
ကိုးသောင်းပုထိုးတော်ကြီးက မြောက်ဦးနန်းတော်ရဲ့ အရှေ့ဘက် တစ်မိုင်ခွဲလောက်အကွာ ရွာဟောင်းတောသွားလမ်းအနီးမှာ တည်ရှိတယ်။ သျှစ်သောင်းပုထိုးတော်ကြီးကို တည်ခဲ့တဲ့ ဒါယကာ မင်းဗာဘုရင်ရဲ့ သားတော်ကြီး မင်းတိက္ခာခေါ် မင်းဒီဃာ နဲ့ မိဖုရားစောသန္တာဒေဝီတို့က ကောဇာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃) မှာ ဘုရားဆူရေ ကိုးသောင်းကိုဌာပနာပြီး တည်ထားခဲ့တာပါ။ မင်းတိက္ခာဟာ ဘုရားမတည်၊ ဗုဒ္ဓမကူ မလုပ်ခဲ့ရင် ခြောက်လအတွင်း သေ (နတ်ရွာစံ) မယ်လို့ ပုဏ္ဏားတွေက ဟောတော့ ဒီဘုရားကိုတည်ပြီး နန်းသက်သုံးနှစ်အထိ ရှည်ခဲ့တယ်လို့ ယုံကြည်ကြတယ်။

အနောက်ဘက်မျက်နှာရဲ့ အောက်ခြေက ပေ ၂၅၀ လောက်ရှိတယ်။ တောင်ဘက်နဲ့မြောက်ဘက် အောက်ခြေက ပေ ၂၃၀ ရှိတယ်။ အရှေ့ဘက်မျက်နှာရဲ့ အောက်ခြေက ၇၇ ပေ ရှိတယ်။ အောက်ခြေ ဖိနပ်တော်ကနေ ၅ ပေအမြင့်ကို သွပ်မိုးထားပြီး အပေါ်ပိုင်းကို လှေကားထစ်ပုံစံမျိုး ပစ္စယံငါးဆင့် လုပ်ထားတယ်။ အဲဒီနံရံတွေကို ၃ ပေ ၈ လက်မ အရွယ်ရှိတဲ့ အုတ်တွေနဲ့ ပြုလုပ်ထားတယ်။


ပထမရင်ပြင်ရဲ့ အနောက်ဘက်အလယ်တည့်တည့်မှာ ပင်မရင်ပြင်တော်ကို တက်ဖို့ လှေကားရှိတယ်။ ရင်ပြင်တော်ရဲ့အလယ်မှာ လုံးပိတ်ထူပါရုံစေတီတော်တစ်ဆူနဲ့ လေးမြို့ခေတ် ဘုရားတစ်ဆူကို တွေ့ရတယ်။

ပင်မရင်ပြင်ရဲ့ ဝဲယာတစ်ဖက်တစ်ချက်စီမှာ ဒုတိယလိုဏ်ထပ် (အထက်လိုဏ်)ဆီ ဝင်ဖို့ မုခ်တံခါးပေါက်တွေ ရှိတယ်။ ပုထိုးတော်ရဲ့ ပထမလိုဏ်အထပ် (အောက်လိုဏ်အထပ်) အရှေ့မြောက်ထောင့်လိုဏ်ခန်းရဲ့ နံရံပေါ်မှာ ၉ လက်မလောက်ရှိတဲ့ ကျောက်ထွင်းရုပ်ကြွဘုရားတွေကို ခန်းလုံးပြည့် ကိုးနဝင်းကျေအနေနဲ့ တည်ထားတာကို တွေ့ရတယ်။


အနောက်ဘက်နံရံနဲ့ကပ်ပြီး ပလ္လင်နှစ်ခုပေါ်မှာ ၃ ပေခွဲ ရှိတဲ့ ဆင်းတုတော်တစ်ဆူကို နံရံကပ်ပြီး တည်ထားတယ်။ ဒုတိယလိုဏ်အထပ် (အထက်လိုဏ်)ရဲ့ အထက်ပိုင်းနံရံတလျှောက်လုံးမှာ လှေကားထစ်ပုံစံ ပစ္စယံအဆင့် သုံးဆင့်လုပ်ပြီး ကျောက်ဆင်းတုတော်တွေ စီတန်းပြီးတည်ထားတယ်။ မုခ်တံခါးပေါက်ကဝင်သွားရင် ဒုတိယလိုဏ်ထပ် (အထက်လိုဏ်)ရဲ့နံရံမှာ တံခါးမှူးအဖြစ်နဲ့ ဒွါရပါလရုပ်ကို တံခါးပေါက်ဝဲယာမှာ ထုဆစ်ထားတယ်။
