← Back to blog

စကားလုံး အသုံးအနှုန်းများ ( မျှ၊ မဆို )

မြန်မာစာ

အသုံးအနှုန်း အစဉ်အလာအရ ဆိုလျှင် `မည်သည်´ `မည်သူ´ တို့ကို `မျှ´ နှင့်တွဲလျှင် ဆိုင်ရာကြိယာ၌ `မ´ ထည့်၍ သုံးတတ်ကြသည်။ပုံစံများမှာ -မည်သူကိုမျှ မပြောကြနှင့်။မည်သည့် လက်ထက်တွင်မျှ မကြားစဖူး။မည်သည့်အခါမျှ တိမ်းစောင်းခြင်းမရှိ။မည်သူမျှ မအောင်မြင်။မည်သည့်ဆရာထံသို့မျှ မဆည်းကပ်။အကယ်၍ `မျှ´ ကို မသုံးဘဲ၊ `မဆို´ ကို သုံးလျှင် `မဆို´ ၌ `မ´ ပါပြီး ဖြစ်၍ ဆိုင်ရာ ကြိယာ၌ `မ´ ထည့်ရန်မလို။ပုံစံများမှာ -မည်သူမဆို ထီးနန်းနှင်းလေ။မည်သူမဆို အလိုရှိသမျှ ပေးလော့။မည်သည့်အချိန်တွင်မဆို ထွက်နိုင်ဝင်နိုင်သည်။

အရေးရောတတ်သော အသုံးအနှုန်းမှာ `မဝင်ရ´ ဟူသော အသုံးအနှုန်းမျိုးဖြစ်သည်။အချို့က `မည်သူမဆို မဝင်ရ´ ဟု ရေးတတ်ကြသည်။ မသင့်ပါ။ သုံးရိုးသုံးစဉ်မှာ `မည်သူမျှ မဝင်ရ´ ဟု သုံးရပါသည်။အကယ်၍ အတားအမြစ်မရှိ၊ လူတကာကို ဝင်စေလိုသော သဘောဖြင့် သုံးလိုပါက `မည်သူမဆို ဝင်နိုင်သည်´ ဟု သုံးရပါသည်။ဘုရားစောင်းတန်း အချို့တွင် `မည်သူမဆို ဖိနပ်မစီးရ´ ဟု ကြော်ငြာကပ်ထားလေ့ ရှိပါသည်။ ရေးနှုန်းမသင့်ပါ။ မည်သူတစုံတယောက်မျှ ဖိနပ်စီးခွင့်မပြုသော သဘောဖြစ်၍ `မည်သူမျှ ဖိနပ်မစီးရ´ ဟုသာ ရေးသင့်ပါသည်။အကယ်၍ ဆန့်ကျင်ဘက်သဘောဖြင့် `မည်သည့်သူ ဖြစ်ဖြစ် ဖိနပ်စီးခွင့်ပြုသည်´ဟု ရေးလိုပါက `မည်သူမဆို ဖိနပ်စီးနိုင်သည်´ ဟု ရေးနိုင်ပါသည်။ အကယ်၍ စီးခွင့်မပြုသည်နှင့် တနည်းရေးလိုသော် `မည်သူမဆို ဖိနပ်ချွတ်ရမည်´ ဟု ရေးနိုင်ပါသည်။မှားတတ်သော အသုံးအနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။မည်သူနှင့်မဆို ငြင်းခုန်ခြင်း မပြုကြပါနှင့်။မည်သည့် ပုဂ္ဂိုလ်ကိုမဆို ရာထူးနှစ်ဆင့်တိုးမပေးရ။မည်သည့် အလုပ်ကိုမဆို ကိုယ်တွေ့မလုပ်ဘဲ နားမလည်နိုင်။မည်သူမဆို ငါ့ထံမရောက်လျှင် ငါ့တပည့်မဖြစ်နိုင်။မည်သည့် လျှောက်လွှာများကိုမဆို အကြောင်းမရှိဘဲ မပယ်နိုင်။သင့်သော အသုံးအနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။မည်သူနှင့်မျှ ငြင်းခုန်ခြင်း မပြုကြပါနှင့်။မည်သည့် ပုဂ္ဂိုလ်ကိုမျှ ရာထူးနှစ်ဆင့်တိုးမပေးရ။မည်သည့် အလုပ်ကိုမျှ ကိုယ်တွေ့မလုပ်ဘဲ နားမလည်နိုင်။မည်သူမျှ ငါ့ထံမရောက်လျှင် ငါ့တပည့်မဖြစ်နိုင်။မည်သည့် လျှောက်လွှာကိုမျှ အကြောင်းမရှိဘဲ မပယ်နိုင်။ထူးခြားချက်တစ်ခုမှာ အောက်ဆုံးစာကြောင်းတွေ မှားတတ်သော အသုံးအနှုန်း၌ လျှောက်လွှာများဟု ထည့်သွင်းရေးသားခြင်း ဖြစ်ပါသည်။`မည်သူ´ `မည်သည့်´ စသော အသုံးအနှုန်းများ၌ `မဆို´ နှင့် `မျှ´ ကို သုံးရာ၌ `များ´ သုံးလေ့မရှိကြောင်း သတိပြုသင့်ပါသည်။ပုံစံမှာ -မည်သူများမဆို ဖိနပ်စီးနိုင်သည်။ မည်သူများမျှ ဖိနပ်မစီးရ။ ဟူသော အသုံးအနှုန်းများ ဖြစ်ပါသည်။ထိုကြောင့်ပင် `မည်သည့် လျှောက်လွှာကိုမျှ အကြောင်းမရှိဘဲ မပယ်နိုင်´ ဟူ၍ `များ´ ကို ဖြုတ်၍ ရေးသားရပါသည်။

Leave a comment

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading