← ဘလော့ဂ်သို့ ပြန်ရန်

သူ နဲ့ သူမ

မြန်မာစာ

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၈ ရက် (အင်္ဂါနေ့)

တစ်စုံတစ်ယောက်ကို နာမ်စားအဖြစ်နဲ့ ရည်ညွှန်းသုံးရာမှာ ယောက်ျားကို “သူ”၊ မိန်းမကို “သူမ” လို့ ခွဲသုံးတာမျိုးကို စာအုပ်စာတမ်းတွေမှာ မကြာခဏ တွေ့ရပါတယ်။ ဝတ္ထုတွေထဲ မိန်းကလေးတစ်ယောက်အကြောင်းကို ရေးဖွဲ့ရာမှာ “သူမ၏ အမည်မှာ လှလှချော ဖြစ်သည်။ သူမသည် အမည်နှင့်လိုက်အောင် လှလည်း လှ၊ ချောလည်း ချောသူ ဖြစ်သည်” ဆိုတဲ့ ရေးဖွဲ့ပုံမျိုးကို တွေ့ရတတ်ပါတယ်။ စင်စစ် “သူမ” ဟာ မြန်မာသုံး မဟုတ်ပါဘူး။ မြန်မာစကားမှာ “သူမ” ဆိုတဲ့ အသုံးအနှုန်း မရှိပါဘူး။ မြန်မာစကားမှာ ယောက်ျားကိုဖြစ်ဖြစ်၊ မိန်းမကိုဖြစ်ဖြစ် နာမ်စားသုံးရင် “သူ” လို့ပဲ သုံးပါတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် စကားပြောပုံကို သတိထားကြည့်ပါဦး။ “ဆွေဆွေတော့ သူ့ အမေခေါ်လို့ ပြန်လိုက်သွားပြီ။ လှလှက ဒီနေ့ သူ နေမကောင်းလို့ မလာတော့ဘူးလို့ ပြောတယ်” လို့ပဲ ပြောရိုးပြောစဉ် ဖြစ်ပါတယ်။ “ဆွေဆွေတော့ သူမ အမေခေါ်လို့ ပြန်လိုက်သွားပြီ။ လှလှက ဒီနေ့ သူမ နေမကောင်းလို့ မလာတော့ဘူး ပြောတယ်” လို့ ဘယ်သူ ပြောပါသလဲ။စာထဲ ပေထဲ ပြန်ကြည့်ရင်လည်း ရှေးစာဖြစ်ဖြစ်၊ ခေတ်စာဖြစ်ဖြစ် လေးစားလောက်တဲ့စာ မှန်သမျှမှာ “သူမ” အသုံး မရှိပါဘူး။ အဲဒီလို ဆိုပေမယ့် ဘာကြောင့် “သူမ” အသုံး တွင်နေရပါသလဲ။

“သူမ” အသုံး ပေါ်လာပုံကတော့ အင်္ဂလိပ်သဒ္ဒါကို မြန်မာဘာသာ ပြန်ရာက စတင်ခဲ့တယ်လို့ သိရပါတယ်။ ကိုလိုနီခေတ်မှာ ထင်ရှားတဲ့ အင်္ဂလိပ်သဒ္ဒါစာအုပ်ကို ပုဂ္ဂိုလ်ကြီးတစ်ယောက်က မြန်မာဘာသာ ပြန်ဆိုပါတယ်။ အဲဒီလို ပြန်ဆိုရာမှာ Pronoun (နာမ်စား) တွေကို ဘာသာပြန်ရာ He, She ဆိုတဲ့ နာမ်စားနှစ်ခုကို မြန်မာလို ဘယ်လို ဖော်ပြရပါလိမ့် ဆိုတဲ့ ပြဿနာ ပေါ်လာပါတယ်။ မြန်မာမှာ အဲဒီလို အသုံး မကွဲပါဘူး။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် “သူ” လို့ပဲ သုံးရိုးရှိတာကို အဲဒီ ပုဂ္ဂိုလ်ကြီး ကောင်းကောင်းသိပါတယ်။ ဒါကြောင့် He နဲ့ She ကို ဘာသာပြန်ရာမှာ He ကို “သူ”၊ She ကို “သူ(မ)” လို့ ကွဲပြားအောင် ခွဲပြလိုက်ပါတယ်။ She ဟာ မြန်မာလို “သူ” ပဲ ဖြစ်တယ်။ ဒါပေမယ့် အမျိုးသမီးကို ရည်ညွှန်းတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ နောက်က (မ) လို့ ကွင်းစကွင်းပိတ်နဲ့ ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အများက ဒီအသုံးအနှုန်းကို “သူမ” လို့ ထင်မှတ်ပြီး “သူမ” လို့ သုံးကြတာဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။မြန်မာစကားရဲ့ သဘာဝနဲ့လည်း မကိုက်ညီ၊ ရှေးရိုးရေးစဉ်လည်း မရှိ၊ ပြောရိုးပြောစဉ်လည်း မရှိတဲ့ “သူမ” ကို မသုံးသင့်တဲ့အကြောင်း ပညာရှင်တွေက ထောက်ပြခဲ့ကြဖူးပါတယ်။ ဒါပေမယ့် သုံးတဲ့သူတွေကလည်း မှားသုံးနေကြဆဲပါပဲ။ တချို့က “သူ” လို့ သုံးရင် ယောက်ျား၊ မိန်းမ မကွဲမှာစိုးလို့ ခွဲသုံးသင့်တဲ့ အကြောင်း အကြောင်းပြချက် ပေးကြပါသေးတယ်။ စိုးရိမ်စရာ မရှိပါဘူး။ စကားသုံးနှုန်းတယ် ဆိုတဲ့နေရာမှာ ရှေ့နောက်စကား အဆက်အစပ်နဲ့ သုံးခြင်းသာ ဖြစ်ပါတယ်။ ရှေ့နောက် ဆက်စပ်ကြည့်ရင် ကျားမ ကွဲပြားပါလိမ့်မယ်။ ဒါကြောင့် အသုံးမှားဖြစ်တဲ့ “သူမ” ကို သတိထား ရှောင်ရှားကြဖို့ အသိပေးလိုက်ရပါတယ်။အထက်ပါ ပို့စ်တွင် ဖော်ပြထားသော အကြောင်းအရာများကို ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသား ပြဿနာများ – မောင်ခင်မင် (ဓနုဖြူ) မှ ကောက်နုတ် တင်ပြလိုက်ပါသည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading