← Back to blog

အိတ်ထဲမှာ ဒါအကုန်ပဲ

TAG ရောက်တက်ရာရာ

ကဲကဲ၊ သူငယ်ချင်းများက အိတ်မှာရှိတာ ထုတ်ခါပြဖို့ တောင်းဆိုလာတော့ ကဲ … လာရော့ လဟယ်။ကျနော် ဘာရေးလို ရေးရမှန်းမသိ ဖြစ်နေတယ်။ ကျနော် လွယ်အိတ်မလွယ်တတ်ဘူး။ ၁၀ တန်းကျောင်းသားဘဝအထိပဲ ဆရာမရိုက်မှာစိုးလို့ လွယ်အိတ်လွယ်ခဲ့ဖူးတယ်။ တက္ကသိုလ်ရောက်တော့ ဆဲမယ့်လူမရှိဘူးလေ။ အဟေ့ အေးဆေးပဲ။ လွယ်အိတ်မလွယ်တော့ဘူး။ ဒီတော့ ကျောင်းသွားတော့ ဘယ်လိုသွားလဲ မေးချင်ကြမယ်။ ကျနော် စာအုပ်တစ်အုပ်ပဲ ယူသွားပါတယ်။ အင်္ကျီအိတ်ကပ်မှာတော့ ဘောလ်ပင်တစ်ချောင်း ထိုးထားတယ်။ နောက်ပြီး ငွေနှစ်ရာနဲ့။ ကျောင်းမှာ မုန့်ဝယ်ကျွေးရမှာစိုးလို့ ပိုမထည့်တတ်ပါ။ တစ်နေ့ကို လက်ချာ ၅ ချိန်ရှိလည်း ဒီစာအုပ်တစ်အုပ်တည်းပဲ တန်းစီပြီးပေါင်းရေးတယ်။ အဲဒီတော့ ဘာကောင်းလဲဆို ကျောင်းသွားခါနီး ဒီနေ့ဘာအချိန်တွေလဲ၊ ဘယ်စာအုပ်ထည့်ရမှာလဲ ပူစရာမလိုတော့ဘူး။ ကျောင်းတက်ကလည်းမှန်တော့ တတိယနှစ်ရောက်တဲ့အထိ အဲဒီစာအုပ်က မကုန်သေးဘူး။ တတိယနှစ်ထိ အဲဒီစာအုပ်တစ်အုပ်တည်းနဲ့ပဲရေးတယ်။ ကျနော်မှတ်မိသေးတယ်။ အဲဒီစာအုပ်ကို ချောချစ်ပိုစတာနဲ့ အဖုံးအုပ်ထားတယ်။ စာအုပ်မေ့ကျန်ခဲ့လည်း ပူစရာမလိုဘူး။ စာအုပ်အဖုံးမြင်တာနဲ့ ဘယ်သူ့စာအုပ်လဲဆိုတာ တစ်ကျောင်းလုံးသိတယ်။ ဘယ်သူမှလည်း ဒီစာအုပ်ကို မခိုးချင်ကြဘူး။ အမေ့ကို ကျေးဇူးဆပ်တာပါ။ သူတို့တွေ မကုန်သင့်တာတွေ မကုန်စေချင်ဘူးလေ။စာမေးပွဲဖြေတော့ နည်းနည်းပိုလာတယ်။ ပေတံတစ်ချောင်း ပိုယူလာတယ်။ နောက်ပြီး ကျပ်စေ့နှစ်ထပ်စေ့ တစ်စေ့။ ဘာလုပ်ဖို့လဲဆိုတော့ ဆော့ဖို့။ စာဖြေစရာမရှိတော့ရင် တစ်ယောက်တည်းပျင်းနေမှာလေ။ ဒီတော့ ဆော့စရာအနေနဲ့ ယူလို့ရတာဆိုလို့ ကျပ်စေ့ပဲရှိတယ်။ တစ်ယောက်တည်း ခေါင်းပန်းလှန်ဆော့နေတာ။ ကိုးတန်းကတည်းက စာမေးပွဲအခန်းထဲကို ကျပ်စေ့ယူတဲ့အကျင့်ရလာတာ။ အဲဒီကျပ်စေ့အကြောင်းပြောရရင်တော့ အိမ်ဘေးကမြေကွက်လပ်မှာ ကျနော် တူးရင်းနဲ့ အစေ့ (၃၀) လောက်ထည့်ထားတဲ့အိတ်နဲ့ တွေ့ခဲ့တာ။ ဒါနဲ့ပဲ ကျနော်ရဲ့ ပိုင်ဆိုင်မှုထဲမှာ ကျပ်စေ့ နှစ်ထပ်စေ့ အစေ့ (၃၀)လောက် တိုးလာတယ်။ ငယ်ငယ်က ကြောက်ကြောက်နဲ့စာကျက်တော့ စာတော်တော်ရတယ်ဆိုပါတော့။ အတန်းတည်းမှာ ကိုယ်က အမေးခံလူတန်းစားဆိုပါတော့။ စာမေးပွဲရောက်တော့လည်း ဝိုင်းမေးကြလို့ တခါတလေ တစ်ယောက်တည်း သပ်သပ်ဖြေရတတ်တယ်။ ဒါနဲ့ အိန္ဒြေရရ ဘယ်လိုအဖြေပြောရမလဲလို့ အကြံထုတ်လိုက်တော့ ကျပ်စေ့ကိုသွားတွေ့တယ်။ စားမေးပွဲအခန်းထဲမှာ ကျပ်စေ့ကို မျိုးစုံ မြောက်လိုက် ခေါက်လိုက်၊ လှည့်လိုက် ထောင်ပြလိုက်နဲ့၊ ဓမ္မဓိဌာန်နဲ့ အမှားအမှန်မေးခွန်းတွေရဲ့ အဖြေကို ပြောပြခဲ့တာ ကျောင်းပြီးတဲ့အထိပဲ။ အဟဲ တော်လိုက်တဲ့ငါ ဆရာမတွေ ခုထိမသိကြဘူး။ သူများတွေက ကော်ရက်ရှင်ပင်ယူတယ်။ ကျနော်က ယူပါဘူး။ မှားမှားတယ်ပေါ့။ ပွင့်ပွင့်လင်းလင်းပဲ။ ဒီလိုပဲ ခြစ်ချပစ်လိုက်တယ်။ကျနော်ကျောင်းပြီးတော့ အလုပ်လုပ်လာပြီ။ အဲဒီတော့ ခရီးခဏခဏ ထွက်ရတယ်။ ပြည်တွင်းပြည်ပ အစုံပါပဲ။ ခရီးထွက်တော့မယ်ဆိုရင် ကျောပိုးအိတ်ကလေးထဲ အင်္ကျီနည်းနည်းထည့်လိုက်ရုံပဲ။ ကျန်တာတွေက ထုတ်ကိုမထုတ်တာ။ ဘယ်တော့မှ မထုတ်ဘဲ အသင့်ကျောပိုးအိတ်ထဲမှာ ထည့်ထားတာတွေက၁။ ကင်မရာဓါတ်ခဲအပို၊ အားသွင်းစက် နဲ့ မယ်မိုရီကဒ်အပိုများ၂။ ဖုန်းဓါတ်ခဲအပို၊ အားသွင်းစက် နဲ့ သွားပြာကြီး (Bluetooth)၃။ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ ခေါင်းလျှော်ရည်ဗူး နဲ့ ခေါင်းလိမ်းဆီ၄။ MP3 Player တစ်လုံး (အသံသွင်းဖို့)၅။ Ear Phone နဲ့ Mini Speaker၆။ ကိုကိုလဒ (Calculator) – နိုင်ချံဂါးတွင် ကိုကိုလဒနှင့် နှိတ်ပြပြီး ဈေးဆစ်လျှင် ပို၍ အဆင်ပြေသည်။၇။ ဖတ်လက်စ စာအုပ်တစ်အုပ်၈။ သောက်နေကျဆေး Neurofort နှစ်ကပ် (နေပူလျှင် မျက်လုံးအောင့်ပြီး ခေါင်းကိုက်တတ်၍)၉။ ပိုက်ဆံအိတ် နှစ်လုံး (ပြည်ပထွက်လျှင် တခြားငွေထည့်ရန် တစ်အိတ်)၁၀။ ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ် မြင်သမျှ အတင်း သတင်းများ မှတ်သားရန် ဒိုင်ယာရီတစ်အုပ်။ဒါတွေအားလုံးကို ကျောပိုးအိတ်ထဲမှာ အသင့် အပိုတစ်စုံစာ ထည့်ထားတတ်ပါတယ်။ ဒါမှ ခရီးထွက်ရင် တိုလီမိုလီ လျှောက်ထည့်နေစရာ မလိုတော့ဘဲ အဝတ်အစားထည့်လိုက်ရုံနဲ့ ခရီးနှင်လို့ ရသွားပါတယ်။ ခဏခဏ မေ့တတ်လို့ တခါတည်း မထုတ်တမ်း စီစဉ်ထားပါတယ်။ကဲ ပုံမှန်အားဖြင့် မြို့ထဲမှာ သွားလာမယ်ဆိုရင်တော့ ညာဖက်ဘောင်းဘီ အိတ်ကပ်မှာက ဖုန်းရှိမယ်။ ဘယ်ဘက်ဘောင်းဘီ အိတ်ကပ်မှာက သော့တစ်စုံရှိမယ်။ အင်္ကျီအိတ်ကပ်မှာက ဘောလ်ပင်တစ်ချောင်းနဲ့ အသပြာတချို့ပေါ့။ ဒါပါပဲ။ အဲဒီလို ပေါ့ပေါ့ပါးပါးပဲ လျှောက်သွားတတ်ပါတယ်။ကဲကဲ ပါသမျှကို ခွာကာချလို့ ပြပြီးပါပြီ။ ပါတာတချို့ကိုတော့ မပြပါရစေနဲ့။ ချမ်းသာပေးပါလို့ ……..။ဒီပို့စ်ကို မီးလေး Tag လုပ်ထား၍ ပြန်လည်ဖြေကြားလိုက်တာပါ။

Leave a comment

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading