါတယ်။´…………`ဒီနေ့မပြန်ခင် နောက်ဆုံးညမှာ ဟောဒီပင်လယ်၊ ဟောဒီလရောင်နဲ့ ဟောဒီလှိုင်းတွေ၊ သောင်ပြင်တွေကို နားလည်မှုတစ်ခုခု ပေးသွားချင်တယ်။ ပြီးတော့ သူတို့ဆီကနေ နားလည်မှုတစ်ခုခု ပြန်ယူသွားချင်တယ်။ နောက် ….. နောက်ပြီး´`နောက်ပြီးတော့ကော ဘာဖြစ်သေးလဲ ယမင်း´`နောက်ပြီး …. ဦးဇောဆီကလည်း နားလည်မှုတစ်ခုလောက် အပြန်အလှန် ဖလှယ်သွားချင်တယ်။ သမီးဆန္ဒက ဒါပါပဲ။ ဦးဇော ဘာပြောစရာရှိလဲ ပြောလေ။ သမီးနားထောင်နေမယ်။´စိုမှာစိုး၍ မိုးမိတယ် – မင်းခိုက်စိုးစံ မှ ကောက်နှုတ်ဖော်ပြသည်။ဦးသံလွင်ကျော်ဇော – အသက် (၄၀) ကျော် ထမင်းဆိုင်ပိုင်ရှင်။ဆုယမင်းကျော် – အသက် (၂၀) ကျော် နာမည်ကြီး ရုပ်ရှင်မင်းသမီး။

Leave a comment

Your email address will not be published. Required fields are marked *