← Back to blog

တံခါးခေါက်သံများ (၃)

About Me တွေးစရာ

ကာကွယ်ဆေး ထိုးဖို့ ငွေ (၃၀၀၀၀) ကျပ် သူ့အတွက် မတတ်နိုင်ဘူး ဆိုတာ သူ့ဆီမှာ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ သူ့ဆီမှာ အဲဒီ ငွေ ပမာဏ အဲဒီ အချိန်က သူ့လက်ထဲမှာ ရှိနေပါတယ်။ ဒါဆို ဘာလို့ သွားမထိုးတာလဲလို့ စာဖတ်သူ အနေနဲ့ မေးချင်လိမ့်မယ်။ ကျနော်လည်း အဲဒီ အချိန်က မေးဖြစ်ခဲ့တယ်။ အရှင်းဆုံး ပြောရရင် သူ ခွေးရူးကိုက်တဲ့ ဒဏ်ရာကြောင့် သေရလိမ့်မယ်လို့ သိမထားလို့ပေါ့။ နောက်တစ်ချက်က အဲဒီ ငွေ သုံးသောင်းကို သူ နှမြောတယ်။ လွန်ခဲ့တဲ့ ၉ နှစ်က သုံးသောင်းဆိုတဲ့ ပမာဏက သူ မပြောပါနဲ့၊ တော်ရုံ လူတစ်ယောက် အနေနဲ့တောင် မတတ်နိုင်ပါဘူး။ မသုံးရက်ဘူးလို့ ပြောရင် ပိုမှန်လိမ့်မယ်။ သူအနေနဲ့ ရှိလျက်နဲ့ ဘာလို့ မသုံးရက်တာလဲလို့ မေးစရာ ရှိလာတယ်။ သူရဲ့ အမေက နာတာရှည် ရောဂါသည်လို့ ပြောရင် မများပါဘူး။ ငသက်ခမျာ တစ်နေ့တစ်နေ့ သူ့အမေအတွက် ဆေးဖိုး၊ သမားခ ရှာဖွေနေရတာ။ သူ့ အမေ မတော် အသည်းအသန် ဖြစ်ခဲ့ရင် လိုရမယ်ရ ဆိုတဲ့ အတွေးနဲ့ ငွေပိုစုထားတယ်။ ခုနက ငွေ သုံးသောင်း ဆိုတာလည်း အဲဒီအတွက် သူ လျာထားတဲ့ ငွေပါ။ ဒါကြောင့် သူ ဘယ်လို နည်းနဲ့မှ မသုံးရက်ဘဲ ခွေးကိုပဲ အရိပ်တကြည့်ကြည့် လုပ်နေခဲ့တယ်။ သူ့အမေအတွက် ငွေ လျာထားတာကြောင့် ဆေးမထိုးခဲ့ဘူးဆိုတာ သိသိချင်း ဘာမှ သိပ်မခံစားခဲ့ရပေမယ့် အသက်နဲ့ လဲလိုက်ရတဲ့အချိန်မှာ ပြန်တွေးမိလိုက်တော့ ရင်ထဲ နင့်နေအောင် ခံစားလိုက်ရတယ်။

သူ့မှာ ကိုယ်ပိုင် အလုပ်ဆိုတာ မယ်မယ်ရရ မရှိပါဘူး။ မိဘတွေကလည်း နယ်ကနေ လာနေကြတာ ဆိုတော့ မြို့ပေါ်မှာ သူ့အတွက် လက်ငုတ်လက်ရင်း အလုပ်ဆိုတာလည်း မရှိဘူး။ အရည်အချင်း အရလည်း ဆယ်တန်းအောင် တက္ကသိုလ် တက်နေတဲ့ လူတစ်ယောက်အနေနဲ့ ကုမ္ပဏီမှာ အလုပ်ရဖို့ ဆိုတာလည်း ခက်နေပြန်တယ်။ လွန်ခဲ့တဲ့ (၉) နှစ် မန်းမြို့ရဲ့ အနေအထားနဲ့ စဉ်းစားကြည့်မယ်ဆိုရင် အတော်လေး ခက်ခဲမယ်ဆိုတာ တွေ့ပါလိမ့်မယ်။ ဒါပေမယ့် သူ့လက်ထဲမှာ ဆုထားတဲ့ငွေ (၃၀၀၀၀) ကျော် ရှိနေတော့ ဘယ်ကရသလဲလို့ တွေးမိခဲ့ဖူးတယ်။ ကျနော်တို့ အထင်က သူ ပိုက်ဆံမရှိလို့ ကာကွယ်ဆေး ထိုးဖို့ ငြင်းဆန်နေတယ်ပေါ့။ သူငယ်ချင်းနဲ့ တခြား အမျိုးတွေက ထောက်ပံ့ပြီး ဆေးထိုးပါ ဆိုတော့လည်း တခြားသူရဲ့ ငွေရေးကြေးရေး အကူအညီ မယူတတ်တဲ့ ခေါင်းမာတဲ့ သူက ငြင်းခဲ့တယ်။ ငွေ (၃၀၀၀၀) ကျော် ရှိတယ်ဆိုတာ သိရတော့ ဘယ်က ရသလဲ မေးကြည့်မိတယ်။ သူ တောက်တိုမယ်ရ လျှောက်လုပ်လို့ ရမှန်း နောက်မှ သိခဲ့ရတယ်။ စက်ဘီးနဲ့ ပစ္စည်းပို့၊ ထင်းမီးသွေး ဝယ်ရောင်း အပြင် လမ်းကြိတ်စက် မောင်း၊ ဆိုက်ကားနင်းတဲ့အထိ ရသမျှ အလုပ်ကို မရှက်မကြောက် လုပ်မှန်း သိရတဲ့ အချိန်မှာ ကျနော်တို့ သူ့ကို အတော်လေး လေးစားသွားမိတယ်။ ကျနော်တို့သာဆို ရှက်လို့ လုပ်ရဲမှာ မဟုတ်ဘူး။

သူ ဆေးရုံတက်ရတဲ့ အကြောင်းအရင်းက အပြင်းဖျားပြီး သတိလစ်သွားတာ။ (၁၀၄) ဒီဂရီအထိ ကိုယ်အပူချိန် တက်သွားမှတော့ သတိလစ်ပြီပေါ့။ ဖျားရုံသက်သက်လို့ ဆေးရုံက ကောက်ချက်ချတော့ အဖျားလည်း သက်သာရော ၃၊ ၄ ရက်နေတော့ ဆေးရုံဆင်းခွင့် ပြုလိုက်တယ်။ အိမ်ပြန်ရောက်တဲ့ နေ့မှာပဲ ကျနော် မန်း ပြန်ရောက်တာနဲ့ သူ့အိမ် သွားဖြစ်တယ်။ အဖျားက (၁၀၂) ဒီဂရီလောက်တော့ ရံဖန်ရံခါ ပြန်ပြန် တက်တော့ ဆရာဝန်ကတော့ ပုံမှန် လာကြည့်ပေးနေတယ်။ ဖျားရတဲ့ အကြောင်းအရင်းကို သူနဲ့ တွေ့မှ အကြောင်းစုံ မေးကြည့်မိတယ်။ သူတက်နေတဲ့ ကွန်ပြူတာ တက္ကသိုလ်က အတန်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ လုပ်တော့ သူတို့ အတန်းအဖွဲ့က Final အထိ တက်တယ်။ သူက အတန်းခေါင်းဆောင် ဆိုတော့ လေ့ကျင့်တဲ့ အချိန်ရော၊ ပြိုင်ပွဲအချိန်မှာပါ အားတက်သရော ကူလုပ်ပေးရှာတယ်။ မေလလယ် ဆိုတော့ မိုးတွေ စ သဲနေပြီ။ မိုးမရှောင် နေမရှောင် ကွင်းထဲမှာ လက်ယားလက်ယား လုပ်နေတဲ့ သူ့ကို မြင်ယောင်နေမိတယ်။ တစ်နေ့တစ်နေ့ နှစ်နာရီ၊ သုံးနာရီကြာ ဘောလုံးကွင်းထဲမှာ မိုးရေထဲ နေနေတော့ နောက်ဆုံး မခံနိုင်တော့ဘဲ ဖျားပါတော့တယ်။ သူ ဖျားတာ တစ်ပတ်လောက် ကြာတဲ့ အခါမှာ ရိုးရိုး အဖျားကနေ ငှက်ဖျားသဘောမျိုး ဖြစ်လာတယ်။ လေကလေး တစ်ချက် သွေးလိုက်ရင် ကိုယ်ခန္ဓာထဲက စိမ့်စိမ့်ပြီး ချမ်းတက်သွားတယ်လို့ သူက ပြောတယ်။ နေ့ခင်းတွေဆို လူကောင်းတစ်ယောက်လို ပြောနိုင်ဆိုနိုင်ပေမယ့် ညနေ ၆ နာရီ နောက်ပိုင်း ဆိုတာနဲ့ အဖျား စတက်တယ်။ ဒါနဲ့ ဆရာဝန်က ငှက်ဖျားဆိုပြီး ဆေးညွှန်းတွေ စပြောင်းပါတော့တယ်။

ငှက်ဖျားဆိုပြီးတော့ ကုလာလိုက်တာ တစ်ပတ်ကြာတဲ့အထိ ထူးထူးခြားခြား မသက်သာလာတဲ့အပြင် ပိုပြီးတော့ ချမ်းတတ်လာတယ်။ သူအနားမှာနေပြီး ယပ်တောင် မခတ်ရဲတော့ဘူး။ လေနည်းနည်း ထိတာနဲ့ တုန်တုန်တက်သွားတယ်။ နောက်နေ့ မျက်နှာတောင် မသစ်နိုင်တော့ဘူး။ ရေက အေးတော့ ရေထိတာနဲ့ တအား ချမ်းတဲ့ အမူအရာတွေ ပြလာတယ်။ ခွေးရူးရောဂါပိုး စဝင်လာပြီဆိုတာ အဲဒီအချိန်ကတော့ ဘယ်သိမလဲ။ ရေအေးလို့ မထိရဲတာ လို့ပဲ အားလုံးက ထင်နေကြတယ်။ ဘယ်အချိန်မှ စပြီး သတိထားမိသလဲဆိုရင် သူ သောက်ရေကိုတောင် မသောက်နိုင်တော့ဘူး။ ပါးစပ်ထဲ ရေတစ်ငုံ ဝင်သွားတာနဲ့ လည်ပင်းကြောတွေ ထောင်တက်လာပြီး တွန့်လိမ်သွားတယ်။ ဒါနဲ့ ရေလုံးဝ မသောက်နိုင်တော့ဘူး။ ဆရာဝန်က ရေ မသောက်ရင် အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် နားကြပ်တံ (ထိပ်ပိုင်းအား ဝါဂွမ်းစွတ်ထားသော တုတ်ချောင်း) နဲ့ ရေစွတ်ပြီး နှုတ်ခမ်းကို တို့တို့ပေးရတယ်။ နှုတ်ခမ်းကို ရေထိတာတောင် တွန့်တွန့်သွားတဲ့ သူ့အနေနဲ့ မျက်နှာကို မသစ်နိုင်တော့ဘူး။ အခု အခြင်းအရာတွေကို မြင်နေရတဲ့ ဆရာဝန်အနေနဲ့ ခွေးရူးရောဂါမှန်း မသိဘဲတော့ မနေလောက်ပါဘူး။ လူနာရှင်တွေကို အသိမပေးသေးဘဲ သူ့ဖာသာ ကြိုးစား ကြည့်နေတာ ဖြစ်ပါလိမ့်မယ်။ အမှန်အတိုင်း ပြောပြလိုက်ရင် ဘာဖြစ်မလဲ။ ခွေးရူးရောဂါပိုးဟာ ကူးစက်လွယ်ပါတယ်။ လူနာရဲ့ ခန္ဓာကိုယ်က ထွက်သမျှ အရည်တွေဟာ တခြားသူရဲ့ အရေပြား အပေါက်အပြဲကနေတဆင့် ကူးစက်တတ်ပါတယ်။ ကူးစက်နိုင်တဲ့ ရာခိုင်းနှုန်းက ၁၀၀ အပြည့်ပါပဲ။ ဒါကြောင့်လည်း ခွေးရူးရောဂါမှန်း သေချာသွားတဲ့အခါမှာ အရင် ပြနေတဲ့ ဆရာဝန် မလာတော့ပါဘူး။ နောက်ဆရာဝန်တစ်ယောက် ပြောင်းခေါ်ရပါတော့တယ်။ ခွေးရူးရောဂါမှန်း သိကြရင် သူ့အနားမှာ ပြုစုနေတဲ့ သူတွေ အားလုံးလိုလို မကပ်ရဲတော့ဘဲ ဘယ်သူမှ မပြုစုတော့မှာကြောင့် မသေချာနိုင်သေးရင် ရောဂါအခြေအနေကို ပြောလေ့မရှိပါဘူး။

ကျနော်တို့ ထင်ထားတဲ့ အတိုင်းပါပဲ။ ခွေးရူး ရောဂါမှန်းလည်း သိသွားရော သူ အနားမှာ ရှိခဲ့ဖူးတဲ့သူတွေ အားလုံး ပျောက်သွားပြီ။ မလာတော့ပါဘူး။ သူအနားမှာ အချိန်ပြည့် ပြုစုမယ့်သူက နှစ်ယောက်ပဲ ကျန်ပါတော့တယ်။ ကျနော်နဲ့ သူရဲ့ ဝမ်းကွဲအစ်မပါ။ ငသက်ရဲ့ အမေဟာ သူ ကိုယ်တိုင် ရောဂါသည်ဆိုတော့ အစကတည်းက အနားကပ်ခွင့် သိပ်မပေးထားပါဘူး။ မနားမကပ်ရဲတဲ့၊ မကပ်ချင်တဲ့ သူတွေ အနေနဲ့လည်း အပြစ်တော့ မဟုတ်ပါဘူး။ ရောဂါ ကူးစက်ဖို့ ရာခိုင်နှုန်း အတော်များတာကိုး။ အင်မတန်မှ ခင်တဲ့ သူငယ်ချင်းတွေ ရှိပေမယ့် အခုလို အချိန်ကျတော့ အကြောင်းကြောင်းကြောင့် အနားမှာ မရှိနိုင်ကြတော့ဘူး။ တချို့က ကိုယ်တိုင် မကပ်ရဲတာ။ တချို့ကတော့ ကူးမှာကြောက်တာ။ တချို့ကတော့ ကပ်နေပေမယ့် ပြုစုပေးချင်ပေမယ့် မိဘက ခွင့်မပြုတာ။ သူငယ်ချင်း တချို့ ဆိုရင် လူနာ လာကြည့်ခွင့်တော့ မရကြတော့ဘူး။ မိဘတွေ ခွင့်မပြုလို့ပေါ့။ အဲဒီလို အဖြစ်အပျက်တွေကို မြင်နေရတဲ့ ကျနော်ဟာ ကာယကံရှင် မဟုတ်တာတောင် ရင်ချိအောင် နာမိပါတယ်။ ဒါပေမယ့် ကာယကံရှင် ဖြစ်တဲ့ ငသက်က သူ သတိရတဲ့အချိန်တွေမှာ သူ့ကို တချိန်က ခင်ပါတယ်၊ ချစ်ပါတယ် ဆိုတဲ့ သူငယ်ချင်းတွေကို မတွေ့ရတာတောင် သူတို့ ဘက်က ကိုယ်ချင်းစာ ပေးနေသေးတယ်။ သူရဲ့ စာနာတတ်တဲ့ စိတ်ကို လေးစားမိပါတယ်။ ငသက်ကို အနီးကပ် စောင့်ရှောက်ခွင့် ပေးခဲ့တဲ့ အမေ့ကိုလည်း ကျေးဇူးတင်မိပါတယ်။ အမေလည်း သူ့သားဆီ ကူးစက်မှာ မကြောက်ဘဲ ဘယ်နေပါ့မလဲ။ ဒါပေမယ့် ကျနော် အနီးကပ်စောင့်ရှောက်မယ် ဆိုတဲ့အချိန်မှာ အမေက နည်းနည်းလေးမှ မတားခဲ့တာကြောင့်လည်း ငသက်ရဲ့ သေခါနီး အချိန်တွေမှာ အတူတူ ရှိနေဖြစ်ခဲ့တယ်။

သူ့အနေနဲ့ သတိလည်လာပြီ။ ဘယ်သူ ဘယ်ဝါဆိုတာ သဲသဲကွဲကွဲ သိပေမယ့် ရေကို မြင်တာနဲ့ ကြောက်တဲ့ အမူအရာကတော့ လျှော့မသွားသေးပါဘူး။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် သူ ကုတင်ပေါ် လှဲနေတဲ့အချိန် သူ့ လက်ပေါ် ရေတစ်စက် မတော်တဆ ကျသွားတယ် ဆိုရင်ပဲ လန့်ပြီး အကြောတွေထောင်သွားလိုက်တာ၊ လှဲနေတဲ့သူတောင် ကုတင်ပေါ် ထိုင်လျက်သား ဖြစ်သွားတယ်။ သူ သတိ ရှိလာတဲ့ အချိန်မှာ သူ့အတွက် အဓိက ရန်သူဟာ ရေပဲ ဆိုတာ သူ သိလာတယ်။ ဆရာဝန်ကလည်း ပြောတယ်။ ရေကို ခုခံနိုင်ရင် အားလုံး အိုကေပြီပေါ့။ အဲဒီအချိန်မှာ သူရဲ့ သတ္တိကို စပြီး မြင်ရပါတော့တယ်။ နောက်နေ့ မနက် ထလာတော့ သူ မျက်နှာသစ်ချင်တယ်လို့ စပြောလာတယ်။ ရေတောင် မသောက်နိုင်၊ မထိနိုင်သေးတဲ့ သူက မျက်နှာ ဘယ်လို သစ်မလဲ။ ဒါပေမယ့် သူ့ကို ဝိုင်းချုပ်ပြီး မျက်နှာ သစ်ပေးပါလို့ သူ ကိုယ်တိုင်က တောင်းဆိုလာတယ်။ သူ သတ္တိရှိရှိ ရင်ဆိုင်မယ်ပေါ့။ ရေနဲ့ ထိလိုက်တိုင်း တွန့်လိမ်သွားပေမယ့် တင်းခံ၊ တောင့်ခံနေတဲ့ သူရဲ့ အဖြစ်အပျက်ကို မြင်ရတာ ကျနော်တို့တောင် မကြည့်ရက်ပါဘူး။ မျက်ရည်တောင် ဝဲပါတယ်။ ကျနော်တို့ဟာ လူတစ်ယောက်ကို ကျင်စက်နဲ့ ဝိုင်းတို့နေသလို ခံစားရလာမိလို့ပါ။ နောက်တစ်ရက် သူ ကိုယ်တိုင် မျက်နှာသစ်ကြည့်မယ်လို့ တောင်းဆိုလာတယ်။ ရေစွတ်ထားတဲ့ လက်ကိုင်ပုဝါကို သူ့လက်ထဲ ထည့်လိုက်တာတောင် သူ့ လက်ဖဝါးက ရုတ်တရက် လွှတ်ချပစ်တယ်။ နောက်တော့ သူကိုယ်တိုင် အနာခံပြီး လက်ကိုင်ပုဝါကို မရမက ကိုင်ပြီး မျက်နှာကို စသစ်ပါတော့တယ်။ နောက်နေ့ ကိုယ်တိုင် သွားတိုက်ပြီး၊ အာလုတ် ကျင်းပါတယ်။ ဒီလိုနဲ့ သတ္တိရှိရှိ အနာခံပြီး ရေကို မရမက ကိုင်ပြီး အကြီးမားဆုံး အခက်အခဲကို ရင်ဆိုင်နေတာ မြင်ရတော့ မချီးကျူးဘဲ မနေနိုင်သလို သူ ဖြစ်နေတာကို မြင်ရတိုင်း မျက်ရည်တောင် ဝဲကြရတယ်။

သူရဲ့ အကြီးမားဆုံး အခက်အခဲ ဖြစ်တဲ့ “ရေ”ကို ရဲရဲ ရင်ဆိုင်ပြီး လေးရက် အကြာမှာ ကုတင်ပေါ် ငုတ်တုတ် ထိုင်ပြီး ကျနော်နဲ့ စကားပြောနေနိုင်ပါပြီ။ အရင်အရင်က နှောင်းဖြစ်တွေ ပြောရင်း ရယ်ကြမောကြရင်း တစ်နေ့တာ ကုန်ဆုံးသွားခဲ့တယ်။ သူရဲ့ သွက်လက်တဲ့ အမူအရာတွေ ပြန်မြင်ကြရတော့ ကျနော်တို့ရဲ့ ဝမ်းသာမှုဟာ မပြောပြနိုင်လောက်အောင် ပျော်ရွှင်ခဲ့ကြတယ်။ ဆရာဝန် လာစစ်ဆေးကြည့်တော့လည်း ဆရာဝန်က အခြေအနေကောင်းကြောင်း ပြောသွားတယ်။ ဒါပေမယ့် ဆရာဝန်ကတော့ ပြောပါတယ်။ (၇) ရက်တိတိ စောင့်ကြည့်ရမှာဆိုတော့ မနက်ဖြန်မှ အခုအခြေအနေ အတိုင်း ရှိနေသေးတယ် ဆိုရင် စိတ်ချရပါပြီတဲ့။ ကျနော်တို့ အားလုံး မနက်ဖြန်ဆိုတဲ့ တစ်ရက်တာကို စာရွက်လှန်သလို ကျော်ပစ်လိုက်ချင်နေကြပြီ။

(ဆက်ရန်)

Leave a comment

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading