← ဘလော့ဂ်သို့ ပြန်ရန်

မွေးနေ့လက်ဆောင် ”ပီကေကပ်သော အတွေးစုများ” pdf

About Me Announcement

ဒီနေ့ဟာ ကျနော်ရဲ့ မွေးနေ့ပါ။ သူများတွေ မွေးနေ့ဆိုရင် မှတ်မှတ်ရရလေးတွေ လုပ်တတ်ကြတယ်။ တတ်နိုင်တဲ့သူက တတ်နိုင်တဲ့အလျောက်ပေါ့။ ပါတီပွဲတွေ လုပ်ပြီး တချို့တော့လည်း ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြ ပျော်ကြပါးကြနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်တတ်ကြပါတယ်။ ဘလော့ဂ်မှာ ဆိုရင်လည်း ဖွယ်ဖွယ်ရာရာ စားကောင်း သောက်ဖွယ်တွေကို စားချင့်စဖွယ် ပုံနဲ့တကွ တင်ပြီး ဘလော့ဂ် သူငယ်ချင်းတွေကို ဖိတ်ခေါ် ကျွေးမွေးတတ်တဲ့ အလေ့အကျင့်ကလည်း ရှိနေတယ်။ကျနော်အနေနဲ့ ဒီနှစ်မှာ ထူးထူးခြားခြား အစီအစဉ်တစ်ခု လုပ်မယ်လို့ စိတ်ကူးပေမယ့် စိတ်သာရှိတယ်။ အချိန်မရတာကြောင့် လုပ်မှ လုပ်နိုင်ပါ့မလားလို့ အတွေးနဲ့ စိုးရိမ်နေမိတယ်။ ဒါပေမယ့် လုပ်ချင်ဇောကြောင့် အတင်းကို မရမက မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စိတ်ပိုင်း ဖြတ်ပြီး မနေ့ညပိုင်းက စပြီး အကောင်အထည် ဖော်မိတယ်။ သူများတွေ ခန္ဓာကိုယ်ကို အဟာရ ဖြစ်စေဖို့ စားဖွယ်သောက်ဖွယ်နဲ့ တည်းခင်း ဧည့်ခံနေကြသလို ကျနော် အနေနဲ့လည်း ဒီလို နေ့မျိုးမှာ အဟာရဖြစ်စေမယ့် အရာတွေနဲ့ (အနည်းဆုံး တစ်ခုခုပေါ့) ဖွယ်ဖွယ် ရာရာ စီစဉ်ပေးချင်တယ်။ ဒါကြောင့် သူများတွေ ကိုယ်ခန္ဓာကို ခွန်အားတိုးဖို့ ကြံဆောင်နေချိန်မှာ ကျနော်ကတော့ စိတ်နှလုံးကို အားပြည့် ဖွံ့ဖြိုးစေတဲ့၊ ကြည်နူး ရွှင်လန်းစေတဲ့၊ တောင့်တင်း ခိုင်မာစေတဲ့၊ ပီတိ ဖြာဝေစေတဲ့ အတွေးတွေ၊ အမြင်တွေနဲ့ ဧည့်ခံပါရစေ။ကျနော်ရဲ့ အဲဒီ ရည်ရွယ်ချင်နဲ့ပဲ ဒီနှစ် မွေးနေ့မှာ အမှတ်တရအနေနဲ့ ကျနော် ရေးခဲ့သမျှထဲက နှလုံးသား အဟာရ ဖြစ်စေမယ့် စာစဉ် (၂၄) ပုဒ်ကို ရွေးထုတ်ပြီး အီးဘွတ်အနေနဲ့ ဖန်တီးလိုက်ပါတယ်။ ဖန်တီးပြီး တကာလ ကျနော် သိထားတဲ့ မိတ်ဆွေတွေရဲ့ အီးမေးလ်တွေ ကနေ တဆင့် အဲဒီ အီးဘွတ်ကို ပညာဒါန အနေနဲ့ အခမဲ့ ဖြန့်ဝေပေးလိုက်ပါတယ်။ နောက်ပြီး ဘလော့ဂ်မှာလည်း ပို့စ်တစ်ခုအနေနဲ့ ဖော်ပြပြီး မည်သူမဆို ဖတ်ရှု မျှဝေနိုင်အောင် ဆွဲချ သိမ်းဆည်းနိုင်မယ့် လင့်ခ်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ အခု ဒီအီးဘွတ်ကို ကြိုက် နှစ်သက်မယ် ဆိုရင် တခြား မည်သူ့ကိုမဆို စီးပွားရေး အကျိုးအမြတ် အရ မဟုတ်ဘဲ အခမဲ့ ဖြန့်ဝေ သွားနိုင်ပါတယ်။ပထမဆုံးအနေနဲ့ ကျေးဇူးတင်ရမယ့်သူကတော့ ကျနော်ရဲ့ မွေးသမိခင်နဲ့ မွေးသဖခင်ပါပဲ။ အစစ အရာရာ လိုလေသေးမရှိအောင် တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ကြိုးစားပြီး ဖြည့် စွမ်းပေးခဲ့တဲ့ မေမေ့ကို အထူး ကျေးဇူးတင်သလိုလည်းပဲ တွေးတတ် ခေါ်တတ်အောင် လမ်းပြပေးရင်း တရားမှတ်တတ်တဲ့ အလေ့အထလေးကို ပြုစုပေးခဲ့တဲ့ ကွယ်လွန်သူ ဖေဖေ့ ကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒီအသက်အရွယ်နဲ့ ကိုယ်ပိုင် လမ်းကြောင်းတစ်ခုမှာ ပိုင်ပိုင်နိုင်နိုင် လျှောက်နိုင်နေတာ ဖေဖေရဲ့ အမျှော်အမြင် ကြီးမားမှုကြောင့်ဆိုတာ ကျနော် အသက်ကြီးလာလေလေ ပိုပြီး သိလာလေလေပါ။မိဘပြီးရင် ကျနော် ကျေးဇူးတင်ရမယ့် သူတွေက သင်ဆရာတွေပါ။ မြန်မာစာ အခြေခံ ကောင်းတွေကို ပျိုးထောင်ပေးခဲ့တဲ့ ဆရာမ ဒေါ်သန်းထွေးနဲ့ အမျိုးမျိုး လှည့်တွေးတတ် အောင် သင်ပေးခဲ့တဲ့ သင်္ချာ ပါမောက္ခဟောင်း ဦးအောင်စိန် တို့ကို ဒီတစ်သက် မမေ့ပါဘူး။ မြင်ဆရာထဲက ဆိုရင်တော့ ”ပုဆိုးဝတ်တာလို့ပဲ လူတိုင်းသိတယ်။ ပုဆိုးထဲ လူဝင်တယ်လို့ ဘယ်သူမှ မတွေးမိကြဘူး” လို့ ပြောခဲ့တဲ့ ဆရာ ဦးအောင်သင်းရဲ့ စာတွေ ဖတ်ခဲ့ပြီး ပညာအများကြီး ရခဲ့တာပါ။ တခြားတခြား မြင်ဆရာတွေကတော့ အများကြီးပါ။ ကျနော် ဖတ်ဖူးသမျှ စာအုပ်တွေကို ရေးသားတဲ့ ဆရာတိုင်းဟာ ကျနော်ရဲ့ မြင်ဆရာချည်းပါပဲ။နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ရမှာက ကျနော် ဘလော့ဂ်ကို အစဉ်တစိုက် ဖတ်ရှုနေတဲ့ သူငယ်ချင်းတွေ၊ စာဖတ်သူတွေပါပဲ။ သူတို့ရဲ့ အားပေးမှု မရှိရင် ကျနော် ဒီလောက်ရေး ဖြစ်နေမှာ မဟုတ်ပါဘူး။ ဘလော့ဂ်မှာ မြင်တွေ့နေရတဲ့ နှုတ်ခွန်းဆက်သမှုတွေ၊ ကွန်းမန့် တွေဟာ ကျနော်အတွက် မရေးမဖြစ် ရေးချင်စိတ် ပေါ်လာအောင် အဓိက လှုံဆော်ပေးနေတဲ့ တွန်းအားတွေပါ။ သူတို့ရဲ့ အားပေးမှုတွေကြောင့် နေ့စဉ် မဟုတ်တောင် မပြတ် ရေးနေခဲ့မိတယ်။ အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်သူ သူငယ်ချင်းတွေကြောင့်လည်း စာတွေ ပိုဖတ်ဖြစ်လာသလို၊ ပိုလည်း တွေးဖြစ်လာတယ်။ ပိုလည်း ရေးဖြစ်လာတယ်။ ဒါကြောင့် သူတို့ရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဒီထက်ဒီ အဓိပ္ပာယ် ပိုပြည့်စုံတဲ့၊ အနှစ်သာရ ပိုပြည့်ဝတဲ့ စာစုတွေကို ပိုမိုရေးသားနိုင်အောင် ကြိုးစား အားထုတ်သွားပါမယ်လို့ ကတိပြုပါတယ်။”ပီကေကပ်သော အတွေးစုများ” ကို ဒေါင်းလု ဆွဲချ ချင်ရင်တော့ ဒီမှာ ရယူနိုင်ပါတယ်။

အဲဒီ PDF ထဲမှာ ဖော်ပြထားတဲ့ ပို့စ်တွေကတော့

၁။ အရေးအကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း
၂။ Sharing critical information
၃။ ကူညီချင်စိတ်
၄။ တပါးသူအား ကူညီတတ်ခြင်း
၅။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ
၆။ အချစ်ကို နားလည်သော
၇။ အိမ်ရှင်မတစ်ယောက်ရဲ့ အလုပ်
၈။ မြဲမြံစွာ ဆုတ်ကိုင်ထားသော
၉။ တစ်နာရီ နှစ်ထောင်
၁၀။ ဘုရားသခင်သို့ ပေးစာ
၁၁။ ဘဝ၌ ရပ်ကြည့်မိသောအခါ
၁၂။ ကမ္ဘာကြီးကို ပြောင်းလဲကြည့်မလား
၁၃။ ပြည့်ဝနိုင်သော အချစ်
၁၄။ နှုတ်ဆိတ်နေသော အချစ်
၁၅။ ကြွက်ထောင်ချောက်
၁၆။ ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး
၁၇။ ခဲတံတစ်ချောင်း၏ ကိုယ်ကျင့်တရား
၁၈။ ဘဝဟူသော အိမ်
၁၉။ ဘဝဆိုတာ ….
၂၀။ သစ်သားဇလုံလေး
၂၁။ နောက် ငါးမိနစ်လောက်
၂၂။ ပြောဖို့ခက်ပါတယ်
၂၃။ အမေ့ကိုယ်စား
၂၄။ အချစ်ဆိုတာ

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading