← ဘလော့ဂ်သို့ ပြန်ရန်

ကဗျာ၌ သင့်သော ဒေါသ

မြန်မာစာ

ဒေါသမကင်းသောစာ (၁)၊ (၂) ကို တင်ပြပြီးကာမှ ကဗျာရေးတဲ့ သူတွေအတွက်လည်း အသုံးတည့်အောင် အခု ဒီပို့စ်ကို ရေးပြီး ဝေမျှလိုက်ပါတယ်။ တကယ်တမ်း ဆိုရင် ဒီလို အပြစ်အနာတွေက စာမှာဖြစ်ဖြစ်၊ ကဗျာမှာဖြစ်ဖြစ် အတူတူတွေချည်းပါ။ ပို့စ်တစ်ခုအနေနဲ့ သီးခြား ခွဲပြီး ဖော်ပြရတဲ့ အကြောင်းကတော့ ဥပမာ ဥပမေယျတွေ ပေးတာ မတူလို့ပါ။ စာမှာတော့ စာကြောင်း၊ ဝါကျတွေနဲ့ ဥပမာ ပေးပြီး အခု ဒီကဗျာမှာ ဆိုရင်လည်း ကဗျာလေးတွေကို ဥပမာပေးပြီး ရေးသွားမှာပါ။ ဒါဆို ကဗျာသမားတွေအတွက် ပိုပြီး သိသာထင်ရှား မြင်သာထင်သာ ဖြစ်သွားပါလိမ့်မယ်။ ဒေါသတွေရဲ့ နာမည်နဲ့ အဓိပ္ပာယ် သက်မှတ်ချက်တွေကတော့ အတူတူချည်းပါ။ ဒေါသ တစ်ခုချင်းစီအတွက် အဓိပ္ပာယ် သက်မှတ်ချက်၊ ဥပမာ ကဗျာစာပိုဒ်၊ အပြစ်သင့်ပုံ အကြောင်းအရင်း နဲ့ အပြစ်ဖြေပုံ ဆိုပြီး လေးပိုင်းစီ ခွဲပြသွားပါမယ်။ ထုံးစံအတိုင်း ပါဠိစကားလုံးတွေ ပါလာမှာမို့ အဲဒီစကားလုံးတွေကြောင့် ရှိန်ပြီး မဖတ်ချင် ဖြစ်သွားမှာလည်း စိုးပါတယ်။ ပါဠိစကားလုံးတွေကို ကျော်ပြီး ဖတ်သွားစေချင်တယ်။ မြန်မာစာရဲ့ ရေးနည်း၊ ဖွဲ့နည်း၊ သဒ္ဒါနည်းတွေဟာ ပါဠိကျမ်းစာတွေကနေ အများစု အတုယူး ရေးထားတာ ဖြစ်တာကြောင့် ပါဠိဝေါဟာရတွေနဲ့ ကင်းလို့ကို မရပါဘူး။ မြန်မာမှုပြုပြီး မြန်မာနာမည်တွေ ပေးထားတယ် ဆိုပေမယ့်လည်း မူရင်း ပါဠိနာမည်တွေလည်း မပျောက်ပျက်စေချင်တဲ့ သဘောနဲ့ ပါဠိဝေါဟာရတွေပါ ထည့်သွင်း တင်ပြပေးလိုက်ပါတယ်။ ဓမ္မာစရိယ ဦးထွန်းရွှေ ပြုစုထားတဲ့ ကဗျာစွယ်စုံကျမ်းကြီး ကို ကိုးကားတင်ပြမှာ ဖြစ်ပါတယ်။ကဗျာမှာ သင့်နိုင်တဲ့ ဒေါသကို ဖွဲ့စည်းပုံအားဖြင့် သုံးပိုင်း ခွဲပြီး ပြောပါ့မယ်။(၁) ပုဒ်တစ်ပုဒ် (တစ်ပဒ) ချင်းစီမှာ မှားတတ် ငြိစွန်းတတ်တဲ့ ဒေါသ – ပဒဒေါသ ရှစ်ပါး၊(၂) ဝါကျတစ်ခုလုံးကို ငြိစွန်း ထိခိုက်စေတတ်တဲ့ ဒေါသ – ဝါကျဒေါသ ကိုးပါး နဲ့(၃) ဝါကျတွေရဲ့ အနက်အဓိပ္ပာယ်ကို ငြိစွန်းလို့ သင့်တတ်တဲ့ ဒေါသ – ဝါကျတ္ထဒေါသ ခြောက်ပါးစုစုပေါင်း – (၂၃) ပါး ကို ခွဲခြားဝေဖန် စီစစ်သုံးသပ် ပြဖို့ ရည်ရွယ်ထားပါတယ်။

ပဒဒေါသ (၈) ပါး ဆိုတာ

  1. ဝိရုဒ္ဓတ္ထန္တရ ဒေါသ
  2. အဓျတ္ထ ဒေါသ
  3. ကိလိဋ္ဌ ဒေါသ
  4. ဝိရောဓိ ဒေါသ
  5. နေယျ ဒေါသ
  6. ဝိသေသနပေက္ခ ဒေါသ
  7. ဟိနတ္ထက ဒေါသ
  8. နေတ္ထက ဒေါသ

ဝိရုဒ္ဓတ္ထန္တရ ဒေါသအဓိပ္ပာယ် – ကိုယ်သုံးထားတဲ့ စကားလုံးဟာ ကိုယ်လိုချင်တဲ့ အဓိပ္ပာယ်တင် မကဘဲ သူ့ရဲ့ ဆန့်ကျင်ဘက် အဓိပ္ပာယ်ပါ ထွက်နေခြင်း။ဥပမာ – စိန်ကိုဝေပေး၊ ထိုသေဌေးကြောင့်၊ ကြည်အေးချမ်းသာ၊ ကြွယ်ဝရာ၏။အကြောင်းအရင်း – စိန် ဆိုတာ ရတနာစိန် ဖြစ်နိုင်သလို၊ အဆိပ်စိန်လည်း ဖြစ်နိုင်ပါတယ်။ဖြေနည်း – အမြတ်စိန်ပေး၊ ထိုသေဌေးကြောင့်၊ ကြည်အေးချမ်းသာ၊ ကြွယ်ဝရာ၏။အဓျတ္ထ ဒေါသအဓိပ္ပာယ် – ထိုက်သင့်တဲ့ ရှိသင့်တဲ့ ဂုဏ်ထက် ပိုပြီး လွန်လွန်ကြူးကြူး ဖွဲ့ဆိုထားခြင်း။ဥပမာ – ဆယ်ရပ်ဒီသာ၊ ထွန်းလင်းဖြာလျက်၊ ရောင်ဝါကွန့်မြူး၊ ပိုးစုံးကြူးသည်၊ …အကြောင်းအရင်း – ပိုးစုံးကြူးတစ်ကောင် ပေးနိုင်တဲ့ အလင်းထက် မတန်မရာ ဖွဲ့ဆိုထားပါတယ်။ဖြေနည်း – ပိုးစုံးကြူးငယ်၊ ရောင်တသွယ်ဖြင့်၊ ရပ်ဆယ်လုံးပိုင်၊ မလင်းနိုင်တည့်။ကိလိဋ္ဌ ဒေါသအဓိပ္ပာယ် – အသိခက်တဲ့ နားလည်ရခက်တဲ့ ပုဒ်ကို အသုံးပြုထားခြင်း။ဥပမာ – သုံးပျောက်လို့ ငါးကွာ၊ လေးရွာသို့ရောက်မြဲ။အကြောင်းအရင်း – သုံး အရ၊ လေး အရ၊ ငါး အရ အဓိပ္ပာယ်ကို သိဖို့ ခက်နေပါတယ်။ဖြေနည်း – သုံးပျောက်လို့ ငါးကွာ၊ လေးရွာသို့ရောက်မြဲ၊ ဤပုစ္ဆာ ပဟေဠိကို၊ ဖြေညှိဖို့ပဲ။အသိခက်အောင် ပဟေဠိဆန်ဆန် ရေးပြီး ဖြေဖို့ တောင်းဆိုထားတာကြောင့် ဒေါသ လွတ်ပါတယ်။ဝိရောဓိ ဒေါသအဓိပ္ပာယ် – ထုံးတမ်းစဉ်လာ၊ ကျင့်သုံးမြဲဖြစ်တဲ့ ဓမ္မတာ နဲ့ လောကသဘာဝ ဓမ္မတာတွေကို ဖီလာဆန့်ကျင့်ပြီး ရေးသားထားခြင်း။ဥပမာ – တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက်၊ ကွဲအက်မြင့်မိုရ်၊ မီးကိုမပူ၊ ချမ်းစွာ့ဟူ၏။အကြောင်းအရင်း – ဖတ်ကြည့်ရင် နားလည်မှာပါ။ လောကဓမ္မတာ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ မကိုက်ညီတာကို တမင် ရေးဖွဲ့ထားပါတယ်။ဖြေနည်း – သုံးလူ့မြတ်ရိပ်၊ ဘုန်းဂုဏ်ဟိတ်ကြောင့်၊ တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက်၊ ကွဲအက်မြင့်မိုရ်၊ မီးကိုသော်ပင်၊ ချမ်းစွာ့ထင်၏။ဘုရားဘုန်းတော်၊ ဂုဏ်တော်ကြောင့် အဲဒီလို ထင်မိပါတယ်လို့ ရေးဖွဲ့ထားတာပါ။နေယျ ဒေါသအဓိပ္ပာယ် – အနက်အဓိပ္ပာယ် မထင်မရှား ဖြစ်နေလောက်အောင် ပုဒ်တစ်ပုဒ် လိုနေခြင်းဥပမာ – ဖြူဖွေးအရောင်၊ ညဉ့်သန်းခေါင်၌၊ ပြောင်ပြောင်ဝင်းဝါ၊ တောက်ပစွာ၏။အကြောင်းအရင်း – ညသန်းခေါင် အချိန်မှာ ဖွေးဖွေးဖြူတယ်လို့ ရေးဖွဲ့ထားပြီး အကြောင်းအရင်းမပါဘူး။ဖြေနည်း – ဝိဇ္ဖူနွယ်သေး၊ လျပ်စစ်ရေးကြောင့်၊ ဖြူဖွေးအရောင်၊ ညဉ့်သန်းခေါင်၌၊ ပြောင်ပြောင်ဝင်းဝါ၊ တောက်ပစွာ၏။ဝိသေသနပေက္ခ ဒေါသအဓိပ္ပာယ် – အထူးပြုသော ဝိသေသနပုဒ် လိုအပ်နေခြင်းဥပမာ – သူသည်မျက်စိ၊ စေ့စေ့ကြည့်၏။အကြောင်းအရင်း – မျက်စိနဲ့ စေ့စေ့ကြည့်တယ် ဆိုပေမယ့် မုန်းလို့ ကြည့်တာလား၊ ချစ်လို့ ချစ်တာလား ဆိုတဲ့ ဝိသေသန လိုနေပါတယ်။ဖြေနည်း – ကြည်လင်မျက်စိ၊ စေ့စေ့ကြည့်၏။(ချစ်ခင်စွာ) စိတ်သဘောထား ကြည်လင်စွာနဲ့ ကြည့်တယ် ဆိုတဲ့ သဘောပါ။ဟိနတ္ထက ဒေါသအဓိပ္ပာယ် – ဂုဏ်ကြီးမြင့်တဲ့ အရာဝတ္ထုတစ်ခုခုကို သေးသိမ်တဲ့ ပုဒ်နဲ့ ထပ်တူပြုထားခြင်း။ဥပမာ – ပိုးစုံးရောင်ကို၊ ကုန်အောင်ပယ်ခွင်း၊ ထိုနေမင်းသည်၊ …အကြောင်းအရင်း – ညအမှောင်တစ်ခုလုံး၊ ကြယ်ရောင်၊ လရောင်တွေကိုပါ ဖယ်ခွင်းနိုင်တဲ့ နေမင်းကြီးကို ပိုးစုံးကြူးရဲ့ အရောင်ကို ဖယ်ခွင်းနိုင်တယ်လို့ မူလဂုဏ်ကို ညိုးငယ်အောင် ထပ်တူပြုထားတယ်။ဖြေနည်း – လရောင်ဖွေးဖွေး၊ ပယ်နိုင်သေး၏၊ ပိုးမြေးရောင်ဟူ၊ လေးမမူသည့်၊ တစ်ဆူနေမင်း၊ …နေတ္ထက ဒေါသအဓိပ္ပာယ် – အနက်အဓိပ္ပာယ် သီးခြင်း မရှိဘဲ ကာရန်ဖြစ်ရုံ၊ ပြည့်ရုံ ထည့်ထားခြင်းဥပမာ – ဘိုးစဉ်ဘောင်ဆက်၊ ဘေးလက်ထက်က၊ …အကြောင်းအရင်း – “ဘောင်” ဆိုတဲ့ အက္ခရာဟာ သီးခြား အဓိပ္ပာယ် မရှိဘဲ ပုဒ်ကာရန် ပြည့်ရုံ ထည့်ထားတယ်။ဖြေနည်း – ဘိုးမှစဉ်ဆက်၊ ဘေးလက်ထက်က၊ …အထက်က ပြထားတဲ့ ပုဒ်မှာ “ဘောင်” ဆိုတဲ့ စကားလုံးကို ပဒ ပူရဏ လို့ခေါ်ပါတယ်။ ဝါစာသိလိဋ္ဌ လို့လည်း ခေါ်ပါတယ်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading