← Back to blog

အရှေ့သို့လားသော် (၃)

ခရီးသွားမှတ်တမ်း

ပြီးခဲ့ပို့စ် အပိုင်း (၂) မှာ လေးရောင်ခြယ် အဝေးပြေး လမ်းမကြီးအကြောင်း ရှင်းပြခဲ့ပေမယ့် အနက်ရောင်ကုန်စည်ကို ကျနော် မပြောဘဲ တမင် ချန်ထားခဲ့တယ်။ အဲဒီ အနက်ရောင် ကုန်စည်ဟာ ဘာလဲ ဆိုတာ ကျနော့်ကို မေးတုန်းကလည်း ကျနော် မဖြေနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျနော်လည်း လက်စားချေတဲ့အနေနဲ့ ပြန်မေးကြည့်တာ ;P ။ အစိမ်းရောင်က ကျောက်စိမ်းကို ကိုယ်စားပြုတယ်။ အဝါရောင်က ရွှေကို ကိုယ်စားပြုတယ်။ အဖြူရောင်က ဘိန်းဖြူကို ကိုယ်စားပြုပြီး အနက်ရောက်ကတော့ တရားမဝင် ကုန်စည်တစ်ခုကို ကိုယ်စားပြုနေပြန်တယ်။ အဲဒီ ပစ္စည်းက မြန်မာနိုင်ငံအနေနဲ့ သွင်းခွင့် မပြုတဲ့အပြင် အများပြည်သူတွေ အနေနဲ့လည်း သုံးစွဲခွင့် မပြုပြန်ဘူး။ ဒါပေမယ့် အစိုးရအနေနဲ့ လူတန်းစားတစ်ရပ်ကို တရားဝင် ခွင့်ပြုထားပြန်တယ်။ အဖြူရောင် ဘိန်းဖြူဆိုရင် ဘယ်သို့သော သူကိုမှ တရားဝင် ခွင့်မပြုပေမယ့် အနက်ရောင်ကုန်ကိုတော့ အစိုးရ အဖွဲ့အစည်း တချို့ကို သုံးစွဲခွင့် ပြုထားပြန်တယ်။ ကဲ … ဒီလောက်ဆို သဲလွန်စ ရလောက်ရောပေါ့။ လက်နက် ခဲ ယမ်း မီးကျောက်ပါ။ ယမ်းအရောင်ကို မူတည်ပြီး အနက်ရောင် ကုန်စည်လို့ အရောင်တပ်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်က လက်နက်တွေ သွင်းပါ့မလားလို့ မေးချင်စရာ ဖြစ်လာပါတယ်။တရုတ်နိုင်ငံ မန်ချူးဘုရင် အာဏာစက် ယုတ်လျော့စဉ်ကတည်းက ယူနန်ပြည်နယ်မှာ လက်နက်ထုတ်တဲ့ ရွာတစ်ရွာ ရှိခဲ့ဖူးတယ်။ တစ်ရွာလုံးမှာ ရှိတဲ့ ယောကျ်ားတိုင်းက ယမ်းကို ကောင်းကောင်း ကိုင်တွယ်တတ်ပြီး လက်နက်တွေ ကိုယ်တိုင် လုပ်တတ်ကြတယ်။ ရွာက ထုတ်တဲ့ လက်နက်တွေ ဖြစ်တာကြောင့် ဈေးပေါတယ်။ ဒီတော့ ရွာနီးစပ်တွေက ကျူးကျော်သူတွေကို တော်လှန်ဖို့အတွက် လက်နက်တွေ ဝယ်ကြတယ်။ ကွန်မြူနစ် အစိုးရ တက်တဲ့ အချိန်အထိ ဆိုပါတော့။ ကွန်မြူနစ် အစိုးရ အာဏာရလာတဲ့ အခါမှာ ကူမင်တန် တပ်တွေ ခွေးပြေးဝက်ပြေး ပြေးရတော့ စစ်ကြောင်းတစ်ခုက ယူနန်ပြည်နယ်ကို တပ်ဆွဲပါတယ်။ ကွန်မြူနစ်တပ်ရဲ့ အတင်း ထိုးဖောက် တိုက်ခိုက်တာကြောင့် ကူမင်တန်တပ်တွေ ကျနော်တို့ မြန်မာနိုင်ငံ နယ်နိမိတ်ကို ကျော်ပြီးတော့ကို ဝင်ရောက် ကျူးကျော်ခဲ့ဖူးတယ်။ နောက်ဆုံး မြန်မာတပ်နဲ့ တရုတ် ကွန်မြူနစ်တပ်ရဲ့ ညှပ်ပူးသတ် တိုက်ခိုက်မှုဒဏ်ကို မခံနိုင်တဲ့အဆုံး ရွှေတြိဂံနယ်မြေမှာ ရှိတဲ့ တပ်ကအပ အားလုံး လက်နက်ချ အရှုံးပေးခဲ့ရတယ်။ အဲဒီလို ကွန်မြူနစ်တွေနဲ့ တိုက်ခိုက်နေတဲ့ ကာလတလျှောက်လုံး အဓိက လက်နက်ထောက်ပံ့နေတဲ့ နေရာက ခုနကျနော် ပြောတဲ့ ရွာပဲဖြစ်တယ်။ ဒါကြောင့် မော်စီတုန်း ကွန်မြူနစ်အစိုးရက ရန်သူတွေကို အမြစ်ပြတ်အောင် ဆိုပြီး ခုနက တစ်ရွာလုံးမှာ ရှိတဲ့ ယောကျ်ားသား မှန်သမျှကို အကုန် သတ်ပစ်ခဲ့တယ်။ အဲဒီမှလည်း ယူနန်မှာ လက်နက်ကိုင်အဖွဲ့ အတော်လေး လျှော့ပါးသွားတယ်။

အဲဒီ အချိန်ကတည်းက မြန်မာနိုင်ငံကို သောင်းကျန်းသူတွေ အတွက် လက်နက်တွေ သွင်းတဲ့အခါမှာ ဒီ ယူနန် အဝေးပြေးလမ်းမကိုပဲ သုံးခဲ့တယ်။ အခုနောက်ပိုင်း တရုတ်ပြည်ထောင်စု ပြန်လည်ထူထောင်ပြီး အေးချမ်းနေတဲ့ အချိန်၊ မြန်မာနိုင်ငံ စစ်အစိုးရ လက်ထပ်မှာလည်း ခေတ်မီလက်နက်တွေကို တရုတ်အစိုးရဆီက ဝယ်ရင်လည်း ဒီလမ်းအတိုင်းပဲ ကုန်းလမ်းက ဆင်းတယ်လို့ ပြောကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ လက်နက်တင်သွင်းမှု နည်းသထက် နည်းလာတာကြောင့် ခေတ်သစ်အမြင်နဲ့ အနက်ရောင်ကို လက်ဘက်ခြောက်လို့ ပြောင်းပြောတဲ့သူလည်း ရှိလာပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံဟာ လက်ဘက်ခြောက် ရှယ်ထွက်တဲ့ နိုင်ငံတစ်နိုင်ငံပဲ မဟုတ်ပါလား။ကျနော့်အနေနဲ့ ဆက်ပြီး ခရီးဆက်ရမယ့် မြို့က နန်လင်မြို့ပဲ ဖြစ်တယ်။ ကွမ်ရှီးပြည်နယ်ရဲ့ မြို့တော်ပါ။ ယူနန်ပြည်နယ်နဲ့ အရှေ့ဘက် ကပ်လျက်မှာ ရှိတယ်။ နန်လင်မြို့ အကြောင်း မပြောခင်မှာ လေယာဉ်လက်မှတ် ဝယ်တဲ့အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ်။ ကျနော်တို့ ကူမင်းရောက်တဲ့ ညမှာပဲ နောက်ခရီးစဉ်တွေအတွက် လက်မှတ် ဝယ်ရတော့တယ်။ ကူမင်းမြို့မှာကိုပဲ Ticketing Agency တွေက ပေါမှပေါပဲ။ မနက်ဖြန် မနက် စီးမယ့် လေယာဉ်လက်မှတ်ကို အခုမှ သွားဝယ်တော့ သေချာတယ် လျှော့ဈေး ဘယ်ရတော့မလဲ။ နဂို ပြဌာန်းထားတဲ့ ဈေးအတိုင်းပဲ ဝယ်ရတယ်။ ဈေးနှုန်း သက်မှတ်တဲ့ နေရာမှာလည်း စိတ်ဝင်စားစရာ တစ်ခု ရှိတယ်။ မြို့တစ်မြို့ကနေ တစ်မြို့ သွားဖို့ ရွေးစရာ လမ်းသုံးလမ်း ရှိမယ် ဆိုကြပါစို့။ ကားနဲ့ သွားမလား။ ရထားစီးမလား။ လေယာဉ်စီးမလားပေါ့။ ကားစီးလို့ တစ်ဆယ်ကျမယ် ဆိုရင် ရထားလက်မှတ်ခက (၁၅) ကျပ်နဲ့ (၂၀) ကျပ် ကြား ရှိမှာ သေချာတယ်။ လေယာဉ်လက်မှတ်ခကတော့ (၃၀) ကျပ်လောက် ပေးရမယ်။ လေယာဉ် လက်မှတ်ကို ၂ ပတ်နဲ့ အထက် ကြိုမှာလို့ ရှိရင် (၂၀) နဲ့ (၂၅) ကျပ်ကြား ရနိုင်တာမို့ ရထားခလောက်ပဲ ကျန်တော့တယ်။ ဒါ သူတို့ရဲ့ ယေဘုယျ သက်မှတ်ချက်လို့ ကျနော် လေ့လာမိပါတယ်။နောက်တစ်ခုက တရုတ်နိုင်ငံ အနေနဲ့ ကားလက်မှတ်၊ ရထားလက်မှတ်၊ လေယာဉ်လက်မှတ်တွေ အပေါ်မှာ မဖြုန်းတော့တာ တွေ့ရတယ်။ အဝေးပြေး ကားလက်မှတ်တွေဆို မြန်မာနိုင်ငံက အဓိပတိဘတ်စ်ကား လက်မှတ်သာသာ ရှိတဲ့ စက္ကူတွေကိုပဲ သုံးတော့တယ်။ ရထားလက်မှတ် ဆိုလည်း ထို့အတူပဲ။ လေယာဉ်လက်မှတ်တွေတောင် A4 စက္ကူ အလတ်စားကို လေးပိုင်းပိုင်းပြီး လက်မှတ်လုပ်တယ်။ အခုဆို သူတို့ရဲ့ လက်မှတ်ကို E Ticket လို့ ခေါ်တယ်။ စက္ကူပေါ်မှာ သွားမယ့်သူရဲ့ သတင်းအချက်အလက်ပါမယ်။ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ပါမယ်။ ဒါပဲ။ မြန်မာနိုင်ငံလို Art Card နဲ့ Carbon paper တွေ သုံးပြီး မဖြုန်းတော့ဘူး။ မြန်မာနိုင်ငံရဲ့ လေယာဉ်လက်မှတ် အရင်းက (၁၀၀) ကျပ် ကျမယ်ဆိုရင် သူတို့ရဲ့ လက်မှတ် အရင်းက (၁) ကျပ်လောက်ပဲ ကျတော့မယ် ထင်တယ်။ တစ်နေ့တစ်နေ့ သန်းနဲ့ ချီပြီး လက်မှတ်တွေ ရောင်းနေရတော့ တစ်စောင်ကို ၉၉ ကျပ် သက်သာရင် သန်းနဲ့ ချီတဲ့ လက်မှတ်ဖိုးအတွက် တွက်သာကြည့်ပေတော့။ ၂၀၀၈ ခုနစ် သြဂုတ်လ ကစပြီး တရုတ်အစိုးရက E Ticket ကို စပြီး အသုံးပြုစေတယ်။ ဒီတော့ အွန်လိုင်းကနေ လက်မှတ်ဝယ်လို့ရတော့ ဘာစာရွက်စာတမ်းမှ မလိုဘဲ ETicket No နဲ့တင် Boarding Pass ထုတ်လို့ ရနေပါပြီ။ ဒါဆို အရင်းက တစ်ကျပ်တောင် မရှိတော့ဘူးပေါ့။ကွမ်ရှီးပြည်နယ်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုပါ။ သီးခြားယဉ်ကျေးမှုနဲ့ လူမျိုးစုတွေ နေထိုင်တဲ့ ပြည်နယ်မို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးထားတယ် ထင်ပါ့။ အဲဒီ ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစု အများစုက ခမာနွယ်ဝင်တွေ ဖြစ်မယ်။ ဗီယက်နမ်နိုင်ငံရဲ့ တံခါးဖွင့် စီးပွားရေးစနစ်ကို အများဆုံး လက်တွေ့ အကျိုးခံစားရတဲ့ အိမ်နီးချင်းကို ပြပါဆိုရင် တရုတ်ပြည်ရဲ့ ကွမ်ရှီးပြည်နယ်ကို လက်ညိုးထိုးရတော့မှာပဲ။ အရင် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သွားနေတဲ့ ပြည်နယ် စီးပွားရေး အခြေအနေဟာ ဗီယက်နမ်ရဲ့ တံခါးဖွင့် ကြိုဆိုမှုကြောင့် တရုတ်ကုန်စည်တွေ ဒလဟော စီးဆင်းတဲ့ ရေစီးကြောင့် အင်မတန်မှ ခေါင်းထောင်လာတယ်။ အခုဆိုရင် စီးပွားရေး တိုးတက်မှုဟာ ယူနန်ပြည်နယ်ကို ကျော်တက်ပြီး အာဆီယံရဲ့ ဂိတ်ဝအဖြစ် ဖော်ဆောင်နိုင်တာ တွေ့ရတယ်။ မြန်မာ၊ လာအို နဲ့ ထိုင်းနိုင်ငံ စတဲ့ နိုင်ငံသုံးခုနဲ့ ထိဆက်နေတဲ့ ယူနန်ပြည်နယ်ကို ကျော်တက်ပြီး အာဆီယံရဲ့ ဂိတ်ဝသဖွယ် ရပ်တည်နိုင်တဲ့ ကွမ်ရှီး ပြည်နယ်ကို ချီးကျူးရမှာပါ။ ဒါ ဗီယက်နမ်ရဲ့ တိုးတက်မှု ရေစီးကြောင်းကို ပါးနပ်စွာ အသုံးချတတ်တဲ့ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ အရည်အချင်းလို့လည်း ဆိုနိုင်ပါတယ်။ မြို့ကြီးပြကြီး အဆင့်ကို မြှင့်တင်ဖို့ ကြိုးစားတာ ၅ နှစ်ကျော်ပဲ ရှိသေးတယ် ဆိုတော့ မြို့ပြ အနေအထားအရ နန်လင်မြို့ဟာ ကူမင်းမြို့ကို မမီသေးတာတော့ အမှန်ပါ။ လေယာဉ်ကွင်းကနေ မြို့ပြနေရာကို ရောက်ဖို့ အတွက် ကီလိုမီတာ (၂၀) ကွာဝေးပါတယ်။ အထပ်မြင့်တိုက်တွေ ကျို့တို့ကျဲတဲပဲ ရှိသေးတယ်။ Construction Sites ဆောက်လုပ်ဆဲ မြေနေရာတွေ နေရာအတော်များများမှာ တွေ့ရတယ်။ ကျနော် နန်လင်မြို့ကို ရောက်တဲ့ အချိန်က တရုတ်အာဆီယံ ကုန်စည်ပြပွဲ ကျင်းပဖို့ တစ်ပတ်ပဲ လိုတော့တာဆိုတော့ မြို့အနှံ့ အလှအပတွေနဲ့ ပြင်ဆင်ထားတာ တွေ့ရတယ်။ နေရာတကာမှာ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေ မြင်နေရတယ်။ ကျနော် နန်လင်မြို့ကို ပထမဆုံး ရောက်ဖူးခြင်းပါ။ နောက်ပြီး ကျနော် နန်လင်ကို မနက်ရောက်ပြီး ညနေပဲ လေယာဉ်နဲ့ ကွမ်ကျိုး (GuangZhou) မြို့ကို ထွက်ခွာရပါတယ်။ ကျနော် မြို့ထဲမှာ နေရတဲ့ အချိန်က စုစုပေါင်းမှ လေးနာရီ မပြည့်တာကြောင့် နန်လင်အကြောင်း များများစားစား မသိခဲ့ရပါဘူး။ တိုက် ခပ်ကျဲကျဲနဲ့ တည်ဆောက်ဆဲ မြို့တစ်မြို့ လို့ပဲ မှတ်ချက် ချနိုင်လိုက်ပါတယ်။(ဆက်ရန်)

Leave a comment

Your email address will not be published. Required fields are marked *