ဒီရက်ပိုင်း ဖတ်ဖြစ်တဲ့အထဲမှာ ထူးခြားတဲ့ စာအုပ်နှစ်အုပ်ပါပဲ။
- When Animals Dream
- The Mind of a Bee


နှစ်အုပ်စလုံးက Neuroscience နဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေတယ်။ ဒီစာအုပ်နှစ်အုပ်ကို ဖတ်ပြီးတဲ့အခါမှာ ပိုပြီး သဘောကျမိတာက Neuroscience ကြောင့် မဟုတ်ဘဲ သူတို့ရဲ့ သုတေသနလုပ်တဲ့ research methodology တွေပဲ။ ပြောရရင် သူတို့တွေက လူမဟုတ်တော့ သူတို့ရဲ့ ခံစားချက်၊ ကိုယ်တွင်းမှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေကို ဘာသာစကား တစ်ခုခုနဲ့ ဖော်ပြနိုင်စွမ်း မရှိကြဘူး။ ဒီတော့ လူက အဲဒါကို သိအောင် ဘယ်လို လုပ်မလဲ။ ဒါက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ဥပမာ ပြောရရင် ပျားတွေက စိတ်ဆိုးတတ်သလား၊ စိတ်လှုပ်ရှားတတ်သလား ဆိုတာမျိုးပေါ့။ တိရစ္ဆာန်တွေရဲ့ subjective experience ပုဂ္ဂလိကအတွေ့အကြုံကို တိုက်ရိုက် မလေ့လာနိုင်တော့ research methodology က သိပ်ကို အရေးကြီးသွားတယ်။ သွယ်ဝိုက်တဲ့နည်းနဲ့ တိရစ္ဆာန်ရဲ့ ခံစားချက်၊ ဒါမှမဟုတ် အတွေ့အကြုံကို ဘယ်လို သိအောင် လုပ်မလဲ ဆိုတာမျိုးပေါ့။ ဒီစာအုပ် နှစ်အုပ်စလုံးမှာ ပါတဲ့ အဲဒီလို သုတေသနနည်းဟန်တွေက ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတယ်။
When Animals Dream မှာ ဆိုရင် တိရစ္ဆာန်တွေ အိပ်မက်မက်တဲ့ အကြောင်းကို လေ့လာထားတယ်။ မြန်မာစကားတောင် ရှိသေးတာကိုး။ အ,အ အိပ်မက်မက်သလို တဲ့။ သိတော့သိနေတယ်၊ ပြန်မပြောပြတတ်ဘူး၊ မပြောပြနိုင်ဘူးပေါ့။ တိရစ္ဆာန်တွေလည်း ဒီအတိုင်းပဲ။ သူတို့မှာ လူတွေလို language မရှိတော့ (အတိအကျ ပြောရရင် လူနားလည်နိုင်မယ့် ဘာသာစကား မရှိတော့) သူတို့ရဲ့ အိပ်မက်ကို တိုက်ရိုက် သိနိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ထူးခြားတဲ့ ကေ့စ်တွေကတော့ ရှိတာပေါ့။ ဥပမာ ပြောရရင် အမေရိကန်တက္ကသိုလ်တစ်ခုက ချင်ပန်ဇီတွေကို sign language သင်ပေးထားတယ်။ လက်နဲ့ စကားပြောတဲ့နည်းပေါ့။ အဲ … ထူးထူးခြားခြား အဲဒီအထဲက ချင်ပန်ဇီတစ်ကောင်က ညအိပ်ပျော်နေတဲ့ အချိန်မှာ sign language နဲ့ တစ်ယောက်တည်း စကားပြောနေတတ်တယ်။ ပြောရရင် အိပ်မက်ယောင်နေသလိုပဲ။ စကားမပြောတတ်တဲ့ လူတွေကလည်း အဲဒီလို အိပ်မက်ယောင်တတ်ကြတယ်။ ဒီတော့ သဘောက အဲဒီချင်ပန်ဇီက အိပ်မက်မက်နေပြီး အဲဒီ အိပ်မက်ထဲမှာ တစ်ကောင်ကောင်/တစ်ယောက်ယောက်နဲ့ စကားပြောနေလို့ ဖြစ်ရမှာပေါ့။
ရှေးရှေးတုန်းက သိပ္ပံပညာရှင်တွေက တိရစ္ဆာန်တွေကို အိပ်မက်မမက်တတ်ဘူးလို့ အားလုံး သဘောတူ လက်ခံထားကြတယ်။ ဒါပေမယ့် အိပ်နေတဲ့ ခွေးတို့၊ ကြောင်တို့ အိပ်နေရင်း ယက်ကန်ယက်ကန် လုပ်နေတာကို အများစု မြင်ဖူးကြမှာပဲ။ သူ့ကို ကြည့်ရတာ ပြေးနေသလိုပဲ။ ခြေတွေ လက်တွေကို ယက်ကန်ယက်ကန် လုပ်နေတာ။ ဒါကို အိပ်မက်ယောင်နေတယ်လို့ ပြောကြမှာပဲ။ ဒါပေမယ့် ရှေးတုန်းက သိပ္ပံပညာရှင်တွေက အဲဒါကို အိပ်မက်မက်နေတယ်လို့ လက်မခံဘူး။ အကြောတွေ reflex ဖြစ်နေ/ အလိုအလျောက် တုံ့ပြန်နေတာတဲ့။ တိရစ္ဆာန်တွေမှာ အိပ်မက်မက်နိုင်လောက်အောင် အသိစိတ်မရှိဘူးလို့ အားလုံးက လက်ခံထားကြတာ။ ဒါပေမယ့်လည်း အခုခေတ်လို စက်ပစ္စည်းတွေ တိုးတက်လာတဲ့အခါကျတော့ အရင်လို ဖင်ပိတ်ငြင်းချင်လို့ မရတော့ဘူး။
ကြွက်တစ်ကောင်ကို ဝင်္ကပါထဲ ဖြတ်ပြေးခိုင်းပြီး သူရဲ့ ဦးနှောက်အလုပ်လုပ်ပုံကို မှတ်တမ်းယူထားကြတယ်။ ကြွက်က လမ်းခွဲတစ်ခု ရောက်တိုင်းရောက်တိုင်းမှာ ခဏရပ်ပြီး တစ်ခုခုကို ဆင်ခြင်စဉ်းစားပုံရတယ်။ အဲဒီလမ်းခွဲကို လမ်းခွဲ-တစ်လို့ ဆိုကြပါစို့။ အဲဒီ လမ်းခွဲ-တစ်ကို ရောက်တဲ့အချိန်မှာ ဦးနှောက်ရဲ့ နျူရွန်ဆဲလ်တစ်ခုက ထပြီး အလုပ်လုပ်တယ်။ အဲဒါကို ဆဲ-တစ်လို့ ဆိုပါစို့။ ဒါဆို အဲဒီကြွက်က လမ်းခွဲ-တစ် ရောက်တိုင်း ဆဲလ်-တစ်က အသက်ဝင်လာတယ်။ လမ်းခွဲ-နှစ်ရောက်တိုင်း ဆဲလ်-နှစ်က အသက်ဝင်တယ်။ အဲဒီလို မှတ်လိုက်တော့ ဥပမာ ၂-၅-၉-၄-၁-၆-၅ ဆိုရင် အဲဒီကြွက်က လမ်းခွဲ-၂ ကနေ လမ်းခွဲ-၅ ကိုရောက်တယ်။ ၅ ကနေ ၉ ကို ရောက်တယ်။ ၉ ကနေ ၄ ကို ရောက်တယ်။ အဲဒီလို အကြမ်းဖျင်း ပြောလို့ရတာပေါ့။
ထူးခြားတာက ဘာလဲဆိုတော့ ညအိပ်တဲ့အချိန်မှာ အဲဒီ ၂-၅-၉-၄-၁-၆-၅ အစီအစဉ်အတိုင်း နျူရွန်ဆဲလ်တွေက ထပြီး အလုပ်လုပ်နေတတ်တယ်။ သဘောက ဘာလဲဆိုတော့ အိပ်မက်ထဲမှာ အဲဒီကြွက်က မနက်က လျှောက်ခဲ့တဲ့ ဝင်္ကပါကို ပြန်လျှောက်နေတယ် ဆိုတဲ့ သဘောပေါ့။ အဲဒီထက် ထူးခြားတာက ကြာချိန်တွေပါ တထေရာတည်း တူနေတတ်တာပဲ။ ဥပမာ ဆဲလ်-၂ ရဲ့ အသက်ဝင်ချိန် နဲ့ ဆဲလ်-၅ ရဲ့ အသက်ဝင်ချိန် ကွာဟချက်က ၅၅ စက္ကန့် ဆိုကြပါစို့။ (အဓိပ္ပာယ်ကတော့ လမ်းခွဲ-၂ ကနေ လမ်းခွဲ-၅ ကိုရောက်ဖို့ ၅၅ စက္ကန့် ကြာတယ် ဆိုတဲ့သဘော) မနက်ခင်း လျှောက်တုန်းက ၅၅ စက္ကန့် ကြာခဲ့သလိုပဲ ညအိပ်ချိန်မှာ ဆဲလ်တွေ ပြန်အသက်ဝင်တော့လည်း (ညအိပ်မက် မက်တော့လည်း) ၅၅ စက္ကန့်ပဲ ပြန်ကြာတတ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မနက်က လုပ်ခဲ့သမျှကို ညအိပ်တဲ့အချိန်မှာ အိပ်မက်အနေနဲ့ နောက်တစ်ခေါက် ပြန်လုပ်တတ်တယ်လို့ ဆိုရတော့မှာပေါ့။ အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။
နောက်တစ်အုပ် Mind of a Bee မှာလည်း အဲဒီအတိုင်းပဲ။ ပျားတွေရဲ့ စိတ်ကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ လေ့လာထားတာပေါ့။ စိတ်တွေရဲ့ အလုပ်လုပ်ပုံကို သိချင်ရင် အဲဒီစိတ်တွေရဲ့ သွင်းအားစု ဖြစ်တဲ့ အာရုံတွေ၊ အာရုံခံအင်္ဂါတွေရဲ့ အကြောင်းကို သိမှ ဖြစ်မယ်တဲ့။ လူတွေမှာက ရုပ်အာရုံခံအင်္ဂါက စုစုပေါင်း ၅ မျိုးပဲ ရှိတယ်။ အဆင်းကို မျက်လုံးက၊ အသံကို နားက၊ အရသာကို လျှာက၊ အနံ့ကို နှာခေါင်းက၊ အထိအတွေ့ကို အရေပြားက လက်ခံပေးတယ်။ စုစုပေါင်းမှ ၅ မျိုးတည်းရယ်။ ပျားတွေမှာကျတော့ လူတွေမှာ မရှိတဲ့ အာရုံခံအင်္ဂါတွေ အများကြီးတိုးလာတယ်။ ဥပမာ ပျားတွေမှာက အရပ်မျက်နှာကို အလိုအလျောက်သိတဲ့ compass အိမ်မြှောက်ပါတယ်။ သံလိုက်အိမ်မြှောက်တော့ မဟုတ်ဘူး။ solar compass နေအိမ်မြှောင်။ သဘောက နေပေါ်မူတည်ပြီး အရှေ့အရပ်ကို အမြဲ သိနေတယ်။ ဒါပေမယ့် လူတွေလို နေကြည့်ပြီး သွားနေသလား ဆိုတော့လည်း အဲဒီလို မဟုတ်ဘူး။ နေကနေ ဖြာထွက်နေတဲ့ polarized light ဝင်ရိုးစွန်းရောင်ခြည် လို့ ခေါ်ရမယ်ထင်တယ်။ အဲဒီ လင်းရောင်ခြည်ကို ပျားက detect လုပ်နိုင်တယ်။ သူက သံလိုက်စက်ကွင်းလို စက်ကွင်းရှိတယ်။ အဲဒီ ဝင်ရိုးစွန်းရောင်ခြည်ကို လူက မမြင်နိုင်ဘူး။ မသိနိုင်ဘူး။ ပျားက သိနေတော့ အရှေ့အရပ်ကို လွယ်လွယ်နဲ့ ခွဲတတ်တယ်။ ဝင်ရိုးစွန်းရောင်ခြည်ကို ဖမ်းယူနိုင်တဲ့အတွက် နေလုံးကြီးကို မြင်နေစရာ မလိုဘူး။ တိမ်ဖုံးနေနေ၊ နေကြပ်နေနေ အရှေ့အရပ်ကို ပျားက အလိုလို သိနေတယ်။
နောက်ပြီး ပျားတွေမှာက အရသာခံအင်္ဂါကို ပါးစပ်မှာတင် မကဘဲ ခြေထောက်မှာလည်း ပါတယ်။ ဒါကြောင့် သူတို့က ပန်းပွင့်တစ်ပွင့်ပေါ် တက်နားလိုက်တာနဲ့ ဒီပန်းပွင့်ပေါ် တခြားပျားတစ်ကောင် နားသွားခဲ့ဖူးတယ် ဆိုတာကို တစ်ခါတည်း တန်းသိတယ်။ အရင်နားသွားတဲ့ ပျားက ဓာတုခြေရာကို ကျန်ရစ်ခဲ့တာကိုး။ နောက်ပြီး လုံးဝလုံးဝ မှောင်မဲနေတဲ့ အမှောင်ထုထဲမှာလည်း ပျားတွေက သွားလာလှုပ်ရှားနိုင်တယ်။ သူတို့ရဲ့ ပျားအုံထဲမှာက ဘာအလင်းမှမှ မရှိဘဲကိုး။ နောက်တစ်ခု ထူးခြားတာက ပျားတွေမှာ dance language ဆိုတာ ရှိတယ်။ သူတို့က အချက်အလက်တစ်ခုခု ပေးချင်ရင် ကပြကြတယ်။ သူရဲ့ အကပေါ် မူတည်ပြီး အကကို ကြည့်တဲ့အကောင်တွေက ကိုယ့်ဘာသာကိုယ် ဘာသာပြန်ကြရတယ်။ ဥပမာ ဒီနေရာကနေ တောင်ဘက်စူးစူး ၂ ကီလိုမီတာအကွာမှာ ပန်းရုံကြီးတစ်ရုံ ရှိတယ် ဆိုတာမျိုး။ ဒီနေရာကနေ အရှေ့တောင်ဘက် ၃ ကီလိုမီတာ အကွာမှာ အသိုက်အသစ်ဖွဲ့ဖို့ သင့်လျော်တယ် ဆိုတာမျိုး ပျားအများစုကို သတင်းပေးချင်ရင် သူတို့က က,ပြီး သတင်းပေးကြတယ်။ အဲဒါကို dance language လို့ ခေါ်တာပေါ့။
စာရေးသူက ဘာပြောသလဲဆိုတော့ အဲဒီလို လူတွေနဲ့ အာရုံခံအင်္ဂါတွေ ကွဲပြားနေတာကြောင့် ပျားတွေကို လူတွေလို တွေးတတ်လိမ့်မယ်လို့ ဘယ်လို ယူဆလို့ မရဘူးပေါ့။ နောက်ပြီး လူတွေ တွေးသလို မတွေးတတ်တာနဲ့ပဲ သူတို့တွေကို အသိစိတ် မရှိပါဘူးလို့ သတ်မှတ်လို့ မရဘူးပေါ့။ ဒီစာအုပ်ထဲမှာ ပျားတွေက ဆုံးဖြတ်ချက် ဘယ်လို ချကြသလဲ။ သူတို့တွေက စိတ်ဆိုး၊ စိတ်တို၊ စိတ်အခန့်မသင့်တာမျိုး ရှိသလား။ သူတို့ရဲ့ တာဝန်ဝတ္တရားကို ဘယ်ပုံဘယ်နည်း ပိုင်းခြားသတ်မှတ်တာလဲ။ သူတို့ရဲ့ မှတ်ဉာဏ်က ဘယ်လို အလုပ်လုပ်တာလဲ။ သူတို့ရဲ့ အသိုက် (ပျားအုံ) ရဲ့ တည်နေရာကို ဘယ်လို မှတ်သားသလဲ။ လမ်းပျောက်သွားတဲ့အခါမှာ (သဘာဝအလျောက်တော့ လမ်းပျောက်လေ့ မရှိဘူး။ စမ်းသပ်တဲ့လူက တမင် လမ်းပျောက်အောင်/မျက်စိလည်အောင် တခြားနေရာ ရွေ့ပစ်လိုက်တယ်) သူ့အိမ်/ သူ့ပျားအုံဆီကို ဘယ်လို ပြန်လာသလဲ။ ဘယ်လို ပြန်ရှာနိုင်သလဲ။ ပျားတွေရဲ့ ထူးခြားချက်က သူမသိတဲ့ တစ်နေရာကို ဖုံးပိတ်ပြီး ခေါ်သွားရင်တောင် သူ့ကို လွှတ်လိုက်တာနဲ့ သူ့အိမ်/သူ့ပျားအုံ ရှိရာကို တန်းတန်းမတ်မတ် လှည့်ပြန်သွားနိုင်တယ်။ အဲဒီလို တန်းတန်းမတ်မတ် ပျံသွားနိုင်လောက်အောင် သူ ဘယ်လို မှတ်သားထားတာလဲ။
စတဲ့ စတဲ့ မေးခွန်းပေါင်းများစွာကို သုတေသန လုပ်ထားတာ အတော်ကို စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ်။ ဒီစာအုပ်ထဲမှာ ပျားတွေအပြင် ပျားတွေနဲ့ အနွယ်ဆက်စပ်နေတဲ့ ပတူလို အကောင်တွေ၊ ပျားဆိုတာတောင်မှ အုပ်စုဖွဲ့နေတဲ့ ပျားနဲ့ တစ်ကောင်တည်း ထီးတည်းနေတဲ့ ပျားတွေ အကြောင်းကိုလည်း လေ့လာထားတာပဲ။ ဒါပေမယ့် အုပ်စုဖွဲ့နေတဲ့ပျားက ပိုအဆင့်မြင့်တာမို့ အုပ်စုဖွဲ့နေတဲ့ ပျားအကြောင်းကတော့ ပိုများတာပေါ့။ နောက်ပြီး အုပ်စုဖွဲ့နေတဲ့ အတွက်ကြောင့် သူတို့အချင်းချင်း ဘယ်လို ဆက်ဆံသလဲ၊ ဆက်သွယ်သလဲ။ ဘယ်လို တာဝန် ခွဲဝေကြတာလဲ။ ဆုံးဖြတ်ချက် ဘယ်လိုချသလဲ။ ပျားတွေက လူတွေထက်တောင် ဒီမိုကရေစီ ပိုဆန်နေသေးတယ်။ ပျားတွေမှာ ပျားဘုရင်မဆိုတာ ရှိပေမယ့် သူက decision maker ဆုံးဖြတ်ချက် ချတဲ့သူ မဟုတ်ဘူး။ သူတို့ကလည်း လွှတ်တော်ခေါ်တယ်။ လွှတ်တော်မှာ စောစောက ပြောခဲ့တဲ့ dance language နဲ့ အဆိုတင်သူ၊ ထောက်ခံတဲ့သူ စသဖြင့်နဲ့ အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။
တကယ်လို့ အင်္ဂလိပ်လို ဖတ်နိုင်မယ်၊ နောက်ပြီး တိရစ္ဆာန်အကြောင်း၊ ပျားအကြောင်း၊ သူတို့ရဲ့ စိတ္တဗေဒအကြောင်း စိတ်ဝင်စားမယ် ဆိုရင် ဒီစာအုပ်နှစ်အုပ်က ဖတ်သင့်တဲ့ စာအုပ်နှစ်အုပ် ဖြစ်ပါကြောင်း လက်တို့ပေးလိုက်ပါတယ်။