အငြင်းသန်တဲ့မဇ္ဈိမသား ဆိုတဲ့ နာမည်မြင်တာနဲ့ ကိုယ်ရဲ့ အတွေးက အဆိုးဘက်ကနေ စတွေးမိတော့တာပဲ။ ကိုယ်ရှင်သန်ကြီးပြင်းရာ မြန်မာလူမှု ပတ်ဝန်းကျင်မှာ “အငြင်းသန်တဲ့ကောင်” “ဖင်ပိတ်ငြင်းတဲ့ကောင်” လို့ ကင်ပွန်းတပ်ခံရရင် ဒီလူဟာ တဇွတ်ထိုးကောင်၊ တစ်ဘက်ပိတ်ကောင်၊ တစ်ယူသန်ကောင် ဆိုတဲ့ သဘောမျိုး သက်ရောက်သွားတယ်။ မြန်မာလူနေမှု စရိုက်သဘာဝက ငြင်းတာကို အားမပေးဘူးလို့ ပြောရမယ်။ မိဘတွေ၊ ဆရာဆရာမတွေကအစ “ဟဲ့ကောင် အတွန့်မတက်နဲ့၊ လျှာမရှည်နဲ့” ဆိုပြီး ပိတ်ပင်တတ်ကြတယ်။ ငြင်းခုန်ဖို့ မပြောနဲ့၊ ထောင့်ပေါင်းစုံကနေ တွေးတောခွင့်တောင် ပိတ်ပင်ချင်ကြတယ်။ ဒါက မြန်မာ့လူမှုစရိုက်။ ကိုယ်က ဒီဘဝထဲမှာ ကြီးပြင်းလာရတော့ အငြင်းသန်တယ်လို့ မြင်တာနဲ့ လူမိုက်တွေပဲ၊ လူဆိုးတွေပဲလို့ စိတ်က အလိုလို ကင်ပွန်းတပ်မိရဲ့။ အတော်မိုက်တဲ့၊ ကတ်သီးကတ်ဖဲ့နိုင်တဲ့ အိန္ဒိယသားတွေအကြောင်း ဖတ်ရတော့မယ်ပေါ့။ ဒါက ကိုယ့်အထင်။
စာအုပ်မြင်ကတည်းက ဘာသာပြန်မှန်း သိလေတော့ မူရင်း စာရေးဆရာက ဘယ်သူဆိုတာက ဘာသာပြန်သူထက် ပိုအရေးကြီးတာပေါ့။ ဒါပေမယ့် ဆရာကျော်ဝင်း ဘာသာပြန်တာ ဖြစ်လေတော့ မူရင်းစာရေးဆရာဟာ ပေါ့တန်တန်သူတော့ မဟုတ်တန်ရာဘူးလို့ တွက်ပြီးသား။ အဲ တကယ်လည်း နှယ်နှယ်ရရမှ မဟုတ်ဘဲ။ မူရင်းစာရေးဆရာ Amartya Sen ဆိုတာ ဘောဂဗေဒပညာရှင်၊ အိန္ဒိယနိုင်ငံသား၊ ဘင်္ဂါလီလူမျိုး။ ပြီးတော့ အာရှတိုက်ရဲ့ (အိန္ဒိယနိုင်ငံရဲ့) ပထမဆုံးသော ဘောဂဗေဒဆိုင်ရာ နိုဘယ်ဆုရှင်ကြီး။ ဒီတော့ ဒုတိယအတွေးတစ်ခုက ထပ်ဝင်လာတယ်။ ဒါဆို ဘောဂဗေဒနဲ့ ပတ်သက်တဲ့ သီဝလီတွေ ဖတ်ရတော့မလားပေါ့။ တကယ်တမ်း ဖတ်လိုက်တော့ ကိုယ့်အထင် နှစ်မျိုးလုံး မှားခဲ့တာပါပဲ။
Argumentative ကို “အငြင်းသန်တဲ့”လို့ ပြန်တာထက် အတွန့်တက်တဲ့ မဇ္ဈိမသားလို့ ပြန်ရင် ပိုကောင်းမလားလို့ တွေးမိတယ်။ ဒါက စာအုပ်ဖတ်လို့ ပြီးမှ ဖြစ်လာတဲ့ အတွေးပေါ့။ ဘာလို့ဆိုတော့ ငြင်းတယ်ဆိုတာက အယူတစ်ခုကို အသေဆုပ်ကိုင်ထားပြီး အယူဝါဒမတူတဲ့သူနဲ့ ပြိုင်ဆိုင်တဲ့ သဘောကိုး။ အတွန့်တက်တာကျတော့ အသေဆုပ်ကိုင်ထားတာမျိုး မဟုတ်တော့ဘူး။ ကိုယ့်ဟာ မှန်နိုးနိုး၊ သူများဟာ ဟုတ်နိုးနိုး၊ အယူဝါဒချင်း လိုက်နှိုင်းယှဉ်တဲ့ သဘောဆောင်မယ်လို့ ယူဆပါတယ်။ ဒါက ကိုယ်ရဲ့ အမြင် အတ္တနောမတိပေါ့။ ဒါပေမယ့် ရှေ့ဆက်ပြီး ဆရာကျော်ဝင်းရဲ့ “အငြင်းသန်တဲ့” ဆိုတာကိုပဲ ဆက်သုံးပါ့မယ်။
အမတြာဆင်းရဲ့ ဒီစာအုပ်မှာ သူတို့ မဇ္ဈိမသားတွေဟာ ဟိုးနှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက မျိုးနဲ့ရိုးနဲ့ အငြင်းသန်ခဲ့တဲ့အကြောင်း သမိုင်းချီပြီး ရှင်းပြထားတယ်။ ငြင်းခုန်နေခဲ့ကြတာ သူတို့ဗီဇ၊ သူတို့ဝါသနာလို့ ဆိုလိုတာပါပဲ။ တကယ်တမ်း ပြန်စဉ်းစားရင် တစ်ဘက်ပိတ်လူတွေက သိပ်မငြင်းချင်ကြဘူး။ ငြင်းလှ တစ်ခါနှစ်ခါပေါ့။ ဆက်ငြင်းနေရဦးမယ်ဆိုရင် အားကြီးတဲ့အဖွဲ့က ကျန်အဖွဲ့ကို ငြင်းစရာမလိုအောင် တစ်နည်းနည်းနဲ့ ရှင်းပစ်လိုက်ကြတာပဲ။ အသေသတ်ပစ်တာမျိုး သုံးခဲ့တာလည်း ကမ္ဘာ့သမိုင်းမှာ ဒုနဲ့ဒေး။ ဒါပေမယ့် မဇ္ဈိမသားတွေဟာ ရှင်းပစ်တဲ့နည်းကို မသုံးခဲ့ကြဘဲ ငြိမ်းချမ်းစွာနဲ့ ငြင်းခုန်ခဲ့ကြတာ ဗုဒ္ဓကျမ်းစာတွေထဲမှာလည်း အထောက်အထား အပြည့်ရှိရဲ့။ ဂျိန်းစာပေမှာလည်း အထောက်အထား ရှိရဲ့။ ဟိန္ဒူတွေရဲ့ ဝေဒကျမ်းတွေ၊ ရာမယနဇာတ်လို့ စာပေမျိုးတွေမှာလည်း အထောက်အထား ရှိရဲ့။
ပြည်သူတွေ၊ ပညာရှင်တွေကတင် အားပေးတာလားဆိုတော့ မဟုတ်ပြန်ဘူး။ အိန္ဒိယကို အကျယ်ပြန့်ဆုံး သိမ်းသွင်းနိုင်ခဲ့တဲ့ အသောကမင်းကြီးကို ကြည့်မလား။ သူက ဗုဒ္ဓဘာသာ ဘုရင်ဆိုပေမယ့် သူရဲ့ကျောက်စာမှာ ဒီလို ရေးထိုးထားတယ်။
“မိမိတစ်စုတစ်ဖွဲ့၏ အယူအဆကိုသာ ချီးပဂုဏ်တင်နေပြီး အခြားတစ်ပါးသူများ၏ အယူအဆကို ချိုးဖဲ့နှိပ်နယ်နေလျှင်၊ လက်တွေ့အားဖြင့် မိမိကိုယ်ပိုင် အယူအဆကိုသာ ကြီးစွာသော ထိခိုက်နစ်နာမှု ဖြစ်စေပါလိမ့်မည်..” တဲ့။
တချို့က ထင်လိမ့်မယ်။ ဒါအသောကမင်းမို့၊ ဗုဒ္ဓဘာသာမို့ပါကွာလို့ ထင်ဦးမယ်။ ၁၆ ရာစု အိန္ဒိယမှာ အုပ်စိုးခဲ့တဲ့ မဂိုမင်းဆက် အက္ကဗာဘုရင်ဟာ အစ္စလာမ်ဘာသာဝင် တစ်ပါးပါ။ သူရဲ့ အယူအဆ၊ ကြေညာချက်တွေကို ကြည့်ကြည့်လိုက်။
“နိုင်ငံတော်အစိုးရသည် မည်သည့်ဘာသာရေးဘက်မှ ဘက်မလိုက်ဘဲ တည့်တည့်မတ်မတ် ကြားနေရမည်”..
“လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘာသာရေး ယုံကြည်မှုအပေါ် မည်သည့် အကြောင်းပြချက်နှင့်မျှ ကြားဝင်စွက်ဖက် နှောင့်ယှက်ခြင်း မရှိစေရ။ မည်သူမဆို မိမိနှစ်သက်ကြည်ညိုရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိစေရမည်”
“နိုင်ငံရေးရာကိစ္စများ ဆောင်ရွက်ရာတွင် ဘာသာရေးကို လိုသလို ပုံဖော်အသုံးပြုသည်မျိုး အလျှင်းမရှိစေရ၊ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားကျင့်သုံးရမည်” .. တဲ့။
အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရပြီးကတည်းက ဒီမိုကရေစီစနစ်ကို စပြီး ကျင့်သုံးလာခဲ့တာ အခုချိန် (၂၀၂၀) အထိပဲ။ တစ်ခါမှ လမ်းမချော်ခဲ့သေးဘူး။ ဘာဖြစ်လို့လဲ။ တချို့က ပြောကြတယ်။ ဒါ အနောက်တိုင်းရဲ့ အမွေကို ကောင်းကောင်း ရလိုက်လို့ပါတဲ့။ စာရေးသူ “ဆင်း” ကတော့ ဒါကို လုံးဝ လက်မခံဘူး။ အိန္ဒိယရဲ့ ဒီမိုကရေစီစိတ်ဓာတ်ဟာ ဗြိတိသျှတွေရဲ့ အမွေဆိုရင် တခြားသော ဗြိတိသျှ ကိုလိုနီတွေ ဘာကြောင့် ဒီမိုကရေစီ မမြဲရသလဲ တဲ့။ ဟုတ်တယ်လေ၊ မြန်မာပြည်ကိုပဲ ကြည့်ပေါ့။ အိန္ဒိယနိုင်ငံဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက ဘာသာပေါင်းစုံ၊ အယူအဆပေါင်းစုံ လွတ်လပ်စွာ ငြင်းခုန်ပိုင်ခွင့် ရှိခဲ့တဲ့၊ လွတ်လွတ်လပ်လပ် ငြင်းခုန်ရတာ ဝါသနာထုံခဲ့တဲ့၊ တခြား မတူတဲ့ ဝါဒတွေနဲ့ ယှဉ်တွဲနေထိုင်လာခဲ့တဲ့ အစဉ်အလာ ကြီးမားခဲ့တဲ့ နိုင်ငံဖြစ်တယ်ပေါ့။ နှစ်ပေါင်း ၃၀၀၀ ကျော် လွတ်လွတ်လပ်လပ် ငြင်းခုန်ခွင့် ရလာတဲ့၊ ငြိမ်းငြိမ်းချမ်းချမ်း ငြင်းခုန်လာကြတဲ့ ဒီအမွေကြောင့် အိန္ဒိယနိုင်ငံသားတွေအနေနဲ့ ဒီမိုကရေစီစနစ်ကို ပိုပြီး ခုံမင်နေတာပါလို့ ချပြခဲ့တယ်။
အင်း … ငါတို့ မြန်မာနိုင်ငံကရောလို့ တစ်ဆက်တည်း တွေးမိပါရဲ့။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီး တိုင်းပြည်ကို ဒီမိုကရေစီနဲ့ စပြီး အုပ်ချုပ်ခဲ့ပေမယ့် နောက်တစ်နှစ်အကြာ ၁၉၄၉ ခုမှာ ပြည်တွင်းစစ်တွေ စတင်မွေးဖွားခဲ့တယ်။ နောက်ထပ် ၁၀ နှစ်အကြာ ၁၉၅၈ ခုနှစ်မှာ အာဏာရှင်စနစ်ရဲ့ လက်ထဲ ထိုးအပ်ဖို့ အစီအမံတွေ ဖြစ်လာခဲ့တယ်။ အများစုက ဦးနေဝင်း အာဏာမက်လို့ ဘာညာဘာညာ ပြောကြပြီး အပြစ်ပုံချကြပေမယ့် တကယ်တမ်း ပြန်လေ့လာကြည့်တဲ့အခါ ၁၉၅၈ ခုနှစ်လောက်မှာ မြန်မာဖြစ်ဒီမိုကရေစီ ဆိုတာကို စက်ဆုတ်နေတဲ့ ပြည်သူတွေ အတော်လေး များနေတာ တွေ့ရတယ်။ ဆိုရှယ်လစ်အတွေးတွေ အားကောင်းလာတာပေါ့။ ဒါကြောင့်လည်း ဦးနေဝင်းက ဆိုရှယ်လစ်စနစ် ကျင့်သုံးမယ်လို့ ကြေညာတဲ့အခါ အစပိုင်းမှာ အားပေးထောက်ခံခဲ့တဲ့ ပညာရှင်တွေ မနည်းမနောပါ။ ပြန်စဉ်းစားမိတာက တို့မြန်မာတွေဟာ မဇ္ဈိမသားတွေလို မျိုးနဲ့ရိုးနဲ့ အငြင်းမသန်ခဲ့ကြလို့လားပေါ့။ အငြင်းသန်မသန် ဆိုတာထက် အဆဲသန်တာကတော့ သေချာတယ်ဗျာ။
နောက်ထပ် အက်ဆေးတစ်ပုဒ်ကတော့ အိန္ဒိယစာဆိုကြီး ရာဘင်ဒရာနတ် တဂိုးရဲ့ အကြောင်းပါပဲ။ တဂိုးလို့ ပြောလိုက်ရင် အများစုက စာဆိုတော်ကြီး၊ စာပေပညာရှင်ကြီးလို့ပဲ မြင်ကြတယ်ပေါ့။ သူရဲ့ ကဗျာတွေ၊ ပြဇာတ်တွေ၊ ဝတ္ထုတို ဝတ္ထုရှည်တွေ မြင်ယောင်မိကြမှာ။ အာရှသားတွေက တဂိုးကို အနုပညာရှင်လို့ မြင်ပေမယ့် အနောက်တိုင်းသားတွေကတော့ တဂိုးကို မှော်ဆရာလိုလို ဘာသာရေး ဂိုဏ်းဆရာလိုလို မြင်ကြသတဲ့။ အများစုကတော့ သူ့ကို အတွေးအခေါ်ပညာရှင်ရယ်လို့ မမြင်ကြဘူး။ ဒီအက်ဆေးမှာတော့ စာရေးသူဟာ တဂိုးရဲ့ လောကအမြင်၊ နိုင်ငံရေးအယူအဆနဲ့ သူရဲ့ ဒဿနတွေကို ဦးစားပေးပြီး တင်ပြထားတာပါ။ အထူး စိတ်ဝင်စားစရာ ကောင်းတာက တဂိုးရဲ့ အမြင်တွေကို သူရဲ့ခေတ်ပြိုင် ဂန္ဒီနဲ့ နှိုင်းယှဉ်ပြီး တင်ပြသွားတာပါပဲ။ တဂိုးနဲ့ ဂန္ဒီဟာ အပေါ်ယံ ဦးတည်ချက်တွေမှာ တူတယ်လို့ ထင်ရပေမယ့် သူတို့နှစ်ဦးရဲ့ မိုးနဲ့မြေလို ကွာခြားလှတဲ့ ခံယူချက်တွေကို ဖတ်ရတော့ အံ့ဩမိတယ်။ သိကြတဲ့အတိုင်း ဂန္ဒီဟာ Nationalist လို့ခေါ်တဲ့ အမျိုးသားရေးဝါဒီ တစ်ဦးကိုး။ ဒီခေတ်အခေါ် မျက်ကန်းမျိုးချစ်ပေါ့။ နည်းနည်းမြည်းကြည့်ပါ။
“…အကျိုးဆက်မှာ စိတ်ဓာတ်နှင့် ဘဝကို တံခါးပိတ်ထားလိုက်သလို ဖြစ်သွားတော့သည်။ ကျွန်တော်တို့ လူထု၏ ဆိုခဲ့ပါ ယုံကြည်မှုအညှာလွယ်ခြင်းကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနေသည့်အတွက် မဟတ္တမကြီးကို ကျွန်တော် ဘဝင်မကျပါ။ ဤသို့သော အပြုအမူမျိုးက အပေါ်ယံအလွှာကို မြန်မြန်ဆန်ဆန် ဖန်တီးနိုင်သော်လည်း အခြေခံအုတ်မြစ်ကိုမူ တိုက်စားပစ်လိမ့်မည်ဟု ကျွန်တော် ထင်သည်။”
၁၉၃၄ ခုနှစ် ဇန္နဝါရီလအတွင်းက ဘီဟာပြည်နယ်တွင် လူပေါင်းထောင်ချီ သေဆုံးခဲ့ရသော ငလျင်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ … ထိုစဉ်က ဂန္ဒီကြီးမှာ အိန္ဒိယဇာတ်ခွဲခြားမှုစနစ်ကို ဆန့်ကျင်တိုက်ပွဲ … အတွက် လက်တွေ့အကျိုးပြုနိုင်မည့် သင်ခန်းစာတစ်ရပ်ကို ဘီဟာငလျင်ဘေးကြီးမှ ဆွဲထုတ်ပြသလိုက်သည်။ “စင်စစ် ကျွန်ုပ်တို့ ကြုံလိုက်ရသော ငလျင်ကြီးမှာ ကျွန်ုပ်တို့၏ ဒုစရိုက်မှုများ (အထူးသဖြင့် လူလူချင်း အမျိုးဇာတ်ခွဲခြားကျင့်သုံးမှုများ) အပေါ် ထာဝရဘုရားသခင်၏ ဒဏ်ခတ်မှု ဖြစ်ပေလိမ့်မည် …” စသဖြင့်။
… သိပ္ပံပညာဖြင့်သာ စနစ်တကျ ရှင်းပြ၍ ရနိုင်မည့် ဖြစ်စဉ်ဖြစ်ရပ်တစ်ခုကို နိုင်ငံရေး ကြွေးကြော်သံတစ်ရပ် ဖြစ်အောင် လိုရာဆွဲ အသုံးချသည်မျိုးကို သူ (တဂိုး) ဘဝင်မကျ။ သူ့အမြင်ကို ယခုလို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောသည်။ “ဤကဲ့သို့ သိပ္ပံနည်းမကျသည့် အမြင်မျိုးကို ကျွန်တော်တို့ လူထုက အလွယ်တကူ လက်ခံယုံကြည်လိုက်သည်မှာ ကျွန်တော်တို့ တိုင်းပြည်ပညာ အနာဂတ်အတွက် ရင်လေးစရာ ဖြစ်ပေတော့သည်…”
… သူ(တဂိုး)သည် သိပ္ပံပညာကို စိတ်ဝင်စားသူသာ ဖြစ်သည်။ သူ၏ သိပ္ပံပညာအပေါ် စိတ်ဝင်စားမှုမှာ ဝေဖန်ဆန်းစစ်မှုနှင့်ယှဉ်သော စူးစမ်းလေ့လာမှုနှင့် တွဲစပ်လျက် ရှိနေသည်။ ဝေဖန်ဆန်းစစ်မှု မပါသော အရမ်းအကန်း နာခံမှုမျိုးကို သူ ဘဝင်မကျ။ မည်သူ့ကိုမှလည်း အရမ်းအကန်း နာခံစေဖို့ သူ မကြိုးစား။ ဤအတွက်ကြောင့်ပင် တဂိုးတစ်ယောက် နိုင်ငံရေးသမား မဖြစ်ခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
စင်စစ် တဂိုးကို သစ္စာဖောက်ဟု အမနာပ ပြောသူတို့က ပြောနေကြစေကာမူ သူ၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွင် ပါဝင်သော အခန်းကဏ္ဍကို ဂန္ဓီရော နေရူးကပါ လေးစားတန်ဖိုးထားခဲ့ကြသည်သာ ဖြစ်ပါသည်။ … တဂိုးက ကိုလိုနီစနစ်ကို ဝေဖန်သော်လည်း ဗြိတိသျှ (အနောက်) လူထုနှင့် ယဉ်ကျေးမှုကို သရော်စော်ကား မလုပ်။ ခွဲခြားကြည့်မြင်ကြဖို့ အမြဲဆော်ဩသည်။ ဤသည်ကို အချို့က နားမလည်၊ မကြိုက်။ တက်ထောင်မောင်းနင်း အဆဲသန်မှ နိုင်ငံရေး ထင်နေသူများနှင့် တဂိုးမှာ မည်သို့မျှ မနီးစပ်နိုင်။
…
တဂိုး၏စာကို ပိတ်ပင်ခဲ့သည်မှာ ဗြိတိသျှနယ်ချဲ့သမားချည်းတော့ မဟုတ်။ ဆိုဗီယက်ကွန်မြူနစ်များကလည်း သူ့စာကို ပိတ်ခဲ့ကြဖူးသည်။ ၁၉၃၀ ပြည့်နှစ်က ဆိုဗီယက်ယူနီယမ်ထုတ် ‘အဇ္ဇဘက်တာ’ သတင်းစာက တဂိုးကို အင်တာဗျူး လာလုပ်သည်။ သတင်းစာမေးသမျှ ဖြေအကပြီးတွင် တဂိုးက ဗျူးဆရာကို ဤသို့ ပြန်ဗျူးလိုက်သည်။
“နေဦး၊ ကျုပ် ခင်ဗျားကို မေးဦးမယ်။ ခင်ဗျားတို့က ရန်သူလို့ ယူဆထားတဲ့ သူတွေအပေါ် လက်စားချေချင်တဲ့စိတ်၊ ပြီးတော့ ခင်ဗျားတို့ ပြောနေကြတဲ့ လူတန်းစားနာကြည်းစိတ်၊ နောက်ပြီးတော့ ခင်ဗျားတို့ အထူးလေ့ကျင့်ထားတဲ့ ဒေါသစိတ်…၊ ဒါတွေနဲ့ စိတ်ကိုနှိုးပြီး လှုပ်ရှားဆောင်ရွက်လိုက်တာနဲ့ ခင်ဗျားတို့ အပြုအမူတွေဟာ စံပြနမူနာဖြစ်ပြီလို့ ဆိုနိုင်ပါ့မလား..….။ ကျွန်တော့်အမြင်ကို ပြောရရင် အမှန်တရားကို လက်ခံဖို့ လွတ်လပ်တဲ့စိတ်အခံ လိုတယ်။ လွတ်လပ်တဲ့ စိတ်အခံမရှိဘဲ အကြောက်တရားသက်သက်ဆိုရင် အမှန်တရားဟာ အစတေးခံ ဖြစ်မှာပဲ။ လူသားတစ်ရပ်လုံး ကိုယ်စား ကျုပ် ခင်ဗျားဆီက တစ်ခုလောက် မျှော်လင့်ပါရစေ…။ အကြမ်းဖက်မှုဆိုတဲ့ အကုသိုလ် အင်အားစုကို ခင်ဗျားတို့တစ်တွေ ဘယ်တော့မှ မဖန်တီးမိပါစေနဲ့။ ဒီလို အကုသိုလ်အင်အားစုမျိုးဟာ အကြမ်းဖက်မှုနဲ့ ရက်စက်မှုဆိုတဲ့ သံကြိုးကွင်းဆက်များကိုသာ ရက်လုပ်နိုင်တာမို့ ခင်ဗျားကို မေတ္တာရပ်ခံရတာပါ။ အခု ခင်ဗျားတို့တစ်တွေ ဇာဘုရင်ရဲ့ ဆိုးယုတ်မှု အမွေဆိုးကြီးကို ဖျက်သိမ်းနိုင်ဖို့ ကြိုးစားနေကြတာ မဟုတ်လား။ ဘာဖြစ်လို့ အကြောက်တရားဆိုတဲ့ တစ်ခုကိုမဖျက်ဘဲ ချန်ထားကြတာလဲဗျာ။ ကျွန်တော် နားလည်အောင် တစ်ဆိတ်လောက် ရှင်းပြကြပါဦး”
သူ့အင်တာဗျူးကို အဇ္ဇဘက်တာသတင်းစာက ထည့်မပေးခဲ့ပါ။ နောင်နှစ်ပေါင်းခြောက်ဆယ်အကြာ ၁၉၈၈ ခုနှစ်၊ မစ်ခေးဂေါ်ဘာချော့ (ဗ်) လက်ထက် ရောက်တော့မှ တရားဝင်ပုံနှိပ်ထုတ်ဝေခွင့် ပြုခဲ့ပါသည်။
စာကြွင်း – စာအုပ်အဖုံးတွင် Argumentative မဟုတ်ဘဲ Argumantative ဖြစ်နေသည်ကို မြင်ရ၍ စိတ်မကောင်း ဖြစ်မိသည်။
