← ဘလော့ဂ်သို့ ပြန်ရန်

မြှော်လင့် မြော်တွေး၊ မျှော်ငေးရင်းသာ

မြန်မာစာ

မြန်မာစာ ပညာရှင်တွေက မြန်မာစာမှာ စကားလုံးတိုင်းဟာ အပိုအလိုမရှိ ပိပိရိရိကို ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ တချို့ စကားလုံးတွေဆို အသံထွက်တူပြီး စာလုံး ကွဲတာကြောင့် နှစ်မျိုးကို တစ်မျိုးပေါင်းပစ်ဖို့ အကြံပေးကြတာလည်း ရှိပါတယ်။ တကယ်လို့ စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်၊ အတ္ထုပ္ပတ္တိနဲ့ သမိုင်းကို နားလည်ထားမယ်ဆိုရင်၊ ခြေခြေမြစ်မြစ် သိထားမယ်ဆိုရင် ပေါင်းစပ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာ သဘောပေါက်သွားမှာပါ။ ဥပမာ ပြောရရင် တချို့ စာလုံးတွေက ယပင့်နဲ့ ပေါင်းထားတာ ရှိသလို အဲဒီ စကားလုံးကိုပဲ ရရစ်နဲ့ ပေါင်းထားတာ ရှိပြန်တော့ ဒီစကားလုံး နှစ်လုံးကို ပေါင်းပြီး တစ်မျိုးပဲ သုံးပါလားလို့ အကြံပေးကြတာ ရှိတယ်။ စာလုံးအနေနဲ့ ထုတ်ပြရရင် မျှော် နဲ့ မြှော် ပေါ့။ မြန်မာစာမှာ ဒီလို အသံတူပြီး အကြောင်းကွဲတဲ့ စကားလုံးတွေ အများကြီး ရှိလို့လဲ ခဏခဏ မှားကြပါတယ်။ တခါတခါ မှန်သလား၊ မှားသလား ဝေခွဲမရတဲ့ အကြိမ်တွေလည်း အများကြီး ဖြစ်မှာပါ။ အရင်ကတော့ စာအုပ်လှန်စစ်တယ်။ အခုတော့ အွန်လိုင်း စာလုံးပေါင်းသတ်ပုံကျမ်း ရှိလို့ အလွယ်တကူ သွားစစ်ဆေး နိုင်ပါပြီ။အစာမကြေရင် ဝမ်းကို တစ်ခါတလေ ဒုက္ခပေးတတ်တယ်။ စာမကျေရင် ဦးနှောက်ကို တစ်သက်လုံး ဒုက္ခ ပေးတတ်တယ်တဲ့။ သတ်ပုံမှားတယ် ဆိုတာ စာမကျေတဲ့ သဘောပါပဲ။ ဒါကြောင့် အစာချေပေးတဲ့ အနေနဲ့ အခု မျှော်၊ မြှော် နဲ့ မြော် အသုံး ဘယ်လိုကွဲသလဲ ဆိုတာ တင်ပြပါရစေ။

မျှော် ဆိုတာအဝေးကြည့်၊ အနီးကြည့်၊ မနီးမဝေးကြည့် ဆိုတဲ့ ကြည့်ခြင်းသဘောကို ပြပါတယ်။ အမှတ်မထင် မြင်တဲ့ အကြည့်မျိုးမဟုတ်ပါဘူး။ တစ်စုံတစ်ခုကို ရယူလိုတဲ့ လောဘဇော၊ တွေ့လို မြင်လို သိလိုတဲ့ ဆန္ဒ ပြင်းပြင်းပြပြ ဖြစ်ပေါ်တဲ့အခါမှာ အနီးကပ် စူးစူးစိုက်စိုက် ကြည့်ခြင်းကို “မျှော်တယ်” လို့ ခေါ်ပါတယ်။ မျက်စိတစ်ဆုံး မြင်နိုင်သလောက် အဝေးကို လှမ်းပြီး စိန်းစိန်းကြီး ကြည့်နေတာကိုလည်း “မျှော်တယ်” လို့ ခေါ်ပါသေးတယ်။ဥပမာနဲ့ ပြရရင် “ဟေ့ကောင် ငညို၊ သူတကာစားနေတာ ဘာလို့ မျှော်နေရတာလဲ” ဆိုတဲ့ စကားရပ်မှာ မောင်ညိုဟာ တခြားသူတစ်ယောက် စားနေတာကို တွေ့ပြီး သူလည်း စားချင်တာကြောင့် ပါးစပ်တပြင်ပြင်နဲ့ အနားနားကနေ ကြည့်နေတာကို “မျှော်” နဲ့ သုံးထားတာ တွေ့ရပါလိမ့်မယ်။ နောက် ဥပမာ တစ်ခု ထပ်ပြပါဦးမယ်။ ခွေးသည် သားတစ်မှတ်၍ စားချင်စိတ် အာသာငမ်းငမ်းဖြင့် ပေါက်ပွင့်ကို မျှော်သည်။ ဒီဥပမာ နှစ်ခုစလုံးမှာ တူညီနေတာက မျက်လုံးကို အသုံးချပြီး အရာဝတ္ထုတစ်ခုခုကို လှမ်းကြည့်နေခြင်းကို “မျှော်” ဆိုတဲ့ စကားလုံးနဲ့ သုံးထားတာ တွေ့ရပါတယ်။မြှော် ဆိုတာစောင့်စားခြင်း၊ ငံ့လင်းခြင်း အဓိပ္ပာယ် ရပါတယ်။ စိတ်ကို အာရုံတစ်ခုခုမှာ ဇောကပ်ပြီး နေခြင်း၊ မက်မက်မောမော တောင့်တနေခြင်းကို “မြှော်သည်” လို့ သုံးပါတယ်။ ယပင့် မျှော် နဲ့ ရရစ် မြှော်ရဲ့ ခြားနားချက်ကို နားလည်လွယ်အောင် ဘောလုံးပွဲ ဥပမာနဲ့ ပြပါတယ်။ ဘောလုံးပွဲ မစခင် ဘောလုံး ဝါသနာအိုးတွေက “ငါတို့တော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာပဲ” လို့ အာရုံဇောကပ်ပြီး စောင့်စားနေတာက ရရစ် မြှော်။ ဘောလုံးသမားတွေ ကွင်းထဲ ဆင်းလာတာက စပြီး ကစားပွဲကို ကြည့်နေတာက ယပင့် မျှော် ဖြစ်ပါတယ်။ ဒါကြောင့် မြှော်ဟာ ပကတိမျက်လုံးရဲ့ မြင်ကွင်း မဟုတ်ပါဘူး။ အတွင်းမနော လူ့စိတ်ဆန္ဒကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။နောက်ထပ် ဥပမာ စာကြောင်း အနည်းငယ်နဲ့ ပြရရင်ငါ မင်းကို လူကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မြှော်လင့်တယ်။ခရီးသည်များသည် မီးရထားအလာကို မြှော်နေကြသည်။ဆီတိုင်တွင် ဆီပြတ်သွားသဖြင့် ဘောက်စာကားအလာကို မြှော်နေကြသည်။အာရုံတစ်ခုခုကို စိတ်နဲ့ စောင့်စားငံ့လင့်ခြင်း အနက် ပြချင်ရင် ဟထိုး ရရစ် မြှော် ကိုပဲ သုံးရပါမယ်။မြော် ဆိုတာဉာဏ်ပညာ မျက်စိနဲ့ ကြည့်ပြီး တွေးတောခြင်း၊ ကြံစည်ခြင်း၊ စိတ်ကူးခြင်း အနက်ကို ဆောင်ပါတယ်။ အကြောင်းအရာ တစ်စုံတစ်ခု၊ လူ တစ်ဦးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို အလေးအနက်ထားပြီး စိတ်နဲ့ တွေးခြင်းကို “မြော်တယ်” လို့ ခေါ်ပါတယ်။ ဒီနေရာမှာ မြှော် နဲ့ မြော် နှစ်မျိုးစလုံးက စိတ်မှာ အရင်းခံတယ် ဆိုပေမယ့် ခြားနားချက် ရှိပါသေးတယ်။ ကိုယ့်ကိုယ်ကို မဟုတ်ဘဲ အဝေးရောက် အာရုံတစ်ခုခုကို ကိုယ့်စီ ဆွဲယူ သိမ်းသွင်းခဲ့ရင် ဟထိုး မြှော် ကို သုံးပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ကိုယ့်ရဲ့ ဉာဏ်ကို ထုတ်သုံးပြီး တွေးတော ကြံစည် စိတ်ကူးမယ်ဆိုရင် ရိုးရိုး ရရစ် မြော် နဲ့ သုံးရပါတယ်။ဥပမာ အနေနဲ့ ပြောရရင်”ရှေ့မြော် နောက်မြင်၊ ပညာရှင်တို့၊ လျှောက်တင်ရေးရာ၊ ….” (မဃဒေဝ၊ ၁၉၁)ဝိဓူရသည် အမြော်အမြင် ကြီးသော ပညာရှိ သုခမိန် ဖြစ်သည်။ကြာရိုးကို မြော်ထောက်၍ ရေတိမ်၊ ရေနက်ကို သိရာ၏။မြော်တွေးသော်လည်း ရေးရေးမျှ မပေါ်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကို ဖူးမြော်သွားသည်။အချုပ်ဆိုရသော် …မျှော် – အာရုံတစ်ခုခုကို ပကတိ မျက်စိဖြင့် အနီးကပ် စူးစိုက်စွာ ကြည့်သည်။မြှော် – အဝေးအာရုံ တစ်ခုကို စိတ်ဖြင့် မှန်းဆ၍ တောင့်တသည်။မြော် – အကြောင်းအရာ ဖြစ်ရပ်တစ်ခုခုကို ဝမ်းတွင်း ဓာတ်ခံ ပင်ကိုယ်ဉာဏ်ဖြင့် နက်နဲစွာ တွေးခေါ်သည်။မှတ်ချက် ။ ။ ယခု မြန်မာစာဌာနမှ နောက်ဆုံး ထုတ်ဝေသော မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း နှင့် မြန်မာအဘိဓာန် စာအုပ်တို့တွင် ရရစ် ဟထိုး မြှော် ဟူသော စကားလုံးအား ထုတ်ပယ်၍ ထိုစကားလုံး အစား ယပင့်ဟထိုး မျှော်ကိုသာ အသုံးပြုထားသည်။ ထိုကြောင့် ခေတ်သစ် မြန်မာဝေါဟာရတွင် ရရစ်ဟထိုးဖြင့် ပေါင်းသော မြှော် ဟူသော စကားလုံး မရှိတော့ပါ။”သဒ္ဒါအမြင် စာအမြင် – ဒဂုန်ဦးစန်းငွေ” စာအုပ်မှ ကောက်နုတ် တင်ပြသည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading