၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၈ ရက် (အင်္ဂါနေ့)
ဒီပို့စ်ကို ဖတ်ပြီးရင်တော့ အာရှ အင်အားကြီး နိုင်ငံနှစ်ခု ဖြစ်လာတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ပညာရေး အခြေအနေတချို့နဲ့ သူတို့ခေါင်းဆောင်တွေရဲ့ ပညာရေးရည်မှန်းချက်တွေကို သိလာပါလိမ့်မယ်။ ဒီပို့စ်ကို ဖတ်ပြီးရင် ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့ အစိုးရရဲ့ ပညာရေး ရည်မှန်းချက်က ဘာလဲ။ ဘာတွေကို ရည်ရွယ်ပြီးတော့ကော လုပ်နေတာလဲ ဆိုတာကို ချိန်ထိုးစဉ်းစားနိုင်အောင် တင်ပြပေးလိုက်ပါတယ်။ စာသားအတော်များများဟာ ကျနော် နားလည်သလို ပြန်ရေးထားတာ ဖြစ်ပြီး အချက်အလက်တွေကိုတော့ မဇ္ဈိမ၊ ဂန္ဓာလနှင့် ကမ္ဘာတစ်ခွင် – ကျော်ဝင်း စာအုပ်ကနေ ထုတ်နုတ် ဖော်ပြတာ ဖြစ်ပါတယ်။ ဖတ်ရှုပြီး ဆက်လက် အတွေးပွားနိုင်ကြပါစေ ….. ။အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုမှာ နောက်ကျကျန်နေခဲ့တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အနေနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အတူ ပညာခေတ်ကို အပြည့်အ၀ အသုံးချပြီး ဆင်းရဲတွင်းက တက်ဖို့ ပညာရေးဟာ အဓိက ရောင်ခြည်တစ်မျှင် ဖြစ်တော့တယ်။ ဒီသဘောကို တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးက ကောင်းကောင်း သဘောပေါက်ထားပုံ ရတယ်။ ပညာက အရင်းနဲ့ လုပ်အားကို သိသိသာသာ ဖြတ်ကျော်တက်နေတဲ့ ကာလ ဖြစ်တဲ့အလျောက် ပညာသာ ပိုင်မယ်ဆိုရင် အမီလိုက်နိုင်ရုံမက ဖြတ်ကျော်တက်သွားနိုင်စရာ အခွင့်အရေးကောင်းတွေ ရှိနေတယ်။ ဒါကြောင့် အာရှအင်အားကြီး နှစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးပြောင်းလဲမှုမှာ ပညာရေးဟာ အခြေခံ အကျဆုံးနဲ့ နံပါတ်တစ် ဦးစားပေးလုပ်ငန်းကြီး ဖြစ်လာတော့တယ်။
နောက်ခံအခြေအနေတရုတ်နဲ့ အိန္ဒိယတို့ရဲ့ လက်ရှိ ပညာရေး ရေခံမြေခံက ကောင်းလှတယ်လို့တော့ မဆိုနိုင်ဘူး။ ခေတ်ကာလက တောင်းဆိုနေတဲ့ လိုအပ်ချက်တွေကို ပြည့်မီနိုင်အောင် အတော်လေး ကြိုးစားအားထုတ်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။အိန္ဒိယ ပညာရေးလောကဟာ အင်္ဂလိပ်ပညာရေးစနစ်ရဲ့ ကောင်းမွေရော ဆိုးမွေပါ ဆက်ခံခဲ့ရတယ်။ စင်စစ် အင်္ဂလိပ်ပညာရေးမှာ ပျံ့နှံ့ရေးထက် မြင့်တက်ရေးကို ဦးစားပေးတဲ့ စနစ်ဖြစ်တယ်။ တော်သူကို တော်တာထက် တော်စေဖို့ ရည်ရွယ်ထားတဲ့ `အီလစ်ပညာရေး´ လို့ ဆိုနိုင်တယ်။ အကျိုးဆက်အနေနဲ့ အဆင့်မြင့် ပညာရေးပိုင်းမှာ ကမ္ဘာနဲ့ အလိုက်သင့် ရင်ပေါင်တန်းနိုင်ခဲ့ပေမယ့် အခြေခံ ပညာပိုင်းမှာတော့ လူဦးရေတစ်ခုလုံးရဲ့ ၅၉.၅ ရာခိုင်နှုန်းပဲ ရှိတယ်။ ပညာမဲ့တွေနဲ့ ခေတ်မီနိုင်ငံတော် တည်ဆောက်လို့ မရနိုင်တာကို အိန္ဒိယ ခေါင်းဆောင်တွေ ကောင်းကောင်း နားလည်ကြပါတယ်။ ဒါကြောင့် အိန္ဒိယပညာရေး ပြုပြင်ပြောင်းလဲမှုရဲ့ အဓိက ဖိုးကပ်စ်ဟာ အခြေခံ ပညာအဆင့် ဖြစ်လာရတယ်။တရုတ်ပြည်ကတော့ အိန္ဒိယရဲ့ ပြောင်းပြန်လို့ ပြောလို့ရတယ်။ တရုတ်တွေ ယုံယုံကြည်ကြည် အကောင်အထည် ဖော်ခဲ့ကြတဲ့ ဆိုရှယ်လစ် ပညာရေး စနစ်က မြှင့်တင်ရေးထက် ပျံ့နှံ့ရေးကို ဦးစားပေးတယ်။ လူတိုင်းအတွက် ပညာလို့ ကြွေးကြော်တယ်။ လက်ရှိ တရုတ်ပြည်ရဲ့ စာတတ်မြောက်မှုနှုန်း ၈၆ ရာခိုင်နှုန်း ရှိနေတာက ဆိုရှယ်လစ် ပညာရေးရဲ့ ကျေးဇူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် လူတိုင်း ပညာတတ်ရေး ဆိုတဲ့ ကြွေးကြော်ချက်အောက်မှာ ဘွဲ့ရပညာတတ်တွေကို စက်နဲ့ လှည့်ထုတ်ခဲ့သလို ဖြစ်တဲ့အတွက် `ပညာမတတ်သော ပညာတတ်တွေ´ (Uneducated Intellectual) ကိုပဲ မွေးထုတ်နိုင်ခဲ့တယ်။ (အဲဒီ စကားလုံးကို မြင်တော့ မြန်မာ စာပေပညာရှင် တစ်ယောက်ပြောတဲ့ `ဘွဲ့ရ ပညာမတတ်သူ ပပျောက်ရေး´ ဆိုတဲ့ စကားလုံးကို သွားသတိရမိတယ်။ )အကျိုးဆက်အနေနဲ့ အဆင့်မြင့် ပညာပိုင်းမှာ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် ဆိုးဆိုးရွားရွား အဆက်ပြတ် ကျန်ရစ်ခဲ့တယ်။ ဒါကြောင့် တရုတ်ပညာရေး ပြုပြင်ပြောင်းလဲရေးရဲ့ ဖိုးကပ်စ်ဟာ အဆင့်မြင့် ပညာပိုင်း ဖြစ်လာရတယ်။အိန္ဒိယရဲ့ ရေဆန်ခရီးမကြာသေးမီက ထုတ်ပြန်ကြေငြာခဲ့တဲ့ ဟားဗတ်တက္ကသိုလ်က မိုက်ကယ်ခရီမာရဲ့ လေ့လာရေး အစီရင်ခံစာအရ အိန္ဒိယအစိုးရ မူလတန်းကျောင်းတွေက ဆရာလေးယောက်မှာ တစ်ယောက်နှုန်းလောက် ကျောင်းမှန်မှန်မတက်ကြဘူးလို့ သိရတယ်။ ကျောင်းတက်တဲ့ ဆရာ နှစ်ယောက်မှာလည်း တစ်ယောက်က စာမသင်ဘဲ နေတယ်လို့ ဆိုတယ်။ မွန်ဘိုင်း မူလတန်းကျောင်းတွေကို သွားရောက်လေ့လာခဲ့ရာမှာလည်း လေးတန်းကျောင်းသားတွေရဲ့ တစ်ဝက်လောက်မှာ ပထမတန်းသင်ရိုးထဲက သင်္ချာပုစ္ဆာလောက်ကိုပဲ တွက်တတ်တယ်လို့ ဆိုပါတယ်။အိန္ဒိယဟာ ကမ္ဘာပေါ်မှာ လူငယ်လူရွယ်ဦးရေ အများဆုံး တိုင်းပြည်တစ်ခုဖြစ်တယ်။ အသက် ၁၉ နှစ်အောက် လူငယ်ပေါင်း သန်းငါးရာနီးပါးလောက် ရှိတယ်။ အခြေခံပညာ အဆင့်တစ်ခုတည်းမှာပဲ ပညာသင်ပေးစရာ ကျောင်းသားပေါင်း ၂၀၂ သန်း ရှိတယ်။ သူတို့အတွက် ကျောင်းပေါင်း တစ်သန်းနဲ့ ဆရာပေါင်း ၅.၅သန်းလောက် ရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ ပညာရည်အဆင့်ဟာ အလွန်နိမ့်တယ်။ အိန္ဒိယရဲ့အကြီးဆုံး အမြတ်အဓိကမထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ `ပရာသမ်´ ပညာရေးဝန်ဆောင်မှု အဖွဲ့ရဲ့ အဆိုအရ အိန္ဒိယကျောင်းသား ၃၅ ရာခိုင်နှုန်းဟာ ငါးတန်းရောက်တာတောင် စာကောင်းကောင်း ရေးတတ်ဖတ်တတ်ခြင်း မရှိဘူးလို့ သိရတယ်။ အခြေခံပညာ မူလတန်းနဲ့ အလယ်တန်းအဆင့်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားထဲက ၁၅ ရာခိုင်နှုန်းလောက်ပဲ အထက်တန်းအဆင့် ဆက်တက်နိုင်တယ်လို့ ဆိုပါတယ်။ ခုနစ် ရာခိုင်နှုန်းလောက်ပဲ နောက်ဆုံးဘွဲ့ရတဲ့အထိ ပညာရေး ဆုံးခန်းတိုင်တယ်လို့ ဆိုပါတယ်။ဒီအခြေအနေကို မှောက်လှန်ပစ်နိုင်ဖို့ တာဝန်ရှိသူတွေ အနေနဲ့ ၂၀၀၀ ပြည့်နှစ်က စပြီး စီမံကိန်းချ လုံးပန်းလာကြတယ်။ ၂၀၀၁ ခုနစ်မှာပဲ `လူတိုင်း အခြေခံပညာ မသင်မနေရဥပဒေ´ ကို ပြဌာန်းခဲ့တယ်။ ဒီဥပဒေ လက်တွေ့ အထောက်အကူပြုနိုင်ဖို့ `ဆာဗာရှီစဟာအဘယံ´ ခေါ် ပရိုဂရမ်တစ်ရပ်ကိုလည်း ချမှတ် အကောင်အထည်ဖော်ခဲ့တယ်။ ဒီအစီအစဉ်အရ ကျောင်းသားတိုင်းကို နေ့လယ်စာ အခမဲ့ ထမင်းကျွေးတယ်။ စာအုပ်စာတမ်းစတဲ့ စာရေးကိရိယာတွေ ထောက်ပံပေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ယူပေးတယ်။ `စာမလိုက်နိုင်တဲ့ ကျောင်းသားတွေအတွက် လက်တွဲခေါ်ယူရေး စာသင်ခန်း´ (Remedial Classes) တွေလည်း ဖွင့်ပေးတယ်။ ဒီအတွက် အစိုးရပညာရေးဌာနက နှစ်စဉ် ဒေါ်လာ သန်း ၂၄၀၀ ထောက်ပံ့တယ်။ ကမ္ဘာ့ဘဏ် အဖွဲ့ကြီးကလည်း ၂၀၀၇ ခုနစ်အထိ သုံးနှစ်စာ ဒေါ်လာ သန်း ၅၀၀ ကူညီထားပါတယ်။အိန္ဒိယနိုင်ငံရဲ့ အခြေခံပညာအဆင့်မှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲက အဓိကကျတဲ့ အခက်အခဲ သုံးရပ် ရှိပါတယ်။
- ပထမဆုံးအခက်အခဲက ဆရာ မလုံလောက်မှုနဲ့ ဆရာတွေရဲ့ အရည်အချင်း အဆင့်မမီသေးခြင်းပဲ ဖြစ်တယ်။ အစိုးရ ကျောင်းဆရာတွေရဲ့ လစာဟာ တစ်လကို အမေရိကန်ဒေါ်လာ သုံးရာလောက်ရှိတော့ ပုဂ္ဂလိက ကျောင်းဆရာတွေထက် လေးဆ ပိုပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ လေ့ကျင့်သင်ကြားမှု မပေးနိုင်တဲ့ အတွက် အရည်အချင်းပြည့် ဆရာတွေ ဖြစ်မလာဘူးလို့ ဆိုပါတယ်။ ဒီ့ထက် ရွေးကောက်ပွဲလို သင်ကြားရေးနဲ့ မဆိုင်တဲ့ လုပ်ငန်းတွေမှာပါ မကြာခဏဆိုသလို ပါနေရပြန်တယ်။ တိုးပွားလာတဲ့ ကျောင်းသားဦးရေနဲ့ လိုက်လျောညီထွေရှိမယ့် ဆရာအရေအတွက်ကို မခန့်နိုင်တဲ့အပြင် သင်ကြားရေးနဲ့ မဆိုင်တာတွေမှာပါ ပါဝင်လှုပ်ရှားနေရတော့ ဘူးလေးရာ ဖရုံဆင့်ဆိုသလို ဖြစ်နေရတော့တယ်။
- ဒုတိယအခက်အခဲက ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံ မလုံလောက်မှုပဲ ဖြစ်တယ်။ ပညာရေး အသုံးစရိတ်တစ်ခုလုံး တိုးလာပေမယ့် ကျောင်းအဆောက်အအုံကအစ ပရိဘောဂအဆုံး အားလုံး မလုံမလောက် ဖြစ်နေဆဲပါပဲ။
- တတိယအခက်အခဲက ပညာရေးနဲ့ နိုင်ငံရေး ခွဲခြား မကျင့်သုံးနိုင်ခြင်း ဖြစ်တယ်။ ဒီအချက်က သင်ရိုးညွှန်းတမ်းတွေကို ကမောက်ကမ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဥပမာ ဘာရာတီယာဂျာနတာပါတီ (ဘီဂျေပီ) အာဏာရစဉ်က ကျောင်းသုံးစာအုပ်တွေကို ဘီဂျေပီအာဘော်နဲ့အညီ ရေးခဲ့တယ်။ နောက် ကွန်ဂရက်ပါတီ အာဏာရလာတဲ့အခါ နောက်တစ်မျိုးပြင်ပြန်တယ်။ အကျိုးဆက်က ဆရာကော ကျောင်းသားအတွက်ပါ ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ရတော့တယ်။
ဒီအခက်အခဲတွေကြောင့် အစိုးရကျောင်းတွေအပေါ် ယုံကြည်မှု နည်းပါးလာပြီး ပုဂ္ဂလိကကျောင်းတွေ အလျှိုလျှို ပေါ်ထွက်လာတယ်။ အစိုးရကျောင်းတွေထက် ထိထိရောက်ရောက် သင်ကြားနိုင်ပေမယ့် နာမည်ကြီး ပုဂ္ဂလိကကျောင်း တချို့ဆိုရင် ကျောင်းသားတစ်ဦး တစ်နှစ်ပညာသင်စရိတ်ဟာ ဒေါ်လာ တစ်သောင်းခွဲလောက်အထိ ရှိတယ်။ အိန္ဒိယရဲ့ နာမည်ကြီး NIIT စင်တာဆိုရင် တစ်နိုင်ငံလုံးအနှံ့ ပညာရေးစင်တာပေါင်း ၄၀၀၀ လောက် ဖွင့်လှစ်ထားပြီး ကျောင်းသားပေါင်း သန်းချီ ပညာသင်ကြားနေတယ်။ NIIT ကျောင်းသား အင်အားစုဟာ အိန္ဒိယ အိုင်တီတော်လှန်ရေးကို အဓိက အားဖြည့်ပေးနေသူတွေ ဖြစ်ပေမယ့်လည်း NIIT ဟာ အခုချိန်ထိ အစိုးရအသိအမှတ်ပြုကျောင်း ဖြစ်မလာသေးဘူးလို့ သိရတယ်။ ဒီလို ပညာရေးမှာ ကမောက်ကမတွေ ရှိနေပေမယ့် ကိုယ့်ထူးကိုယ်ချွန် လူငယ်တွေရဲ့ အင်အားကြောင့် အခုဆိုရင် နည်းပညာပိုင်းမှာ အိန္ဒိယဟာ ရှေ့တန်းကို ရောက်နေပါပြီ။တရုတ်တို့ရဲ့ ကမ္ဘာလုံးချီ အိပ်မက်စင်စစ် ရှန်တန်ဟာ အစိုးရတက္ကသိုလ် တစ်ခု ဖြစ်ပေမယ့် အဓိက ရန်ပုံငွေ ထောက်ပံ့သူက ကမ္ဘာအချမ်းသာဆုံး စာရင်းဝင် ဟောင်ကောင်ကုဋေကြွယ် သူဌေးကြီး လီကာရှင်းဖြစ်တယ်။ ဒါကလည်း တရုတ်တက္ကသိုလ်တွေ ခေတ်မီရေးအတွက် ပုဂ္ဂလိကပိုင်းက အကူအညီကို အသုံးချသွားရန် ဆိုတဲ့ တရုတ်အစိုးရရဲ့ ပေါ်လစီအရ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေဘက်က မီးစိမ်းပြလိုက်တာနဲ့ `လီ´ က ဘာကလေမှ ပါမောက္ခဂျူလီယာ ရှီယိုကို ဖိတ်ခေါ်လိုက်ပါတယ်။ ပါမောက္ခ ဂျူလီယာဟာ ပင်လယ်ရပ်ခြား တရုတ်အမျိုးသမီးတစ်ဦးပါ။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားတက္ကသိုလ် (ဘာကလေ)မှာ ဒုတိယ အဓိပတိအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီအချိန်မှာ ပါမောက္ခ ဂျူလီယာက တစ်ခါ အဝေးရောက် တရုတ်ပညာတတ်တွေကို စုစည်းလိုက်တယ်။ နာမည်ကြီး နိုင်ငံတကာတက္ကသိုလ် အသီးသီးမှာ ပညာဆည်းပူးခွင့်ရတဲ့ သူတို့တစ်တွေ စုပေါင်းပြီး အမိတိုင်းပြည်ကြီးကို ခေတ်မီရေး လမ်းကြောင်းပေါ်ရောက်အောင် ဆွဲတင်ကြတော့တယ်။သူတို့အုပ်စုက တရုတ်ပြည် ပညာရေးမှာ အရိုးစွဲနေတဲ့ သင်ကြားရေးပုံစံကို ပြောင်းပစ်တယ်။ ဒီပုံစံဟောင်းဟာ ဟန်မင်းဆက်ကတည်းက ဧကရာဇ်အတွက် မင်မှုထမ်းကောင်းတွေ မွေးထုတ်ဖို့ ရည်ရွယ်တဲ့ ပညာရေးဖြစ်ပြီး ဓမ္မသတ်၊ ရာဇသတ်တွေကို အလွတ်ကျက် အာဂုံဆောင်နိုင်အောင် သင်ပေးတယ်။ ခွဲခြမ်းစိတ်ဖြာစရာ မလို၊ စောဒကတက်စရာ မလို၊ တီထွင်ဖန်တီးစရာ မလို။ အမိန့်နာခံတတ်ဖို့နဲ့ သစ္စာမြဲဖို့ကသာ အဓိကဖြစ်တယ်။ တရုတ်တွေက ဒီပုံစံဟောင်းကို `တီယန်ယာစနစ်´ (Tianya) သို့ ဘဲအစာကျွေးနည်း လို့ ခေါ်တယ်။ ခေတ်သစ်နဲ့ ဘယ်လိုမှ မအပ်စပ်တော့လို့ ပါမောက္ခဂျူလီယာတို့က ပယ်လိုက်တယ်။ဒုတိယခြေလှမ်း အနေနဲ့ နိုင်ငံတကာနဲ့ အဆက်ပြတ်နေတဲ့ သင်ရိုးညွှန်းတမ်းဟောင်းတွေကို အနောက်တိုင်း တက္ကသိုလ်ကြီးတွေနဲ့ တစ်ပြေးညီဖြစ်အောင် ပြန်ရေးတယ်။ ဒီအလုပ်က လက်ဝင်လှသလို အချိန်လည်း ပေးရတယ်။ လေးနှစ်လောက် ကြာအောင် အစဉ်အလာ စာမေးပွဲပုံစံကို ခေတ်သစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြောင်းလဲယူရတယ်။ စာမေးပွဲ စနစ်အဟောင်းအရ အလွတ်ကျက်ထားသမျှကို သတ်မှတ်ချိန်အတွင်း ပြန်ချရေးနိုင်ရင် စာမေးပွဲ အောင်ရုံတင်မက ဂုဏ်ထူးတောင် ထွက်နိုင်တယ်။ စာမေးပွဲခန်းက ထွက်လို့ မေ့သွားလည်း ပြဿနာ မရှိဘူး။ အခု စာမေးပွဲ ပုံစံအသစ်က ပြဿနာတစ်ရပ်ကို ချပြပြီး ဘက်ပေါင်းစုံက ဆွေးနွေးခိုင်းတယ်။ ဖြစ်နိုင်သမျှ ဖြေရှင်းနည်းတွေကို ရှာဖွေခိုင်းတယ်။ မှတ်ဉာဏ်ကို စစ်တာမဟုတ်ဘူး။ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ဆန်းစစ်မှု၊ တီထွင်ဖန်တီးမှုတွေကို ဦးတည်တာဖြစ်တယ်။ဒီနေ့ခေတ် တရုတ်ပြည်မှာ အလားအလာ အကောင်းဆုံး စီးပွားရေးလုပ်ငန်းက ပညာရေး ဝန်ဆောင်မှုလုပ်ငန်းတွေလို့ ပြောနိုင်တယ်။ ၂၀၀၁ ခုနစ်မှာ တရုတ်တက္ကသိုလ်တွေက အင်ဂျင်နီယာ နဲ့ နည်းပညာကျွမ်းကျင်သူ တစ်သန်း မွေးထုတ်နိုင်ခဲ့တယ်။ အဲဒီ အရေအတွက်ဟာ ၂၀၀၃ ခုနစ်မှာ နှစ်သန်းဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ပြည်က အနောက်တိုင်းတက္ကသိုလ်တွေ (အထူးသဖြင့် အမေရိကန် တက္ကသိုလ်တွေ) ဆီ သွားရောက် ပညာသင်ယူတဲ့ အရေအတွက်ဟာလည်း တောက်လျှောက် ဆိုသလို အတက်ပြလျက် ရှိနေတယ်။ အိန္ဒိယရဲ့ အားသာချက်က အဆင့်မြင့်ပညာ အားကောင်းခြင်းနဲ့ လွတ်လွတ်လပ်လပ် တီထွင်ဖန်တီးနိုင်ခွင့် ရှိနေခြင်းလို့ ဆိုနိုင်တယ်။ အိန္ဒိယကို အမီလိုက်နိုင်ဖို့ ဆုံးဖြတ်ချက် ချထားတဲ့ တရုတ်ပြည်အနေနဲ့ အဆိုပါ အားသာချက်တွေကို ကျော်လွှားနိုင်ဖို့ ကွန်ပြူတာ သိပ္ပံဆိုင်ရာ အင်ဂျင်နီယာတွေ နှစ်စဉ် (၃၂၅၀၀၀) လောက် မွေးထုတ်ပေးနေပြီး အိုင်တီကဏ္ဍနှင့် ပတ်သက်လျှင် ထိန်းချုပ်ရေးဥပဒေ အတော်များများကို လျှော့ပေါ့ပေးထားတယ်ဟု သိရတယ်။အခုဆိုရင် ရှန်တန်ကနေ နိုင်ငံတကာအဆင့်မီ တရုတ်လူငယ် ပညာတတ် ရှစ်ထောင်ကျော်ကို မွေးထုတ်နိုင်ခဲ့ပါပြီ။ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုတာဟာ နေ့ချင်းညချင်း ပဒေသာပင်ပေါက် နိုင်သလို မဟုတ်ဘူးလေ။ ကြားကာလအတွင်းမှာ တရုတ်ကျောင်းသားတွေကို နိုင်ငံခြား (အထူးသဖြင့်) အမေရိကန်တက္ကသိုလ်တွေကို ပညာသင် စေလွှတ်ခဲ့တယ်။ အဲဒီ ကျောင်းသားတွေ ပြည်တော်ပြန်တော့မှ သူတို့ရဲ့ အားနဲ့ တရုတ်ပညာရေးကို အဆင့်မြင့်စေခဲ့တယ်။ နောက်ပိုင်း မျှော်လင့်သလောက် ခရီးမပေါက်တော့မှ ပုဂ္ဂလိကပိုင်း အကူအညီကိုယူပြီး ရှန်တန်လို နယ်တက္ကသိုလ်တွေဘက်ကို ဦးလှည့်လာခဲ့ခြင်း ဖြစ်တယ်။ အခုဆိုရင် ရှန်တုန်တက္ကသိုလ်ရဲ့ အောင်မြင်မှုကို ရှေ့ဆောင်လမ်းပြ အနေနဲ့ ထားပြီး တရုတ်ပြည် တစ်ဝန်းလုံးက တက္ကသိုလ်အားလုံးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာပါတော့တယ်။