စိတ္တဇဂရုတစ်ခုမှာ အဲဒီလို မေးထားတာတွေ့လို့ ဟိုးအရင်တစ်ချိန်က ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးအတိုလေးကို ပြန်သတိရသွားတာနဲ့ ပြန်ရှာပြီး မြန်မာလို ပြန်ပေးလိုက်ပါတယ်။
ဦးနှောက်က အမြင်အာရုံအတွက် အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေကို အလိုအလျောက် ဖယ်ထုတ်ပေးတယ်။ အနံ့ခံအာရုံမှာလည်း အဲဒီသဘောပဲ။ ကျနော်တို့ လေရဲ့ အနံ့ကို မရကြဘူး။ အဲဒီလိုပဲ မျက်စိကလည်း လေကို မြင်ရမှာ မဟုတ်ဘူး။ ဦးနှောက်က ကျနော်တို့ အမြဲဆက်ဆံထိတွေ့နေရတဲ့ လေရဲ့အဆင်းကို အမြင်အာရုံကနေ အလိုအလျောက် ဖယ်ထုတ်ပေးထားတယ်။ တကယ်လို့သာ ဖယ်ထုတ်မထားရင် ကျနော်တို့ရဲ့ အမြင်မှာ ကန့်လန့်ကာတစ်ခု ကာထားသလို ဖြစ်နေတော့မှာပေါ့။ ဒါကြောင့် လေအပြင် လေနဲ့ သဘောဆင်တူတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်က အလိုအလျောက် filter လုပ်ပေးထားတယ်။ ဒါမှလည်း ကုန်းနေသတ္တဝါတွေ အနေနဲ့ ပြင်ပလောကကို ပိုပြီး အာရုံစိုက်နိုင်မယ်။ ရှင်သန်နိုင်စွမ်းကို ပိုပြီး မြှင့်တင်နိုင်မယ်။
လေကို ကြည့်မြင်တဲ့အခါမှာ ကျနော်တို့က အရောင်အဆင်းနဲ့ ခိုင်းနှိုင်းကြည့်လို့ မရဘူး။ ဒါကြောင့် ကျနော်တို့က အလင်းယိုင်ညွှန်းကိန်း (refractive index) ကို အသုံးပြုကြတယ်။ ကျနော်တို့က လေကို မမြင်ရပေမယ့် ရေကိုကျတော့ ဘာကြောင့် မြင်ရသလဲဆိုရင် ရေက လေထက် အလင်းယိုင်ညွှန်းကိန်း အနည်းငယ် ပိုများနေလို့ပဲ။ လေရဲ့ အလင်းယိုင်ညွှန်းကိန်းက ၁.၀၀၀၂၉၃ ဖြစ်ပြီး ရေက ၁.၃၃ ဖြစ်တယ်။ ပုံ (၁) မှာ တခြား ယိုင်ညွှန်းကိန်းတွေကိုလည်း ပြပေးထားတယ်။

ကျနော်တို့လို ကုန်းနေသတ္တဝါတွေအနေနဲ့ ကုန်းပေါ်မှာ ရှင်သန်သွားလာနိုင်ဖို့ လေရဲ့ အဆင်း၊ အနံ့၊ အရသာနဲ့ အသံကို ဦးနှောက်က အလိုအလျောက် ဖယ်ရှား filter လုပ်ပေးထားရသလိုပဲ ရေနေသတ္တဝါဖြစ်တဲ့ ငါးတွေအတွက်လည်း အဲဒီသဘောအတိုင်းပဲ ရေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို filter လုပ်ပေးထားတယ်။
ဒါကြောင့် ငါးတွေ ရေကို မြင်နိုင်သလားလို့ မေးရင် မမြင်နိုင်ဘူးလို့ ဖြေရမှာပဲ။ မမြင်ရတဲ့အပြင် ရေနဲ့ အရသာ၊ ရေရဲ့အနံ့နဲ့ ရေရဲ့အသံကိုလည်း မကြားရဘူး။
တချို့ ရေသတ္တဝါတွေကျတော့ ဒီထက် ပိုပြီး အဆင့်မြင့်ကြတယ်။ ဥပမာ ဂဏန်းကောင်ကြီးတွေပေါ့။ သူတို့ကျတော့ ရေကြည်တင်မကဘဲ ရေနောက်ကိုပါ filter လုပ်ထားကြတယ်။ သဘောက ရေနောက်ထဲမှာလည်း သူတို့က ရေကြည်ထဲမှာလို အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေကြရတယ်။ အဲဒါ သူတို့ရဲ့ မျက်လုံးအိမ် ဖွဲ့စည်းပုံကြောင့်ပါပဲ။ ပုံ (၂) မှာ ကြည့်ကြည့်ပါ။

သိပ္ပံပညာရှင်တွေက အဲဒါကို အတုခိုးပြီး ကင်မရာတစ်မျိုး တီထွင်ဖန်တီးကြတယ်။ အဲဒီကင်မရာနဲ့ဆိုရင် မြူခိုးတွေ၊ မီးခိုးတွေကို ဖောက်မြင်ရနိုင်တာပေါ့။ စစ်ရေးစစ်ရာမှာ အသုံးချဖို့ ရည်ရွယ်ကြတယ်။ ပုံ (၃) မှာ ကြည့်ပါ။

ဒါဆို ငါးတွေကရော လေကို မြင်ရသလားလို့ မေးချင်နေဦးမယ် ထင်တယ်။ အဖြေက နိုးပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ ပုံမှန် filter လုပ်တဲ့ refractive index အောက် နိမ့်တဲ့ အရာတွေကို မမြင်နိုင်လို့ပါပဲ။ ကျနော်တို့ဟာ လေကို မမြင်ရသလို လေအောက် ညွှန်းကိန်းနည်းတဲ့ ဟီလီယံကိုလည်း မမြင်ရသလိုပါပေါ့။ လေရဲ့ ညွှန်းကိန်းက ရေရဲ့ ညွှန်းကိန်းအောက် နည်းလေတော့ ငါးတွေအနေနဲ့ လေကိုလည်း မမြင်နိုင်ပါဘူး။
