တစ်ချိန်တုန်းက ပုံပြောဆရာတစ်ယောက် ရှိခဲ့ဖူးတယ်။ အဲဒီ ပုံပြောဆရာဟာ တစ်နေ့တစ်နေ့ ဒီပုံပြင် အဟောင်းတွေပဲ ပြောပြီး တစ်ဝဲဝဲလည်နေတော့ စိတ်ပျက် ငြီးငွေ့လာတယ်။ ဒါနဲ့ တစ်ထောင့်တစ်ည အိပ်ယာဝင် ပုံပြင်တွေကို ဆက်ပြောနေမယ့်အစား တကယ့် လက်တွေ့ကျမယ့် ဘဝရဲ့ ဇာတ်လမ်း အစစ်အမှန်တွေကို ရှာဖွေဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ သူရဲ့ အရင်နေတဲ့ အိမ်ကနေ ထွက်လာပြီး သူရဲ့ ဇာတ်လမ်း ရှာပုံတော် ခရီးစဉ်ကြီး စတင်တော့တယ်။ဒီလိုနဲ့ သူ ရွာတစ်ရွာကို ရောက်သွားတော့ အဲဒီ ရွာမှာ တဲအိမ်လေးတစ်လုံး ငှားနေတော့တယ်။ ဒီလိုနဲ့ ရွာထဲကို မွှေနှောက် လျှောက်သွားပြီး ကုန်ကြမ်းဇာတ်လမ်းတွေ ရလိုရငှား လှည့်ပတ်နေတော့တယ်။ အချိန်က လချီပြီး ကြာလာပေမယ့် သူလိုချင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းက မတွေ့တော့ စိတ်ပျက်စ ပြုလာပြီ။ ဒီလိုနဲ့ ရှာမတွေ့တော့ စိတ်ပျက်လက်ပျက်နဲ့ သူရဲ့ ရှာပုံတော်လုပ်ငန်းစဉ်ကြီးကို ရပ်တန်းက ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။နောက်တစ်နေ့ ရောက်တော့ သူရဲ့ တဲအိမ်ထဲမှာ လက်မှိုင်ချပြီး ထိုင်နေတုန်း ရုတ်တရက် အသံတစ်သံ ကြားလိုက်ရတယ်။ မိန်းမကြီးတစ်ယောက်က တစ်ယောက်ယောက်ကို အာပြဲလျှာပြဲနဲ့ ဆူငေါက် အော်ဆဲနေတဲ့ အသံ။ အသံဟာ သူ့အိမ် အနောက်ဘက် ဝင်းထရံ ဟိုဘက်ကလာမှန်း သိလိုက်တော့ သူ ဝင်းထရံနား ကပ်ပြီး သူတို့ရဲ့ ပြောစကားတွေကို အသေအချာ နားထောင်နေတော့တယ်။ စကား အသွားအလာကို ခန့်မှန်း ကြည့်ရတာတော့ ချွေးမတစ်ယောက်ကို နှိပ်စက်နေတဲ့ လေသံပဲ။ ဘယ်လိုမှ နားမခံသာပေမယ့် သူ့အတွက် ဇာတ်တစ်ပုဒ် ရပြီဆိုပြီး ပျော်နေမိတယ်။
ဒီလိုနဲ့ နေ့တိုင်းနေ့တိုင်း သူတို့ရဲ့ စကား အပြောအဆိုတွေကို အကဲခတ် လေ့လာပြီး သူရဲ့ ဇာတ်ကွက်ထဲမှာ ဖြည့်ဖြည့်ပြီး ရေးသွားလိုက်တယ်။ ကာယကံရှင်တွေကို လုံးဝ မမြင်ဖူးပေမယ့် ဟို ယောက်ခမ ဆိုတဲ့ မိန်းမကြီးကို တဖြည်းဖြည်းနဲ့ မုန်းတီးလာတယ်။ အဲဒီ မိန်းမကြီးက အမြဲတမ်း နိုင်ထက်စီးနင်းနဲ့ မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ် ပြောဆို ကြိမ်းမောင်းနေပေမယ့် ချွေးမလုပ်သူခမျာ ဘာအသံမှ မထွက်ရှာဘူး။ ဒီလို တစ်ဖက်သတ် အနိုင်ကျင့်ရာရောက်တော့ မျက်နှာမမြင်ရဘဲ အသံကြားရရုံနဲ့ မိန်းမကြီးကို မုန်းတီးတဲ့စိတ်၊ ကြည့်မရတဲ့စိတ်က တစ်နေ့တခြား တိုးပွားနေတယ်။ဒီလိုနဲ့ အချိန်တော်တော်ကြာ ဇာတ်ကွက်တွေ ရေးပြီး ဇာတ်လမ်းကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်တယ်။ သေချာပါတယ်။ ဇာတ်လမ်းထဲမှာ ယောက်ခမ လုပ်တဲ့သူကတော့ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးပေါ့။ အနှိပ်စက်ခံ ဘဝနဲ့ အင်မတန်မှ သနားစရာကောင်းတဲ့ ချွေးမရဲ့ ဘဝကို ဇာတ်နာအောင် ရေးထားမယ့် အိမ်တွင်းရေး ဇာတ်လမ်းကြီးတစ်ပုဒ် ဖြစ်တော့မှာပါ။ ဇာတ်လမ်းရဲ့ အဆုံးသတ်ကို ချရေးပြီးတဲ့နောက်မှာ သူ့ဇာတ်အိမ်မှာ ပါတဲ့ ဇာတ်ကောင်တွေရဲ့ မျက်နှာကို မြင်ဖူးလိုက်ချင်တယ် ဆိုတဲ့ အာသာတ ပေါ်လာတယ်။ ဒါနဲ့ သူဟာ နောက်ဘေး ဝင်းထရံကို ကျော်ခွ တက်ပြီး သူ့ဇာတ်ကောင်တွေရဲ့ အသွင်အပြင်ကို အကဲခတ်လေတော့တယ်။လှမ်းကြည့်လိုက်တဲ့ အချိန် မြင်လိုက်ရတာက Wheelchair နဲ့ မိန်းမကြီးတစ်ယောက်။ လေဖြတ်ထားလို့ ကိုယ်လက် မသန်မစွမ်းတော့တဲ့ ပုံစံနဲ့။ သူနဲ့ ခပ် မနီးမဝေးမှာတော့ မိန်းမငယ် တစ်ယောက် ထိုင်နေတယ်။မိန်းမကြီးနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ စားပွဲပေါ်က အစားအသောက်ကို မမီမကမ်းနဲ့ လှမ်းယူနေတဲ့ မိန်းမကြီးကို အမူအရာတွေ အားလုံးကို သေချာ ကြည့်နေမိတယ်။ ဒါပေမယ့် မသန်မစွမ်းနဲ့မို့ စားပွဲပေါ်က စားသောက်ပန်းကန်ကို ယူလို့ မရဘဲ အခက်တွေ့နေတဲ့ မိန်းမကြီးကို ကြည့်ပြီး ကျေနပ်ကြည်နူးနေတဲ့ မိန်းမငယ်ရဲ့ အမူအရာကိုလည်း သတိထားနေမိတယ်။ အခုလို မိန်းမကြီး ခိုကိုးရာမဲ့နေတာကို မိန်းမငယ်လေး သဘောကျနေတယ်ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။မမီမကမ်းနဲ့ လှမ်းအဆွဲမှာ ရုတ်တရက် ထိုင်ခုံပေါ်မှာ ပြုတ်ကျလေရဲ့။ အဲဒီတော့ မိန်းမကြီးက မိန်းမငယ်လေးကို ပတ်ပတ်စက်စက် ဆဲပါလေရော။အဲဒီ အဖြစ်အပျက်တွေ မြင်လိုက်ရတော့ ပုံပြောဆရာဟာ ချက်ချင်းပဲ တဲထဲ ပြေးဝင်ပြီး သူရဲ့ ဇာတ်လမ်းဇာတ်ကွက် အသွားအလာတွေကို ပြင်ဆင်ရပါတော့တယ်။ သူထင်ထားသလို ဇာတ်သိမ်းလို့မှ မရတော့ဘဲ။ သူ နဂိုက ထင်ထားတဲ့ အယူအဆတွေနဲ့ အတော်ကြီးကို ကွာခြားသွားပြီကိုး။ သူအနေနဲ့ တကယ်ကို စစ်မှန်တဲ့ ဇာတ်လမ်းတစ်ပုဒ် ရလိုက်သလိုပဲ သင်ခန်းစာတစ်ပုဒ်လည်း ရလိုက်ပါတယ်။
အကြောင်းအချက်တွေ အားလုံးကို သေချာ မသိသေးဘဲ အခြေအနေကို ကောက်ချက်မချလိုက်ပါနဲ့။တစ်ခါတလေမှာ ကျနော်တို့ အမှန်တရားနဲ့ ဘယ်လောက် ကွာဝေးနေသေးလဲ ဆိုတာ ခန့်မှန်းကြည့်လို့ မသိနိုင်ပါဘူး။