← Back to blog

သင့်ကို ဘယ်သူက အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်နေသလဲ။

ဘာသာရေးအမြင် သိပ္ပံပညာ အာရုံကြောသိပ္ပံ

တစ်ချိန်တုန်းက ဖတ်ခဲ့ဖူးတဲ့ သိပ္ပံဆောင်ပါးတစ်ပုဒ်ကို အမှတ်ရမိတယ်။ သုတေသနပညာရှင်တွေက သူတို့ရဲ့ အောင်မြင်မှုတစ်ခုကို ထုတ်ပြန်ကြေညာတယ်။ သူတို့ရဲ့ စမ်းသပ်မှုက ဆေးသိပ္ပံအတွက်လည်း အကျိုးများပြီး အနာဂတ် လူ့လောကကိုလည်း အကြီးအကျယ် ပြောင်းလဲလာနိုင်တဲ့ အောင်မြင်မှု တစ်ခုပါပဲ။ ပထမဆုံး သုတေသန လုပ်ရတဲ့ ရည်ရွယ်ချက်က လေဖြတ်လို့ပဲဖြစ်ဖြစ် ဦးနှောက်တစ်ပိုင်း သေသွားတဲ့ ဝေဒနာရှင်တွေအတွက် ရည်ရွယ်ပြီး သုတေသနပြုကြတာပဲ။ Neuroscience ပေါ့။ လေဖြတ်ပြီး ကိုယ်အင်္ဂါတချို့ လှုပ်ရှားလို့ မရတော့တဲ့ သူတွေဟာ ခြေလက် မသန်စွမ်းတော့လို့ မဟုတ်ဘဲ ဦးနှောက်ရဲ့ အစိတ်အပိုင်းတချို့ ချွတ်ယွင်းသွားလို့သာ ဖြစ်တယ်ပေါ့။ အတိအကျပြောရရင် ဦးနှောက်က အမိန့်ပေးတဲ့ အမိန့်တွေဟာ သက်ဆိုင်ရာ ကိုယ်အင်္ဂါဆီ မရောက်အောင် တားဆီးခံရတယ်၊ ဒါမှမဟုတ် အမိန့်ပေးတဲ့ အစိတ်အပိုင်း ကိုယ်နှိုက်က ချွတ်ယွင်းသွားတာမျိုးလည်း ရှိတယ်ပေါ့။ ပြောရရင်တော့ စိတ်သွားတိုင်း ကိုယ်မပါတော့တာ။ စိတ်ကတော့ ကြံလိုက်တယ်၊ ရုပ်က လိုက်လုပ်မပေးနိုင်တော့ဘူး။

အဲဒီ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတာ အခု အထိုက်အလျောက် အောင်မြင်လာပြီ ပြောရမှာပဲဆိုတာ ဒီသုတေသနက သက်သေပါပဲ။ သူတို့ အောင်မြင်မှုက ဒီလို။ ကြွက်တစ်ကောင်ရဲ့ ဦးနှောက်ထဲကို ချစ်ပ် (Chip) ပြားလေးတစ်ပြား ထည့်ပေးလိုက်တယ်။ ကြွက်ဆိုတာမှာ အရှင်လတ်လတ် ကြွက်နော်။ ချစ်ပ်ထည့်ထားလိုက်တဲ့ အဲဒီကြွက်ကို အဝေးထိန်းကိရိယာ (Remote control) နဲ့ ထိန်းလို့ ရသွားရောဗျာ။ ငယ်ငယ်က ဆော့ခဲ့ဖူးတဲ့ မာရီယိုလိုပေါ့။ ဒီခေတ် ကလေးတွေ ဆော့ကြတဲ့ Subway Surfers လို။ ရီမုကွန်ထရိုးနဲ့ ကြွက်ကို အရှေ့၊ အနောက်၊ ဘယ်ညာ သွားခိုင်းလို့ ရတယ်။ ပြီးရင် ခုန်ခိုင်းလို့လည်း ရသတဲ့။ ကြွက် အရှင်လတ်လတ်ကို ခိုင်းတာနော်။ ကြွက်စက်ရုပ် မဟုတ်ဘူး။ အဲဒီ အဝေးထိန်းက ခိုင်းသမျှ လိုက်လုပ်နေတော့တာပဲ။ ခုန်တဲ့ခလုတ် နှိပ်လိုက်ရင် ထခုန်လိုက်တာပဲ။ ဟိုကွေ့ဒီကွေ့ ခိုင်းတဲ့ အတိုင်းပဲ။ ပင်ကိုအားဖြင့် ကြွက်တွေဟာ အခုန်ကျွမ်းတဲ့ အကောင်တွေပါပဲ။ ကြွက်ဟာ တစ်နေရာကနေ တစ်နေရာကို ခုန်ရင် အကွာအဝေးကို မှန်းဆတတ်တယ်။ မမီရင် မခုန်ဘူး။ အန္တရာယ်ရှိရင် မခုန်ဘူး။ ဒါက သူတို့ရဲ့ မူလ စိတ်ဆန္ဒ။ ဒါပေမယ့် အဝေးထိန်းနဲ့ ကျတော့ ဒီကောင်လေးတွေဟာ အရင်က မခုန်တဲ့ နေရာတွေလည်း ခုန်ခိုင်းရင် ခုန်တော့တာပဲ။ သဘောအရ ခလုတ်နှိပ်သမျှ ၁၀၀% အလုပ်လုပ်တဲ့ သဘောပေါ့။ ဘယ်လို ဖြစ်သွားသလဲဆိုတော့ သူတို့ရဲ့ မူလ မူမှန်ဆုံးဖြတ်ချက်ကိုတောင် သွေဖည်ပြီး လိုက်လုပ်နေရတဲ့ သဘော သက်ရောက်နေတာပေါ့။

အဲဒီ သုတေသနလည်း ထွက်ပြီးရော ထုံးစံအတိုင်း တိရစ္ဆာန်ချစ်သူများအဖွဲ့တို့၊ တိရစ္ဆာန်အခွင့်အရေးအဖွဲ့တို့၊ တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးအဖွဲ့ ဆိုတာတွေက ကန့်ကွက်ပါလေရော။ ဟုတ်တယ်လေ။ ကြွက်တစ်ကောင်ရဲ့ မူလစိတ်ဆန္ဒကို ဆန့်ကျင်ပြီး မတော်တရော် လိုက်လုပ်နေရတော့ ဒါ ကြွက်ကလေးကို ဖိအားပေး နှိပ်စက်နေတာပဲပေါ့။ အဲဒီအခါမှာ သုတေသနအဖွဲ့က သတင်းစာရှင်းလင်းပွဲလေး လုပ်လိုက်တယ်။ သူတို့က ဘာပြောသလဲဆိုတော့ ကြွက်တွေကို သူတို့ ညှဉ်းပန်းနှိပ်စက်မှု လုံးဝ မရှိပါဘူးပေါ့။ ကြွက်တွေက သူတို့ဖာသာ လိုလိုချင်ချင်နဲ့ ခိုင်းသမျှ လုပ်ကြတာပါတဲ့။ ပျော်ပျော်ရွှင်ရွှင်ကို လုပ်ကြတာပါတဲ့။ သူတို့ကို တစ်နေကုန် ခိုင်းနေရင်တောင် စိတ်ကျတဲ့ အသွင်လက္ခဏာ မတွေ့ရပါဘူးလို့ လျှောက်လဲတာပေါ့။

ဒီမှာ Neuroscience (အာရုံကြောသိပ္ပံ ခေါ်မလားပဲ) နဲ့ ပတ်သက်တာ နည်းနည်း ပြောမှ ရမယ်။ Incentive ကို မြန်မာလို မက်လုံး လို့သုံးကြတယ်။ ဘယ်အလုပ်မဆို မက်လုံးလေး ရှိနေရင် လုပ်ရတာ ပိုသွက်ကြတယ်၊ ပိုပျော်ကြတယ်။ တစ်ခါတလေ သတ္တိလည်း ပိုရှိလာတယ်။ ဥပမာပေါ့၊ ခွေးနှစ်ကောင်ဟာ မာန်ဖီပြီး ရန်ဆောင်နေကြတယ်။ တကယ်တော့ ဘယ်ကောင်ကမှ စပြီး မကိုက်ရဲကြဘူး။ ဂီးဂီးနဲ့ ဖီရုံပဲ ဖီနေတာ။ အဲဒီအချိန်မှာ ခွေးတစ်ကောင်ရဲ့ သခင်က အနားကပ်သွားကြည့်ပါလား။ အဲဒီခွေးက အားတက်ပြီး သတ္တိတွေရှိပြီး ထကိုက်တော့တာပဲ။

လူတွေရဲ့ ဦးနှောက်ကြီးထဲမှာ Ventral Tegmental area (VTA) လို့ ခေါ်တဲ့ အစိတ်အပိုင်းလေး တစ်ခုရှိတယ်။ ဦးနှောက်ရဲ့ အလယ်ပိုင်းမှာပါ။ တိရစ္ဆာန်တွေမှာလည်း ပါပါတယ်။ စိတ်တက်ကြွမှုတွေ၊ ဆေးစွဲမှုတွေ၊ အားပေးအားမြောက်ပြုမှုတွေနဲ့ စိတ်ကစဉ့်ကလျား ဖြစ်မှုတွေဟာ အဲဒီ VTA နဲ့ သက်ဆိုင်နေတယ်။ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေ ချိတ်ဆက် အလုပ်လုပ်ပုံက အီလက်ထရောနစ်ပစ္စည်းတွေ ချိတ်ဆက်ပုံနဲ့ ဘာမှ မထူးပါဘူး။ ဦးနှောက်ဟာလည်း တစ်ပိုင်းနဲ့တစ်ပိုင်း သတင်းပို့ချင်ရင် လျပ်စီးကြောင်းကို အသုံးပြုရတာပါပဲ။ ဥပမာ ပြောရရင် VTA ဆီကို လျပ်စစ်ဓာတ်တွေ ပို့လွှတ်လိုက်ရင် လူက အလိုလို တက်ကြွလာတယ်။ ဆေးသုံးများပြီး မြောက်ကြွမြောက်ကြွ ဖြစ်နေရတာလည်း VTA ဆီ လျပ်စီးတွေ အရောက်များနေလို့ပဲပေါ့။ အဲ … စိတ်ကျရောဂါရှင်တွေကျပြန်တော့ VTA ဆီ ဘာလျပ်စစ်မှ မရောက်တော့ လုပ်ချင်ကိုင်ချင်စိတ် မရှိ ဖြစ်ကြပြန်တယ်။ ဒါကြောင့် ဦးနှောက်ရဲ့ VTA ဆိုတဲ့ အပိုင်းကို လှုံ့ဆော်ပေးနိုင်ရင် လူဟာ တက်ကြွတဲ့ကြက်ဖ ဖြစ်လာတော့တာပဲ။

အထက်မှာပြောခဲ့တဲ့ သု‌တေသနပညာရှင်တွေက ကြွက်ရဲ့ ဦးနှောက်ထဲက VTA ကို ထိန်းချုပ်နိုင်မယ့် ပစ္စည်းလေးတစ်ခု ထည့်ပေးလိုက်တယ်။ အဲဒီပစ္စည်းလေးက လူ့ဆံပင်ထုရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ကြီးသတဲ့။ ဒါတောင် ဓာတ်ခဲပါပြီးသား။ အဲဒီ စက်ကလေးက အလုပ်နှစ်ခု လုပ်တယ်။ တစ်ခုက မော်ဖင်းလို ထိုင်းမှိုင်းစေတဲ့ ဆေးတွေ ထုတ်ပေးတယ်။ သဘောက ကြွက်ရဲ့ ပင်ကို ထိန်းချုပ်နိုင်စွမ်းကို တားဆီးရအောင်။ နောက်တစ်ပိုင်းကတော့ VTA ဆီ လျပ်စစ်လွှတ်ပေးဖို့။ လွယ်လွယ်ပြောရရင် လုပ်ချင်စိတ်လေး ထည့်ပေးတာပေါ့။ ဒီတော့ အဝေးထိန်းနဲ့ “ခုန်” ဆိုပြီး ခိုင်းလိုက်တယ်။ အဲဒီအခါမှာ “ငါခုန်ချင်လိုက်တာ” ဆိုတဲ့ အတွေးရောက်သွားအောင် VTA ဆီကို လျပ်စစ်လွှတ်ပေးလိုက်တယ်။ ဒီတော့ ကြွက်က လိုလိုချင်ချင်နဲ့ ထခုန်တော့တာပဲ။

ဒီစမ်းသပ်မှု မလုပ်ခင် အရင်ပထမဆုံး စမ်းတာကို ပြောပြဦးမယ်။ ကြွက်ရဲ့ ဦးနှောက်ထဲ Chip ထည့်ပြီးပြီပေါ့။ ကြွက်ကို လှောက်အိမ်ထဲ ထည့်ထားတယ်။ လှောင်အိမ်ထဲမှာ ခလုတ်တစ်ခု ချပေးထားတယ်။ အဲဒီ ခလုတ်ကို နှိပ်လိုက်ရင် အစာကျလာမယ်။ ဒီတော့ ကြွက်က အစာစားချင်တိုင်း ဗိုက်ဆာတိုင်း အဲဒီ ခလုတ်ကို သွားနှိပ်တော့တာပဲ။ နောက် သိပ်မကြာခင်မှာပဲ နောက်ထပ် ခလုတ်တစ်ခု ထပ်တိုးထားလိုက်တယ်။ အဲဒီ ခလုတ်ကို နှိပ်လိုက်ရင် ကြွက်ဦးနှောက်ရဲ့ VTA ကို လျပ်စစ်လွှတ်ပေးတယ်။ VTA ရဲ့ အလုပ်လုပ်ပုံအရ သူ့ဆီ လျပ်စစ်ဓာတ်ရောက်ရင် ကြွက်က ပီတိတွေ ဖြစ်လာမယ်၊ ကျေနပ်လာမယ်၊ သဘောကျလာမယ်၊ ဆေးသမားတွေရဲ့ နိဗ္ဗာန်ဘုံလိုဟာမျိုး ခံစားရမယ်၊ ခေတ်စကားနဲ့ ပြောရရင် ဖီးတက်လာတယ်ပေါ့။ ကြွက်ကလေးက နောက်ခလုတ်ကို နှိပ်ရင် သူ့မှာ ဖီးတက်လာလို့ ဒီခလုတ်ချည်း နှိပ်နေတော့တယ်။ ဘယ်လောက်ဆိုးသလဲ ဆိုရင် အစာချပေးတဲ့ ခလုတ်ကို ထိကို မထိတော့တာပဲ။ နောက်ဆုံး အားပြတ်ပြီး နောက်ခလုတ်ကို နှိပ်ရင်းပဲ သေပွဲဝင်သွားတယ်။ အဲဒီဟာကို ဖတ်ရတော့ “လူဖြစ်တုန်းစားရတာ၊ သေသေ” ဆိုပြီး အစားတစ်လုတ်အတွက် သေပွဲဝင်သွားသူ၊ မူးယစ်ဆေး အရက်အတွက် သေပွဲဝင်သွားတဲ့သူတွေကို မြင်ယောင်မိတယ်။

ဒီလောက်ဆိုရင် ကြွက်ကလေးဟာ အလိုတူအလိုပါ လုပ်တာ မဟုတ်ပေမယ့် သူ့ဆန္ဒအလျောက် လုပ်တာပါလို့ ပြောသွားတဲ့ ပညာရှင်တွေရဲ့ စကားကို သဘောပေါက်လောက်ပြီ ထင်ပါတယ်။

ဦးဇင်းအနေနဲ့ ဆက်ပြီး စဉ်းစားနေမိတယ်။ တကယ်တမ်း လူတွေ၊ သတ္တဝါတွေရဲ့ ဦးနှောက်ထဲမှာ မွေးကတည်းက Chip ပြားလေး နှစ်ပြားက ရောက်နေခဲ့ပြီးသားပဲ။ တစ်ပြားက လောဘတဲ့၊ နောက်တစ်ပြားက ဒေါသ။ ဘာဖြစ်လို့ဆိုရင် လောဘက လာလာတို့ရင် ထလုပ်နေရတာပဲ။ ဒေါသက အချက်ပြရင် ကိုယ်ထိလက်ရောက် ရုပ်သေးရုပ်လို လုပ်လိုက်ကြတာပဲ။ နောက်မှ “ဟာ … ဒါငါရဲ့ စိတ်ရင်းမဟုတ်ဘူး” လို့ သိကြရတာလေ။ ငယ်ငယ်က မိဘတွေက စာမေးပွဲအောင်ရင် ဘာဝယ်ပေးမယ်၊ ဘာဆုချမယ်၊ ဂုဏ်ထူးထွက်ရင် ဘယ်လို ဆိုတာတွေက VTA ကို လောဘနဲ့ ကလိနေတာပဲပေါ့။

ဒီမှာ အရေးကြီးတာက “Remote Control ကို ဘယ်သူကိုင်ထားသလဲ” ဆိုတာပဲ။ အများစုကတော့ မာနတစ်ခွဲသားနဲ့ ငါ့ဟာငါ ကိုင်တာပေါ့လို့ တွေးလိမ့်မယ်။ ပြန်တွေးကြည့်ရင် ငယ်ငယ်က ကိုယ်ရဲ့ Remote Control ကို ကိုင်ထားတာ မိဘတွေပဲ။ ကြီးလာတော့ အချစ်ဆုံးသူငယ်ချင်းဖြစ်မလား၊ ရည်စားဖြစ်မလား၊ အိမ်ထောင်ဖက်ဖြစ်မလား၊ တစ်ခုခုပဲ။ တကယ်တမ်း ပြောရရင် ကိုယ်ရဲ့ ကြိုက်တာ၊ မကြိုက်တာကို သိနေတဲ့သူဟာ ကိုယ့်ကို အဝေးထိန်းနေတဲ့သူပဲ။ တကယ်တမ်း ကိုယ်ရဲ့ လောဘတွေ ဒေါသတွေကို ဆွပေးနိုင်တဲ့သူဟာ ကိုယ်နဲ့ အနီးကပ်ဆုံး သူတွေပဲ။ မိဘဖြစ်မလား၊ ချစ်သူရည်းစားဖြစ်မလား၊ အိမ်ထောင်ဖက်ဖြစ်မလား၊ အချစ်ဆုံးသူငယ်ချင်းဖြစ်မလား၊ တစ်ခုခုပဲ။ “ဒါလေး ဝယ်မပေးရင် မချစ်တော့ဘူး” ဆိုပြီး လောဘကို ဆွပေးလာရင် ကုန်းရုန်းရှာရတော့တာပဲ မဟုတ်လား။ “နင်မို့ ငုံ့ခံနေတယ်၊ ငါသာဆို …” ဆိုပြီး နတ်ဒိုးတီးပေးလိုက်ရင် ဝုန်းဒိုင်းကြဲကုန်ရော။

အရင့်အရင်ကတော့ ကိုယ်ရဲ့ Remote Control ကို ကိုင်တဲ့သူ ဒါမှမဟုတ် ကိုယ့်ကို ဆွပေးနိုင်တဲ့သူဟာ အနီးမှာပဲ ရှိတယ်။ မြင်ဖူးရမယ်၊ ဆက်ဆံဖူးရမယ်၊ ခင်မင်ဖူးရမယ်၊ ပတ်သက်ဖူးရမယ်ပေါ့။ ကိုယ်မမြင်ဖူးတဲ့သူက ကိုယ့်ကို ဒေါသဖြစ်အောင် လုပ်လို့ မရဘူးလေ။ ဒါပေမယ့် အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ အင်တာနက်ခေတ် Social Network ခေတ် ရောက်လာတော့ ကိုယ်ရဲ့ အကြိုက်၊ မကြိုက်ကို သိတဲ့သူက အနီးအနားတင် မဟုတ်တော့ဘဲ တစ်ကမ္ဘာလုံး ပြန့်နေတယ်။ ကိုယ်တွေ ငယ်ငယ်က ကိုယ် crush နေတဲ့ ကောင်မလေးရဲ့ အကြောင်း (ဘာကြိုက်တတ်သလဲ၊ ဘယ်သွားတတ်သလဲ) ကို သိချင်ရင် သူ့ဘေးက သူငယ်ချင်းကို လာဘ်ထိုးပြီး ချဉ်းကပ်ရတာ အမော။ အခုတော့ မလိုတော့ဘူး။ သူ့ ဖေ့ဘုတ်အကောင့် သိအောင်လုပ်ပြီး ဖရန့်ဖြစ်ရင်၊ ဒါမှမဟုတ် ဖောလိုး လုပ်ထားရင် ရပြီ။ နောက်ဆုံး ပြောရရင် အသက်မဲ့တဲ့ Facebook လို၊ Google လို အဝိညာဏက အရာကတောင် ကိုယ်ရဲ့ အကြိုက်မကြိုက်ကို သိနေပါပကော။ ဖြန့်တွေးကြည့်ပေါ့။

အခုဆိုရင် ကိုယ်မမြင်ဖူးတဲ့ သူတွေက Facebook ပေါ်ကနေ ဒေါသလေး ဆွပေးလိုက်တာ မိတ္ထီလာ အရေးအခင်းကြီး ဖြစ်လို့။ ဟောင်ကောင်တို့ ဘန်ကောက်တို့မှာ ဆန္ဒပြပွဲကြီးတွေ ဖြစ်လို့။ တစ်နေ့တစ်နေ့ ဖေ့ဘုတ်ဖွင့်ပြီး တောက်တခေါက်ခေါက်နဲ့ အဝေးထိန်း ထိန်းချုပ်ခံနေရတဲ့သူတွေ ဘယ်လောက် များနေပြီလဲ။ နောက်ပြီး ဂိမ်းတွေနဲ့ ဒေါသကို ဆွပေး၊ လောဘကိုဆွပေးပြီး ငွေမထွက်ထွက်အောင် ပိုက်ဆံမကုန်ကုန်အောင် VTA ကို ထိန်းချုပ်နေတာတွေ ဆင်ခြင်မိကြစေချင်တာ။

စမ်းသပ်ခန်းက ကြွက်ကလေးတွေလိုပဲ။ လူတွေခမျာ Remote Control နဲ့ ထိန်းချုပ်ခံနေရတာပါလားလို့ မသိရှာဘဲ ကိုယ်ကိုယ်တိုင်ကိုက လိုလိုချင်ချင် လုပ်နေတာပါလို့ အထင်ရောက်နေတာပဲ။ လောဘရှိသင့်လို့ ရှိတာပဲ၊ ဒါရှိမှ လူ့ဘဝနေပျော်မှာ၊ ဒါမျိုးမာနက ထားကို ထားရမယ်၊ ဒီလိုကောင်မျိုး အလျှော့မပေးသင့်ဘူး စသဖြင့်စသဖြင့်။ “ဘယ်သူတွေက ကိုယ်ရဲ့ လောဘ၊ ဒေါသတွေကို အဝေးထိန်းနဲ့ ဆွပေးသလဲ” တွေးမိကြမယ် မထင်ပါဘူး။ ကိုယ်ရဲ့ ပင်ကိုစိတ်ရင်း မပါဘဲ ဒေါသအလို လောဘအလို လိုက်ပြီး သူတစ်ပါးရဲ့ ထိန်းချုပ်မှုတွေကို မြင်နိုင်ကြပါစေ၊ ရှောင်ရှားနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းလျက် …

Leave a comment

Your email address will not be published. Required fields are marked *