← ဘလော့ဂ်သို့ ပြန်ရန်

ကျနော်၏ ကျေးဇူးရှင်ကြီးများ (စာပေ)

About Me TAG ရောက်တက်ရာရာ

ရေးမယ် ရေးမယ်နဲ့ ချိန်ရင်းနဲ့ပဲ အကြွေးကလည်း တစ်နေ့တစ်ခြား ပုံလအော် တိုက်လာပြီ။ တစ်ခုချင်းဆီ အမြန်ဆပ်မှ ဖြစ်မယ်လေ။ တော်ကြာ နောင်ဘဝကျ ဆပ်နေရမယ်။ ကျနော် အရင်ဆုံးနဲ့ အပြောချင်ဆုံး ကတော့ စာအုပ်တွေ နဲ့ သူတို့ရဲ့ စာရေးသူတွေ အကြောင်းပါ။ ကျနော့်ကို တက် (TAG) ထားတာကတော့ အကြိုက်ဆုံး စာရေးဆရာတွေကို ပြောဖို့ပါပဲ။ ဒါပေမယ့် သူတို့တွေ ရေးတဲ့ စာအုပ်ထဲက အကြိုက်ဆုံး စာအုပ်တချို့ကိုလည်း ထုတ်ပြချင်သေးတယ်။ အခု ကောင်းတယ်ဆိုတဲ့ အမြင်တွေက ကျနော် အမြင်ပဲ ဖြစ်လို့ မှားကောင်းမှားပါမယ်။ အနည်းဆုံး ကျနော် ဘာကို ကြိုက်သလဲ ဆိုတာတော့ စာဖတ်သူတွေ ရိပ်စားမိသွားမှာပါ။ကျနော် စာဖတ်လာတဲ့ သက်တမ်းက အတော် နုပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ စပြီး အသည်းအသန် ဖတ်ဖြစ်တာပါ။ အဖတ်ဖြစ်ဆုံး အချိန်က ၂၀၀၀-၂၀၀၃ ကြားပါ။ ရွာမှာ ကျောင်းသွားတတ်ရတော့ အဆောင်နေရတဲ့ အချိန်ပါ။ ရွာဆိုတော့ ထုံးစံအတိုင်း လည်စရာက မရှိ။ ပိုက်ဆံရှိလို့ သုံးချင်ရင်တောင် သုံးစရာ နေရာ မရှိဘူးလေ။ ဒါကြောင့် အားအားရှိ အဆောင်မှာပဲ စာဖတ်နေဖြစ်တယ်။ စာဖတ်တာလည်း သိပ်မကြာသေးတော့ စာဖတ်တအား နှေးတယ်။ နောက်ပြီး စာတစ်ကြောင်းကို နားမလည်ရင် အရှေ့ဆက် မဖတ်ဘဲ စာအုပ်ဘေးချပြီး စဉ်းစားတတ်တဲ့ အကျင့်ကြောင့်လည်း စာအုပ်တစ်အုပ်ဆို တော်တော်နဲ့ မပြီးတော့ဘူးလေ။ နောက်ပြီး ဖတ်လိုက်ရင် စဉ်းစားရမယ့် စာအုပ်မှ ဖတ်တော့ တမေ့တမျှော ဖတ်ရတယ်။

ငယ်ငယ်က ဝတ္ထုဆိုရင် သိပ်မုန်းတာ။ အဒေါ်တွေက ဝတ္ထုသိပ်ဖတ်တယ်။ ဒါကြောင့် အိမ်မှာ အဖွားနဲ့ နှောင်ချိန်ပလေး ရတယ်လေ။ သူတို့က ဝတ္ထု လက်ထဲ ရောက်ပြီဆိုရင် အလုပ်မလုပ်တော့ဘူး။ အဲဒီ ကတည်းက ကျနော် ဝတ္ထုကို မုန်းတယ်။ လူတွေကို ပျင်းအောင် လုပ်တယ်လို့ ခံယူထားတယ်။ အမတွေလည်း ကြီးလာတော့ သူတို့လည်း ဝတ္ထု ဖတ်တတ်လာတယ်။ သူတို့လည်း ရောဂါကူးပြီး ပျင်းတတ်လာရောပဲ။ ဒါနဲ့ ကျနော် ကိုးတန်း အရွယ်လောက် ရောက်တော့ ဘာလို့ လူတွေ ဒီလောက် ဝတ္ထု စွဲသလဲ ဆိုတာကို စိတ်ဝင်စားလာတယ်။ ဒါနဲ့ပဲ ငါလည်း ဖတ်ကြည့်မှ သိမှာပေါ့ ဆိုတဲ့ အတွေး ဝင်လာတယ်။ ဒါပေမယ့် အကျင့်က လက်တစ်လုံးလောက် ထူတဲ့ စာအုပ် ကိုင်မိရင်ကို သန်းတတ်တဲ့ အကျင့်က ရှိတော့ ဒီလောက် ထူတဲ့ ဝတ္ထုကို ဘယ်လို ဖတ်ရပါ့လို့ အကြံထုတ်တယ်။

အချစ်ဝတ္ထု ဆိုရင်တော့ အတော် ပျင်းဖို့ကောင်းမယ်။ အဲဒီတုန်းက တရုတ်သိုင်းကားတွေ ကြည့်နေတာဆိုတော့ သိုင်းဝတ္ထု ဆိုရင် ကိုယ်နဲ့ နည်းနည်း အဆင်ပြေမယ် ဆိုပြီး သိုင်းဝတ္ထု တစ်အုပ် ငှားပြီး ဖတ်တယ်။ နာမည်တော့ အခု မမှတ်မိတော့ဘူး။ စဖတ်တော့ သင်္ချီုင်းကုန်း အကြောင်း စပြောတယ်။ ဘယ်လို အနိဋ္ဌာရုံ ဖြစ်နေသလဲ ဆိုတာကို ဖွဲ့နွဲ့လိုက်တာ (၉) မျက်နှာသာ ကုန်သွားတယ်။ သင်္ချီုင်းကုန်းက မထွက်သေးဘူး။ ဒါနဲ့ ဖတ်ရင်း အိပ်ပျော်သွားတာ နံနက်ရောက်တော့ ကြည့်လိုက်တာ ဆယ်မျက်နှာပဲ ပြီးသေးတယ်။ အဲဒီ ဆယ်မျက်နှာကို ဖတ်လိုက်တာ အနည်းဆုံး ၂ နာရီ ကြာမယ်။ ကဲ ဘယ့်နှယ့် ပြီးအောင် ဖတ်ကြမလဲဗျာ။ ဒါနဲ့ပဲ နောက်နေ့ အဲဒီစာအုပ်ကို ပြန်အပ်လိုက်တယ်။ ဘယ်တော့မှ မဖတ်တော့ဘူး လို့လည်း ဆုံးဖြတ်လိုက်တယ်။

ဆရာတော်ကြီးတွေ ဟောတဲ့ (သို့) ရေးတဲ့ တရား စာအုပ်တွေကို ၁၉၉၈ ခုနစ်မှ စဖတ်ဖြစ်တယ်။ ရန်ကုန် စရောက်တော့ ဦးလေးက စာအုပ် တစ်အုပ် လာပေးတယ်။ အဲဒီ စာအုပ်ကို ဖတ်ခိုင်းတယ်။ ပြီးရင် အဲဒီ အထဲက ဘုရားစာကို ကျက်ခိုင်းတယ်။ ဦးလေးကို ကြောက်တော့ ဟုတ်ကဲ့ ဆိုပြီး ယူထားတယ်။ ပြီးတော့ ခေါင်းအုံး အိပ်တယ်လေ။ သူ့ဆီမှာ နေတဲ့ တစ်နှစ်ကျော်လုံးလုံး လုံး၀ မဖတ်၊ မလှန်ဘဲ ပြန်ခါနီး ပြန်ပေးလိုက်တယ်။ အဲဒီ စာအုပ်နာမည်က မေတ္တသုတ်တဲ့။ ဦးသုခ ရေးတာ။ သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ် မှန်း နောက်မှ သိတယ်။ ၁၉၉၈ ခုနစ် စိတ်ဓါတ်တွေ အဆုံးထိ ပြုတ်ကျပြီး ဘယ်ခွေးမှ လူမထင်တဲ့ အချိန်မှာ စာအုပ်တစ်အုပ် ကျနော်ဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်။ သူငယ်ချင်း အမကြီး တစ်ယောက်က ဖတ်ကြည့် ဆိုပြီး ထည့်ပေးလိုက်တာ။

အဲဒီ ၁၉၉၈ ခုနစ် ဆိုတာ ကျနော်ဘဝရဲ့ အတွေးအခေါ် တစ်ဆစ်ချိုး ကာလ တစ်ခုပါ။ နှစ်ဦးပိုင်းမှာ လူက စိတ်သိပ်ညစ်နေတယ်။ ဘယ်လူနဲ့မှလည်း စကား မပြောချင်ဘူး။ ကျောင်းသွားလို့ အိမ်ပြန်ရောက်ရင် အစာစားပြီး အိပ်တယ်။ အိပ်ပြီး ထစားတယ်။ ဒါပဲ လုပ်တယ်။ ဘာမှ လုပ်စရာ မရှိရင် ကုတင်မှာ ခွေနေတယ်။ အစာစားချိန် ထစားတယ်။ ဒါပဲ။ အဲဒီလောက် ဘယ်သူနဲ့မှ စကား မပြောချင်လောက်အောင် စိတ်တိုနေတယ်။ စိတ်ညစ်နေတယ်။ ဘာလို့ အဲဒီလို ဖြစ်ရသလဲ ဆိုရင် လောကကြီးကို မကျေနပ်လို့။ ကိုယ်ထားတဲ့ မေတ္တာအတိုင်း တန်ပြန် တုန့်ပြန်ဖို့ နေနေသာ အမုန်းတွေရဲ့ ဘက်ကစ်တွေပဲ ခံနေရတယ်။ အများသဘောတူ ဝိုင်းပြီး နှိပ်စက်နေတယ်လို့ ခံစားနေရတော့ ပုံလို့ရတဲ့ လောကကြီးကိုပဲ မတရားဘူးကွာလို့ အပြစ်တင် နေမိတော့တယ်။ လူတွေက ငါပေးတဲ့ မေတ္တာနဲ့ မတန်ဘူး ဆိုပြီး လူတွေနဲ့ စကားမပြော ချင်တော့ဘူး။

ငါ တန်ဖိုးထားတဲ့ မေတ္တာကို လူတွေ တန်ဖိုး မထားတတ်ကြဘူးလို့ တွေးလာတယ်။ ဒါပေမယ့် အဲဒီ အတွေးဟာ စာအုပ်တစ်အုပ်ကို ဖတ်ပြီး သွားတဲ့ အချိန်မှာ ဘ၀ အသစ်တစ်ခုကို ရောက်သွားသလို ခံစားလိုက်ရတယ်။ ငါ နားလည်ထားတဲ့ မေတ္တာဆိုတဲ့ အရာဟာ မေတ္တာမှ မဟုတ်ဘဲ။ ဒီတော့ မဟုတ်မှန်တဲ့ မေတ္တာနဲ့ ဆက်ဆံခံရတဲ့ လူတွေဆီက တန်ပြန်လာတဲ့ ရိုက်ချက်တွေဟာ ငါ ခံသင့်လို့ ခံရတာပဲလို့ လုံး၀ နားလည်သွားတယ်။ အဲဒီစာအုပ်ဟာ မေတ္တာအကြောင်း ကျနော်ကို အနားလည်ဆုံး ရှင်းပြပေးနိုင်တဲ့ ဆရာတော် ဦးဇောတိက ရဲ့ မေတ္တာတရား ဆိုတဲ့ စာအုပ်ကလေးပါ။ အစစ်မှန် တစ်ခုကို သိရှိနားလည်သွားတဲ့ လူတစ်ယောက်ဟာ အတုတွေကြားက ရုန်းထွက်ဖို့ ကြိုးစားမှာ အမှန်ပါပဲ။ အဲဒီလိုပဲ ကျနော်ဟာလည်း ဆရာတော်ရဲ့ ကျေးဇူးကြောင့် မေတ္တာအစစ် ဆိုတာနဲ့ မွေ့လျော်တတ်လာတယ်။ မေတ္တာနဲ့ ဆက်ဆံတတ်လာတော့ လောကကြီးက စိုပြေလာတယ်။

၂၀၀၀ ခုနစ်နဲ့ နေ့တစ်နေ့မှာ ငယ်သူငယ်ချင်းဟောင်း နှစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင် ထိုင်ရင်း ပြောဖြစ်တဲ့ ကိုမြတ်ရဲ့ စာတချို့ဟာ အခုထိ နားထဲမှာ ထင်ကျန်တုန်းပဲ။ သူဟာ ကျနော့်ကို ရသဦးစားပေး ဝတ္တုတွေကို ဖတ်ဖို့ တိုက်တွန်းခဲ့တယ်။ ခံစားမှုပိုင်း အလေ့အကျင့် အားနည်းတဲ့ လူတွေဟာ ထိပ်တိုက် တိုးလာပြီ ဆိုရင် ကိုယ့်ဖာသာ အကြီးအကျယ် ခံစားရတယ် ထင်ပြီး ရှော့ခ် (Shock) ဝင်တတ်တယ်။ ခံစားမှုပိုင်းဆိုင်ရာ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ ရသဦးစားပေး စာပေတွေကို ဖတ်ရှုခြင်းပဲ တဲ့။ ဒါသူငယ်ချင်းရဲ့ စကား ကောက်နှုတ်ချက်ပါ။ သူ့စကားကို အဲဒီအချိန်က မှန်တယ်လို့ လက်မခံပေမယ့် မမှားဘူးလို့တော့ ယုံကြည်တယ်။ ဒါကြောင့် ကျနော် ရသဦးစားပေး ဝတ္ထုတွေကို ဖတ်ဖို့ ကြိုးစားလာတယ်။ ပထမဆုံး ဖတ်ဖြစ်ပြီး အခုထိလည်း ခဏခဏ ပြန်ပြန် ဖတ်ဖြစ်နေတဲ့ ဝတ္ထုတစ်ပုဒ်ကတော့ မောင်ထွန်းသူ ဘာသာပြန်ထားတဲ့ ကင်မီလီ ဆိုတဲ့ အချစ်ဝတ္ထုပါ။

ကျနော်တို့ လူမှုပတ်ဝန်းကျင်ရဲ့ သက်မှတ်ချက်အရ အသက်မွေး ဝမ်းကျောင်းမှုထဲမှာ ပြည့်တန်ဆာ အလုပ်က အနိမ့်ကျဆုံးပါ။ ယဉ်ယဉ်ကျေးကျေး ခေါ်ရင်တော့ လိင်လုပ်သား (Sex Worker) ပေါ့။ ပြည့်တန်ဆာမ ဆိုရင် လူအတော်များများဟာ နှာခေါင်းရှုံ့ပြီး လူရာ မသွင်းချင်ကြပါဘူး။ သူတို့ကိုလည်း အယုံအကြည် သိပ်မရှိကြဘူး။ အချစ်ဆိုတာနဲ့ ပတ်သက်လာရင်တောင် သူတို့ကို အပေါစား ခံစားချက်တွေလို့ လူတွေက ထင်မြင်ကြတယ်။ ကင်မီလီ ဝတ္ထုဟာ ပြည့်တန်ဆာမ တစ်ယောက်နဲ့ ရိုးရိုးသာမန် အရပ်သားလေး တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဖွဲ့နွဲ့ထားတယ်။ သူတို့ ပြဿနာတက်ကြ၊ ကွဲကြ၊ ပြန်ပေါင်းကြနဲ့ အချစ်ဝတ္ထုရဲ့ ထုံးစံအတိုင်း သွားပေမယ့် မတူညီတဲ့ အချက်က ဝတ္ထုပြီးသွားတဲ့ အခါမှာ ကင်မီလီလို့ ခေါ်တဲ့ မာဂရက်ကို ကျနော် အတော် သနားသွားတယ်။ သူ့ရဲ့ အချစ်ကို ကောင်းကောင်း နားလည်သွားတယ်။ ကျနော် အထင်သေးတဲ့ လူတန်းစားတစ်ရပ်ကို သနားပြီး လေးစားလာအောင် ရေးဖွဲ့ထားနိုင်တဲ့ ဘာသာပြန် အချစ်ဝတ္ထုတစ်အုပ်ပါ။ အခုချိန်ထိလည်း မကြာခဏဆိုသလို ပြန်ပြန် ဖတ်ဖြစ်တယ်။

ကျနော်ဟာ တွေးနေရတာကို အတော်လေး သဘောကျတယ်။ စာအုပ်ဖတ်ရင်လည်း စဉ်းစားရတာကိုပဲ ဦးစားပေး ဖတ်တယ်။ ဒါကြောင့် ဒဿန နဲ့ စိတ်ပညာ ဆိုင်ရာ စာအုပ်တွေကို အများဆုံးဖတ်ဖြစ်တယ်။ ဒါကြောင့်လည်း ဘာသာရေး ဆိုတာကို စိတ်ဝင်စား သွားတယ် ထင်ပါတယ်။ အဖတ်ဖြစ်ဆုံး စာရေးဆရာတွေက

  1. နန္ဒသိန်းဇံ
  2. ဒေါက်တာ ကျော်စိန်
  3. ဦးအေးမောင် – ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ
  4. ဖေမြင့် – မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်။
  5. ကိုတာ – ဉာဏ်များခြင်း။
  6. ဆန်းလွင်
  7. ခင်မောင်သန်း (စိတ်ပညာ) – နတ်ကိုးကွယ်မှုနှင့် စိတ်ပညာရှုထောင့်။
  8. ဒေါက်တာ ခင်မောင်သန်း
  9. အတ္တကျော်

သမိုင်းနဲ့ ပတ်သက်တာ လေ့လာချင်လို့ ဒေါက်တာသန်းထွန်း ရဲ့ စာအုပ်တိုင်း လိုလိုကို ဝယ်ဖတ်ဖြစ်ပါတယ်။

ဘာသာပြန်ဝတ္ထု အနေနဲ့တော့ မောင်ထွန်းသူ၊ မောင်မိုးသူ နဲ့ မြသန်းတင့် တို့ရဲ့ စာအုပ်တွေပဲ ဖတ်ဖြစ်တာ များတယ်။

ဘာသာစကားနဲ့ ပတ်သက်ရင်တော့ မောင်ခင်မင်(ဓနုဖြူ) နဲ့ မြန်စာအဖွဲ့က ထုတ်တဲ့ စာအုပ်တိုင်းလိုလိုကို ဖတ်ပါတယ်။

စီးပွားရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေကတော့ ကျော်ဝင်း၊ ခင်မောင်ညို (ဘောဂဗေဒ) နဲ့ မောင်စူးစမ်း တို့ ရေးတာတွေ ဖတ်ဖြစ်တယ်။

မြန်မာ ဝတ္ထုတွေ အနေနဲ့ ဖတ်ဖြစ်တဲ့ စာရေးဆရာတွေက မင်းခိုက်စိုးစန် (စာအုပ်တိုင်း)၊ နီကိုရဲ (လက်လှမ်းမီသလောက်)၊ ဂျူး (အညွှန်းကောင်းလျှင်)၊ မိုးမိုး (အင်းလျား)။

ဟာသတွေ အနေနဲ့ ဝတ္ထုက ဇဝန၊ ကံချွန် နဲ့ မောင်ကောင်းထိုက်။ ကာတွန်း အနေနဲ့ ဝိဇ္ဇာ၊ ဗျူး၊ ဆွေမင်း ဓနုဖြူ (တွတ်ပီ) နဲ့ ငွေကြည်။

ဘာသာတရား အပေါ်မှာ ငယ်ငယ်ကတည်းက အတော်ကို သံသယ ကြီးကြီးနဲ့ နားလည်မှု လွဲခဲ့တယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကလည်း ဘာသာတရား ဆိုတာကို တလွဲ ဆံပင်ကောင်း ကျင့်သုံးနေကြတယ်။ ကျနော်ဟာ ငယ်ငယ်ကတည်းက မေးခွန်းတွေ အများကြီးနဲ့ ကြီးပြင်းလာခဲ့တယ်။ မေးခွန်းအများစုဟာ ဘာသာရေးနဲ့ ပတ်သက်တယ်။ ဘာသာရေး စာအုပ်တစ်အုပ်ကို ပထမဆုံး ကောက်ကိုင်ပြီး ဖတ်ဖြစ်တာက ၁၉၉၅ ခုနစ်မှာပါ။ ကျောင်းတွင်း အာစရိယ ပူဇော်ပွဲ တစ်ပွဲကို ဦးစီးပြီး လုပ်တော့ ကန်တော့ ပစ္စည်းအနေနဲ့ အမှတ်တရ ဖြစ်အောင် ဘာသာရေး စာအုပ် ပေးမယ်လို့ အတွေးရတော့ ဘာစာအုပ်ပေးမလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ရှာမိတယ်။ အဲဒီတုန်းက ပေးဖြစ်လိုက်တဲ့ စာအုပ်က သာသနာရေး ဝန်ကြီးဌာန ကထုတ်တဲ့ ဗုဒ္ဓဘာသာကောင်း တစ်ယောက် ဆိုတဲ့ စာအုပ်ပါ။ ၁၉၉၈ နောက်ပိုင်းမှာ ဘာသာရေး စာအုပ်တွေကို ဦးစားပေး တစိုက်မတ်မတ် ဖတ်ဖြစ်လာတော့ ရင်ထဲက ကိန်းအောင်းလာတဲ့ သံသယ ဆိုတာတွေ မေးခွန်းတွေ တဖြည်းဖြည်းနဲ့ အဖြေတွေ ရလာတယ်။ လူလည်း တဖြည်းဖြည်းနဲ့ အေးချမ်းလာတယ်။ သံသယနဲ့ နေရတဲ့လူဟာ ပူလောင်ပါတယ်။ အခုဆိုရင် သံသယဆိုတာ မရှိတော့ သလောက်ပါပဲ။ ဒါကြောင့် ကိုယ့်ဖာသာ အတော် အေးချမ်းနေတယ်လို့ ယုံကြည်တယ်။

ထွက်သမျှ လိုလို၊ ရသမျှ စုဆောင်းပြီး ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့

  1. လယ်တီဆရာတော်ကြီးရဲ့ လယ်တီ ဒီပနီပေါင်းချုပ် (၄ တွဲ)၊ ပုစ္ဆာအမေးအဖြေ ကျမ်းများ။
  2. မဟာစည် ဆရာတော်ကြီးရဲ့ စာအုပ်တွေ (စုဆောင်းလို့ ရသမျှ)
  3. ရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်) ရဲ့ စာအုပ်တွေ
  4. ဆရာတော် ဦးဇောတိက ရဲ့ ထွက်သမျှ အကုန်။ – အကြိုက်ဆုံးကတော့ မေတ္တာတရား နဲ့ Snow In The Summer
  5. ဦးရွှေအောင် – အတ္တမှ အနတ္တသို့
  6. ပါရဂူ – အကြိုက်ဆုံးက ဗုဒ္ဓ ဒိုင်ယာရီ
  7. ဦးမြင့်ဆွေ (လန်ဒန်) – ပဌာန်းမဟာ
  8. ဦးသော်ဇင် – မိလိန္ဒပညှာ နဲ့ ဝိသုဒ္ဓိမဂ်
  9. ဦးသုခ – မေတ္တသုတ်
  10. ငွေဥဒေါင်း – ဗုဒ္ဓ စာပန်းချီ

အပေါ်မှာ ရေးထားတာတွေကို ထွက်သမျှ ရှာပြီး ဖတ်လေ့ရှိတဲ့ (လေးစားမိတဲ့) စာရေးဆရာတွေပါ။ ဒါပေမယ့် ကြို့ကြား ကောင်းတယ်ဟေ့လို့ သူငယ်ချင်းတွေ ပြောရင် ဖတ်ဖြစ်တဲ့ စာအုပ်တွေလည်း ရှိပါတယ်။ တချို့ အတော်ကြိုက်ပေမယ့် တစ်အုပ်စ နှစ်အုပ်စ ကြိုက်လို့ နာမည် မရေးတော့ပါဘူး။ အကုန်ရေးရင် စာအုပ်ဆိုင် ဖွင့်သလား။ စာကြည့်တိုက်ထဲမှာ အိပ်သလား။ အမေးခံရမှာ စိုးလို့ အမြဲ ဖတ်တဲ့ စာရေးဆရာတွေပဲ ချပြီး စာရင်းပြုစု လိုက်တာပါ။ ဆုံးတဲ့အထိ စိတ်ရှည် လက်ရှည် ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading