← ဘလော့ဂ်သို့ ပြန်ရန်

ကမ္ဘာပေါ်မှာ အမြင့်ဆုံး တောင်က ဘယ်တောင်လဲ။

ဗဟုသုတ

ကမ္ဘာပေါ်မှာ အမြင့်ဆုံး တောင်က ဘယ်တောင်လဲလို့ မေးရင် ကလေးကအစ ဧဝရတ်တောင်လို့ ဖြေကြမှာပဲ။ တစ်နေ့က (တစ်နေ့က ဆိုပေမယ့် ဖတ်ထားဖူးတာ ၅ နှစ်လောက်တောင် ရှိပြီ) Quora မှာ အဲဒီ မေးခွန်းကို မေးထားတာ တွေ့တော့ စိတ်ဝင်စားလို့ ဝင်ဖတ်ကြည့်လိုက်တယ်။ စိတ်ဝင်စားလို့ ဆိုတာထက် ထူးဆန်းလို့လို့ ပြောရင် ပိုမှန်မယ်။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်က ဧဝရတ်တောင်လေ။ ဘာထူးဆန်းလို့လဲ။ မေးစရာ လိုသေးလို့လား။ ဖတ်စာအုပ်တွေထဲမှာတောင် ပါတာပဲဟာ။ ဒါပေမယ့် Quora ထဲမှာ မေးထားလို့ ဝင်ဖတ်ကြည့်လိုက်တော့မှ ကိုယ်လည်း သေတ္တာထဲက ထွက်နိုင်တော့တယ်။

အများလက်ခံထားတဲ့အတိုင်း ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်က ဧဝရတ်တောင် မဟုတ်ဘူးလား။ သံသယဝင်စရာ ရှိသေးလို့လား သံသယ ဝင်စရာတော့ မရှိပါဘူး။ ဧဝရတ်တောင်ရဲ့ အမြင့်က ပင်လယ်ရေမျက်နှာပြင်အထက် ၈၈၄၈ မီတာ မြင့်တယ်။ ဒါက သံသယ ဝင်စရာ မရှိဘူး။ ဒါပေမယ့် ဧဝရတ်တောင်ထက် မြင့်တဲ့တောင်တွေ ရှိပါသေးတယ်လို့ စောဒက တက်လာရင် စာဖတ်သူအနေနဲ့ မျက်စိလည်သွားမယ် ထင်တယ်။

ဥပမာ ဆိုကြပါစို့။ လူနှစ်ယောက် ယှဉ်ပြီး အရပ်တိုင်းကြမယ်။ တစ်ယောက်က ၅ ပေ ၁ လက်မ ရှိတယ်။ နောက်တစ်ယောက်က အမြင့် ၆ ပေခွဲ ရှိတယ်။ အဲဒီ လူနှစ်ယောက်မှာ ဘယ်သူက အရပ်ပိုမြင့်သလဲလို့ မေးစရာ မလိုတော့ဘူး ထင်တယ်။ ၆ ပေခွဲက ပိုမြင့်တာပေါ့။ ဒါပေမယ့် ၆ ပေခွဲ အမြင့်ရှိတဲ့ လူရဲ့ ခြေထောက်အောက်မှာ တစ်ပေခွဲ အမြင့်ရှိတဲ့ ခုံတစ်ခုံ ရှိနေမယ် ဆိုရင်ရော။ တစ်ပေခွဲ မြင့်တဲ့ ခုံတစ်ခုံပေါ်မှာ ရပ်နေလို့ ၆ ပေခွဲ ဖြစ်သွားတဲ့ လူကို ကြမ်းပြင်ပေါ်မှာ ရပ်နေတဲ့ ၅ ပေ ၁ လက်မ မြင့်တဲ့ လူထက် အရပ်ပိုရှည်ပါတယ်လို့ ပြောရင် တရားပါ့မလား။ အဲဒီသဘောတရားအတိုင်း ချိန်ဆကြည့်လိုက်ရင် ဧဝရတ်တောင်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင် မဟုတ်တော့ဘူး။

ဧဝရတ်တောင်ဟာ တိဘက်ကုန်းပြင်မြင့်ပေါ်မှာ တည်ရှိတာပါ။ ဒါကြောင့် ဧဝရတ်တောင်က ဘာနဲ့ တူနေသလဲဆိုတော့ ခုံပေါ် တက်ရပ်နေတဲ့ လူလို ဖြစ်နေတယ်။ တိဘက်ကုန်းပြင်မြင့် ကိုယ်နှိုက်ကိုက ပျမ်းမျှ အမြင့် ၄၅၀၀ မီတာ ရှိတယ်။ ဒီတော့ တိဘက်ကုန်းပြင်မြင့်ကို ဖယ်လိုက်ရင် (ခုံဖယ်လိုက်ရင်) ဧဝရတ်တောင်ရဲ့ တကယ့် အမြင့်က တောင်ခြေကနေတိုင်းရင် မီတာ ၅၂၀၀ ကျော်ပဲ ကျန်တော့တယ်။

ခုံမပါဘဲ တောင်ခြေကနေ တောင်ထွတ်အထိ အမြင့်တိုင်းကြေး ဆိုရင် သူ့ထက် မြင့်တဲ့ တောင်တွေ ရှိနေသေးတယ်။ ဥပမာ အာဖရိကက ကီလီမန်ဂျာရိုတောင်ပါ။ သူက တောင်ခြေကနေ တောင်ထွတ်အထိ အမြင့်မီတာ ၅၆၀၀ ကျော် ရှိတယ်။

အထက်မှာ ဖော်ပြထားတဲ့ တောင်နှစ်တောင်လုံးက ပင်လယ်ရေမျက်နှာအထက်ကို တိုင်းထားကြတာ။ တချို့တောင်တွေက ပင်လယ်ကြမ်းပြင်၊ သမုဒ္ဒရာ ကြမ်းပြင်ကနေ ထိုးထွက်လာတဲ့ တောင်တွေလည်း ရှိသေးတယ်။ ဥပမာ ဟာဝါယီက တောင် (ကျွန်း) တွေပေါ့။ အဲဒီတောင်တွေရဲ့ အခြေက (တောင်ခြေက) သမုဒ္ဒရာကြမ်းပြင်မှာ။ ဒါကြောင့် အဲဒီလို ရေထဲ မြုပ်နေတဲ့ တောင်တွေပါ ထည့်တွက်မယ် ဆိုရင် ကီလီမန်ဂျာရိုတောင်နဲ့ ဧဝရတ်တောင်ထက် ပိုပြီး မြင့်တဲ့တောင်တွေ အပုံကြီး တိုးလာလိမ့်မယ်။ အဲဒီလိုသာ တွက်ကြည့်မယ် ဆိုရင် (သမုဒ္ဒရာကြမ်းပြင်ကနေ တိုင်းမယ်ဆိုရင်) အမြင့်ဆုံး တောင်ကတော့ ဟာဝါယီကျွန်းစုထဲက မုံနာခယာ Mauna Kea တောင်ပဲ။ အမြင့်မီတာ ၁၀၂၀၀ ကျော် မြင့်တယ်။

ဒါကြောင့် ကမ္ဘာပေါ်မှ အမြင့်ဆုံးတောင်က ဘယ်တောင်လဲလို့ မေးလာရင် Base (အခြေ) ကို ဘာထားမှာလဲလို့ အရင် မေးမှ ရမယ်။ ပင်လယ်ရေမျက်နှာပြင်ကို အခြေထားရင် ဧဝရတ်က အမြင့်ဆုံး။ ခုံကိုဖယ်ပြီး တောင်ခြေကနေ စတွက်မယ် ဆိုရင်တော့ ကီလီမန်ဂျာရိုက အမြင့်ဆုံး။ ရေမြုပ်နေတဲ့ အပိုင်းပါ ထည့်တွက်မယ် ဆိုရင်တော့ မုံနာခယာက အမြင့်ဆုံး။ နောက်ပြီး ရှိသေးတယ်။ ကမ္ဘာ့အလယ်ဗဟိုကနေ တိုင်းကြည့်မယ် ဆိုရင် ဧဝရတ်ထက် ၂ မီတာ ပိုမြင့်တဲ့ တောင်တစ်တောင် ရှိနေသေးတယ်။ အဲဒါကတော့ အီကွေဒေါက ချင်ဘိုရာဇိုတောင်ပဲ။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *