- စာအုပ် – ဂုဂျိယဖ်နိဒါန်း
- ရေးသူ – ဇေ
- ထုတ်ဝေသူ – သစ်ခက်အလင်းစာပေ
- ၂၀၁၈ ခု ဇွန်လ၊ ပထမအကြိမ်
- စာမျက်နှာ – ၁၈၉
- တန်ဖိုး – ၃၀၀၀
ဂုဂျိယဖ် Gurdjieff (၁၈၇၇-၁၉၄၉)
ခရစ်ယာန်ဘာသာထဲကို စရဏလို့ ခေါ်တဲ့ အကျင့်တွေ၊ ဒါမှမဟုတ် ကျင့်စဉ်တွေ ထည့်ထပ်ပြီး ဥရောပနဲ့ အမေရိကားမှာ သာသနာပြုခဲ့တဲ့ နာမည်ကျော် ပုဂ္ဂိုလ်ကြီး။ ဘယ်လို ကျင့်စဉ်တွေ ထပ်ထည့်သလဲ ဆိုတော့ ဥရောပမှာ ရှေးရှေး အမှောင်ခေတ်က ခေတ်စားခဲ့တဲ့ ဂမ္ဘီရကျင့်စဉ်တွေ၊ အရှေ့အလယ်ပိုင်းမှာ တွင်ကျယ်တဲ့ ဆူဖီကျင့်စဉ်တွေ (ဒါက အစ္စလာမ်ဘာသာဝင်တွေဆီကနေ သင်ယူထားခဲ့တာ)၊ အိန္ဒိယက ဂန္ဓာရီကျင့်စဉ်တွေ၊ နောက်ပြီး တိဘက်နဲ့ အိန္ဒိယမြောက်ပိုင်းက ရလာတဲ့ ဇင်ကျင့်စဉ်နဲ့ တန္တရကျင့်စဉ်တွေ။ စတဲ့ ကျင့်စဉ်တွေကို သူ သဘောကျသလို ကောင်းနိုးရာရာတွေ ထုတ်နုတ်စုစည်းပြီး သူက သူ့တပည့်တွေကို သင်ကြား ပြသပေးတယ်။ သူကိုယ်တိုင်ကလည်း နှစ်ပေါင်း နှစ်ဆယ်လောက် တိဘက်၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကမြောက်ပိုင်းနဲ့၊ တောင်ဥရောပတွေကို လှည့်လည်သွားလာရင်း ပညာတွေ ဆည်းပူးခဲ့တာ။ နောက်တော့ ဘာသာကြီးလေးခုကို ရောသမမွှေထားတဲ့ ဘာသာရေး ဂိုဏ်းဆရာကြီး ဖြစ်လာတော့တာပေါ့။
အခု ဒီစာအုပ်က ဂုဂျိယဖ်ရဲ့ အကြောင်းနဲ့ သူ့ရဲ့ အမြင်၊ သူ့ရဲ့ ကျင့်စဉ်ကို အမြည်းသဘော နိဒါန်းပျိုးထားရုံပဲ ရှိတာ။ ဒါကြောင့် စာအုပ်နာမည်က ဂုဂျိယဖ်နိဒါန်းတဲ့။ စာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာတချို့က ဘာသာရပ် ဆိုင်ရာအရ နက်နဲလို့ အနည်းအကျဉ်း ဖတ်ရခက်နိုင်ပေမယ့် ကျမ်းပြုသူရဲ့ မြန်မာစာစွမ်းရည်ကတော့ လုံးဝ အပြစ်ပြောစရာ မရှိဘူး။ ပြောချင်တာက စကားပြေချောတယ်။ ဖတ်ရလွယ်တယ်။ တင်ပြပုံ ရိုးရှင်းလို့ လွယ်လွယ်နဲ့ နားလည်နိုင်တယ်။
ဂုဂျိယဖ်က သူ့အကြောင်း၊ သူ့ကျင့်စဉ်နဲ့ ပတ်သက်လို့ စာအုပ်တွဲကြီး သုံးတွဲ ရေးသွားတယ်။ ပြောရရင်တော့ သူ့ရဲ့ bible ပဲပေါ့။ သူ့ရဲ့ ပိဋကတ်ပဲပေါ့။ ကျမ်းပြုသူ ဇေက အဲဒီ စာအုပ်တွေ အကြောင်းကိုလည်း အမြည်းသဘောမျိုး တင်ပြပေးထားတယ်။ အဲဒီလို ကျမ်းမျိုးတွေမှာ terminology ပညာရပ်ဝေါဟာရတွေက သိပ်ကို အရေးကြီးတယ်။ ဂုဂျိယဖ်ကလည်း သူ့ကျမ်းထဲမှာ ဝေါဟာရ အဆန်းတွေ အများကြီး တီထွင်ပြီး သုံးသွားခဲ့တယ်။ ဒါကြောင့် သူ့ကျမ်းစာအုပ်တွေကို ဖတ်မယ် ဆိုရင် အဲဒီဝေါဟာရတွေကို အရင်ဆုံး ဖမ်းဆုပ်နိုင်မှ အဆင်ပြေလိမ့်မယ်။ ကျမ်းပြုသူ ဆရာဇေရဲ့ ဥပမာလေးတစ်ခုကို ဖတ်ကြည့်ကြည့်ပါဦး။
ဂုဂျိယဖ်ရဲ့ ကျမ်း “Beelzebub’s Tales to His Grandson” မှာ စကြဝဠာရဲ့ ဖန်ဆင်းရှင်ကို အနန္တရဓမ္မ (Endlessness) ဆိုတဲ့ အသုံးကို သုံးထားတယ်။ ဒီအနန္တရဓမ္မဆိုတာ ဘုရားသခင်ကိုလည်း ဆိုလိုသလို၊ ပရမတ္ထဓမ္မကိုလည်း ဆိုလိုတယ်။ ဖြစ်တည်မှု “Being”နဲ့ ဖြစ်တည်မှုရဲ့ အလွန် “ Beyond the Being” နှစ်ခုစလုံးကို ပေါင်းခြုံထားတဲ့ ဝေါဟာရပဲ။
ဂုဂျိယဖ်ရဲ့ ဝေါဟာရတွေကို မိမိနားလည်ယူတဲ့အခါ ပြဿနာ တစ်ရပ်ရှိတယ်။ အဲဒါက တချို့ဝေါဟာရတွေဟာ အရပ်သုံး၊ သမားရိုးကျ အဓိပ္ပာယ်နဲ့ ဖွင့်ဆိုရင် တက်တက်စင်အောင် ကွဲလွဲသွားနိုင်တာတွေ ရှိလို့။ ဥပမာ ဒီမှာသုံးတဲ့ အနန္တရဓမ္မ “Endlessness” ဆိုပါစို့။ အဆုံး မဲ့အနန္တလို့ ဆိုပေမယ့် ဂုဂျိယဖ် ဆိုလိုတဲ့ “အနန္တ” ဟာ အဆုံးရှိတယ်။ ကန့်သတ်ချက်ရှိတယ်။ အတိုင်းအတာ ဘောင်ရှိတယ်။ လစ်မစ်ရှိတယ်။ “အနန္တဟာ အတိုင်းအတာရှိတယ်” လို့ဆိုရင် ကြားကြားချင်းမှာ ဂေါက်တယ် ထင်စရာပဲ။ ပုံမှန် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအရ ဝိရောဓိရှိသွားနိုင်တာပဲ။ ဒါပေမယ့် နားလည်လွယ်အောင် ရှင်းရရင် ခေတ်သစ်သင်္ချာသဘောမှာ ပါတဲ့ အခြေခံ အစုသီဝရီဆီ သွားရလိမ့်မယ်။
ကောင်းကင်မှာ ကြယ်တွေ အနန္တရှိတယ် ဆိုပါစို့။ ဒါပေမယ့် ကြယ်များအားလုံးရဲ့အစုလို့ ပြောရင် ဘောင်ကန့်သတ်ပြီးသား ဖြစ်သွားရော။ အလားတူ လောကမှာ သက်ရှိသတ္တဝါ အနန္တရှိတယ်ဆိုပါစို့။ ဒါပေမယ့် သက်ရှိသတ္တဝါအားလုံးရဲ့ အစုလို့ ပြောရင် အတိုင်းအတာ ကန့် သတ်ပြီးသား ဖြစ်သွားတယ်။ ကြယ်များအားလုံး အစုကို A လို့ ယူပြီး သက်ရှိသတ္တဝါများအားလုံး အစုကို B လို့ ယူကြမယ်ဆိုပါစို့။ ကြယ်တွေလည်း အနန္တရှိသလို သက်ရှိသတ္တဝါတွေလည်း အနန္တရှိကြတယ်ဆိုရင် A ရော B ရော ဒီအစုနှစ်ခုစလုံးဟာ အနန္တဖြစ်ခြင်းသဘောမှာ တူညီတယ်။ ဒါပေမယ့် ကြယ်ဟာ သက်ရှိသတ္တဝါအစုထဲက မဟုတ်ဘူး။ သက်ရှိသတ္တဝါဟာလည်း ကြယ်အုပ်စုထဲမှာ မပါဘူး။ အနန္တရှိကြတဲ့ ဒီအုပ်စုနှစ်စုဟာ သူ့အုပ်စုနဲ့သူ အကန့်အသတ်ရှိနေပြီးသား၊ ရောယှက် မရတဲ့ လက္ခဏာရှိနေပြီးသား။ တစ်နည်းပြောရင် သူတို့ အနန္တနှစ်ခုဟာ အကန့်အသတ်ရှိပြီးသား။
နောက် ဥပမာတစ်ခုပေးရင်- သမုဒ္ဒရာရေပြင်မှာ ရှိတဲ့ ရေမှုန် ရေမွှားပမာဏဟာ အနန္တဖြစ်တယ် ဆိုပါစို့။ အလားတူ ရေတစ်ကန်မှာ ရှိတဲ့ ရေမှုန်ရေမွှား ပမာဏဟာလည်း အနန္တဖြစ်တယ်ဆိုပါစို့။ သူတို့နှစ်ခုဟာ ရေမှုန်ရေမွှား အရေအတွက်ပမာဏ အနန္တတည်ရှိနေခြင်း သဘောမှာ တူညီတယ်။ ဒါပေမယ့် သမုဒ္ဒရာနဲ့ ရေကန်ထုထည်အတိုင်းအဆပမာဏ သဘောမှာ ကွဲလွဲပြန်တယ်။ အကန့်အသတ် တည်ရှိနေပြန်တယ်။ ဒါဟာ သေသပ်တဲ့ ဥပမာတော့ မဟုတ်ဘူး။ နားလည်လွယ်အောင် ပြောရတဲ့ ပမာစကားရပ်သာ ဖြစ်ပါတယ်။ ဒီသဘောဟာ ခေတ်သစ်သင်္ချာသမိုင်း မှာ ဒေးဗစ်ဟီးလ်ဗတ် (David Hilbert)၊ ဂျော့ကင်တာ (Georg Cantor) တို့ကို သင်္ချာပညာရှင်ကြီးတွေကို ခြောက်ခြားစေခဲ့တဲ့ “အနန္တမှာ အတိုင်း အတာရှိခြင်းသဘော” ပြဿနာအခြေခံပဲ။
နှာ – ၈၁၊ ၈၂။
ကျမ်းပြုသူ ဆရာဇေက မြန်မာတွေ နားလည်လွယ်အောင် ဆိုပြီး မြန်မာတွေ နားယဉ်ပြီးသား၊ မျက်စိယဉ်ပြီးသား ဖြစ်တဲ့ ပါဠိဝေါဟာရတွေကို ဖောဖောသီသီ ထည့်သုံးထားတယ်။ နောက်ပြီး ဂုဂျိယဖ်ကိုယ်နှိုက်ကလည်း ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတချို့ — အထူးသဖြင့် အနိစ္စ၊ ဒုက္ခနဲ့ ပတ်သတ်တဲ့ သဘောတရားတွေနဲ့ စိတ်၊ စေတသိက်တွေရဲ့ အလုပ်လုပ်ပုံကို သူ့တရားထဲမှာ ထည့်သုံးထားတော့ ကမ္မဋ္ဌာန်းပိုင်းကို ဖတ်ရတဲ့ အခါမှာ ဗုဒ္ဓဘာသာရဲ့ ကျင့်စဉ်တစ်ခုကို ဖတ်နေရသလို ခံစားနေရတယ်။ အထူးသဖြင့် ဇင်ဗုဒ္ဓဘာသာရဲ့ ဘာဝနာပိုင်းကို ဂုဂျိယဖ်ကိုယ်တိုင် အတော်လေး လေ့လာထားခဲ့ပုံ ရတယ်။ အောက်မှာ ဖော်ပြထားတဲ့ စာတွေကို ဖတ်ကြည့်ကြည့်ပါ။
ဒီအကျင့်ဟောင်းတွေက ကိုယ့်အမြင်ကို ဖုံးပြီးသား၊ ကိုယ်မြင်ခဲ့တဲ့ အမြင်ဟောင်းတွေဟာ ကိုယ့်ခံစားမှုအာရုံကို နောက်ကျိအောင် ပြုထားပြီးသား။ ဒီအကျင့်ဟောင်းတွေရဲ့ ကြိုးဆွဲရာကိုသာ ကျုပ်တို့ “က” နေကြရတယ်။ ဒီ့အတွက် ကျုပ်တို့ဟာ ကျုပ်တို့ ဘယ်လိုခံစားမယ်၊ ဘယ်လို နားလည်မယ်ဆိုတာကို ကိုယ့်ဟာကိုယ် မရွေးချယ်နိုင်ဘူး ဖြစ်ကြရတယ်။ ဒီနေ့ ကျုပ်ဆိုရင်၊ နောက်တစ်နေ့မှာ ကျုပ်ဟာ နောက်တစ်ယောက် ဖြစ်သွားရော။ ဒါကို ကျုပ်တို့ဟာ ကျုပ်တို့ မထိန်းကျောင်းနိုင်ဘူး။ ဒါ့ကြောင့် “Man is Machine“ လူဟာ ယန္တရားပဲဆိုတဲ့ ဂုဂျိယဖ်ရဲ့ နာမည်ကျော်စကားက အဲဒါကို ဆိုလိုတာ ဖြစ်တယ်။
ကျုပ်တို့ အခုခံစားနေရတာဟာ ပြင်ပရဲ့ ခြယ်လှယ်မှုတွေ ပါတယ်။ ပတ်ဝန်းကျင်ဖိအားတွေ ပါတယ်။ ရှေ့က မိမိရဲ့ အကျင့်ဟောင်းတွေ ပါတယ်။ သူတို့ လမ်းဖော်ပေးတဲ့အတိုင်း အခုကျုပ်တို့ ပြုမူရတယ်။ ကျုပ်တို့ ခံစားရတယ်။ ဒါ့ကြောင့် ကျုပ်တို့ဟာ စက်တွေ ဖြစ်တယ်။ ယန္တရားတွေသာ ဖြစ်တယ်။
ဒါ့ကြောင့် ကျုပ်တို့သင်ကြားခဲ့ရတဲ့ လူ့အဖွဲ့အစည်းအတွင်း အသုံးခံပညာရေးကို အဆိပ်ခတ်ခံပညာရေးလို့ ဆိုလိုတာ။ အမိအဘတွေ၊ ဆရာတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေဆီက မိတ္တူဆွဲလာတဲ့ အယူအဆတွေ၊ ပြီးတော့ အဲဒီကနေ တစ်ဆင့်ထွက်လာတဲ့ အကျင့်တွေအတိုင်းသာ ကျုပ်တို့စဉ်းစားကြတာ။ ဒါ့ကြောင့် ကျုပ်တို့မှာ တာဝန်ယူမှုနဲ့ လွတ်လပ်မှုတွေ ရှားပါးကုန်တော့တာပဲ။ ကျုပ်တို့ဟာ ကျုပ်တို့လုပ်သမျှတွေကို ကိုယ့်ရဲ့ အပြုအမူပဲ၊ ကိုယ့်အလုပ်ပဲ Action လို့ ထင်နေတာ။ တကယ်က ကျုပ်တို့ဟာ တန်ပြန်နေတာ၊ ပြန်ခံနေတာ သက်သက်။ Re-action တွေသက်သက်။
ဒါ့ကြောင့် ပုံမှန်အနေအထားမှာ ကျုပ်တို့ဟာ တွေးနေတာမဟုတ်ဘူး။ မတွေးနိုင်ဘူး။ ကျုပ်တို့ အတွေးလို့ ထင်တာတွေဟာ ကိုယ့်အထဲက လာတာ မဟုတ်ဘူး။ ပတ်ဝန်းကျင် အဲဒီအကြောင်းခံတွေဆီက လာတာ။ ဒါ့ကြောင့် ကျုပ်တို့ဟာ စက်တွေပါလို့ ပြောရတာပဲ။ ဒီအခြေအနေကို ဖောက်ထွက်ပြီး မိမိကိုယ်ကိုယ် စင်စစ် သိမြင်လာမှသာ တကယ့် အတွေးဖြစ်လာမှာ။ တကယ့်အလုပ်ဖြစ်လာမှာ။ ဆိုလိုတာက- ဓမ္မကို၊ မိမိအသိ၊ သတိကို မိမိမြင်လာမှသာ တကယ့်အမြင် ဖြစ်လာမှာ။ မိမိကိုယ် မိမိ သိမြင်လာမှသာ တကယ့်အလုပ် ဖြစ်လာမှာ။ ဒါ မရှိသရွေ့ ကာလပတ်လုံးဟာ ကိုယ်မြင်တယ်၊ ကိုယ်လုပ်တယ်လို့ ထင်တဲ့ ထင်ယောင် ထင်မှားတွေချည်းပဲ။ မာယာတွေချည်းပဲ။
ကျုပ်တို့ ပတ်ဝန်းကျင်မှာက မိမိကိုယ်မိမိ မမြင်နိုင်စေအောင် ဆွဲခေါ်နေကြတဲ့ အရာတွေ အပြည့်ရှိတယ်။ သတင်းစာ၊ ရေဒီယို၊ တီဗီ၊ အင်တာနက်၊ ပိုစတာဆိုင်းဘုတ်၊ ဟောပြောပွဲ၊ သဘင် စတဲ့ ဒါတွေအားလုံးဟာ ကျုပ်တို့ကို ကျုပ်တို့ဆီ ပြန်ပို့ပေးနေတာ မဟုတ်ဘူး။ သူတို့ဟာ ကျုပ်တို့ကို ကျုပ်တို့ဆီကနေ အဝေးဆွဲခေါ်ထုတ်နေကြတာ။ ပစ္စည်းတစ်ခု ကြော်ငြာဖို့၊ သူတို့ပါတီ မဲရဖို့၊ သူတို့စာစောင် ရောင်းကောင်းဖို့၊ သူတို့ အနုပညာ လေးစားလာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့။ သူတို့ စေတနာထဲမှာ ကျုပ်တို့ကိုယ်ကျုပ်တို့ သိမြင်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက် စေတနာတစ်ခုမှ မပါဘူး။ ဒါပေမယ့် ဒီအရာတွေနဲ့သာ ကြီးပြင်းရှင်သန် နေ တဲ့ ကျုပ်တို့မှာ ဒီပြင်ပအရာတွေရဲ့အသိနဲ့သာ သိမြင်ကြပြီး ဒီပြင်ပ အတွေးအခေါ်နဲ့သာ တွေးခေါ်ကြတော့တာပဲ။
ဂုဂျိယဖ်က ဒီပြင်ပအသိတွေကို ဖယ်ထုတ်ဖို့၊ မိမိရဲ့ ကိုယ်ပိုင် အသိစစ်စစ်ရရှိဖို့ ကြိုးစားစေချင်တာ။ ပြင်ပအသိတွေနဲ့ တွေးတဲ့အတွေးဟာ တကယ်တော့ ကျုပ်တို့ အတွေးစစ်စစ် မဟုတ်ဘူးလို့ ပြောချင်တာ။ ပြင်ပက ပေးတဲ့ အသိဟာ ကျုပ်တို့ အသိမဟုတ်သလို ပြင်ပအသိနဲ့ ပြုမူတဲ့ ကျုပ်တို့ အပြုအမူတွေဟာလည်း ကျုပ်တို့ကိုယ်ပိုင် အပြုအမူစစ်စစ်တွေ မဟုတ်ကြဘူး။ ကျုပ်တို့အသိစစ်စစ်ဆိုတာ အဲဒီပြင်ပ ပယောဂ မရော ယှက်ဘူး။ ကျုပ်တို့ကိုယ်ကျုပ်တို့ သိမြင်ခြင်းနဲ့ပဲ ဆိုင်တယ်။
ကျုပ်တို့ကိုယ်ကျုပ်တို့ စေ့ငုလေ့လာခြင်းနဲ့ပဲ ဆိုင်တယ်။ ကိုယ့်အတ္တမကို ကိုယ်ပြန်မြင်နိုင်ခြင်းနဲ့ပဲ ဆိုင်တယ်။ ကိုယ့်အနိစ္စနဲ့ ကိုယ့်ဒုက္ခကို ကိုယ်သိမြင်ခြင်းနဲ့ပဲ ဆိုင်တယ်။ ကိုယ့်ဘာဝနာ၊ ကိုယ့်ဓမ္မနဲ့ပဲ ဆိုင်တယ်။ ဒါကိုသာလျှင် အသိစစ်တယ်လို့ ဂုဂျိယဖ်က ခေါ်တယ်။ ဒီအသိ အစစ်ကနေသာ အလုပ်အစစ်၊ အပြုအမူအစစ်၊ ကံအစစ် ထွက်လာမှာ။ ဒါမှမဟုတ်ရင် ကျန်တာတွေဟာ အလုပ်တွေ မဟုတ်ဘူး။ ဒါ့ကြောင့် ဒီ အသိအစစ်ကို ဂုဂျိယဖ်က “Objective Conscience” ဓမ္မဓိဋ္ဌာန်ကျတဲ့ အသိ၊ မူလအသိလို့ ခေါ်တယ်။
ဒီအသိ မရှိတဲ့အခါ ကျုပ်တို့ဟာ ပတ်ဝန်းကျင်ရဲ့ ခြယ်လှယ်မှု အောက်မှာ အရောင်အမျိုးမျိုးနဲ့ ရောစွက် တွေးခေါ်ကြရတယ်။ နိုင်ငံ၊ လူ့အဖွဲ့အစည်း၊ ဝါဒတွေရဲ့ ကြိုးဆွဲရာ ကကြရတယ်။ ငိုကြ၊ ရယ်ကြ၊ ခံစားကြရတယ်။ ဒါ့ကြောင့်လည်း အဆင်သင့် ထုပ်ပိုးပြီးသား အတွေးတွေကိုသာ နိစ္စဓူဝ ဝမ်းဖြည့်ကြရတယ်။ ဒါနဲ့ မိမိရဲ့ စင်စစ် ဝိမုတ္တိရသ၊ လွတ်မြောက်မှုရဲ့ အရသာကို ရှာဖွေဖို့ မေ့လျော့နေကြတာပဲ။
ဒါ့ကြောင့်လည်း ခေတ်စနစ်တွေနဲ့ တစ်နေ့တခြား လူသားဟာ အလိုအလျောက် လည်ပတ်နေတတ်တဲ့ စက်ရုပ်ဖြစ်လာတယ်။ ဒီလိုလည်ပတ်နေရတာကိုပဲ မိမိက ခုံမင်လာတယ်။ လူသားစင်စစ် ဖြစ်ပါလျက် စက်ယန္တရားအဖြစ် ရှင်သန်နေရတာကို ကြိုက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် သတိပြုမိဖို့ ဆန်းစစ်နေဖို့ထက် အခြားသူ ကြိုးဆွဲချိန်ကိုသာ စောင့်မျှော်နေချင်လာတယ်။ မိမိကိုယ်ကိုယ် ဘာဝနာပြုဖို့ထက် တစ်ပါးသူ ခလုတ် အနှိပ်ကို စောင့်ချင်လာတယ်။ မိမိဓမ္မခရီး မိမိဆက်ဖို့ထက် အခြားတစ်ပါးသူ မောင်းနှင်သမျှသာ ရွေ့လျားချင်လာတယ်။
အကျိုးရလဒ်က- လူသားရဲ့အနှစ်သာရဟာ အဲဒီလူမွေးဖွားလာပြီး မကြာခင်မှာကတည်းက အာဟာရမဲ့စွာနဲ့ တိမ်မြုပ်သွားခဲ့ရရှာတယ်။ ဟိုးအတွင်းတစ်နေရာမှာ လူမသိသူမသိ နစ်မြုပ်ပျောက်ကွယ်သွားတယ်။ အနှစ်သာရမဲ့ ကြိုးဆွဲရာ “က”တတ်တဲ့ စက်ရုပ်တစ်ရုပ်သာ လူ့သန္တာန်မှာ ကျန်ရစ်ခဲ့တယ်။ ဒါကို လူလို့ဆိုရင် – သူဟာ လူသားယန္တရားပဲ။ အသက်ရှူ နေပါလျက်နဲ့ သေနေတဲ့သူပဲ။ ဂျိယဖ်ရဲ့ နာမည်ကျော် “Man is Machine” လူတွေဟာ စက်တွေပါပဲကွာ ဆိုတာလည်း ဒါပါပဲ။ ဒါ့ကြောင့် ခရစ်တော်က ရှင်မဿဲကျမ်းမှာ ပြောခဲ့တယ်။ “လူသေ လူသေချင်း မြှုပ်ကြပါစေ”တဲ့။
ဒီအဖြစ်ကို ရှောင်ရှားဖို့ ကျုပ်တို့ကိုယ်ကျုပ်တို့ မေးခွန်းမေးရမှာ။ “ဒီဒွန္နယားကြီးမှာ ကျုပ်တို့တွေ ဒီတိုင်း ဆက်သွားကြမှာလား။ ဘယ်လိုဆက်သွားကြမလဲ။ ကျုပ်တို့မှာ ကိုယ်ပိုင်အတွေးစစ်စစ်၊ အမြင်စစ်စစ် တွေ မရနိုင်တော့ဘူးလား။ ဘယ်လို ရနိုင်ကြမလဲ။”
ဘေးဘက်ပေါင်းစုံက ဆွဲကိုင်မယ့် ကြိုးတွေကို ရှင်းဖို့ ကျုပ်တို့မှာ သတိ၊ အသိ၊ သမာဓိသာ လိုအပ်တာ။ မိမိပစ္စုပ္ပန်ကို မိမိစောင့်ကြည့်နိုင်တဲ့ အသိ၊ သတိသာ လိုအပ်တာ။ ကျုပ်တို့ကိုယ်ပိုင်ခံစားချက်ကို မြင်အောင် ကြည့်နိုင်မယ့်နည်းဟာ ပစ္စုပ္ပန်မှာသာ ရှိတာ။ ကျုပ်တို့ရဲ့ အမြင်၊ အကြား၊ ရသာ၊ ခံစားမှုအာရုံတွေကို ပစ္စုပ္ပန်ခဏက စောင့်ကြည့်ရင်း ခွဲထုတ်နိုင်တဲ့ သမာဓိ၊ အသိ။ ဒါကို ဂုဂျိယဖ်က “Self- Consciousness” လို့ အမည်ပေးခဲ့တယ်။ မိမိကိုယ်ကိုယ်သိနေပါတဲ့။
မလိုလားအပ်တာတွေ ဖယ်ထုတ်နိုင်ဖို့၊ မှန်ကန်တဲ့ အတွေးအခေါ် ဖြစ်လာဖို့ဟာ မိမိကိုယ်ကိုယ် သိနေခြင်းနဲ့သာ ဆိုင်တယ်။ မိမိအတ္တမ ဖြစ်ထွန်းနေတဲ့ ဒီခဏပစ္စုပ္ပန်မှာပဲ စစ်မှန်တဲ့ အမြင် ရှိတယ်။ မိမိအတ္တမ ပေါ်ပေါက်နေတဲ့ ဒီပစ္စုပ္ပန်ခဏမှာပဲ စစ်မှန်တဲ့ အတွေး ရှိတယ်။ ဒါကို အောင်မြင်ရင် ကျုပ်တို့အမြင်၊ အတွေးဟာ ယခင် သမားရိုးကျ အတွေး ခံစားချက်တွေနဲ့မတူ လွတ်လပ်သွားတယ်။ ငယ်စဉ်က ကနေ့တိုင် ဖိအား ပေးလာတဲ့ ပတ်ဝန်းကျင်ရိုက်ချက်တွေ လျော့ပါးသွားတယ်။ ကြီးစိုးထားတဲ့ ဝါဒစနစ်တွေရဲ့ ဘောင်ကလနားတွေ လျော့ပါး ပြေကျသွားတယ်။
(နှာ ၇၅-၇၉)
အခု ဒီအောက်က စာကတော့ ဂုဂျိယဖ်နိဒါန်းကို ပြုစုထားတဲ့ ဆရာဇေဆီကို စာရေးပြီး ကျေးဇူးတင်ကြောင်းနဲ့ ကျနော့်အမြင် တချို့ကို တင်ပြထားတာလေးပါ။
ဂုဂျိယဖ်နိဒါန်းကို ဖတ်လို့ပြီးသွားပြီ။ ပထမဆုံး ပြောချင်တာကတော့ ကျေးဇူးတင်စကားပဲ။ အခုလို မိတ်ဆက်စာအုပ် ရေးပေးတဲ့အတွက် ကျေးဇူးတင်တာပါ။ သိထိုက်သလောက် သိလာရလို့ ဝမ်းသာမိပါတယ်။
ဒါပေမယ့် ဒီစာအုပ်ကို ဖတ်ပြီး အားမရတာလေးတွေ ရှိနေတယ်။ အဲ … အားမရတာဆိုလို့ စာအုပ်ကို မကောင်းဘူး ပြောတာ မဟုတ်ဘူး။ ဖတ်ပြီးတော့ ထပ်သိချင်တာတွေ များလာလို့ပါ။ ဥပမာ ပြောရရင် ဂုဂျိယဖ်ရဲ့ ဝိမုတ္တိရသအပေါ် မြင်တဲ့ အမြင်က ဘာလဲ။ အဲဒါ ဒီစာအုပ်ထဲမှာ ရှာမတွေ့ခဲ့ဘူး။ သူ့အမြင်မှာ ဝိမုတ္တိရသ ဆိုတာ ဘယ်လိုမျိုးလဲ။ သူရဲ့ အယူအဆကို ခန့်မှန်းကြည့်ရတာတော့ သူက အဲဒီအပိုင်းမှာ ဟိန္ဒူနဲ့ နီးစပ်မယ် ထင်တယ်။ ဘယ်လိုလဲဆိုတော့ အတ္တလေးကို သန့်စင်အောင် လုပ်လိုက်ရင် အတ္တကြီး (အတ္တမန်) နဲ့ ပေါင်းစပ်သွားတာကိုပဲ ဝိမုတ္တိ လွတ်မြောက်မှု ရတယ်လို့ ယုံကြည်တဲ့ ဟိန္ဒူဝါဒလို ဖြစ်နေမလား မသိဘူး။ တွေးကြည့်တာပါ။
နောက်တစ်ခုက အဲဒီလို ဝိမုတ္တိရသကို ပိုင်ဆိုင်နိုင်ဖို့ အဆင့်ဆင့် ဘယ်လို လုပ်ရမလဲ။ စာအုပ်ထဲမှာ ထိုက်သင့်သလောက် ရှင်းပြထားပေမယ့် အခြေခံ basic လောက်ပဲ ပါသလားလို့။ ဥပမာ ဗုဒ္ဓဘာသာမှာ enlightenment ကို အဆင့် လေးဆင့်ခွဲထပြီး တစ်ဆင့်ချင်းစီမှာ ဘာတွေဖြစ်မယ်၊ ဘာတွေ လုပ်ရမယ်၊ ဘယ်လို ခံစားရမယ် ဆိုတာ အတိအကျ ဖော်ပြထားသလို … ဂုဂျိယဖ် နားလည်ထားတဲ့ enlightenment ကို ရဖို့ ဘာတွေကို နောက်ဆုံး ကျော်ဖြတ်ရမယ် ဆိုတာမျိုး စာအုပ်ထဲမှာ မတွေ့ရဘူး။ နိဒါန်းဆိုတော့ အများကြီး ရေးလို့မရတာကို နားလည်ပါတယ်။ ဒါပေမယ့် What the Buddha taught စာအုပ်လို အခြေခံပေမယ့် ပေးသင့်တဲ့ မတ်ဆေ့တွေ အကုန်ပေးနိုင်ရင် ကောင်းမယ်လို့ တွေးမိလို့ပါ။ အဓိကပြောချင်တာက ဂုဂျိယဖ် နားလည်ထားတဲ့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာကို သိချင်တယ်ပဲ ဆိုပါတော့။
နောက်ထပ် ပြောချင်တာကတော့ စာအုပ်ထဲမှာ ပါတဲ့ ဝေါဟာရတချို့နဲ့ ပတ်သက်ပါတယ်။
ဒွန္နယားကြီးတစ်ခုသာ – ၇၃
ဘိတ်ဘိတ်သား မငြင်းပယ်ဖို့ – ၇၄
အဲဒီ ဒွန္နယား နဲ့ ဘိတ်ဘိတ်သား ဆိုတာ ဘာကိုပြောတာလဲ။ ဘိတ်ဘိတ်သားရဲ့ အဓိပ္ပာယ်ကိုတော့ မှန်းဆလို့ ရပါတယ်။ အဲဒါ ဒကာတို့ ဒေသရဲ့ စကားလား။ တစ်ခါမှ မမြင်ဖူးလို့ မေးကြည့်တာ။
နောက်ပြီး ပါဠိစကားလုံးတချို့ သုံးထားတာကို ဦးဇင်းအနေနဲ့ ဘဝင်မကျလို့ နည်းနည်း ပြောပါဦးမယ်။
Endlessness – အနန်တရဓမ်မ
Endlessness ကို အနန္တရဓမ္မ လို့ သုံးထားတယ်။ အနန္တရ ဆိုတဲ့ စကားလုံးက နားလည်သလောက် Endlessness လို့ ဘယ်လိုမှ အဓိပ္ပာယ် မရဘူး။ န-အန္တရ၊ အန္တရ ဆိုတာ မြန်မာလို အကြားအလပ်ပါ။ in between ပေါ့။ အနန္တရ ဆိုတာ အကြားအလပ် မရှိဘူး။ တဆက်တစပ်တည်း ဆိုတဲ့ သဘောပါ။ continuity လို့လည်း ပြောလို့ ရတယ်။ အဆုံးမရှိဘူး ဆိုတဲ့ အဓိပ္ပာယ် မရဘူး။ အစိတ်အပိုင်း တစ်ခုနဲ့ တစ်ခုအကြားမှာ လစ်လပ်နေတာ မရှိဘဲ တွဲကပ်ဆက်စပ်နေတယ် ဆိုတဲ့ သဘောပဲ ရတယ်။
တကယ်တော့ Endlessness နဲ့ အနီးစပ်ဆုံး ပါဠိစကားက အနန္တပဲ။ န-အန္တ၊ အန္တ ဆိုတာ အဆုံး။ စာအုပ်ထဲမှာ Endlessness နဲ့ infinity နဲ့ မတူတဲ့ အကြောင်း ရှင်းပြထားတယ်။ Endlessness ကို အနန္တရ လို့သုံးပြီး Infinity ကို အနန္တလို့ သုံးထားတယ်။ တကယ်တော့ infinity နဲ့ အနီးစပ်ဆုံး ပါဠိစကားလုံးက အသင်္ချေယ၊ အသင်္ချေပါ။ infinite ဆိုတာ ရေတွက်သတ်မှတ်လို့ မရတာ။ အဲဒီလိုပဲ အသင်္ချေယ ဆိုတာကလည်း ရေတွက်သတ်မှတ်လို့ မရတာပဲ။ မရဘူး ဆိုတဲ့အပိုင်းမှာ သဘာဝအရ မရတာလည်း ပါသလို မစွမ်းဘူး၊ မဖြစ်နိုင်ဘူး ဆိုတဲ့ သဘောလည်း ပါတယ်။ ဒါကြောင့် Endlessness ကို အနန္တ လို့ ပြန်ပြီး infinity ကို အသင်္ချေ/ အသင်္ချေယလို့ ပြန်ရင် ပိုမှန် ပိုတိကျလိမ့်မယ်လို့ ယူဆတယ်။
နောက်တစ်လုံးက
အမြင်အတွေးကဏ္ဍ သညာခန္ဓာ – ၆၅
တကယ်တော့ သညာ ဆိုတာက မှတ်သားတဲ့ သဘောပဲ ပါတာပါ။ သူက storage သဘောပဲ။ ကျန်တာ ဘာမှ မပါဘူး။ processing မပါဘူး။ ဒါကြောင့် အမြင်အတွေးကဏ္ဍကို သညာခန္ဓာလို့ သုံးထားတာ သိပ်ပြီး အဆင်မပြေလှဘူး။
နောက်တစ်လုံးက
Tetartocosmoses စတုစကြဝဠာ ၈၅
ဒီမှာ စတုစကြဝဠာလို့ သုံးထားတယ်။ တကယ်တမ်း ဖြစ်သင့်တာက စတုတ္ထစကြဝဠာ ဖြစ်သင့်တယ်လို့ ယူဆတယ်။ Tetarto ဆိုတာ fourth လို့ ပြောတာ မဟုတ်လား။ လေးခုမြောက်။ စတုစကြဝဠာ ဆိုတော့ စကြဝဠာလေးခု ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေတယ်။ ဒါကြောင့် လေးခုမြောက်စကြဝဠာ ဖြစ်ဖို့ဆိုရင် စတုတ္ထစကြဝဠာ လို့ ရေးမှ မှန်မယ်။
နောက်တစ်ခုကတော့
ဗျာပါဒ – ၁၄၈
ပါဠိမှာ ဗျာပါဒ နဲ့ ဗျာပါရ ဆိုပြီး နှစ်မျိုး ရှိတယ်။ ဗျာပါဒ ဆိုတာ ဒေါသစိတ်ပါ။ ဒေါသအကြမ်းစား။ သူတစ်ပါးကို သေစေလိုတဲ့၊ ပျက်စီးစေလိုတဲ့ ဒေါသအကြမ်းစားကို ဗျာပါဒ လို့သုံးတယ်။ ဗျာပါဒနီဝရဏပေါ့။ ဒါပေမယ့် စာအုပ်ထဲမှာ သုံးထားတဲ့ ဗျာပါဒ က အံဝင်ခွင်ကျ ဖြစ်မနေဘူးလို့ ယူဆတယ်။ အဓိပ္ပာယ် လွဲမှားနေသလိုပဲ။ ဦးဇင်းအထင်တော့ အဲဒီနေရာမှာ ဗျာပါဒ အစား ဗျာပါရ ဖြစ်လိမ့်မယ် ထင်တယ်။ ဗျာပါရ ဆိုတာ ကြောင့်ကြမှုပါ။ မြန်မာမှာ ကြောင့်ကြဗျာပါရ လို့ တွဲသုံးတယ်။ ဒါကြောင့် စာအုပ်ထဲမှာ သုံးထားတဲ့ ဗျာပါဒ အစား ဗျာပါရ ဖြစ်ရင် ပိုမှန်မလားလို့ တွေးကြည့်မိတာ။
ဒါကတော့ ဆရာဇေရဲ့ ပြန်ကြားချက်ပါ။
ဂုဂျိယဖ်ရဲ့ ဝိမုတ္တိရသအတွက်
၁။ မြန်မာနား ပေါက်အောင် ယှဉ်ရေးမလား (ဒါမှမဟုတ်)
၂။ ဂုဂျိယဖ်အလိုအတိုင်း ဖုံးရေးမလားဆိုတာ ရေးနေရင်းတန်းလန်း ဒွိဟဖြစ်ခဲ့ပါတယ်။
နောက်ဆုံး ဒွိဟဖြစ်သမျှ အများစုကို ဖယ်ချ ဖျက်ချခဲ့တယ်။ နောင်တစ်ချိန်များ Revised Edition အဖြစ် စီစဉ်ဖြစ်မယ်ဆိုရင် ဒီဝေါဟာရပြင်ဆင်ချက်တွေရော ဖြည့်စွက်အခန်းအချို့ပါ ထည့်သွင်းရပါမယ်။
ဘယ်သောအခါမှန်းမသိပေမယ့် လုပ်ဖြစ်ခဲ့ရင် ဒီတစ်ခေါက်တော့ အရှင်ဘုရားဆီ အပူကပ်ရမှာပဲ။ သည်းခံပါဘုရား။
