← Back to blog

ချင်ပန်ဇီတွေကို လူတွေလို တွေးတတ်ခေါ်တတ်၊ စီမံကိန်း ချတတ်အောင် ပြုပြင်ယူလို့ ရနိုင်သလား။

မျိုးဗီဇ သိပ္ပံပညာ

Planet of Apes ရုပ်သံဇာတ်လမ်းတွဲကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ အဲဒီဇာတ်ကားတွေထဲမှာ ချင်ပန်ဇီတွေဟာ လူတွေလို တွေးတတ်လာပြီး လူသားမျိုးနွယ်တွေနဲ့ ပဋိပက္ခ ဖြစ်ကြရတဲ့ အကြောင်းကို ရိုက်ထားတယ်။ The Rise of Planet of Apes ဇာတ်ကားထဲမှာတော့ အဲဒီ မျောက်ဝံတွေက ဘယ်လိုကနေ ဘယ်လို လူတွေလို အသိဉာဏ် ရှိလာရတာလဲ ဆိုတဲ့အကြောင်းကို ထည့်ရိုက်ထားတယ်။ ရုပ်ရှင်ထဲမှာ ပါတာကတော့ အယ်ဇိုင်းမားရောဂါကို ကုနိုင်ဖို့ ဆေးထွင်ရင်းနဲ့ မတော်တဆ တွေ့ရှိတာ ဆိုတဲ့ ပုံစံမျိုးနဲ့ ရိုက်ပြထားတယ်။ ဒီတော့ မေးချင်တဲ့ မေးခွန်းက ချင်ပန်ဇီတွေကို လူလို တွေးတတ်လာအောင် တကယ်လက်တွေ့မှာ လက်ရှိသိပ္ပံပညာနဲ့ လုပ်လို့ ရနိုင်မလား။ နောက်တစ်မျိုး ပြောင်းမေးရရင် မျောက်ဝံတွေရဲ့ ဦးနှောက်ကို လူသားတွေရဲ့ ဦးနှောက်လို အဆင့်မီလာအောင် ပြုပြင်ယူနိုင်ပါ့မလား။ အဖြေကို အရင်ဆုံး ပြောပြလိုက်ပါမယ်။ အဖြေက Yes and No ပါပဲ။ သိပ္ပံနည်းပညာအရ လုပ်လို့ရပြီး လက်တွေ့မှာ လုံးဝ မဖြစ်နိုင်ပါဘူး ဆိုတဲ့ အဖြေပါပဲ။

ကျနော် ဆယ်ကျော်သက်ဘဝ ကတည်းက တစိုက်မတ်မတ် သိချင်နေခဲ့တဲ့ မေးခွန်းတစ်ခု ရှိတယ်။ “လူနဲ့ တိရစ္ဆာန် ဘာကွာသလဲ” တစ်မျိုး ပြောင်းမေးရရင် “ဘယ်လိုအချက်တွေကြောင့် လူက တိရစ္ဆာန်လောကထဲကနေ ထိုးထွက်လာရတာလဲ” ။ မူလမေးခွန်းကို မဖြေခင်မှာ ဘာသာရပ်တစ်ခု အကြောင်းကို အရင် ပြောပြချင်ပါတယ်။ နာမည်က Bio-informatics တဲ့။ ဒီဘာသာရပ်က ခေတ်စားလာတာ သိပ်မကြာသေးပါဘူး။ Biology နဲ့ IT ပေါင်းထားတယ်ပဲ ဆိုပါတော့။ ဇီဝဗေဒပညာရပ်ကို အချက်အလက်နည်းပညာနဲ့ ချဉ်းကပ်လေ့လာတဲ့ ဘာသာရပ်ပါ။ အဓိကကတော့ Genes တွေ၊ DNA တွေကို လေ့လာတာပါပဲ။

Bio-informatics ဘာသာရပ်မှာ ဆရာတစ်ဆူ ဖြစ်နေတဲ့သူကတော့ ဒေါက်တာ ကတ်သရင်း ပိုလာ့ဒ်ပါ။ သူက ဘာကို အထူးပြုလေ့လာသလဲဆိုတော့ လူသားတွေနဲ့ မျောက်ဝံတွေဟာ ဂျင်းအရ ဘာတွေ ကွာခြားနေသလဲ ဆိုတာပဲ။ လူတစ်ယောက်ရဲ့ ဂျီနုမ်းမှာ အခြေခံအတွဲပေါင်း သန်း ၃၀၀၀ ကျော် ရှိတယ်။ အတွဲလို့ ပြောရတဲ့ အကြောင်းအရင်းက nucleic acid လေးမျိုးဖြစ်တဲ့ adenine (A), cytosine (C), guanine (G), thymine (T) နဲ့ နှစ်မျိုးတစ်တွဲ ဖွဲ့စည်းထားလို့ပါပဲ။ ဥပမာ – AT TC CA GG …. ။ လူသားတွေနဲ့ အနီးစပ်ဆုံး တိရစ္ဆာန်ကို ပြပါဆိုရင် မျောက်ဝံတွေပဲ။ ဘာဖြစ်လို့ဆိုတော့ သူတို့က ကျနော်တို့ လူသားတွေရဲ့ ဂျီနုမ်းနဲ့ ၁.၅% ပဲ ကွဲပြားမှု ရှိတယ်။ ဒီတော့ လူနဲ့ မျောက်ဝံရဲ့ ဂျီနုမ်းက ၁၅ သန်းကွာခြားတယ်လို့ ပြောရတော့မှာပေါ့။ ဒီပမာဏက နည်းတဲ့ ပမာဏတော့ မဟုတ်ဘူး။ အဲဒီ မတူကွဲပြားတဲ့ လူရဲ့ ဂျင်း ၁၅ သန်းနဲ့ မျောက်ဝံရဲ့ ဂျင်း ၁၅ သန်းကို တိုက်ဆိုင်ကြည့်ဖို့ရာက လူမျက်စိနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါနဲ့ Santa Cruz မှာရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဧရာမကွန်ပျူတာကြီးရဲ့ အကူအညီနဲ့ တွက်ချက်ယူကြတယ်။

အတိုချုပ် ပြောရရင်တော့ အဲဒီ ဂျင်း ၁၅ သန်းထဲကနေမှ လူသားတွေရဲ့ ဂုဏ်ဝိသေသကို ဖော်ဆောင်တဲ့ ဂျင်းအတွဲတွေကို ခွဲထုတ်နိုင်လာခဲ့တယ်။ မျောက်ဝံဘဝကနေ လူသားတွေအဖြစ် ဆင့်ကဲပြောင်းလဲလာတဲ့ ကာလတလျှောက်မှာ အချိန်နဲ့အမျှ အလျင်အမြန် ပြောင်းလဲလာတဲ့ Region ဒေသ ၂၀၁ ခုကို တွေ့လာရတယ်။ ဥပမာတစ်ခု ပြောရရင် HAR1 (Human Accelerated Region 1) အတွဲပေါ့။ သူက ပရိုတိန်းအတွဲပေါင်း ၁၁၈ ခုနဲ့ ဖွဲ့စည်းထားတယ်။ အဲဒီဂျင်းရဲ့ အဓိကတာဝန်က ဘာလဲဆိုတော့ ဦးနှောက်ရဲ့ Cerebral Cortex တည်ဆောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တယ်။ တကယ်လို့သာ အဲဒီ HAR1 ဟာ ချို့ယွင်းမှု ရှိနေခဲ့ရင် (ဥပမာ C နဲ့ G နေရာလွဲရုံနဲ့) Cortex ရဲ့ တွန့်ခေါက်ပုံ ပြောင်းလဲသွားပြီးတော့ Schizophrenia စခီဇိုဖရမ်နီးယားလို ရောဂါမျိုး ဖြစ်သွားနိုင်တယ်။ ဟုတ်တယ်ဗျ။ အဲဒီ Cerebral Cortex က မျောက်ဝံတွေမှာ သေးသေးလေးပဲ ပါတယ်။ တွားသွားသတ္တဝါတွေမှာဆိုရင် ပါတောင် မပါဘူး။ အဲဒီ Cerebral Cortex ရဲ့ အဓိကလုပ်ဆောင်ချက်က Reasoning ဆင်ခြင်ဉာဏ်၊ Thought အတွေး၊ Memory မှတ်ဉာဏ် စတာတွေပဲ။ လူသားတွေရဲ့ ဂျင်းမှာ HAR1 ဟာ ထူးထူးခြားခြား ပြောင်းလဲလာခဲ့တာကြောင့် တွေးတတ်ခေါ်တတ်တဲ့ လူရယ်လို့ ဖြစ်လာခဲ့တာပါ။

နောက်ထပ် ထူးခြားတာတစ်ခုက FOX2 ပါ။ သူကတော့ စကားပြောအင်္ဂါအဖွဲ့အစည်းနဲ့ သက်ဆိုင်ပါတယ်။ FOX2 ဂျင်းမှာ ချို့ယွင်းချက် ရှိနေပြီဆိုရင် စကားပြောဖို့ လိုအပ်တဲ့ မျက်နှာလှုပ်ရှားမှုတချို့ ချို့ယွင်းလာတော့တာပါပဲ။ မျောက်ဝံတွေနဲ့ တခြား တိရစ္ဆာန်တွေမှာလည်း FOX2 ဂျင်းတွေ ထိုက်သင့်သလောက် ပါပေမယ့် လူတွေလို မဟုတ်တာကြောင့် အသံ အမျိုး ၁၀၀ ထက် ပိုမထွက်နိုင်တဲ့ သတ္တဝါတွေပဲ လောကမှာ များတယ်။ အခု လူသားတွေရဲ့ မျိုးနွယ်က Homo Sapiens ပါ။ သူရဲ့ အထက်က အမျိုးသုဉ်းသွားတဲ့ မျိုးနွယ်က Neanderthal တွေ။ အဲဒီ နျန်ဒယ်သော မျိုးနွယ်တွေရဲ့ ဂျီနုမ်ကို လေ့လာကြည့်တဲ့အခါမှာ ဒီခေတ်လူသား ဟိုမို စာပီယန်တွေရဲ့ FOX2 နဲ့ ထပ်တူညီနေတာ တွေ့ရတယ်။ အဓိပ္ပာယ်က ဘာလဲဆိုတော့ နျန်ဒယ်သောတွေလည်း ဟိုမို စပီယန်တွေလို စကားပြောတတ်ကြတယ် ဆိုတဲ့ သဘောပေါ့။

နောက်ထပ် ထူးခြားတဲ့ ဂျင်းအတွဲက HAR2 ။ သူကကျတော့ လက်ချောင်းဖွဲ့စည်းပုံနဲ့ အဓိက သက်ဆိုင်တယ်။ သတိထားမိလားတော့ မသိဘူး။ လူတွေရဲ့ လက်မမျိုး ဘယ်သတ္တဝါမှာမှ မရှိပါဘူး။ မျောက်ဝံတွေရဲ့ လက်မက လူနဲ့ အတော်ကြီး နီးနီးစပ်စပ် တူပေမယ့် မျောက်ဝံက လက်မတစ်ချောင်တည်းကို လှုပ်ယမ်းကစားပြတာမျိုး မလုပ်နိုင်ဘူး။ ကျနော်တို့ လူတွေကျတော့ လက်မထောင်ပြီး အဲဒီလက်မတစ်ချောင်းတည်းကိုပဲ ဝေ့ယမ်းပြနိုင်တယ်။ အဲဒီလုပ်ဆောင်နိုင်မှုကို ပေါ့သေးသေးလို့ မထင်လိုက်ပါနဲ့။ လူသားရယ်လို့ လက်မထောင်နိုင်လာခဲ့တာ အဲဒီလက်မကြောင့်လည်း ပါပါတယ်။ လက်မက အရှင်ဖြစ်နေတဲ့အတွက်ကြောင့် ပစ္စည်းကိရိယတွေကို လိုသလို စိတ်ကြိုက် ကိုင်တွယ်နိုင်လာခဲ့တာပါ။ မျောက်တစ်ကောင်က ကျောက်တုံးတစ်တုံး ကိုင်ပြီး/မပြီး အုန်းသီးထုနိုင်တယ် ဆိုပေမယ့် Planet of Apes ထဲကလို သေနတ်ကိုင်ပြီး ပစ်နိုင်မှာတော့ မဟုတ်ဘူး။ သူတို့တွေ တုတ်ကိုင်ပြီး သူများကို လိုက်ရိုက်နိုင်တယ် ဆိုပေမယ့်လည်း သူတို့ရဲ့လက်က လူတွေ ကိုင်တာလောက်တော့ မမြဲမြံနိုင်ဘူး။

နောက်ထပ် အရေးပါတဲ့ ဂျင်းတွဲတစ်တွဲကတော့ ASPM ပါပဲ။ လူသားတွေရဲ့ ဦးနှောက်ကြီးထွားလာမှုအတွက် ASPM မှာ တာဝန်ရှိတယ်လို့ ပညာရှင်တွေက ယူဆထားကြတယ်။ အဲဒီ ဂျင်းတွဲ ချို့ယွင်းသွားတာနဲ့ မွေးရာပါ ဦးနှောက်ကျုံ့ဝင်တဲ့ လက္ခဏာ ဖြစ်လာရော။ ကျနော်တို့ ဟိုမို စပီယန်တွေရဲ့ ဘိုးဘေးမျိုးနွယ်တစ်ခု ဖြစ်တဲ့ Australopithecus တွေရဲ့ ဦးနှောက်နဲ့ ဦးခေါင်းခွံတွေက သေးသေးလေးတွေရယ်။ သူတို့ရဲ့ ASPM ဂျင်းကလည်း မျောက်ဝံတွေနဲ့ သိပ်မကွာလှဘူး။ မျောက်ဝံတွေရဲ့ ခေါင်းကို သတိထားကြည့်ရင် နဖူးပြားတာ တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ နောက်စေ့ကတော့ လူနဲ့ သိပ်မထူးလှဘူး။ နဖူးပြားရတဲ့ အဓိက အကြောင်းအရင်းက Cerebral Cortex မဖွံ့ဖြိုးတာကြောင့်လည်း ဆိုင်ပါလိမ့်မယ်။ ASMP ဂျင်းကြောင့် လူသားတွေရဲ့ ဦးနှောက်က ဖွံ့ဖြိုးကြီးထွားလာပြီး နျူရွမ်အရေအတွက် သန်းပေါင်း တစ်သိန်း (၁၀၀,၀၀၀,၀၀၀,၀၀၀) နဲ့ အဲဒီနျူရွမ်တွေကို ဆက်သွယ်ထားတဲ့ ဆက်ထုံးပေါင်း (၁,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) (သုည ၁၅ လုံး) ရှိလာခဲ့တယ်။ နှိုင်ယှဉ်ကြည့်လို့ရအောင် – ချင်ပန်ဇီဦးနှောက်ရဲ့ နျူရွမ်အရေအတွက်က ၂၇,၉၀၀,၀၀၀,၀၀၀ ရှိပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ ဂျင်းတွဲတစ်တွဲကတော့ RIM-941 ပါပဲ။ သူက ကျနော်တို့ ခေတ်လူသားတွေဖြစ်တဲ့ Homo Sapiens တွေမှာပဲ တွေ့ရတယ်။ တခြား ဘယ် ပရိုင်းမိတ်၊ ဘယ်မျောက်ဝံမှာမှ မတွေ့ရဘူး။ ဒီတော့ လူတွေက စိတ်ကူးယဉ်ကြတာပေါ့။ ဒီ RIM-941 ဂျင်းကို မျောက်ဝံတွေထဲ ထည့်ပေးလိုက်ရင် လူသားတွေလိုများ တွေးတတ်ခေါ်တတ် လာမလားပေါ့။ သူက neurotransmitter signal တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ဆက်နွှယ်နေတယ်။ ဦးနှောက်ထဲက ဆက်ထုံးတွေကို တစ်ခုနဲတစ်ခု နျူရွမ်ပို့လွှတ်တဲ့အခါမှာ အချက်ပြစနစ်တစ်ခုအဖြစ် လုပ်ဆောင်ပါတယ်။ ဒါကလည်း ဦးနှောက်ဖွံ့ဖြိုးမှုမှာ အင်မတန် အရေးပါတဲ့ function တစ်ခုပါပဲ။ တကယ်တော့ လူသားတွေ လက်ရှိ ရနေတဲ့ အရည်အချင်းတွေက ဂျင်းတစ်တွဲတည်းကြောင့် ရလာတာ/ ပြောင်းလဲလာခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် ဂျင်းအသစ်တစ်ခု ထည့်ပေးလိုက်ရုံနဲ့ Humaness လူသားအရည်အသွေးမျိုး ရမသွားနိုင်ဘူး။

ကဲ … ကျနော်တို့ စခဲ့တဲ့ မေးခွန်းကို အဖြေထုတ်ဖို့ ကြိုးစားကြည့်ကြစို့။ ပထမဆုံးအနေနဲ့ လူလို တွေးတတ်၊ ဆင်ခြင်တတ်ချင်ရင် Cerebral Cortex က လူသားတွေလို ဖွံ့ဖြိုးနေဖို့ လိုပါတယ်။ ဒါကြောင့် HAR1 Gene ကို ပြင်ပေးရမယ်။ နောက်ပြီး အသိဉာဏ်ပိုင်း ဆိုင်ရာတွေ တိုးတက်လာဖို့အတွက် နျူရွမ် များများ အလုပ်လုပ်နိုင်ဖို့အတွက် ASPM Gene ကိုလည်း ပြင်ရမယ်။ ဒီတော့ အကျိုးဆက်အနေနဲ့ ဦးနှောက်က ကြီးလာတယ်။ ကြီးလာတဲ့ ဦးနှောက်အတွက် ဦးခေါင်းခွံက လိုက်ကြီးပေးရမှာမို့ ခေါင်းက လေးလာရော။ ဒီတော့ကာ ကြီးလာတဲ့ ခေါင်းကို ရွက်တင်ထားနိုင်မယ့် လည်ပင်းကြွက်သားနဲ့ ပခုံးဘာညာကအစ ပြုပြင်ဖို့ လိုအပ်လာတယ်။ ET လို ခေါင်းကြီးကိုယ်သေးကတော့ လက်တွေ့မှာ အလုပ်မဖြစ်နိုင်ဘူး။

ဦးနှောက်တစ်ခုတည်း ကွက်ပြီး ထက်မြက်နေရုံနဲ့လည်း မပြီးသေးဘူး။ ဦးနှောက်ကောင်းပြီး လက်တွေ့အသုံးချနိုင်မယ့် ကိုယ်လက်အင်္ဂါ မရှိရင်လည်း သုံးစားလို့ မရပြန်ဘူး။ ဒါကြောင့် ပစ္စည်းကိရိယာတွေကို ကိုင်တွယ် အသုံးချနိုင်မယ့် လက်ဖွဲ့စည်းပုံလည်း ရှိဖို့ လိုတယ်။ ဒါမှ Planet of Apes ထဲကလို သေနတ်ပစ်နိုင်မယ်။ မြင်းစီးနိုင်မယ်။ အဲဒီအတွက် HAR2 Gene ကို ပြောင်းပေးရမယ်။ နောက်ပြဿနာ တစ်ခုက အဲဒီလို လက်ကို အပြည့်အဝ အသုံးချချင်ရင် လေးဘက်ကုန်းပြီး လမ်းလျှောက်လို့ မရတော့ဘူး။ လူတွေလို မတ်မတ်ဆန့်ဆန့် လမ်းလျှောက်တတ်ရမယ်။

တကယ်လို့သာ မျောက်ဝံတွေဟာ တစ်ကောင်နဲ့တစ်ကောင် စကားပြောပြီး အဆက်အသွယ် မလုပ်နိုင်ရင် ဦးနှောက်ကောင်းနေလည်း အပို ဖြစ်နေမှာပဲ။ ဒါကြောင့် သူတို့ရဲ့ FOX2 Gene ကိုပါ လူတွေနဲ့ တူအောင် ပြောင်းရဦးမယ်။

အထက်မှာတုန်းက မျောက်ဝံတွေကို အသိဉာဏ် မြင့်မားလာဖို့အတွက် ဦးနှောက်တွေ ကြီးထွားအောင် လုပ်တဲ့အကြောင်း ပြောပြီးသွားပြီနော်။ ဒီတော့ အသိဉာဏ်ရှိတဲ့ မျောက်ဝံတွေရဲ့ ဦးခေါင်းက ကြီးလာကြပြီပေါ့။ ဒီတော့ ခေါင်းကြီးလာတဲ့အတွက် နောက်ထပ် ဖြေရှင်းရမယ့် ပြဿနာတစ်ခုက ထပ်တိုးလာတယ်။ မွေးရဖွားရ ခက်တဲ့ ပြဿနာပဲ။ လူသားတွေဟာ သန္ဓေသားတွေကို မရင့်ကျက်သေးခင်၊ အရွယ်မရောက်သေးခင် မွေးထုတ်ကြရတယ်တဲ့။ စဉ်းစားကြည့်ဖူးလား မသိဘူး။ တိရစ္ဆာန်တွေ အားလုံး လိုလိုဟာ မွေးပြီးပြီး မိနစ်ပိုင်း အတွင်းမှာပဲ လှုပ်ရှားသွားလာနိုင်ကြတယ်။ လူတွေကျတော့ အဲဒီလို လှုပ်ရှားနိုင်ဖို့ နှစ်ချီပြီး စောင့်ရတယ်။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေက အရွယ်မရောက်သေးဘဲ မွေးလာရလို့ပါပဲ။ ဘာဖြစ်လို့ အရွယ်မရောက်သေးဘဲ မွေးထုတ်ရသလဲဆိုတော့ အရွယ်ရောက်မှ/ရင့်ကျက်မှ မွေးရင် မွေးလမ်းကြောင်းကနေ အဲဒီကလေးက ထွက်တောင် ထွက်နိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ကလေးတွေဟာ နုနယ်စဉ်ကတည်းက ‌မွေးထုတ်ပစ်ရတယ်။ လမ်းလျှောက်နိုင်လောက်အောင် အရိုးရင့်သန်မှ ဆိုရင် အပေါက်မှာတင် တစ်နေလိမ့်မယ်လေ။ ကဲ … အဲဒီတော့ မတ်တတ်ရပ်ပြီး လမ်းလျှောက်လာတဲ့ မျောက်ဝံတွေက ခေါင်းလည်း အရင်ထက် ပိုကြီးလာပြီ ဆိုတော့ သူတို့တွေ သားဖွားနိုင်ဖို့ ဆိုရင် သူတို့ရဲ့ မွေးလမ်းကြောင်းကိုပါ ပြင်ပေးမှ ရတော့မယ်။ အဓိကကတော့ ညှပ်ရိုးပေါ့။ ညှပ်ရိုးရဲ့ အတွင်းခွင်ကို ချဲ့ပေးနိုင်မှ ဖြစ်တော့မယ်။

ကဲဗျာ … နိဂုံးချုပ်ကြစို့ရဲ့။ Gene therapy အရ၊ Gene reengineering အရ HAR1, HAR2, FOX2, ASMP, HIM-941 စတဲ့ စတဲ့ ဂျင်းတွေကို လက်ရှိသိပ္ပံပညာအရ ပြင်ပေးနိုင်နေပါပြီ။ ကျင့်ဝတ်ပိုင်းအရ အလုပ်သင့်လို့ မလုပ်ပေးသေးတာပဲ ရှိတာ။ ကဲ … အကုန်လုံး ပြင်ချလိုက်ပြီ ဆိုကြပါစို့။ ဘာဖြစ်လာမလဲ။

  1. ခေါင်းကြီးလာမယ်။
  2. လည်ပင်းကြွက်သားတွေ၊ ပခုံးကြွက်သားတွေ တိုးလာပြီး။ ပခုံး၊ နံရိုးဖွဲ့စည်းပုံ ပြောင်းလာမယ်။
  3. စကားပြောတတ်လာမယ်။ စကားပြောနိုင်ဖို့ ပါးစပ်ဖွဲ့စည်းပုံ၊ လည်ချောင်းဖွဲ့ပုံ၊ လျှာဖွဲ့စည်းပုံ၊ အဆုတ်ဖွဲ့စည်းပုံ ပြောင်းလာမယ်။
  4. လက်၊ လက်ချောင်းဖွဲ့စည်းပုံက လူလို နီးနီးစပ်စပ် တူလာမယ်။
  5. မတ်တတ်ရပ်ပြီး လမ်းလျှောက်လာမယ်။
  6. အရင်လို သစ်ပေါ်မှာ မနေတော့တဲ့အတွက် ခြေထောက်တွေရဲ့ ဖွဲ့စည်းပုံပါ ပြောင်းလဲလာမယ်။
  7. မွေးလမ်းကြောင်းကိုပါ ပြုပြင်ပေးရတဲ့အတွက် အပြင်ပန်းအရ ခါးဖွဲ့စည်းပုံ/ခြေထောက်ဖွဲ့စည်းပုံတွေပါ ပြောင်းလာမယ်။
  8. ဦးခေါင်းကလည်း အရင်လို နဖူးပြားပြား မဟုတ်တော့ဘဲ လူတွေလို နဖူးမောက်မောက် ဖြစ်လာမယ်။
  9. ဦးနှောက်ကို ဦးစားပေး အသုံးပြုလာတဲ့အတွက်ကြောင့် ခန္ဓာကိုယ် ကြွက်သားဖွဲ့စည်းပုံတွေ ပြောင်းလာမယ်။

ကဲဗျာ … စိတ်ကူးနဲ့သာ မှန်းဆကြည့်ပါတော့။ အမြီးပေါက်နေတာကလွဲလို့ ဘယ်နေရာမှာများ မျောက်ဝံနဲ့၊ ချင်ပန်ဇီနဲ့ တူနေသေးလို့လဲ။ ဒါကြောင့် ချင်ပန်ဇီကို လူလို တွေးတတ်ခေါ်တတ်အောင် လုပ်မယ်ဆိုရင် အဲဒီ ချင်ပန်ဇီက ချင်ပန်ဇီ မဟုတ်တော့ဘဲ နောက်ထပ် လူတစ်မျိုးပဲ ဖြစ်လာနိုင်စရာ ရှိတော့တယ်။ အဲဒီလို ပြုပြင်လိုက်သတ္တဝါကို ချင်ပန်ဇီပါ၊ မျောက်ဝံပါလို့ ခေါ်နိုင်ပါဦးတော့မလား။

Ref: The Future of the Mind – Michio Kaku

Leave a comment

Your email address will not be published. Required fields are marked *