မြန်မာနိုင်ငံမှာ ဓာတုဗေဒ ဓာတ်ဆေး (Chemicals) တွေကို ပုဂံခေတ် ကတည်းက စပြီး သုံးတတ်တဲ့ အလေ့အဓ ရှိနေပြီလို့ ကျောက်စာ အထောက်အထား အရ သိရပါတယ်။ ပုဂံမြို့ဟောင်း စောလှဝန်းဘုရား အနီး အမတ် အသဝတ် ဓမ္မာမယား ကျောက်စာမှာ တွေ့နိုင်ပါတယ်။ ကျမ်းကိုး ကျမ်းကားနဲ့ စပြီး တွေ့ရတာကတော့ ၁၇၅၉ ခုနစ်က သင်္ဘောဆေးစာ အမည်ရှိတဲ့ ပေစာမူအရ သိရတယ်။ ကုန်းဘောင်ခေတ်အစ အလောင်းမင်းတရား လက်ထက်မှာ ရေးမှတ်ထားခဲ့တဲ့ သင်္ဘောဆေးစာ ဆိုတဲ့ ပေမူဟာ ဓာတုဗေဒကျမ်း တစ်ဆူပါပဲ။ အထဲမှာ ပါတဲ့ စာသားတချို့အရ အဲဒီကျမ်းဟာ မြန်မာနိုင်ငံနဲ့ အဲဒီအချိန်က အဆက်အသွယ် ရှိနေတဲ့ ပေါ်တူဂီတွေ ဆီကနေ ကူးယူထားတယ်လို့ သိရတယ်။မူရင်းကျမ်းမှာ ထုတ်လုပ်နည်းပေါင်း ၁၀၀ ကျော် ဖော်ပြထားတယ်။ အဲဒါတွေကို မျိုးတူမျိုးတူ အစုပဲ ဒီအတိုင်း အဆင်ပြေသလို ပြထားတော့ အားလုံးဟာ ပြန့်လျားကြီး ဖြစ်နေတယ်။ ဒါကို တူရာတူရာ စုစည်းပြီး အုပ်စုဖွဲ့လိုက်ရင် အုပ်စု (၃၀) ရလာတယ်။ အဲဒါကို အကျဉ်းချုပ်မျှ ဖော်ပြချင်ပါတယ်။
- ဆင်စွယ်လုပ်ငန်း – အစိမ်းဆိုးနည်း၊ ဆင်စွယ်ပျော့နည်း။
- သင်္ဘောဆေးနှင့် ငွေမင်လုပ်နည်း (၃) နည်း။
- အရိုး အနက်ဆိုးနည်း၊ အရိုးပျော့နည်း။
- ပုလဲတု လုပ်နည်း။
- ရွှေလုပ်ငန်း – ရွှေရေး ရွှေချနည်း၊ သံပေါ် ရွှေရေးနည်း၊ ရွှေချနည်း (၂) နည်း၊ ရွှေပင် ငွေပင် စိုက်နည်း (၄) နည်း၊ ရွှေမှုန့် စားဆေးဖော်နည်း (၂) နည်း၊ သံ ရွှေရောင်တင်နည်း၊ ရွှေရောင်ရေးနည်း (၂) နည်း ရွှေ အတုချက်နည်း။
- ကြေးနီလုပ်ငန်း – ကြေးနီဖြူနည်း (၂) နည်း၊ ကြေးဝါ ကြေးနီ ဖော်နည်း၊ သံကြေးနီလုပ်နည်း။
- ရေပြင်း (Acid) လုပ်နည်း (၅) နည်း။
- မီးစုံး (Phosphorus) ချက်နည်း (၂) နည်း။
- သတ္ထု အရည်ပျော် အကူပစ္စည်း (Flux) လုပ်နည်း (၅) နည်း။
- ဒုတ္ထာ ဆီချက်နည်း (၃) နည်း။
- သန္ဓာ၊ ဥဿဘုရား နှင့် ကျောက်မျက် ရတနာ အတုလုပ်နည်း။
- သံပင် စိုက်နည်း။
- လောင်မီး ဖော်နည်း (၃) နည်း။
- ဖန်ချက်နည်း (၁၁) နည်း။
- သစ်ပင်ဆား (Potassium Carbonate) ထုတ်လုပ်နည်း။
- မိန်လာ မျိုးစုံ လုပ်နည်း (၁၂) နည်း။
- သစ်သား အရောင်တင်ဆီ လုပ်နည်း (၃) နည်း။
- သစ်သီး၊ သစ်စေ့၊ ကြက်ဥတို့မှ အဆီထုတ်နည်း။
- ပြဒါး သန့်စင်နည်း။
- လက်ချား ပြုလုပ်နည်း။
- ကန်ပွင့် ချက်နည်း။
- မှန်ပြဒါးတင်နည်း၊ ဆေးရေးနည်း။
- တရုတ် ပန်းကန် လုပ်နည်း။
- ချည် အဝတ်ဆိုးဆေး လုပ်နည်း (၆) နည်း။ ချုပ်ဆေး ဖော်နည်း။
- သစ်သီးများ တာရှည်ခံအောင် ထားသိုနည်း။
- သံလိုက်အိမ်မြှောင် လုပ်နည်း။
- တဏှာကျွဆေး ဖော်နည်း (၂) နည်း။
- သံဂုဏ်ဂမ္မံ အားဆေးဖော်နည်း (၂) နည်း။
- ဆံပင် မဖြူအောင် လုပ်နည်း။
- ဝက်ခြံပျောက်ဆေး ဖော်နည်း။
အပေါ်မှာ ပြထားတဲ့ နည်းတွေကို အခြေခံ ဓာတုကုန်ထုတ် ပညာနည်းစဉ်တွေ ဖြစ်တဲ့ ကျိုချက်ခြင်း၊ အငွေ့ပြန်ခြင်း (Evaporation) ၊ ပေါင်းခံခြင်း (Distillation) ၊ မီးဖြင့်လှော်ခြင်း၊ ပြုတ်ခြင်း၊ အပူတိုက်ခြင်း၊ မီးအုံးခြင်း၊ မီးကင်ခြင်း၊ မီးဖုတ်ခြင်း၊ အခြောက်ခံခြင်း၊ အအေးခံခြင်း၊ အမှုန့်ကြိတ်ခြင်း၊ စကာချခြင်း၊ မွှေခြင်း၊ နှဲခြင်း၊ အရည်စိမ်ခြင်း၊ အရည်ဖျော်ခြင်း၊ အနည်ထိုင် အကြည်ခံခြင်း၊ အရည်စစ်ခြင်း၊ ဓာတ်စွဲကပ်ခြင်း (Absorption)၊ အဆီထုတ်ခြင်း (Oil Extraction) စတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်တယ်။ အပူပေးတဲ့နေရာမှာ ထင်းမီး၊ မီးသွေးမီးကို သုံးတယ်။ တစ်ခါတစ်လေ တိုက်ရိုက် အပူပေးပြီး တစ်ခါတစ်ရံ ရေ၊ သဲ၊ ဖွဲ၊ နွားချေး၊ မြင်းချေးတွေနဲ့ ကြားခံထားပြီး အပူပေးလို့ မီးအရှိန်ကို လိုသလို ထိန်းချုပ်နိုင်တယ်။အဲဒီလို ထုတ်လုပ်တဲ့နေရာမှာ သုံးတဲ့ ကိရိယာတွေ၊ ကုန်ကြမ်းတွေ ( ဓာတုပစ္စည်းများ၊ သစ်ပင်ထွက် ပစ္စည်းများ နဲ့ လူ တိရိစ္ဆာန်ရဲ့ ပစ္စည်းများ ) ကို ကြည့်ပြီး အဲဒီခေတ်က သိပ္ပံပညာ အဆင့်အတန်းကို လေ့လာနိုင်တယ်။ထုတ်လုပ်မှု ကိရိယာများအငွေ့ပြန် ပေါင်းခံရန် လံဘိကာပ (Alembic) ပေါင်းချောင်၊ စဉ့်သုတ်အိုးကောက်၊ ခံအိုး (Condenser Receiver)၊ ဖန်ခံအိုး၊ ခဲမဖြူ ပွတ်ခံအိုး၊ အလိုက်ကလိုက်။အရည်ကျိုရန်၊ ပြုတ်ရန်၊ လှော်ရန် မြေအိုး၊ ကြေးအိုး၊ သံအိုး၊ ဖန်အိုး၊ သမ္ပရာပိုင်း။မီးပြင်းတိုက်၍ ကျိုရန် လုံ၊ မိုက်၊ မိုက်လုံ၊ မိုက်ခွက်၊ စဉ့်သုတ်မိုက်၊ စဉ့်ဖြူသုတ်မိုက်၊ စဉ့်ဖြူလိမ်းမိုက်၊ ဖန်ဖြူ အတွင်းပြီးမိုက်၊ မိုက်စောက်၊ စလောင်းပါမိုက်။အရည်စိမ်၊ အရည်ဖျော်၊ အနည်ထိုင်ရန် စဉ့်အိုး၊ ကြွေအိုး၊ အင်တုံ၊ မြေပုံး၊ ဖန်ဖလား၊ ဖန်အိုးလက်ရှည်၊ ပုလင်းကြီး၊ ညောင်ရေအိုး အဝကျယ်။မွှေရန် သံဇွန်း၊ သံယောင်းမ။အမှုန့်ကြိတ်ရန် ကြေးဆုံ၊ ကျောက်ပြင်။စကာချရန် အဝတ်၊ ပုဆိုး။ဆီထုတ်ရန် အရည်စစ်သားရေအိတ်၊ အိတ်ကို ညစ်ယူရန် အပူပေးနိုင်သည့် ကြေးညှပ်၊ သံပြားညှပ်။ပုဂံကြွေရည်သုတ် ရာတွင် ညှိပေးသည့် ယုန်မွှေးစုတ်တံ၊ နွားမွှေးစုတ်တံ။အထွေထွေသုံးရန် ဖန်ခွက်၊ ပန်းကန်ပြား၊ ဖန်လုံး၊ မှန်ပြား၊ စက္ကူဖြူ၊ ရေပြင်းချက်ဖို၊ အိုးထိန်းစက်။ဓာတုဗေဒ ပစ္စည်းများရေပြင်း၊ ငရဲမီး (Acid) ၊ ပုံးရည်ပြင်း၊ သုံးခါပြန် ပုံးရည်၊ ထန်းရည်ပုံးရည် (Acetic Acid) ၊ အသစ်ညှစ် သံပုရာရည် (Citirc Acid) ၊ အိန္ဒနံပုံးရည် (Lead monoxide) ၊ အာဂေါ်ရေဆီ၊ ရေဘုရင် (တော်ဝင် အက်ဆစ်၊ Aqua regia) ၊ ကက္ကူကမည်း (Benzonic Acid) ၊ ပြဒါး၊ ဟင်္သပဒါး၊ အမာလာဂမာ (Amalgam) ၊ ရွှေဆိုင်း၊ စိန်ဖြူ (Arsenic) ၊ ဆေးဒါန်း၊ ကန့်၊ ခဲမ၊ ခဲမပုတ်၊ ခဲပြာ၊ ခဲမပြာ၊ ခဲမနက် (Graphite) ၊ ဝှော်ဆဝရော၊ လောင်မီး (Phosphorus) ၊ ခဲမဖြူ (ဘင်၊ သလွဲဖြူ၊ Pewter) ၊ ခနောက်စိမ်း (Antimony) ၊ ဘော် (Silver) ၊ ရွက်နီဘော်၊ ဂျွတ် (Bismuth) ၊ မီးသွေး၊ ကျပ်ခိုး၊ သံ၊ သံမှုန့်၊ သံတစဉ်းစာ၊ သံပြာ၊ သံမဏိပြာ၊ သံဂုံဂမံ (Ferric oxide) ၊ ကြေးနီ၊ ကြေးဝါ၊ ဒုတ္ထာ၊ ဒုတ္ထာဆီ၊ ဒုတ္ထာရည် (Blue vitorial, Copper sulphate) ၊ ယမ်း၊ ယမ်းပြန်ပြီး၊ ယမ်းစိမ်း၊ တာတရု၊ တာတဂူ၊ တာတလူ (Nitre, Salpeter, Potassium nitrate) ၊ ဇဝက်သာ (Salammoniac, Ammonia chloride) ၊ လက်ချား (Borax, Sodium Pyroborate) ၊ သစ်ရွက်ပြာ၊ စဖိုပြာ (Potassium carbonate) ၊ မဖောက်ထုံး၊ မြေဖြူ၊ အာရုဒါ၊ အာရုဝါ (အရက်ဆား)၊ ကျောက်ချဉ်၊ ဆား (Sodium chloride) ၊ သဲ၊ အုတ်မှုန့်၊ အုတ်နီခဲ၊ မြေအိုးမှုန့်၊ အရက်နီ၊ ဘရံအရက် (Brandy) ၊ အာရကော် (Alcohol) ၊ သင်းတွဲစိမ်းမှုန့်၊ သန္ဓောဆား၊ တရေမင်တီနာဆီ၊ ရောဘာရဘူ (ထင်းရှူးဆီ)၊ အိန္ဒနံကျောက်၊ နှင်းရည်၊ ပရုပ်၊ ရေနံဆီ၊ ကတ္တရာဆီ၊ မြေဖယောင်း၊ နိပဆေး၊ သေနတ်ကျောက်၊ အင်ကြင်းကျောက်၊ သံလိုက်ကျောက်၊ ကျောက်သလင်း၊ ကျောက်စစ်။အပင်ထွက် ပစ္စည်းများဖုံးမသိမ်ရွက်၊ သမင်စမ၊ သမင်စဖို၊ ငှက်ပျော၊ လိပ်စရွေ၊ မဲကြီးရွက်၊ ထနောင်းကြူ၊ သက်ကယ်၊ အမှော်နရကူစေ့၊ ရှားပေါက်စေ့၊ သရက်ပွင့်၊ သရက်စေ့၊ အုတ်ရှစ်စေ့၊ အုတ်ရှစ်ဆီ၊ ပေါင်ပဲစေ့ (မာလတိ) ၊ ပေါင်ပဲ့ဆီ၊ ပိုက်ဆံစေ့၊ ပိုက်ဆံဆီ၊ ချဉ်သီးစေ့၊ ငရုတ်ကောင်း၊ ဖာလာ၊ ဇီယာ၊ စမုံမျိုးငါးပါး၊ ပဉ္စကနီသီး၊ ကညင်သီး၊ သပြေစေ့၊ သပြေသား၊ သပြေဆီ၊ ရုံးပတီသီး (ပဉ္စငါးပါး)၊ ကျစုသီး၊ လင်းနေဆီ၊ သင်းတွဲကညင်ဆီ၊ အုန်းဆီ၊ ရှားဆေးအဆီ၊ ဘိန်း၊ သစ်ကျပိုး၊ တောရပ်ခေါက်၊ ဇာတိပ္ဖိုလ်ပွင့်၊ လေးညှင်းပွင့်၊ သစ္စေး၊ ချိပ်၊ ရှိန်းခို၊ ကနခို၊ ကြောင်ပန်း၊ မုတ်၊ ရှောက်ခွံ၊ ချင်းခြောက်၊ ဟင်းနုနွယ်၊ ပိန္နဲနွယ်၊ နနွင်းတက်၊ ထန်းနို့၊ မဲနယ်၊ သကြားပွင့်၊ ဂျုံမှုန့်၊ တိန်းညက်၊ ထန်းလျက်။လူတိရိစ္ဆာန်တို့၏ ပစ္စည်းများလူ့အံဘတ်၊ လူ့ကျင်ကြီး၊ လူ့ကျင်ငယ် (Urine phosphate) ၊ မြင်းချေး၊ နွားချေး၊ ထောပတ်၊ ဝက်ဆီ၊ ဆိတ်ဆီ၊ နွားဆီ၊ ကျွဲဆီ၊ ခွေးဆီ၊ ဝမ်းဘဲဆီ၊ ကင်းပုစွန်ဆီ၊ ခွေးမနို့၊ ခွာအမျိုးမျိုး၊ သမင်ဂျို၊ ဂျိုအမျိုးမျိုး၊ အမဲရိုး၊ အမွှေးအတောင် အမျိုးမျိုး၊ ကြက်ဥအကာ၊ ပရွက်ကောင်၊ ခါချဉ်ကောင်။ကျမ်းကြီး တစ်စောင်လုံးမှာ အရေးအသားပိုင်း အံသြရလောက်အောင် တိကျမှုရှိတယ်။ စနစ်ကျတယ်။ ရေပြင်းချက်တဲ့ဖို တည်ဆောက်ပုံ ဖော်ပြတဲ့နေရာမှာ ဟာကွက် မရှိအောင် အသေးစိတ် ဖော်ပြထားပုံက နှစ်လိုဖွယ်ကောင်းတယ်။ မီးပေးမီးယူ ထုတ်လုပ်မှု ထိန်းချုပ်ပုံ စနစ်ကလည်း အလွန် သိပ္ပံနည်း ကျလှတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီတဲ့ အချိန်ကတည်းက ပြုစုထားတဲ့ မြန်မာတို့ရဲ့ ဓာတုဗေဒ ထုတ်လုပ်ရေးတစ်ရပ် ဖြစ်ပေမယ့် အခုခေတ် အဆင့်နဲ့ ချိန်ထိုးကြည့်ရင် ရေးသားပုံက ရေပက်မဝင်အောင် ရှိနေလို့ ဂုဏ်ယူစရာ သိပ်ကောင်းတယ်။ဓာတုဗေဒ ပညာရပ် ပိုင်းက သုံးသပ်ရင်လည်း ဓာတုပညာရပ်ကို စခဲ့တဲ့ ရှေးခေတ် အဂ္ဂိရတ် ဆရာကြီးတွေရဲ့ ယမ်းငရဲမီး၊ ကန့်ငရဲမီး၊ ဆားငရဲမီး နဲ့ ရွှေစား ငရဲမီး ထုတ်လုပ်ပုံ နည်းစနစ်တွေနဲ့ ပုံစံတူတာ တွေ့ရတယ်။ ဒါကြောင့် မြန်မာတွေဟာ အဲဒီ အချိန်ကတည်းက မှန်ကန်တဲ့ ဓာတုဗေဒ ပညာ လမ်းကြောင်းပေါ်ကို ခြေချမိနေပြီ ဆိုတာ သိသာ ထင်ရှားပါတယ်။ ဒါတွေကို ကြည့်ပြီး ရှေးခေတ် ဓာတုဗေဒ ပညာရပ်ဟာ ရွှေဖြစ် ငွေဖြစ် စိတ်ကူးယဉ်ဆန်တဲ့ ဝိဇ္ဇာ ပညာရပ်ချည်း မဟုတ်ဘဲ သိပ္ပံပညာရပ်တွေလည်း ရှိသေးတယ်ဆိုတာ မြင်သာထင်သာအောင် တင်ပြလိုက်ပါတယ်။ဤပို့စ်ကို ရှေးခေတ်မြန်မာသိပ္ပံကျမ်းများ – ဒေါက်တာမျိုးသန့်တင် မှ နားလည်သလို ပြန်လည် ကောက်နှုတ် ကိုးကား၍ ဖော်ပြလိုက်ပါသည်။