ကျနော်မှာ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်။ ‘ရှိခဲ့ဖူးတယ်’ လို့ သုံးရတဲ့ အကြောင်းအရင်းက အဲဒီသူငယ်ချင်းက တစ်နေ့မှာ ဆူဆိုက်လုပ်ပြီး သေသွားခဲ့လို့ပဲ။ အဲဒီအချိန်တုန်းကတည်းက စပြီး သေခါနီးလူတစ်ယောက်ရဲ့၊ အတိအကျ ပြောရရင် သေချင်စိတ်ပေါက်နေတဲ့ လူတစ်ယောက်ရဲ့ သေခါနီးအချိန်မှာ ရှိနေတဲ့ စိတ်အခြေအနေ၊ စိတ်အခံကို သိချင် လေ့လာချင်လာခဲ့တယ်။ ကျနော်က ဟိုးငယ်ငယ်ကတည်းက စိတ်ပညာကို စိတ်ဝင်စားခဲ့လို့ စိတ်ပညာစာအုပ်တွေကိုပဲ ဦးစားပေးပြီး ဖတ်ဖြစ်ခဲ့တယ်။ အဲဒီအကြောင်းကြောင့်မို့ပဲ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသွားခဲ့တာ ဖြစ်မယ် ထင်တယ်။ ဘယ်လို စိတ်အခံမျိုး၊ စိတ်အခြေအနေမျိုးက လူတစ်ယောက်ကို သေချင်စိတ် (ချက်ချင်း) ပေါက်သွားအောင် လုပ်နိုင်တာလဲ။ အဲဒါ အတော်ကြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ခေါင်းစဉ်တစ်ခုပဲ။
စောစောက သူငယ်ချင်းအကြောင်းကို ပြန်ပြောရရင် အဲဒီသူငယ်ချင်းက သေခါနီး (သတ်သေခါနီး) တစ်နာရီအလိုအထိ ကျနော်နဲ့ ဖုန်းပြောနေတုန်းပဲ။ သူက တနင်္သာရီတိုင်းထဲက မြို့ကြီးတစ်မြို့မှာ။ ကျနော်က မန္တလေးမှာ။ အဲဒီတုန်းက ကျနော်နဲ့ ဖုန်းမပြောဖြစ်တာ (စကားမပြောဖြစ်တာ) ကြာပြီမို့ ဖုန်းခေါ်လာတာပါ ဆိုပြီး သူနဲ့ စကားတွေကို တစ်နာရီနီးပါး ပြောဖြစ်ခဲ့တယ်။ ပြောရင်း ပြောရင်းနဲ့မှ သူ စိတ်ညစ်လို့ ဖုန်းခေါ်လာတယ် ဆိုတာကို ကျနော် သိလာရတယ်။ ဒါပေမယ့် ကျနော်မှန်းဆရသလောက်တော့ သေချင်လောက်အောင် စိတ်ညစ်နေတာမျိုးတော့ မဟုတ်ဘူး။ သူနဲ့ ဖုန်းပြောခဲ့တဲ့ နောက်ပိုင်းနာရီဝက်က ရယ်ရယ်မောမောနဲ့ပါ။ သူ စိတ်ညစ်ပြေသွားပြီ လို့ကို ကျနော်က ထင်လိုက်မိတာ။ နောက်ဆုံး ဖုန်းချခါနီးမှာ သူက ရန်ကုန်ပြန်ရောက်ရင် ၁၀ ရက်တရားစခန်း သွားဝင်ဦးမယ် လို့တောင် ပြောသွားသေးတယ်။ ကျနော်က သူ့ကို စိတ်အေးချမ်းအောင် တရားစခန်း ဝင်ဖို့ ဖုန်းထဲမှာ တိုက်တွန်းခဲ့တာကိုး။ ဒီတော့ သူက ရန်ကုန်ရောက်ရင် ဝင်မယ်လို့ ကတိပေးတယ်။ ဒါပေမယ့်လေ … ။
နောက်တစ်နေ့ မနက်ခင်း ၁၀ နာရီလောက် (ထင်တာပဲ) မှာ ဖုန်းတစ်ကော ဝင်လာတယ်။ အဲဒီသူငယ်ချင်းက ပင်လယ်ထဲ ခုန်ချပြီး သတ်သေသွားတယ်တဲ့။ ကျနော်နဲ့ ဖုန်းပြောပြီး ဖုန်းချသွားတဲ့ အချိန်က ညနေ ၅ နာရီလောက်ပါ။ နောက်ဆုံး မှန်းဆချက်အရ ၆ နာရီလောက် ရေနစ်သေတာ ဖြစ်မယ်လို့ ပြောတယ်။ ဒီတော့ အဲဒီတစ်နာရီအတွင်းမှာ ဘာတွေ ဖြစ်ကုန်တာလဲ။ အတိအကျ ပြောရရင် ချက်ချင်းကိုပဲ သေချင်စိတ် ပေါက်သွားအောင် စိတ်အခြေအနေက ဘယ်လို ဘယ်ပုံ ပြောင်းလဲသွားခဲ့တာလဲ။ သတ်သေချင်လောက်အောင် တွန်းပို့သွားခဲ့တဲ့ စိတ်အခြေအနေကို ကျနော် သိချင်လွန်းလို့ စိတ်ပညာကို အများကြီး ပိုပြီး စိတ်ဝင်စားသွားခဲ့တယ်။
နောက်တော့ ကိုယ့်ကိုယ်ကိုယ် သေအောင် သတ်တာအပြင် သူများကို မသေသေအောင် သတ်ချင်တဲ့ လူရဲ့ စိတ်အခံက ဘယ်လို ရှိသလဲ ဆိုတာကိုလည်း ကျနော် စိတ်ဝင်စားလာခဲ့တယ်။ အဲဒီလို လူမျိုးကို သာမန်အားဖြင့် စိတ်ဖောက်ပြန်တဲ့သူလို့ ခေါ်လို့ရပေမယ့် ကျနော်တို့လို သူသူငါငါ သာမန်လူတွေကရော အဲဒီလိုကြီး ရုတ်တရက် ဖောက်ပြန်သွားတာမျိုး မဖြစ်နိုင်ဘူးလား။ လူတစ်ယောက်ကို သတ်ချင်လောက်အောင်၊ သေသွားစေချင်လောက်အောင် ရုတ်တရက် တွန်းအားပေးတတ်တဲ့ စိတ်အခြေအနေ၊ စိတ်အခံက ဘယ်လို ဖြစ်မလဲ။ အဲဒါကို Criminal Psychology ဆိုပြီး ဘာသာရပ်တစ်ရပ်အနေနဲ့ လေ့လာနေကြတာ ရှိတယ်။ လူတစ်ယောက်ကို သတ်ဖို့၊ သေစေချင်စိတ် ဖြစ်ဖို့ ဆိုတာ တကယ်တော့ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ပါးစပ်ကနေ သေစမ်းဟဲ့၊ သေသွား အေးတာပဲလို့ ပြောနေပေမယ့် အခုချက်ချင်း ကိုယ့်ရှေ့မှာ သေသွားတာမျိုးကို မြင်ချင်ဖို့ ကျတော့ တော်တန်ရုံ စိတ်အခံမျိုးနဲ့ မဖြစ်နိုင်ဘူး။ တော်တော်ကြီးကို ဖောက်ပြန်နေမှ ဖြစ်မှာ။
ဝတ္ထုအမျိုးအစားတွေထဲမှာ Psychological Thriller ဆိုတဲ့ အမျိုးအစားတစ်မျိုး ရှိတယ်။ လူသတ်မှုလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ပါတဲ့ ဝတ္ထုအမျိုးအစား ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်ပြောင်းလဲမှုကို ဦးစားပေးဖော်ပြတဲ့ genre မျိုးပါ။ လူတစ်ယောက်ကို ဘာကြောင့် သတ်တယ်၊ သူ့ကို သတ်ချင်သွားအောင်၊ သတ်မိအောင် စိတ်အခြေအနေ ဘယ်သို့ ဘယ်ပုံ ပြောင်းလဲရွေ့လျားသွားသလဲ ဆိုတာကို ဖွဲ့နွဲ့ဖော်ပြတဲ့ ဝတ္ထုမျိုးပေါ့။ အခု အကြမ်းပြောချင်တဲ့ Confessions ဆိုတဲ့ ဝတ္ထုက အဲဒီလို ဝတ္ထုမျိုးပါ။
ဇာတ်လမ်းက ဆရာမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်နဲ့ စထားတယ်။ ဆရာမက အလုပ်ထွက်တော့မှာမို့ သူ့တပည့်တွေနဲ့ နောက်ဆုံး နှုတ်ဆက်စကား ပြောတယ်။ အလုပ်ထွက်ရတဲ့ အကြောင်းအရင်းတစ်ခုက ငါးနှစ်အရွယ် သူ့သမီးက သူအလုပ်လုပ်နေတဲ့ စာသင်ကျောင်းရဲ့ ရေကူးကန်ထဲမှာ ရေနစ်သေသွားခဲ့လို့ပဲ။ ဒါပေမယ့် ရိုးရိုး ရေနစ်သေတာမျိုး မဟုတ်ဘူး။ သူ့အတန်းထဲက ကျောင်းသားနှစ်ယောက်ရဲ့ ပယောဂကြောင့် သေသွားခဲ့တာ။ အဲဒီကျောင်းသားနှစ်ယောက်ကို ဘယ်သူဘယ်ဝါ ပါလို့ နာမည်တပ်ပြီး အတိအကျ ဖွင့်မပြောပေမယ့် ဆရာမက ဘယ်လို ဘယ်ညာလို့ ပုံဖော်ပြလိုက်တော့ အဲဒီကျောင်းသားနှစ်ယောက်ကို ဘယ်သူလဲဆိုတာ တစ်တန်းလုံးက သိသွားခဲ့တယ်။ ဆရာမရဲ့ ရည်ရွယ်ချက်က အဲဒါပဲ။ အတန်းသူ အတန်းသားတွေရဲ့ ဝိုင်းပစ်ပယ်ခံရတာ၊ ဝိုင်းနှိမ်တာ၊ ဝိုင်းအနိုင်ကျင့်တာ၊ အတန်းထဲမှာ တစ်ချိန်လုံး မျက်နှာငယ်နဲ့ နေရအောင် တမင် လုပ်ပစ်ခဲ့တာပဲ။
နောက်ပြီး ဆရာမရဲ့ ယောက်ျားမှာက AIDS ရှိတယ်။ ဒါကြောင့် ဆရာမက သူ့ယောက်ျားရဲ့ သွေးကို စုပ်ယူပြီး စောစောက ကျောင်းသားနှစ်ယောက် သောက်မယ့် နွားနို့ဗူးတွေထဲကို ထိုးထည့်ခဲ့တယ်။ အဲဒီလို ထိုးထည့်ထားတယ် ဆိုတာကိုလည်း အားလုံးသိအောင် လူကြားထဲ ဖွင့်ဟဝန်ခံခဲ့တယ်။ ငါ့ကို AIDS ကူးတော့မှာပဲ ဆိုတဲ့ ကြောက်စိတ်နဲ့ နေသွားစေချင်လို့ပဲ။ အဲဒါ ဆရာမရဲ့ လက်စားချေပုံ ချေနည်းပေါ့။
ဆရာမရဲ့ လက်စားချေပုံက ကျောင်းသားနှစ်ယောက်ထဲမှာ တစ်ယောက်အတွက်တော့ ကောင်းကောင်းကြီး ထိရောက်သွားခဲ့တယ်။ အဲဒီကျောင်းသားရဲ့ မူရင်းဓာတ်ခံက စိတ်ရင်းကောင်းတယ်။ သဘောကောင်းတယ်။ အေးဆေးတယ်။ စာမတော်လှပေမယ့် ဖော်ရွေမှု ရှိတယ်။ ပြောရရင် လူဆိုးစာရင်းထဲ မပါဘူး။ ဆရာဆရာမတွေ၊ အတန်းသူ အတန်းသားတွေ သတိထားမိလောက်အောင် တော်တဲ့ကျောင်းသား မဟုတ်ပေမယ့် ဆိုးတဲ့ကျောင်းသားထဲမှာလည်း မပါဘူး။ ဒါပေမယ့် အဲဒီကျောင်းသားက ကလေးလေးတစ်ယောက်ကို သတ်တဲ့ အမှုအခင်းထဲမှာ တစ်နည်းတစ်ဖုံ ပါဝင်နေတယ်။ တကယ်တမ်း ပြောရရင် ကလေးမလေးက သူ့လက်ချက်ကြောင့် သေသွားခဲ့တာ။ သေအောင် ကြံစည်ကြတာ ကျောင်းသားနှစ်ယောက် ဆိုပေမယ့် တကယ့် လူသတ်တရားခံက သူပဲ။ ဘာဖြစ်လို့ အဲဒီလို ဖြစ်သွားခဲ့တာလဲ။ ဘယ်လိုလုပ်ပြီး ညပ်ပါသွားတာလဲ။ အရိုးခံလူတစ်ယောက်ကနေ သူတစ်ဖက်သားကို သေသွားစေချင်လောက်အောင် တဖြည်းဖြည်း ပြောင်းလဲသွားတဲ့ စိတ်အခြေအနေတွေကို ဒီ Confession ဆိုတဲ့ ဝတ္ထုထဲမှာ ဖော်ပြထားတယ်။ နောက်ဆုံး အဲဒီကျောင်းသားလေးက သူ့အမေကိုတောင် ပြန်သတ်ပစ်မိတဲ့အဆင့်ထိ ရောက်သွားတယ်။
နောက် ကျောင်းသားတစ်ယောက် ကျန်သေးတယ်။ ပြောရရင် သူက လူသတ်မယ်လို့ အရင်ဦးဆုံး ကြံစည်ခဲ့တဲ့သူ။ စီစဉ်ခဲ့တဲ့သူ။ သူက သူ့စီမံကိန်းကို အကောင်အထည် ဖော်နိုင်ဖို့ စောစောက ကျောင်းသားကို စည်းရုံးခဲ့တာ။ ဒါပေမယ့် သူ့ရဲ့ လူသတ်စီမံကိန်းက မအောင်မြင်ခဲ့ဘူး။ ပြောရရင် သူ့လက်ချက်ကြောင့် ကလေးမလေးက သေမသွားခဲ့ဘူး။ ဒါပေမယ့် သူက မသိရှာဘူး။ သူကြောင့် သေသွားတယ်လို့ ယူဆပြီး သူက ဂုဏ်ယူနေခဲ့တာ။ ကလေးမလေးက သေတော့ သေသွားတယ်။ သူ့ကြောင့် မဟုတ်ဘူး။ ပထမကျောင်းသားကြောင့် သေတာ။ သူ့ကြောင့် သေတာ မဟုတ်မှန်း သိသွားတော့ သူ အတော် ဒေါပွပြီး ဟိုကောင့်ကို ပြဿနာ ရှာတယ်။ နောက်တော့ သူက တခြားလူတွေကို သတ်ရအောင် ပစ်မှတ်တွေ ထပ်ရှာတယ်။
တကယ်တော့ သူက စိတ်နောက်နေတဲ့သူလို၊ serial killer တဇွတ်ဇွတ် လူသတ်ချင်နေတဲ့သူလို အကြောင်းမဲ့ သတ်ချင်နေတာတော့ မဟုတ်ဘူး။ သူ့မှာ သူ့အတွက် ခိုင်လုံတဲ့ အကြောင်းရှိတယ်။ အဲဒါက သူ့မိသားစုသမိုင်း၊ အတိအကျ ပြောရရင် သူ့အမေကနဲ့ သက်ဆိုင်နေတယ်။ သမ္မတကနေဒီကို ပစ်သတ်ခဲ့တဲ့သူက နာမည်ကြီးချင်လို့ သတ်တာပါလို့ ပြောခဲ့သလိုပဲ သူကလည်း သတင်းစာထဲ ပါချင်လို့ အုတ်အော်သောင်းတင်း ဖြစ်အောင် လုပ်ချင်လို့ လူသတ်တာ ဖြစ်နေတယ်။ အကြောင်းက တစ်ခုတည်းပဲ။ အဲဒါက သူ့အမေကို မြင်စေချင်လို့။ သူ့အမေကို တွေ့စေချင်လို့။ နောက်ဆုံး ဇာတ်လမ်းက (ပထမကျောင်းသားလိုပဲ) သူ့အမေကို သူ့လက်ချက်နဲ့ သတ်မိတဲ့ အဆင့်ထိ ရောက်သွားပြီး ဇာတ်လမ်းက ဆုံးသွားတယ်။
အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က ဘာလဲဆိုတော့ စာရေးသူက ဂျပန်နိုင်ငံရဲ့ လူငယ်ပြစ်မှုဥပဒေကို အဓိက ထောက်ပြသွားတယ်။ အသက်မပြည့်သေးတဲ့ လူငယ်တစ်ယောက်က ပြစ်မှုကျူးလွန်ရင် လူသတ်မှု ဖြစ်နေရင်တောင်မှ သာမန် ဒဏ်ခံတာလောက်နဲ့ ပြီးသွားတယ်။ တစ်ခါတလေဆို အုပ်ထိန်းသူ မိဘကို ခေါ်ပြီး ဝမ်နင်ပေးတာလောက်ပဲ ရှိတယ်တဲ့။ ဒီတော့ ဆယ်ကျော်သက်လူငယ်တွေက ပိုပြီး အတင့်ရဲလာကြတာပေါ့။ နောက်ပြီး ဥပဒေအရ အဲဒီလူငယ်ရဲ့ နာမည်ကိုလည်း လူသိရှင်ကြား ကြေညာခွင့် မရှိဘူး။ ဒီတော့ ဥပမာပြောရရင် ၁၆၊ ၁၇ အရွယ် လူငယ်တစ်ယောက်က လူသတ်မှုတစ်ခု ကျူးလွန်ထားရင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို မကျခံရဘဲ၊ ဘယ်သူကမှလည်း သူ့ရဲ့ ပြစ်မှုကို သိမှာ မဟုတ်ဘဲ ဘာမှ မဖြစ်သလို လူကြားထဲမှာ၊ ကျောင်းထဲမှာ သူလိုငါလို ဆက်နေခွင့် ရနေတယ်။ ဒါကြောင့် ဆရာမက သူ့သမီးကို သတ်ခဲ့တဲ့ ကျောင်းသားနှစ်ယောက်ကို (မှန်းရသလောက် အဲဒီကျောင်းသားနှစ်ယောက်က အသက် ၁၃ နှစ်လောက်ပဲ ရှိဦးမယ်) လူသတ်သမားတွေမှန်း သိပါလျက်နဲ့ အမှုမဖွင့်၊ ရဲလက်မအပ်ဘဲ သူ့နည်းသူ့ဟန်နဲ့ လက်စားချေသွားခဲ့တယ်။
ဆိုတော့ ၁၃ နှစ်သား ကျောင်းသားလေးတစ်ယောက်က ဘာကြောင့် လူသတ်ချင်ရတာလဲ။ သူက ငါးနှစ်အရွယ် ကလေးမလေးတစ်ယောက်ကို သတ်ဖို့ ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်။ အဲဒီစီမံကိန်းထဲမှာ အကူအဖော်ရဖို့ ဒုတိယကျောင်းသားတစ်ယောက်ကို စည်းရုံးခဲ့တယ်။ အဲဒီဒုတိယကျောင်းသားက လူရိုးဆိုတော့ ကလေးမလေးကို နောက်ရုံ၊ စရုံ၊ ကလေးရဲ့အမေ သူတို့ဆရာမကို ပညာပေးရုံလောက်ပဲလို့ ထင်ထားခဲ့တာ။ ဒါကြောင့်လည်း သူက ဝိုင်းကူပေးခဲ့တယ်။ ဒါပေမယ့် ပထမကျောင်းသားရဲ့ လက်ချက်နဲ့ ကလေးမလေး ပုံလဲသွားတော့ သူက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်။ မေ့မျောသွားတာကို သေပြီ ထင်သွားတာကိုး။ ဒါနဲ့ ခြေရာလက်ရာ ဖျောက်ဖို့ ကြံစည်ရာကနေ ကလေးမလေး တကယ် မသေဘူးဆိုတာကို သိသွားခဲ့ပေမယ့် စိတ်တွေ အဆင့်ဆင့် ပြောင်းလဲသွားလိုက်တာ သူ့ကိုယ်တိုင် သတ်ပစ်ချင်တဲ့အထိ ရောက်ရှိသွားတယ်။ ဒါနဲ့ သူက ကလေးမလေးကို ရေကူးကန်ထဲ ပစ်ချပြီး ရေနှစ်သတ်ပစ်ခဲ့တယ်။ ဘာဖြစ်လို့ အဲဒီလောက်အထိ ပြောင်းလဲသွားရတာလဲ။ ဘာအကြောင်းတွေကြောင့် လူသတ်ချင်စိတ် ပေါက်သွားရတာလဲ။ နောက်ဆုံး ကျောင်းသားနှစ်ယောက်စလုံးက သူတို့ရဲ့ အချစ်ဆုံး အမေအရင်းတွေကို သတ်မိတဲ့အထိ စိတ်တွေ တိုးတက်ပြောင်းလဲကုန်ကြတယ်။ ဘာဖြစ်လို့လဲ။ ဘာတွေ ဖြစ်ကုန်လို့လဲ။ အဲဒီအကြောင်းအချက်တွေ၊ စိတ်အဆင့်ဆင့် ပြောင်းလဲသွားပုံတွေက ဒီဝတ္ထုရဲ့ တကယ့် အနှစ်ပဲလို့ ပြောရတော့မယ် ထင်တယ်။
