ဓုတင်ကို မြန်မာတွေက ဓူတင်လို့ အသံထွက်ကြတယ်။ မြန်မာအများစုက မိရိုးဖလာ ဗုဒ္ဓဘာသာတွေ ဖြစ်ကြပေမယ့် (မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်နေတာကြောင့်လည်း ဖြစ်မယ်) ဓုတင်အကြောင်းကို ကြားတောင် မကြားဖူးတဲ့ လူက အတော်များများ ရှိတယ်။ ဓုတင် (၁၃) ပါး ရှိတယ် ဆိုတာကို သိဖို့ ဝေးလို့။ ကျနော်တို့ မြန်မာတွေ နားလည်ထားကြတာက ဓုတင်ဆိုတာ လုပ်နိုင်ခဲတဲ့ အကျင့်၊ ခက်ခဲပင်ပန်းတဲ့ အကျင့်၊ ကျင့်စဉ်တွေလို့ပဲ ယေဘုယျ နားလည်ထားကြတယ်။ အဲဒီဓုတင်တွေကို ရဟန်းတွေကပဲ ကျင့်တာ များလေတော့ လူဝတ်ကြောင်တွေက မသိကြဘူး။ နောက်ပြီး အမှန်တကယ် ကျင့်ကြံကြတဲ့ ဆရာတော် သံဃာတော်တွေကလည်း သိုသိုသိပ်သိပ်ပဲ ကျင့်ကြံကြတယ်။ ဆိုလိုတာက သူတို့ ကျင့်ကြံနေပါတယ် ဆိုတာကို လူသိမခံကြဘူး။ လူမသိအောင်ကို တမင် ကြိုးစားအားထုတ်ကြတယ်။ အဲ … လူ မသိသိအောင် တမင် လုပ်ပြနေကြတဲ့ ဓုတင်ဆောင်တွေလည်း မရှိဘူး မဟုတ်ဘူး။ အဲဒါမျိုးတွေကတော့ လူအထင်ကြီးခံရအောင်၊ လာဘ်လာဘ ရအောင် လုပ်ကြတာပေါ့လေ။ သူတို့ကတော့ … ထားပါတော့။
ကျနော် ငယ်ငယ်က ဓုတင်အကြောင်းကို စသိခဲ့ရတယ် ဆိုတာကလည်း စစ်ကိုင်းတောင်ရိုးပေါ်က ကျစွာဆရာတော်ကြီးရဲ့ ကျေးဇူးကြောင့်လို့ ပြောရလိမ့်မယ်။ ကျစွာဆရာတော်က သင်္ကြန်တွင်း ၁၀ ရက် တရားစခန်း ဖွင့်ရင် နောက်ဆုံးနေ့မှာ စခန်းပိတ်တဲ့အနေနဲ့ အောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုပြီး စွမ်းနိုင်တဲ့ ယောဂီတွေကို နိသဇ်ဓုတင် ကျင့်သုံးခိုင်းတယ်။ (ပါဠိစကားလုံး အမှန်က နေသဇ္ဇိကဓုတင်ပါ။ ကျနော်တို့ကတော့ နိသဇ်ဓူတင်လို့ပဲ နှုတ်ကျိုးနေတယ်။) ကျစွာဆရာတော်ကြီးက တရားစခန်း နောက်ဆုံးညနေမှာ ဓုတင်အကြောင်းကို ရှင်းပြတယ်။ နိသဇ်ဓူတင်ဆိုတာ ဘာလဲ ရှင်းပြတယ်။ ပြီးတော့ စွမ်းနိုင်တဲ့သူ၊ ကျန်းမာတဲ့သူတွေကို နိသဇ်ဓူတင် ဆောက်တည်ကြဖို့ တိုက်တွန်းတယ်။ ဒီတော့ ကျနော် ၁၂ နှစ် – ၁၃ နှစ်သားလောက်ကတည်းက ဓုတင်အကြောင်း ကြားဖူးနေပြီး ထိုက်သင့်သလို နိသဇ်ဓုတင်ကို လိုက်ကျင့်သုံးကြည့်တယ်။ နိသဇ်ဓုတင်အကြောင်းကို နောက်မှ ရှင်းပြပါ့မယ်။
ဓုတင် (၁၃) မျိုးထဲမှာ အချောင်နေ အချောင်စား အချောင်ထိုင်နေရင်း ပေါ့ပေါ့ပါးပါးနဲ့ ပြီးသွားနိုင်တဲ့ အကျင့်မျိုး တစ်ခုမှ မပါဘူး။ ပြောရရင် ရေသာခိုလို့ မရတဲ့၊ ခက်ခက်ခဲခဲ၊ ဇွဲသန်သန်၊ ဝီရိယရှိရှိ၊ ဆုံးဖြတ်ချက်ခိုင်ခိုင် လုပ်ရတဲ့ ကျင့်စဉ်တွေပါ။ ဒါကြောင့်လည်း ‘ဓုတင်’ လို့ ခေါ်တာပေါ့လေ။ ရှေးဦးပါဠိတော်မှာ ရေးတာကတော့ ‘ဓုတ’ ပေါ့။ နောက်မှ အဋ္ဌကထာ ဆရာတွေက ဓုတင်္ဂ (ဓုတင်) ဆိုတဲ့ စကားလုံးကို ပိုပြီး အသုံးများလာခဲ့တယ်။ ဓုတ ဆိုတာ ကိလေသာတွေကို (ခပ်ကြမ်းကြမ်း) ခါထုတ်၊ ဖျက်ဆီးပစ်ခြင်း/သူ လို့ အဓိပ္ပာယ်ရတယ်။ ဒါကြောင့် ကိလေသာထူပြောတဲ့ ရဟန်းတွေ၊ ဒါမှမဟုတ် ကိလေသာကို ခပ်မြန်မြန် ခန်းခြောက်သွားချင်တဲ့ ဝီရိယအားကောင်းတဲ့ ရဟန်းတွေက ဓုတင် (၁၃) ပါးထဲကနေ အနည်းဆုံး ၄၊ ၅ ပါးလောက်တော့ ကျင့်ကြံတတ်ကြတယ်။ ပြီးတော့ ဓုတင်အကျင့်က ကိလေသာတွေကို ခပ်ကြမ်းကြမ်း တိုက်ချပေးတာ ဆိုတော့ ဝိပဿနာအတွက် အကျိုးများတဲ့ foundation အုတ်မြစ်အနေနဲ့လည်း အသုံးတည့်တယ်။ ဥပမာ ရာဂစိတ် အားကြီးတဲ့သူအတွက် အသုဘရှုဖို့ရာက သုသာန်မှာ သွားနေတာက အကောင်းဆုံးနဲ့ အလွယ်ဆုံးပဲ။ ဒါကြောင့် ရှေးရှေးက အသုဘသညာကို လွယ်လွယ်ကူကူ ရနိုင်ဖို့ တချို့ ရဟန်းတွေက တစ်နေကုန်လုံး သုသာန်မှာပဲ နေထိုင် သီတင်းသုံးကြတယ်။ ဒါကိုပဲ နောက်ကျတော့ သုသာန်ဓုတင်လို့ နာမည်တပ်တယ်။
ရှေးဦးပါဠိတော်တွေကို လေ့လာကြည့်တဲ့အခါမှာ ဓုတင်္ဂ ဆိုတဲ့ စကားလုံးကို လုံးဝ မတွေ့ရဘဲ ဓုတ၊ ဓုတဝါဒ၊ ဓုတဂုဏ ဆိုတာပဲ တွေ့ရတယ်။ ဓုတင်္ဂ ဆိုတဲ့ ဝေါဟာရကို ဝိနည်းငါးကျမ်းထဲက နောက်ဆုံးမှ ထပ်ဖြည့်ထားတယ်လို့ အများလက်ခံထားတဲ့ ပရိဝါပါဠိထဲမှာ တွေ့ရတယ်။ နောက်ပြီး မိလိန္ဒပဉှာကျမ်းထဲမှာ တွေ့ရတယ်။ အများဆုံးကတော့ အဋ္ဌကထာတွေပေါ့။ အဋ္ဌကထာတွေ အားလုံးက တစ်ညီတစ်ညွတ်တည်း ‘ဓုတင်္ဂ’ လို့ပဲ သုံးတယ်။ ဓုတင်ဆောင် ပုဂ္ဂိုလ်ကို ‘ဓုတင်္ဂဓရ’ လို့ သုံးတယ်။ ထူးဆန်းဖို့ ကောင်းတာက ရှေးဦးပါဠိတော်တွေထဲမှာ ရှင်မဟာကဿပလို ဓုတင်ဆောင်ပုဂ္ဂိုလ်တွေကို ‘ဓုတင်္ဂဓရ’ လို့ မသုံးဘဲ ‘ဓုတဝါဒ’ ၊ တစ်ခါတလေမှာ ‘ဓုတ’ လို့ပဲ ရိုးရိုးလေး သုံးတယ်။ ဘာဖြစ်လို့ အဲဒီလို ဖြစ်နေရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်ရဲ့ အမြင်ကို မပြောခင် ဓုတင်အကြောင်း မသိသေးတဲ့ လူတွေအတွက် ဓုတင် (၁၃) ပါးအကြောင်းကို အရင်ဆုံး အကျဉ်းချုပ် ပြောကြရအောင်။
ဓုတင် (၁၃) ပါးက ဘာတွေလဲ ဆိုတော့ …
ဆွမ်းဓုတင်
(၁) ပိဏ္ဍပါတ်ဓုတင် – အလှူရှင်တစ်ဦးဦးရဲ့ တကူးတက ပင့်ဖိတ်တဲ့ ဆွမ်းကို လက်မခံဘဲ ကိုယ်တိုင် သပိတ်နဲ့ အိမ်စဉ်လှည့်ပြီး ဆွမ်းခံခြင်းအကျင့်။
(၂) သပဒါနစာရိကဓုတင် – ဆွမ်းခံတဲ့အခါမှာ ဆွမ်းခံအိမ်မကျော်ဘဲ အယုတ်အလတ်အမြတ် မရွေး၊ အိမ်စဉ်လိုက် ဆွမ်းရပ် ဆွမ်းခံခြင်းအကျင့်။
(၃) ဧကာသနိက်ဓုတင် – တစ်နေရာတည်းမှာတင် တစ်ထိုင်တည်း အပြီးစားခြင်းအကျင့်။ (နှစ်ခါ၊ သုံးခါ ခွဲမစားဘူး)
(၄) ခလုပစ္ဆာဘတ္တိကဓုတင် – တားမြစ်ပြီး ဆွမ်းကို ပြန်မစားခြင်းအကျင့်။
(၅) ပတ္တပိုဏ်ဓုတင် – သပိတ်တစ်ခုတည်းဖြင့်သာ ဆွမ်းစားခြင်းအကျင့်။
သင်္ကန်းဓုတင်
(၆) ပံသုကူဓုတင် – လှူအပ်သော သင်္ကန်းကို ပယ်ပြီး မြေ၌ ကျနေသော သင်္ကန်းကို ဝတ်ရုံခြင်းအကျင့်။
(၇) တိစီဝရိက်ဓုတင် – သင်္ကန်းသုံးထည်အပြင် အပိုမဆောင်ခြင်းအကျင့်။ (ဧကသီ၊ သင်းပိုင်၊ နှစ်ထပ်သင်္ကန်း တည်ဟူသော သင်္ကန်းသုံးထည်)
နေရာဓုတင်
(၈) အာရညကင်ဓုတင် – မြို့နီး ရွာနီးကျောင်းကို ပယ်၍ တော၌ နေခြင်းအကျင့်။
(၉) ရုက္ခမူဓုတင် – တခြား အမိုးအကာများကို ပယ်၍ သစ်ပင်အောက်၌ နေခြင်းအကျင့်။
(၁၀) အဗ္ဘောကာသိကဓုတင် – ရှိရှိသမျှ အမိုးအားလုံးကို ပယ်၍ လွင်တီးခေါင်၌ နေခြင်းအကျင့်။
(၁၁) သုသာန်ဓုတင် – သင်္ချိုင်း၌ နေခြင်းအကျင့်။
(၁၂) ယထာသန္ထတိဓုတင် – ကျရာ/ချပေးနေရာ၌ (စိတ်ကြိုက်ရွေးမနေဘဲ) နေခြင်းအကျင့်။
(၁၃) နိသဇ်ဓုတင် – ထိုင်၍သာ နေခြင်းအကျင့် (လျောင်းအိပ်ခြင်းကို ရှောင်ခြင်း)။
အခု နောက်ဆုံး ပြောခဲ့တဲ့ လှဲအိပ်လို့ မရတဲ့ နိသဇ်ဓုတင် လိုဟာမျိုး၊ လွင်တီးခေါင်မှာပဲ နေရမယ့် အဗ္ဘောကာသိကဓုတင် လိုဟာမျိုး၊ ဘာပဲစားစား (ဆေးကလွဲလို့) တစ်ထိုင်တည်း အပြီးစားရမယ် ဆိုတဲ့ ဧကာသနိက်ဓုတင်လို ဟာမျိုးနဲ့ သပိတ်တစ်လုံး ဒါမှမဟုတ် ခွက်တစ်ခွက်တည်းနဲ့ပဲ စားရမယ် ဆိုတဲ့ ပတ္တပိုဏ်ဓုတင် စတာတွေက တော်တော်တန်တန် လုပ်နိုင်ကြမှာ မဟုတ်ဘူး။ အထူးသဖြင့် နိသဇ်ဓုတင်နဲ့ အဗ္ဘောကာသိကဓုတင်ပေါ့။ ရုက္ခမူဓုတင်ကလည်း သစ်ပင်အောက်မှာပဲ နေရ၊ အိပ်ရမှာ ဆိုတော့ သူလည်း တော်ရုံ ဇွဲမျိုးနဲ့ မရနိုင်ဘူး။ ပြီးတော့ ကြောက်တတ်တဲ့ လူအဖို့က သုသာန်ထဲမှာ တစ်နေလုံး၊ တစ်ညလုံး နေနိုင်ဖို့ မလွယ်လှဘူး။ အခု ပြောခဲ့တဲ့ ဓုတင် (၁၃) ပါးက လုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးရှိတဲ့ ကိလေသာကို ပါးသွားစေနိုင်တဲ့ အကျင့်တွေမို့ ဘုရားရှင်က လိုအပ်သူတွေ လုပ်ဖို့ ခွင့်ပြုထားတယ်။ ဘာတွေ ကောင်းတယ်၊ ဘယ်လိုလူတွေ လုပ်သင့်တယ် ဆိုတာတွေကို ပြောနေရင် ကျယ်သွားမှာမို့ ဒီမှာ မပြောတော့ဘူး။
ဒီမှာ ကျနော် အထူးပြုပြီး ပြောချင် ဆွေးနွေးချင်တာက အဲဒီဓုတင် (၁၃) မျိုးစလုံးက ဘုရားရှင်လက်ထက်တော်မှာ အမှန်တကယ် ကျင့်ကြံခဲ့တဲ့ ကျင့်စဉ်တွေ ဟုတ်ရဲ့လား။ ပြီးတော့ အဋ္ဌကထာထဲမှာ အသုံးများတဲ့ ဓုတင်္ဂဓရ (ဓုတင်ဆောင်) နဲ့ ဓုတဝါဒ (ကိလေသာခါတွက်ကြောင်း တရားကို ကျင့်သူ) က ဘာကွဲသလဲ။ ကျနော်တို့ ဓုတင်္ဂအကြောင်းကို အရင် စပြောရအောင်။
ဓုတင်္ဂ ရဲ့ အနက်အဓိပ္ပာယ်က ကိလေသာတို့ကို ခါတွက်ခြင်းအကြောင်း/ အကျင့်၊ အင်္ဂလိပ်လိုတော့ ascetic practice တဲ့။ မြန်မာလိုကတော့ ဂငယ်ကို ဖြုတ်ပြီး ဓုတင် လို့ပဲ လွယ်လွယ်သုံးတယ်။ ဓူတင်လို့ အသံထွက်တယ်။ ဓုတင်ဆောင်ပုဂ္ဂိုလ်ကိုကျတော့ ‘ဓရ’ နဲ့ တွဲပြီး ‘ဓုတင်္ဂဓရ’ လို့ သုံးတယ်။ ဓုတင်ဆောင်တွေထဲမှာ အမြတ်ဆုံးပုဂ္ဂိုလ်၊ ဧတဒဂ်ရထားတဲ့ ပုဂ္ဂိုလ်က ရှင်မဟာကဿပပေါ့။ ဓုတင်အရာမှာ ရှင်မဟာကဿပကြီးက ဧတဒဂ်ပုဂ္ဂိုလ်ပါ ဆိုတာကို ပါဠိတော်ထဲမှာ၊ အတိအကျ ပြောရရင် အင်္ဂုတ္တိုရ်ပါဠိထဲမှာ ဘယ်လို မှတ်တမ်းတင်ထားသလဲ ဆိုတော့ “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓုတဝါဒါနံ ယဒိဒံ မဟာကဿပေါ” တဲ့။ အဲဒီစာကြောင်းထဲမှာ ဓုတင်္ဂဓရ လို့ မသုံးဘဲ ဓုတဝါဒ လို့ သုံးထားတာကို သတိထားမိမယ် ထင်ပါတယ်။ ဒီမှာ ဝါဒ ဆိုတာ အယူဝါဒကို ပြောတာ မဟုတ်ဘူး။ ကိုယ်တိုင် ကျင့်သုံးသူ၊ ပြီးတော့ သူတစ်ပါးကိုလည်း ကျင့်သုံးလာအောင် ဟောပြောသူလို့ အဓိပ္ပာယ်ရတယ်။ ဒီတော့ အဲဒီစာကြောင်းကို မြန်မာလို ပြန်ရင် “ကိလေသာ ခါတွက်ကြောင်းတရားကို ကျင့်သုံးဟောပြောသူ ဖြစ်သော ငါ၏ တပည့်ရဟန်းများထဲတွင် (ရှင်)မဟာကဿပသည် အမြတ်ဆုံး ဖြစ်သည်” လို့ အဓိပ္ပာယ်ရတယ်။
ဒီတစ်နေရာတည်းတင် မကဘူး။ ရှေးဦးပါဠိတော်တွေ အားလုံးမှာ မြတ်စွာဘုရားက ဓုတဝါဒ လို့ပဲ သုံးတယ်။ ဘာဖြစ်လို့ ဓုတင်္ဂဓရလို့ မသုံးတာလဲ။ ကျနော် စဉ်းစားကြည့်တယ်။ ဓုတင်္ဂ လို့ သုံးလိုက်တာနဲ့ တစ်ပြိုင်နက် ကျင့်စဉ် တစ်ခုလို ဖြစ်သွားတယ်။ ဒီခေတ်မှာလည်း ဓုတင်ကို ကျင့်စဉ်တစ်ခုလို သဘောထားကြတယ်။ မြတ်စွာဘုရားက ကျင့်စဉ်တစ်ခုလို သဘောမထားစေချင်ဘူးလို့ ကျနော် ယူဆမိတယ်။ ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ ဆိုတော့ သုတ္တန်အတော်များများမှာ ထပ်ခါထပ်ခါ ပါနေတဲ့ ရှင်မဟာကဿပကိုယ်တိုင် ပြောတဲ့ စကားတစ်ခွန်း ရှိတယ်။ အဲဒီစကားစုကို သေသေချာချာ လေ့လာကြည့်ရင် ‘ဓုတ’ ဆိုတာက ကျင့်စဉ်တစ်ခု မဟုတ်ဘဲ နေနည်း (way of living) မျှပဲဆိုတာကို သဘောပေါက်လာလိမ့်မယ်။ တချို့က ကျင့်စဉ်နဲ့ နေနည်းက ဘာကွာလို့လဲလို့ နဝေတိမ်တောင် ဖြစ်ချင် ဖြစ်ကြပါလိမ့်မယ်။ ကျင့်စဉ် ဆိုတာမျိုးက ပိုပြီး အနုစိတ်တယ်။ သူ့မှာ Do နဲ့ Don’t တွေ ရှိတယ်။ ပရိကံ ခေါ်တဲ့ မကျင့်ခင် ဘာတွေ ပြင်ရမှာလဲ ဆိုတဲ့ စည်းကမ်းတွေ ရှိတယ်။ မကျင့်တော့ဘူး ဆိုရင် ဘယ်လို ပြန်ချရမှာလဲ ဆိုတဲ့ စည်းကမ်းတွေ ရှိတယ်။ (ဘဝ) နေနည်းကျတော့ ရိုးရိုးလေးပဲ။ ဒီအတိုင်း နေလိုက်ရုံပဲ။ ဆိုလိုတာက သစ်ပင်အောက်ပဲ နေမယ်လို့ ဆုံးဖြတ်ရင် နေလိုက်ရုံပဲ။ ဘုရားမှာ တိုင်တည်နေစရာလည်း မလိုဘူး။ ဒီလိုနေဖို့ ဘာတွေ ဆောင်ရမယ်၊ ရှောင်ရမယ် ဆိုတာလည်း အထူး ဂရုစိုက်နေစရာ မလိုဘူး။ သက်သတ်လွတ်စားတာနဲ့ ဥပမာ ပေးရရင် ၁၀ ရက် ၁၅ ရက် အဓိဋ္ဌာန်ပြီး သက်သတ်လွတ် စားတာမျိုးက ဘာသာရေးကျင့်စဉ်တစ်ခုလို ဖြစ်သွားတယ်။ အဲဒီလို မဟုတ်ဘဲ “ငါ အသားမစားတော့ဘူးကွာ” ဆိုပြီး စိတ်ထဲက ဆုံးဖြတ်ချက်ကျတာနဲ့ မစားဘဲ နေလိုက်တာကကျတော့ ဘဝနေနည်း ဖြစ်သွားတယ်။ ဘာကွာလဲ ဆိုတော့ကာ ကျင့်စဉ်ကျတော့ အများသူငါ ရှေ့မှာ ကြွားလို့ ကောင်းတာပေါ့။ စတာပါ။
စောစောက စကားကို ဆက်ပါဦးမယ်။ ရှင်မဟာကဿပက သုတ္တန်အတော်များများမှာ အခုလို ပြောတယ်။
- အဟံ ခေါ ဘန္တေ၊ ဒီဃရတ္တံ – အရှင်ဘုရား၊ တပည့်တော်သည် ရှည်စွာသော ကာလပတ်လုံး
- အာရညိကော စေဝ အာရညိကတ္တဿ စ ဝဏ္ဏဝါဒီ – တော၌နေလေ့ရှိသူလည်း ဟုတ်၏၊ တော၌နေသူ၏ အဖြစ်ကို ချီးကျူးပြောဆိုသူလည်း ဟုတ်၏။
- ပိဏ္ဍပါတိကော စေဝ ပိဏ္ဍပါတိကတ္တဿ စ ဝဏ္ဏဝါဒီ – ဆွမ်းခံစားလေ့ရှိသူလည်း ဟုတ်၏၊ ဆွမ်းခံစားသူ၏ အဖြစ်ကို ချီးကျူးပြောဆိုသူလည်း ဟုတ်၏။
- ပံသုကူလိကော စေဝ ပံသုကူလိကတ္တဿ စ ဝဏ္ဏဝါဒီ – ပံသုကူသင်္ကန်းကို ဝတ်ရုံသူလည်း ဟုတ်၏၊ ပံသုကူသင်္ကန်းကို ဝတ်ရုံသူ၏ အဖြစ်ကို ချီးကျူးပြောဆိုသူလည်း ဟုတ်၏။
- တေစီဝရိကော စေဝ တေစီဝရိကတ္တဿ စ ဝဏ္ဏဝါဒီ – သင်္ကန်းသုံးထည်ကို ဆောင်သူလည်း ဟုတ်၏၊ သင်္ကန်းသုံးထည်ကို ဆောင်သူ၏ အဖြစ်ကို ချီးကျူးပြောဆိုသူလည်း ဟုတ်၏။
- အပ္ပိစ္ဆော စေဝ အပ္ပိစ္ဆတာယ စ ဝဏ္ဏဝါဒီ – ကင်းသော အလိုရမ္မက် ရှိသူလည်း ဟုတ်၏၊ ကင်းသော အလိုရမ္မက်ရှိသူ၏ အဖြစ်ကို ချီးကျူးပြောဆိုသူလည်း ဟုတ်၏။
- သန္တုဋ္ဌော စေဝ သန္တုဋ္ဌိယာ စ ဝဏ္ဏဝါဒီ – တင်းတိမ်ရောင့်ရဲသူလည်း ဟုတ်၏၊ တင်းတိမ်ရောင့်ရဲသူ၏ အဖြစ်ကို ချီးကျူးပြောဆိုသူလည်း ဟုတ်၏။
အထက်က စာပိုဒ်ကို ဖတ်ကြည့်ရင် ရှင်မဟာကဿပရဲ့ စကားက ရိုးရိုးရှင်းရှင်းလေးပါပဲ။ တောမှာ နေတယ်။ ဆွမ်းခံစားတယ်။ ပံသုကူသင်္ကန်းကို ဝတ်တယ်။ သင်္ကန်းသုံးထည်ပဲ ဆောင်တယ်။ အလိုရမ္မက် ကင်းအောင်နေတယ်။ တင်းတိမ်ရောင့်ရဲတယ်။ ဒါပဲ။ ဒီစာထဲမှာ ဘာထူးခြားတဲ့ ကျင့်စဉ်မှ မပါဘူး။ သူ့ရဲ့ နေပုံနေနည်းကို ပြောတယ်/လျှောက်တယ်။ ဒါပေမယ့် အထက်က စာပိုဒ်ကိုပဲ နိဿယ ပြန်တဲ့အခါမှာ ဘယ်လို ပြန်ကြသလဲ ဆိုတော့ အာရညကင်ဓုတင်ကို ဆောင်လေ့ရှိသူလည်း ဟုတ်၏၊ ပိဏ္ဍပါတ်ဓုတင်ကို ဆောင်လေ့ရှိသူလည်း ဟုတ်၏၊ ပံသုကူဓုတင်ကို ဆောင်လေ့ရှိသူလည်း ဟုတ်၏၊ တိစီဝရိတ်ဓုတင်ကို ဆောင်လေ့ရှိသူလည်း ဟုတ်၏ လို့ ပြန်လိုက်တော့ ကျင့်စဉ်လေးခုကို ကျင့်ကြံနေသလို ဖြစ်သွားတယ်။ ဒီခေတ်မှာ ဓုတင်ဆောင်ဟေ့ ဆိုရင် အသားလွတ် အထင်ကြီးတတ်ကြသလိုပဲ ဘုရားရှင် လက်ထက်ကလည်း အဲဒီလို အထင်ကြီးပြီး ရဟန္တာအထင်ရောက်နေတာမျိုး ရှိခဲ့ကြောင်းကို သုတ္တန်တစ်ခုက သက်သေတည်နေတယ်။
ဒါရုကမ္မိကသုတ်ထဲမှာ ဒါရုကမ္မိက ဒကာကြီးကို ဘုရားရှင်က အလှူအတန်း လုပ်ဖြစ်ရဲ့လားလို့ မေးတော့ ဒါရုကမ္မိကက ဘယ်လို ပြန်ဖြေသလဲ ဆိုတော့ “ရဟန္တာမူလည်းဖြစ်ကုန်သော အရဟတ္တမဂ်သို့ ရောက်သည်မူလည်း ဖြစ်ကုန်သော အရညကင်ဓူတင်၊ ပိဏ္ဍပါတ်ဓူတင်၊ ပံ့သကူဓူတင်ကို ဆောက်တည်ကြသည့် သဘောရှိကုန်သော ရဟန်းတို့၌ အကျွန်ုပ် ပေးလှူရပါ၏” လို့ ဖြေတယ်။ ဒီတော့ ဘုရားရှင်က ဘာပြန်မိန့်သလဲဆိုရင် သင်တို့လို လူကြားသူကြားနေပြီး ကာမဂုဏ်ခံစားနေကြတဲ့ လူတွေက ရဟန်းတစ်ပါးကို မြင်ရုံနဲ့ ရဟန္တာမှန်း ဘယ်လိုလုပ် သိနိုင်ပါ့မလဲတဲ့။ အထက်မှာပါတဲ့ မျက်တောင်ကွင်းထဲက စာက ပါဠိမြန်မာပြန်ထဲကနေ တိုက်ရိုက် ကူးထည့်ထားတာပါ။ အဲဒီမှာ ဓူတင်သုံးခု ထည့်ရေးထားတာကို တွေ့ပါလိမ့်မယ်။ ကျနော်သာဆို အဲဒီလို မပြန်ဘူး။ … ဖြစ်ကုန်သော တော၌နေသော၊ ဆွမ်းခံအလေ့ရှိသော၊ ပံသုကူသင်္ကန်း ဝတ်ရုံသော … လို့ပဲ ရိုးရိုးရှင်းရှင်းလေး ပြန်လိုက်မှာ။ အဲဒီသုတ်ထဲမှာပဲ မြတ်စွာဘုရား ဆက်ပြောတဲ့ စကားတွေနဲ့ ဆက်စပ်ကြည့်ရင် ကျနော် ဘာသာပြန်ပုံက မူလရည်ရွယ်ချက်နဲ့ ပိုပြီး နီးစပ်ကြောင်း တွေ့ရပါလိမ့်မယ်။ မြတ်စွာဘုရားက ဒီလို ဆက်ပြောတယ်။ ပါဠိမြန်မာပြန်ထဲကပဲ ထုတ်ပြပါမယ်။
“သူကြွယ် အရညကင်ဓူတင် ဆောက်တည်သော ရဟန်းသည် ပျံ့လွင့်သူ၊ (ကျူပင်ကဲ့သို့) ထောင်လွှားသူလျှပ်ပေါ်သူ၊ နှုတ်ကြမ်းသူ၊ ဖရိုဖရဲကြဲသော စကားရှိသူ၊ သတိလွတ်ကင်းသူ၊ ဆင်ခြင်ဉာဏ်မရှိသူ၊ တည်ကြည်မှုမရှိသူ၊ တုန်လှုပ်သောစိတ်ရှိသူ၊ ပကတိဟင်းလင်းပွင့်သော ဣန္ဒြေရှိသူ အကယ်၍ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ကဲ့ရဲ့ထိုက်၏”
အောက်မှာ ဘာဆက်ပါသေးသလဲ ဆိုတော့ “ရွာနီးကျောင်း၌ နေသော ရဟန်းသည် မပျံ့လွင့်သူ၊ မထောင်လွှားသူ၊ … စောင့်စည်းသော ဣန္ဒြေရှိသူ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ချီးမွမ်းထိုက်၏” တဲ့။ ဆိုလိုတာက တောထဲမှာ လူနေပြီး ပျံ့လွင့်သူ၊ ထောင်လွှားသူ၊ … ၊ ဣန္ဒြေမထိန်းနိုင်သူ ဖြစ်ရင် ကဲ့ရဲ့ထိုက်တယ်။ ရွာနီးကျောင်းမှာ နေပေမယ့် မပျံ့လွင်သူ၊ မထောင်လွှားသူ၊ … ၊ ဣန္ဒြေစောင့်စည်းသူ ဖြစ်ရင် ချီးမွမ်းထိုက်တယ် တဲ့။ ဒီတော့ အဲဒီစာပိုဒ်တွေကို ဆက်စပ်ကြည့်ရင် အာရညကင်ဓုတင် ဆောက်တည်သောရဟန်းအစား တော၌နေသောရဟန်းလို့ ရိုးရိုးလေး ပြန်လိုက်တာက ပိုကောင်းတာပေါ့။ နောက်ဆက်ပြီး မြတ်စွာဘုရားက ဆွမ်းခံစားသူနဲ့ ပင့်ဖိတ်တဲ့ပစ္စည်းကို ခံယူသူ၊ ပံသုကုသင်္ကန်း ဝတ်သူနဲ့ လှူအပ်သောသင်္ကန်းကို ဝတ်သူ၊ စတာတွေကို နှိုင်းယှဉ်ပြထားသေးတယ်။ ဆိုတော့ ဒီသုတ်မှာက ဓုတင်ဆောင်ပုဂ္ဂိုလ်ကို မြင်တာနဲ့ ရဟန္တာဆိုပြီး ဇွတ်အထင်မကြီးမိဖို့ သတိပေးတဲ့သဘော ပါဝင်ပါတယ်။ ပြီးတော့ လူဝတ်ကြောင်အနေနဲ့ ရဟန္တာဟုတ်မဟုတ် မသိနိုင်တာကြောင့် သံဃာ(အဖွဲ့အစည်း) ကိုပဲ ရည်မှန်းပြီး လှူဖို့ ဟောရင်း နိဂုံးချုပ်ထားတယ်။
နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တစ်ချက်က ဘာလဲ ဆိုတော့ ပါဠိတော်တွေထဲမှာ ဓုတင် (၁၃) ပါးရဲ့ နာမည်တွေကို ကြိုးကြားကြိုးကြား တွေ့ရတာ မှန်ပေမယ့် ၁၃ ပါးစလုံးကို တစ်နေရာတည်းမှာ စာရင်းလုပ်ထားတာကို ဘယ်နေရာမှာမှ မတွေ့ရဘူး။ ပြီးတော့ အဲဒီဓုတင်တွေရဲ့ နာမည်ကိုသာ ဖော်ပြပြီး အဲဒီနာမည်က ဘယ်လို အဓိပ္ပာယ် ဆောင်သလဲ ဆိုတာရယ်၊ အဲဒီဓုတင်ကို ဘယ်လို ကျင့်ကြံရမလဲ ဆိုတာတွေကိုလည်း ပါဠိတော်ထဲမှာ မတွေ့ရဘူး။ ဒီတော့ နာမည်ကို ကြည့်ရုံနဲ့ နားလည်ဖို့ ခက်တဲ့ ဓုတင်တွေကျတော့ ပါဠိတော်နဲ့တင် ဘာကို ဆိုလိုမှန်း နားလည်ဖို့ ခက်တယ်။ ဥပမာ နေသဇ္ဇိကဓုတင်ပေါ့။ နိသဇ္ဇ ဆိုတာ ထိုင်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒီတော့ တစ်ချိန်လုံး ထိုင်နေရတဲ့ အကျင့်လို့ ယူရမလို ဖြစ်နေတယ်။ ဒါဆို ဆွမ်းခံလို့လည်း မရတော့ဘူး။ ခလုပစ္ဆာဘတ္တိကဓုတင်တို့၊ ယထာသန္ထတိကဓုတင် ဆိုလည်း လုံးချင်းအနက်ကောက်ရုံနဲ့ ဓုတင်ရဲ့ သဘောသဘာဝကို ခန့်မှန်းရခက်တယ်။
ဓုတင် (၁၃) ပါးစလုံးကို စာရင်းနဲ့ ချပြပြီး ဘယ်လိုကျင့်ကြံရမယ်၊ ဓုတင်ရဲ့ အင်္ဂါရပ်တွေက ဘာတွေပါ၊ ဘယ်လိုဆိုရင် ဓုတင်ပျက်တယ် စတဲ့ အကြောင်းတွေကို တိတိကျကျ စေ့စေ့စုံစုံ စပြီး ပါတဲ့ ကျမ်းကတော့ အဋ္ဌကထာဆရာကြီး ရှင်မဟာဗုဒ္ဓဃောသရဲ့ ဝိသုဒ္ဓိမဂ်ကျမ်းပဲ။ (မကျဉ်းမကျယ်နဲ့ အပြည့်အစုံ စပါတာကတော့ သူ့ထက် နှစ်နှစ်ရာလောက် စောတဲ့ ဝိမုတ္တိမဂ်ကျမ်းပါ။) ပါဠိတော်တွေထဲမှာ ဘာဖြစ်လို့ ဓုတင်တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်နဲ့ ဆောက်တည်ပုံတွေ မပါရတာလဲ ဆိုတာက တကယ်ကို စဉ်းစားစရာပဲ။ ဖြစ်နိုင်ခြေ အရှိဆုံး ရှင်းလင်းချက်ကတော့ ဗုဒ္ဓလက်ထက်မှာက အဲဒီနာမည်တွေကို ရှင်းပြစရာ မလိုလောက်အောင်ကို လူသိများနေလို့ပဲ ဖြစ်ရလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရုက္ခမူလိက လို၊ အဗ္ဘောကာသိက လို ဓုတင်တွေက ခေတ်ပြိုင် တခြားဘာသာဝင်တွေကလည်း ကျင့်သုံးနေကြောင်း အထောက်အထားတွေ ရှိတယ်။ ကျနော် ထင်ပါတယ်။ ပိဏ္ဍပါတိက တို့၊ ပံသုကူလိက တို့၊ သောသာနိက (သုသာန်) တို့၊ ပတ္တပိဏ္ဍိက တို့ကလည်းပဲ ခေတ်ပြိုင် ဘာသာခြားတွေအကြားမှာ ပေါ်ပြူလာ ဖြစ်လောက်တယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားက အဲဒီဓုတတွေကို ချီးကျူးပေမယ့် အားပေးပေမယ့် အဲဒါတွေနဲ့တင် လမ်းမဆုံးဖို့ သုတ္တန်အတော်များများမှာ သတိပေးထားတယ်။
နောက်ပြီး ကျနော် စိတ်ဝင်စားတဲ့ မေးခွန်းတစ်ခုက အဲဒီဓုတင် (၁၃) ပါးစလုံးက ဘုရားရှင်လက်ထက်မှာ ကတည်းက ရှိနေခဲ့တာလား။ နောက်မှ ဗုဒ္ဓဝါဒရဲ့ ကျင့်စဉ်စာရင်းထဲကို ထပ်ဖြည့်ထည့်ထားတာရော မဖြစ်နိုင်ဘူး။ ကျနော် ဒီမှာ တစ်ခုတော့ ဝန်ခံခဲ့ပါရစေ။ အခု ဆက်ရေးမယ့် စာကြောင်းတွေက အတွေးပွားဖို့ သက်သက်ပဲ ဖြစ်ပါတယ်။ ကျနော် ကိုယ်တိုင်လည်း အဖြေမထုတ်နိုင်ပါဘူး။ ဒါကြောင့် ဆက်ပြောမယ့် စကားတွေကို အဖြေရလဒ်လို့ မယူဆဘဲ အတွေးပွားစရာ သဲလွန်စတွေလို့ပဲ မှတ်ယူပြီး ဆက်ဖတ်စေချင်ပါတယ်။ ကျနော် ဘာကြောင့် အဲဒီလို သံသယ ဖြစ်ရသလဲ ဆိုတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကို စပြောပါမယ်။
ရှင်ဒေဝဒတ်က သံဃာသင်းခွဲဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားရှင်ဆီမှာ အချက် ၅ ချက် တောင်းဆိုခဲ့တယ်။ အဲဒါကို လူအများစုက ကြားဖူးပြီး ဖြစ်မှာပါ။
- ယာဝဇီဝံ အာရညိကာ အဿု – အသက်ထက်ဆုံး တော၌နေသူ ဖြစ်ကြပါစေ။
- ယာဝဇီဝံ ပိဏ္ဍပါတိကာ အဿု – အသက်ထက်ဆုံး ဆွမ်းခံစားသူ ဖြစ်ကြပါစေ။
- ယာဝဇီဝံ ပံသုကူလိကာ အဿု – အသက်ထက်ဆုံး ပံသုကူသင်္ကန်းဝတ်သူ ဖြစ်ကြပါစေ။
- ယာဝဇီဝံ ရုက္ခမူလိကာ အဿု – အသက်ထက်ဆုံး သစ်ပင်အောက်နေသူ ဖြစ်ကြပါစေ။
- ယာဝဇီဝံ မစ္ဆမံသံ န ခါဒေယျုံ – အသက်ထက်ဆုံး အသားငါး မစားပါစေနဲ့။
အဲဒီအချက် ၅ ချက်ကို ရဟန်းတွေအားလုံး လိုက်နာဖို့ စည်းကမ်းထုတ်ပေးပါလို့ ရှင်ဒေဝဒတ်က တောင်းဆိုတယ်။ ဒီတော့ အပေါ်ဆုံး ၄ ချက်က ဒီခေတ်အခေါ် ဓုတင်တွေ ဖြစ်နေကြောင်းကို စာဖတ်သူ သတိထားမိမှာပေါ့။ ဒီစာတွေကို ဖတ်ရတော့ ကျနော် ဘာစဉ်းစားမိသလဲ ဆိုတော့ ဓုတင်က စုစုပေါင်း (၁၃) ပါး ရှိတာပဲ။ ဘာကြောင့် ဒီမှာ ၄ ခုတည်း ပါနေရတာလဲ။ ရှင်ဒေဝဒတ်က သံဃာသင်းခွဲဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားရှင် ခွင့်မပြုမှန်း ကြိုသိထားတဲ့ တောင်းဆိုချက်တွေကို တောင်းဆိုခဲ့တာပါ။ ဒီတော့ ဒီနေရာမှာ ပိုပြီး ဟိတ်ဟန်ကောင်းသွားအောင် ရှင်ဒေဝဒတ်က ဓုတင် (၁၃) ပါးစလုံးကို မတောင်းဆိုသင့်ဘူးလား။ ရှင်ဒေဝဒတ် တောင်းဆိုတဲ့ အချိန်တုန်းက ဓုတင်ရယ်လို့ ဒီ (၄) ပါးပဲ ရှိနေတာလား။ ပြီးတော့ သက်သတ်လွတ်စားတဲ့ အကျင့်ကရော ဓုတင်တစ်ခုပဲလား။ အခုခေတ်မှာ အားလုံးသိတဲ့အတိုင်း မဟာယာနတွေက သက်သတ်လွတ်စားတာကို ဓုတင်တစ်ခုအနေနဲ့ အသက်ထက်ဆုံး ကျင့်သုံးနေကြတယ်လေ။ သူတို့က အဲဒီအကျင့်ကို ဓုတင်လို့ နာမည်မတပ်ဘူးပေါ့။ ထားတော့။
နောက်ထပ် စဉ်းစားစရာတစ်ခု ထပ်ပြောပါဦးမယ်။ ရဟန်းဝိနည်းထဲမှာ သင်္ကန်းသုံးထည်ထက် ပိုဆောင်ထားရင် (နိဿဂ္ဂိ) ပါစိတ်အာပတ် သင့်စေ ဆိုတဲ့ စည်းကမ်းတစ်ခု ရှိတယ်။ ဆိုတော့ … သင်္ကန်းသုံးထည်ပဲ ဆောင်ရတဲ့ တိစီဝရိက်နဲ့ တူမနေဘူးလား။ အဋ္ဌကထာဆရာတွေကတော့ ဝိနည်းတိစီဝရိက်နဲ့ ဓုတင်တိစီဝရိက်နဲ့က မတူပါဘူးလို့ ဖြေရှင်းချက် ထုတ်တယ်။ ဝိနည်းတိစီဝရိက်အကြောင်း ကျနော် အကျယ် ရှင်းပြမနေတော့ပါဘူး။ စာတွေ အရမ်း ရှည်သွားမယ်။ ဒါပေမယ့် ကျနော် ထောက်ပြချင်တာကတော့ ဘုရားရှင်လက်ထက်မှာ မြတ်စွာဘုရားကိုယ်တိုင် သင်္ကန်းသုံးထည်ပဲ ဆောင်တယ်၊ ဝတ်တယ် ဆိုတဲ့ အထောက်အထားတချို့ ရှိပါတယ်။ ဘုရားရှင်က မြစ်ထဲမှာ ရေဆင်းချိုးပြီး မြစ်ကမ်းပေါ်မှာ သင်းပိုင်တစ်ထည်တည်း ဝတ်ထားရင်းနဲ့ ကိုယ်ပေါ်က ရေတွေ ခြောက်သွားအောင် နေပူဆာလှုံတယ်။ ဘုရားရှင်လက်ထက်က ရေချိုးချင်ရင် မြစ်ထဲ ချောင်းထဲကို ဆင်းချိုးကြရတယ်။ ပြီးတော့ ကိုယ်တုံးလုံး ချိုးကြတယ်။ ကမ်းပေါ် ပြန်တက်လာရင် အနည်းဆုံး သင်းပိုင်တော့ ဝတ်ထားရတယ်။ သုတ်စရာ တဘတ်၊ ဒါမှမဟုတ် တခြားအဝတ်မရှိလို့ ကိုယ်ပေါ်က ရေခြောက်အောင် နေပူဆာလှုံ၊ ဒါမှမဟုတ် လေသလပ်ခံကြရတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ဘုရားရှင်မှာ သင်္ကန်းသုံးထည်က လွဲလို့ အပိုမရှိဘူးလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားက သူ့ကိုယ်သူ ‘တေစီဝရိက’ လို့ ဘယ်နားမှာမှ ပြောမထားဘူး။
နောက်ထပ် စဉ်းစားစရာ ရှိတာတစ်ခုက ဧကာသနိက်ဓုတင်ပါ။ တစ်ထိုင်တည်း စားတယ်၊ တစ်နပ်တည်း စားတယ် ဆိုတဲ့ အကျင့်ပေါ့။ ပါဠိတော်တွေကို လေ့လာကြည့်တဲ့အခါမှာ မြတ်စွာဘုရားကိုယ်တိုင်က ဒီခေတ်လို မွန်းမတည့်ခင်မှာတင် တစ်နေ့ကို ဆွမ်းနှစ်နပ်စားတဲ့ ဘုဉ်းပေးတဲ့ အလေ့အထကို မတွေ့ရဘူး။ နောက်ပြီး ပါဠိတော်ထဲမှာ ဧကဘတ္တိက ဆိုတဲ့ အသုံးရှိတယ်။ တစ်ထပ်တည်းသော ဆွမ်းရှိ (ဘုဉ်း) သူလို့ အဓိပ္ပာယ်ရတယ်။ အဲဒီ ဧကဘတ္တိက ဆိုတဲ့ ဝေါဟာရကို ‘ဝိကာလဘောဇနာ’ အနက်ဖွင့်တဲ့ အခါမှာ တွဲသုံးတယ်။ ဘယ်လိုလဲ ဆိုတော့ … “ဧကဘတ္တိကော ဟောတိ ရတ္တူပရတော ဝိရတော ဝိကာလဘောဇနာ” တဲ့။ ဗြဟ္မဇာလသုတ်ထဲမှာလည်း ဘုရားရှင်ရဲ့ ဂုဏ်ပုဒ်တွေကို ချီးကျူးတဲ့အခါ အဲဒီစာကြောင်းနဲ့ ဝိကာလဘောဇနာကို ရှောင်ကြဉ်ကြောင်း ပြောဆိုထားတယ်။ မြန်မာလို အဓိပ္ပာယ်က “ရဟန်းဂေါတမသည် တစ်ထပ်တည်းသော ဆွမ်းရှိတော်မူ၏။ ညဉ့်အခါ၌ စားခြင်းမှ ရှောင်တော်မူ၏။ နေ့လွဲအခါ၌ စားခြင်းမှ ရှောင်ကြဉ်တော်မူ၏” တဲ့။ ဆိုတော့ … ဘုရားရှင်ကိုယ်တိုင်က တစ်နေ့ကို ဆွမ်းတစ်နပ်ပဲ ဘုဉ်းပေးတယ်။ ဓုတင်အခေါ်ဆိုရင် ‘ဧကာသနိက’ လို့ ပြောရတော့မှာပေါ့။ ဒါကိုပဲ ဘုရားရှင်က သူ့ကိုယ်သူ ဧကာသနိက်ဓုတင် ဆောက်တည်နေပါတယ်လို့ ဘယ်မှာမှ ရေးကြီးခွင်ကျယ် ပြောထားတာ မရှိဘူး။
နောက်ထပ် စဉ်းစားစရာ တစ်ခုကို ထပ်ပေးပါဦးမယ်။ အဲဒါကတော့ ‘ပတ္တပိဏ္ဍိက’ ပတ္တပိုဏ်ဓုတင်ပါ။ ပတ္တပိုဏ်ဓုတင် ဆိုတာ သပိတ်တစ်လုံးတည်းနဲ့ ဆွမ်းဘုဉ်းတာ။ သဘောက ဆွမ်းဘုဉ်းတဲ့အခါမှာ ခွက်အပို မထားဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျနော်တို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကို စိတ်ကူးနဲ့ မြင်ယောင်ကြည့်ရအောင်။ အဲဒီခေတ်မှာ ကြွပ်ကြွပ်အိတ် မရှိဘူး။ စတီးချိုင့် မရှိဘူး။ ဒန်အိုး၊ ဒန်ခွက် မရှိဘူး။ အဲဒီခေတ်က ဘုန်းကြီးတွေက ဆွမ်းခံရင် ဒီခေတ်လို ထမင်းချိုင့်တွေ၊ ကြွပ်ကြွပ်အိတ်တွေ ဆွဲသွားကြမှာ မဟုတ်ဘူး။ ခြင်းတွေ၊ တောင်းပလုံးတွေ သယ်သွားကြမှာ မဟုတ်ဘူး။ ရဟန်းတိုင်း ရဟန်းတိုင်းက သပိတ်တစ်လုံးကို ရင်မှာ ပိတ်ပြီး ဆွမ်းခံကြမှာ။ ကဲ … ဆွမ်းခံပြန်ရောက်ပါပြီတဲ့။ ဆွမ်းစားတဲ့အခါ ကျရင်ရော … ။ ရှေးခေတ်မှာက သံခွက်တွေ၊ ကြေးခွက်တွေ ရှိနိုင်ပေမယ့် အဲဒါတွေက ချမ်းသာတဲ့ မိသားစုတွေရဲ့ အသုံးအဆောင်ပဲ ဖြစ်နေလောက်တယ်။ အများစုက မြေအိုး၊ မြေခွက်ပဲ သုံးကြမှာ။ ဒါဆို ဘုန်းကြီးကျောင်းမှာကရော။ ကျနော် နားလည်းထားသလောက် အဲဒီခေတ်က ဘုန်းကြီး အများစုမှာ ဖိနပ်မရှိဘူး။ သပိတ်တိုင်းမှာ အဖုံးမရှိဘူး။ ဒီတော့ ကျောင်းတွေ၊ ကျောင်းတွေမှာ ဆွမ်းဟင်းထည့်ဖို့ ခွက်အပို ဆိုတာမျိုးက မရှိဖို့ပဲ များတယ်။ ဆိုလိုတာက သပိတ်တစ်လုံးနဲ့ ဆွမ်းခံပြီး အဲဒီသပိတ်နဲ့ပဲ ဆွမ်းဘုဉ်း၊ ပိုတာတွေကို တိရစ္ဆာန်ကျွေး၊ ဒါမှမဟုတ် လွှင့်ပစ်၊ ဒီအတိုင်းပဲ သွားလိမ့်မယ် ထင်တယ်။ ဘယ်မှာလာပြီး ခွက်အပို ရှိမှာတဲ့လဲ။ ပြောရရင် သောက်ရေခွက် ဆိုတာတောင် ရဟန်းရဲ့ အသုံးအဆောင် ပရိက္ခရာထဲမှာ မပါဘူး။ ဒီတော့ ကျနော့်အမြင် ပြောရရင် ဘုရားရှင်လက်ထက်က ရဟန်းတွေအနေနဲ့ ပတ္တပိုဏ်ဓုတင် ဆိုတာမျိုးကို တကူးတက ဆောက်တည်နေဖို့တောင် မလိုဘူး။ နောက်နောက်ပိုင်း ခေတ်တွေမှာ ဘုန်းကြီးကျောင်းတွေထဲ ပစ္စည်းပစ္စယတွေ အတော်အတန် ပြည့်စုံလာလို့ ဇလုံတွေ၊ တောင်းတွေ၊ ပန်းကန်တွေ၊ ခွက်တွေ အလျှံပယ် ပေါများလာတဲ့ ခေတ်မျိုး ရောက်လာတော့ ပတ္တပိုဏ်ဓုတင် ဆိုတာကို တကူးတက ဆောက်တည်ရတော့မှာပေါ့။ အဲ … တချို့က တွေးကောင်း တွေးလိမ့်မယ်။ ဘုရားရှင်ကို အနာထပိဏ်လို သူကြွယ်ကြီးတွေ၊ ဗိမ္မိသာရလို ဘုရင်ကြီးတွေ ဆွမ်းကပ်ရင် ရွှေခွက်တွေနဲ့ ဆပ်ကပ်မှာပေါ့လို့ တွေးနေလောက်တယ်။ ကျနော် လေ့လာရသလောက် သူတို့ ဘာခွက်နဲ့ ကပ်မှန်း ပါဠိတော်ထဲမှာ မပါပေမယ့် ဘုရားရှင်ကတော့ အဲဒီလို နေရာမျိုးမှာတောင် သူ့သပိတ်နဲ့ပဲ ဘုဉ်းပေးပါတယ်။
ကဲဗျာ … ပြောခဲ့သမျှကို အနှစ်ချုပ်ကြပါစို့။ ဓုတင်္ဂ ဆိုတာ ဓုတင်အကျင့်၊ ဓုတင်ကျင့်စဉ် လို့ အဓိပ္ပာယ်ရတယ်။ အဲဒီ ဓုတင်္ဂ ဆိုတဲ့ ဝေါဟာရကို ရှေးဦးပါဠိတော်တွေထဲမှာ ဘယ်မှာမှ သုံးမထားဘူး။ အဲဒီကျမ်းထဲမှာ ဓုတ လို့ ရိုးရိုးလေးပဲ သုံးချင် သုံးတယ်။ ဓုတဝါဒ ဆိုပြီး ကျင့်သုံးသူ၊ ဟောပြောသူကို ခေါ်ချင် ခေါ်တယ်။ ပြီးတော့ ဒီခေတ်မှာ တိစီဝရိက်ဓုတင်၊ အာရညကင်ဓုတင်၊ သုသာန်ဓုတင် ဆိုပြီး တိစီဝရိက် နဲ့ ဓုတင်၊ အာရညကင် နဲ့ ဓုတင်၊ သုသာန် နဲ့ ဓုတင်ကို တွဲသုံးပေမယ့် ပါဠိတော်ထဲမှာတော့ ဓုတ ဆိုတဲ့ စကားလုံးကို ထည့်မသုံးဘဲ ရိုးရိုးလေးပဲ တေစီဝရိက (သင်္ကန်းသုံးထည်ဆောင်သူ)၊ အာရညိက (တော၌နေသူ)၊ သောသာနိက (သုသာန်၌နေသူ) လို့ပဲ ရေးတယ်။ ကျနော် နားလည်သလို ပြောရရင် ဓုတ ဆိုတာ အကျင့်/ကျင့်စဉ် မဟုတ်ဘူး။ နေထိုင်နည်းမျှပဲ။ ကျင့်စဉ် ဆိုတာနဲ့ ကျင့်သူတစ်ယောက်အဖို့ အောင်ရင် ဘာရမယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ဝင်သွားတတ်တယ်။ ဒါကျင့်ရင် ဒါရမယ် ဆိုတာမျိုး။ အဲဒါနဲ့တင် လမ်းဆုံးသွားတတ်တယ်။ တကယ်တော့ ‘ဓုတ’ ဆိုတာ အဲဒီလို ကျင့်စဉ် မဟုတ်ဘူး။ သူက တခြားသော ကျင့်စဉ်တစ်ခုခုရဲ့ foundation အုတ်မြစ်မျှပဲ။ ဥပမာ တစ်ခုပေးရရင် သုသာန်ဓုတင် ဆိုကြပါစို့။ သုသာန်ဓုတင်က ကျင့်စဉ် မဟုတ်ဘူး။ အသုဘကမ္မဋ္ဌာန်း စီဖြန်းဖို့အတွက် သုသာန်ဓုတင်က အခြေခံအုတ်မြစ်ပဲ။ သဘောက အိမ်မှာ အသုဘကမ္မဋ္ဌာန်းကို ပွားများတာထက် သုသာန်မှာ နေပြီး ပွားများတာက အများကြီး ပိုအကျိုးများတယ်။ ကမ္မဋ္ဌာန်းရဲ့ အာနိသင် (အသုဘသညာ) ကို မြန်မြန်ထက်ထက် ခံစားရနိုင်တယ်။ ဒါကြောင့် သုသာန်ဓုတင် ဆောက်တည်ပြီး အသုဘကမ္မဋ္ဌာန်း မပွားများရင် တရားမရနိုင်တဲ့အပြင် “ငါဟဲ့ ဓုတင်ဆောင်” ဆိုပြီး မာန်တက်လာတာမျိုးတောင် ဖြစ်နိုင်သေးတယ်။ ဒါကြောင့် ဘုရားရှင်က တောမှာနေတယ် ဆိုပြီး မာန်မတက်ဖို့၊ ပံသုကူသင်္ကန်း ဝတ်ရုံတယ် ဆိုပြီး မာန်မတက်ဖို့၊ သစ်ပင်အောက်မှာ နေတယ် ဆိုပြီး မာန်မတက်ဖို့၊ အဲဒါတွေထက် ပိုအရေးကြီးတာက အပ္ပိစ္ဆာ – အလိုနည်းရမယ်၊ သန္တုဋ္ဌီ – ရောင့်ရဲရမယ်၊ နောက်ဆုံး အရေးအကြီးဆုံးက ကိလေသာကို အပြီးတိုင် ပယ်သတ်နိုင်မယ့် မဂ်တရား၊ ဖိုလ်တရားကို ကျင့်ကြံဖို့ ပိုအရေးကြီးကြောင်း သုတ္တန်အတော်များများမှာ ဟောကြားထားပါတယ်။
ဒါပေမယ့် အခုခေတ်မှာ ဓုတင်ဆိုတာကို ကျင့်စဉ်တစ်ခုလို ကျင့်ကြံနေကြပြီးတော့ ကျင့်ကြံကြတဲ့ ပုဂ္ဂိုလ်တွေကလည်း အဲဒီကျင့်စဉ်နဲ့တင် လမ်းဆုံးနေကြတာက အတော်ကို နှမြောစရာ ကောင်းတယ်။ ဥပမာ တချို့ ရဟန်းတွေက အာရညကင်ဓုတင် ဆောက်တည်တယ် ဆိုပြီး တောမှာ နေကြတယ်။ တောရဆောက်တည်တယ်ပေါ့။ တောထဲမှာ နေသာ နေကြတာ။ တချို့တချို့သော ရဟန်းတွေက လုပ်သင့်လုပ်ထိုင်တဲ့ ကမ္မဋ္ဌာန်းတရားတွေကို မစီးဖြန်းကြတော့ တောထဲမှာ နေပြီး ကိလေသာတွေပွား၊ ပြီးတော့ အာပတ်တွေသင့်၊ နှစ်တွေ ကြာလာတော့ စိတ်ထဲမှာ မရိုးမရွတွေ ဖြစ်။ သူတို့ရဲ့ အမြင်မှာ တောရဆောက်တည်ရင် တောထဲမှာ နေရုံနဲ့ ပြီးပြီလို့ ထင်ကြတဲ့ သူက များတယ်။ တကယ်တော့ တရားကျင့်ဖို့ အကောင်းဆုံး နေရာဖြစ်တဲ့ ဆိတ်ငြိမ်ရာအရပ် တောထဲ တောင်ထဲကို ဘုရားရှင်က ရွေးချယ်ခိုင်းတာပါ။ တောထဲ သွားနေပြီး ဘာမှ မလုပ်ဘဲ နေနေရုံနဲ့ အကျိုးဖြစ်ထွန်းတယ်၊ ကုသိုလ်ရတယ်လို့ ဘယ်နေရာမှာမှ ဟောမထားပါဘူး။ ဒါကြောင့် ကျနော့်အယူအဆကတော့ ဓုတင်ကို ကျင့်စဉ်တစ်ခုအနေနဲ့ မမြင်စေချင်ဘူး။ ပါဠိတော်ထဲမှာ ပါသလို ဓုတ ဆိုတာ နေထိုင်နည်းသက်သက်ပဲ။ ဘာလုပ်ဖို့ နေထိုင်နည်းလဲ ဆိုတော့ ကမ္မဋ္ဌာန်းလုပ်ဖို့ နေထိုင်နည်းပါ။ တကယ်တော့ ဓုတ ဆိုတာ အခုခေတ်မှာ ခေတ်စားနေတဲ့ minimalism ပါပဲ။ ဓုတကို (ကိလေသာကင်းအောင်) ရိုးရှင်းစွာနေထိုင်နည်းလို့ပဲ ကျနော်အနေနဲ့ အဓိပ္ပာယ် ဖွင့်ဆိုလိုပါကြောင်း …
