← ဘလော့ဂ်သို့ ပြန်ရန်

နှစ်သစ်အတွက် အတွေးလက်ဆောင်

တွေးစရာ

ပေါ့ပေါ့လေးဖတ်ပြီး လေးလေးနက်နက် စဉ်းစားစေချင်တဲ့ စကားတချို့ ရှိပါတယ်။ကျနော်ကတော့ မဖြစ်စလောက် အကြည့်နဲ့ ကြီးကြီးကျယ်ကျယ် မြင်ကြည့်တယ်။ဖွဖွလေး သိလာတော့ ခပ်ပြင်းပြင်း သက်မချမိသွားတယ်။တကယ်တမ်းတော့လည်း နည်းနည်း ရေးပြီး များများတွေးရမယ့် စာတွေပါ။မလုံတလုံ ရေးထားတဲ့ စာကြောင်းတွေကို စေ့စေ့ငှငှ ယူတတ်ပါစေလို့ …..

  1. အရာတချို့ကို ဆုံးရှုံးခဲ့ရတောင် သင်ခန်းစာကို လက်မလွတ်ပါစေနဲ့။
  2. လူမှန် နေရာမှန် မရောက်ခင် မတွေ့ချင်၊ မမြင်ချင်၊ မဆက်ဆံချင်တဲ့ လူတွေနဲ့ အနည်းအကျဉ်းတော့ တွေ့ရမှာပါ။ ဒါမှလည်း လူမှန်နေရာမှန် ရောက်တဲ့အချိန်မှာ အင်မတန် ထူးကဲတဲ့ လက်ဆောင်ပါလား ဆိုပြီး တန်ဖိုး ထားတတ်မှာပေါ့။
  3. နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနယ်ပယ်ထဲက ခံစားချက်တွေ၊ တောင့်တမှုတွေ၊ ရင်ခုန်မှုတွေ ဖယ်ထုတ်လိုက်မယ် ဆိုရင်တောင် ကိုယ်ချစ်တဲ့ သူ့ကို အမှတ်တရ ရှိနေတုန်း၊ ဂရုစိုက်မိနေတုန်း ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲဒါ အချစ်ပါ။
  4. ပျော်ရွှင်မှု တံခါး ပိတ်သွားခဲ့ရင် နောက်တံခါးတစ်ချပ်တော့ ထပ်ပွင့်လာဦးမှာပါ။ ဒါပေမယ့် အချိန် အတော်တော် များများမှာ ပိတ်သွားတဲ့ တံခါးကို ကျနော်တို့ စေ့စေ့ကြည့် ငေးမောနေကြရင်း နောက်ထပ် တံခါးတွေ ကျနော်တို့အတွက် ပွင့်လာတာကို သတိမထားမိလိုက်ကြဘူး။
  5. ကျနော်တို့ဆီမှာ ဘာတွေ ရှိနေသလဲဆိုတာကို အဲဒီပစ္စည်းတွေ ဆုံးရှုံးသွားမှ ကျနော်တို့ သိလိုက်ရတယ်။ အဲဒီလို နောက် အမှန်တရား တစ်ခုက အရာတချို့ဟာ ကျနော်တို့ဆီကို ရောက်လာမှပဲ အရင်က လစ်ဟာခဲ့ပါလား ဆိုတာ သိလိုက်ရတယ်။
  6. ဒီစကားတစ်ခွန်းကို ဒီလူတစ်ယောက်ဆီက ပြောတာလေး ကြားချင်ပေမယ့် သူ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ဒါပေမယ့် အဲဒီစကားတစ်ခွန်းကိုပဲ တခြားတစ်ယောက်က သူတို့ရဲ့ ရင်ဘတ်ကြီးနဲ့ ပြောလာခဲ့မယ်ဆိုရင် မကြားချင်ယောင် ဆောင်သလို မသိသလို မလုပ်လိုက်ပါနဲ့။
  7. အမြင်အာရုံနောက် မလိုက်ပါနဲ့။ ဒါ အချိန်ရဲ့ လှည့်ဖြားမှုပါ။ ဥစ္စာနောက်လည်း မလိုက်လေနဲ့။ ဒါ ကံကြမ္မာရဲ့ လှည့်ဖြားမှုပါ။ သင့်ကို အမြဲ ပြုံးပျော်စေတဲ့ လူကပဲ သင့်ရဲ့ ဘဝကို အမှောင်ခွင်းပြီး အလင်းဆောင်နိုင်မှာပါ။
  8. အိပ်မက်ကို ရဲရဲကြီး မက်လိုက်ပါ။ ကိုယ်ဖြစ်ချင်တာ လွတ်လွတ်လပ်လပ် ဖြစ်လိုက်ပါ။ သွားချင်တဲ့နေရာကို မလျှော့တမ်း သွားပါ။ သင်ဟာ ဘဝ တစ်ခုတည်း ပိုင်ဆိုင်မှာနော်။ အရာအားလုံးကို လုပ်ဖို့ အခွင့်အရေးဆိုတာ ကြုံတောင့်ကြုံခဲ တစ်ခါတည်းပါ။
  9. သတိမပြုမိတဲ့ စကားလုံးတစ်လုံးဟာ ပြဿနာကို မီးမွှေးနိုင်ပါတယ်။ ရိုင်းစိုင်းတဲ့ စကားလုံးတစ်လုံးဟာ ဘဝကို ပျက်ဆီးစေနိုင်တယ်။ အချက်ကျကျ ပြောတဲ့ စကားလုံးတစ်လုံးဟာ သောကကို မြင့်မားစေနိုင်တယ်။ ချစ်စကားတစ်ခွန်းဟာ အားပြည့်စေနိုင်သလို၊ ဆုတောင်းတိုင်းလည်း ပြည့်သွားသလိုပါ။
  10. လောကမှာ အပျော်ရွှင်ဆုံး လူတွေအတွက် အကောင်းဆုံး ဆိုတဲ့ အရာတိုင်းကို မလိုအပ်ပါဘူး။ သူတို့ဟာ အရာအတော်များများကို နေရာတကျ သုံးတတ်ရုံလောက်ပါ။
  11. ငိုကြွေးတဲ့ သူတွေ၊ နာကျင်တဲ့သူတွေ၊ ပျော်ရွှင်မှုကို ရှာဖွေခဲ့တဲ့သူတွေ နဲ့ ရဖို့ ကြိုးစားခဲ့တဲ့ သူတွေအတွက် ပျော်ရွှင်မှုဟာ အမြဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ရင်ဘတ်ကို ထိသွားစေတဲ့ လူတွေရဲ့ အရေးပါမှုကို တကယ်တန်ဖိုးထားတတ်မှ ပျော်ရွှင်မှုဟာ ကိုယ်ထင်ပြမှာပါ။
  12. တောက်ပလာမယ့် အနာဂတ်ဟာ မေ့မေ့ပျောက်ပျောက် ထားနိုင်တဲ့ အတိတ်ပေါ်မှာပဲ အခြေတည် ပေါ်ပေါက်တယ်။ အတိတ်ရဲ့ အမှားအယွင်းတွေ၊ နာကျည်းမှုတွေကို မစွန့်လွှတ်နိုင်သရွေ့ ဘဝဟာ ကောင်းလာစရာ မရှိဘူး။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading