← Back to blog

မိမိကိုယ်ကို အတင်းတုတ်ခြင်း

About Me TAG ရောက်တက်ရာရာ

ကျနော့်ကို သူများအကြောင်းချည်း ပြောနေတယ် ဆိုပြီး လာအော်တယ်ဗျ။ ကိုယ့်အကြောင်းလည်း ပြောပါဦးပေါ့။ နောက် ညီမလေး မေပျိုကလည်း လာတက်ထားတယ်လေ။ ဒီတော့ ကျနော် သိသလောက်တော့ ပြောပြမယ်။ ကျနော်က တစ်ခါတစ်လေကျ ကိုယ့်ကိုယ်ကိုတောင် ဘာလုပ်လို့ လုပ်နေမှန်း သိပ်မသိချင်ဘူး။ ဒါကြောင့် ကျနော် သိသလောက် ရေးမယ်လို့ ပြောလိုက်တာပါ။ ကိုယ့်အကြောင်းကို ပြောရမယ် ဆိုရင် သေမလောက် ကြောက်ပါတယ်။ ဒါပေမယ့် ရင်းရင်းနှီးနှီး ခင်ရတော့မယ်လို့ ထင်လိုက်မိရင်တော့ အဲဒီလူကို သိထားသင့်သလောက် ကျနော် အမြဲ ပြောပြတတ်ပါတယ်။

ကျနော်က လူတစ်ယောက်ကို ခင်တော့မယ်ဆိုရင် အဲဒီလူကို အရင် အကဲခတ်တတ်ပါတယ်။ အဓိကက သူ့ရဲ့ စိတ်ဓါတ်ပါ။ နောက် အပြုအမူပေါ့။ နောက်ပြီး အကျင့်။ ဒီ သုံးခုကို လေ့လာပြီးမှ အဲဒီလူကို ပစ်ပစ်နှစ်နှစ် ခင်တတ်တာများတယ်။ ကျနော့ကိုလည်း တစ်ဖက်လူက အဲဒီလို စူးစမ်းနေတယ်လို့ အမြဲ ခံစားရပါတယ်။ ကျနော် ထင်ထားတဲ့ လူတစ်ယောက်ရဲ့ အချက်အလက်တွေဟာ မှားနေရင် အဲဒီလူအပေါ် အမြင်စောင်းတော့မယ်။ ဒါကြောင့် ပုဂ္ဂလဓိဋ္ဌာန်တွေ ဘေးဖယ်ပြီး လူတစ်ယောက်ကို ကျနော်တို့ လေ့လာနိုင်ရင် အကောင်းဆုံးပါပဲ။ အဓိက အမုန်း၊ အငြိုး၊ အာဃာသ၊ ဒေါသ၊ လောဘ နဲ့ တက်မက်မှုတွေကို ခဏ ဘေးဖယ်ပြီး လေ့လာနိုင်ရင်တော့ အတိကျဆုံး အဖြေ ထွက်လာမယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ကျနော်တို့က ကိလေသာ မကင်းတဲ့ လူတွေပဲလေ။ တစ်ခုမဟုတ် တစ်ခုတော့ ညှိနေဦးမှာပဲ။ ကျနော်နဲ့ စတွေ့စလူတွေက ကျနော့ကို ခန့်မှန်းကျရင် အမြဲမမှန်ကြဘူး။ ဒါကြောင့် သူတို့ ကျနော့်အပေါ်မှာ ထားကြတဲ့ မှတ်ချက်တွေ (ဒီလိုကောင်ကြီးပဲ ဆိုတာတွေ) အမြဲ လွဲတတ်တယ်။ ဒါကြောင့် ဆက်ဆံရေးဟာ တိုးတက်သင့်သလောက် မတိုးတက်ဘူး။ ဒါကြောင့် ကျနော်ဟာ လူတချို့ဆိုရင် ကျနော့်ရဲ့ အမူအကျင့်နဲ့ စိတ်ဓါတ် တချို့ကို ပြောပြလေ့ ရှိပါတယ်။ ဒါတွေကို အခြေခံပြီး လေ့လာမယ်ဆိုရင် သိပ်မခက်တော့ဘူးပေါ့။

ပထမဆုံးနဲ့ အရေးကြီးဆုံး ပြောရမယ့် အချက်ကတော့ ကျတော် မညာတတ်ဘူး ဆိုတဲ့ အချက်ပါ။ ကျနော် မဟုတ်မမှန်တဲ့ အကြောင်းအရာ တစ်ခုကို ပြောမနေတတ်ဘူး။ ဒါပေမယ့် ဟုတ်တယ် မှန်တယ် ဆိုရုံနဲ့လည်း မပြောတတ်ပြန်ဘူး။ ညာတယ်ဆို အမှားကိုပြောတာ။ လိမ်တယ်ဆိုတာ အမှန်ကို မပြောတာပါ။ အင်္ဂလိပ်လိုတော့ Lie နဲ့ Deceive ပေါ့။ ကျနော် လုံး၀ မညာတတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ လိမ်မိတယ်။ မုသားမပါ လင်္ကာမချော ဆိုတာကို လက်မခံတဲ့ လူထဲက တစ်ယောက်ပါ။

နောက်တစ်ခု ပြောကို ပြောရမယ့် အချက်က ကျနော် သိပ် ကပ်စေးနည်းတယ် ဆိုတာပါပဲ။ ဒါပေမယ့် မတွက်ကပ်ပါဘူး။ သူငယ်ချင်းတွေရဲ့ အမြင်မှာ ကျနော်ဟာ သိပ်ကို ကပ်စေးနည်းတယ်တဲ့။ ဒါသူတို့ အမြင်ပါ။ ကိုယ့်ဖာသာတော့ သိပ်လက်ဖွာတယ် ထင်တာပဲ။ ကျနော်က ပိုက်ဆံရှိတယ်လို့ ထင်ရတဲ့ လူကို ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မပေးဘူး။ ဒါပေမယ့် လိုအပ်နေတယ်လို့ ယူဆရင်တော့ ဘယ်တော့မှ လက်မနှေးဘူး။ ဒါကြောင့် သူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးခဲတယ်။ ဒါကြောင့် သူတို့က ကပ်စေးနဲ ကော်တရာလို့ ခေါ်တယ်။ ခေါ်ပါ့စေလေ။ မကျွေးရရင် ပြီးရော။

နောက်ပြီး သိပ်စိတ်မရှည်ဘူး။ မေးခွန်းတစ်ခုတည်းကို သုံးခါဆက်တိုက် မေးလာရင် ဒေါသက ချက်ချင်း တစ်ချောင်းချောင်း ထွက်လာတယ်။ နားမလည်လို့ ဆိုရင်တော့ လာထား။ အမြှုပ်ထွက်အောင် ရှင်းပြမယ်။ လာရစ်ရင်တော့လား၊ ဘုပြောလွှတ်တယ်။ ဘာပဲဖြစ်ဖြစ် သုံးခါထပ် ပိုမမေးရင် အားလုံး အဆင်ပြေတယ်။ စိတ်မဆပ်ဘူး။ စိတ်မတိုတတ်ဘူး။ ဒါပေမယ့် အဲဒီလို ၃ ခါ မမေးနဲ့ သည်းမခံဘူး။ ဘာကြောင့်မှန်းမသိဘူး။ ကိုယ့်ဖာသာကိုယ် မသိလိုက်ခင်မှာပဲ စိတ်က တိုနှင့်နေပြီလေ။ ပုံမှန်အားဖြင့်တော့ စိတ်ရှည်တာ များပါတယ်။

နောက်တစ်ခုက ဘုပြောတတ်တယ်လို့ ပြောကြတယ်။ စကားပြောရင်း စိတ်အခန့် မသင့်ရင် မကြည်လင်တော့ဘူး။ ဒါဆို ကျနော် စိတ်မတိုခင် ကိုယ့်ဖာသာ ထိန်းရတော့တယ်။ ကျနော့်ရဲ့ စိတ်မတိုအောင် ထိန်းတဲ့ နည်းက စကားလျှော့ပြောခြင်း ပါ။ စကားဆက်ပြောရင် ဘုပြောမိတော့မယ်။ ဒါကို သူငယ်ချင်းတွေကို ပြောပြထားရတယ်။ စကားမပြောချင်လို့ အင်တင်တင် ဖြစ်နေရင် ဆက်မပြောပါနဲ့လို့။ ပြောရင်းမတ်တပ် စကားနည်းသွားရင် အကြောင်းရင်းက နှစ်ခုပဲ ရှိတယ်။ တစ်ခုက စဉ်းစားနေလို့။ နောက်တစ်ခုကတော့ စိတ်တိုနေလို့ပဲ။

ကျနော်နဲ့ စကားပြောရင် လက်ပေါက်ကပ်တယ်လို့ သူငယ်ချင်းတွေက မှတ်ချက်ပေးကြတယ်။ ကျနော့်အကျင့်က ကိုယ်သိချင်တာကို မရမက မေးတတ်တယ်။ ကိုယ်ပြောချင်တာကို လက်ခံလာအောင် ပြောတတ်တယ်။ သူတို့နဲ့ စကားရည် လုတယ်ပေါ့။ အဲဒါ သူတို့က မနိုင်တော့ ကတ်သတ်တယ် ဖြစ်ရောလေ။ ကျနော်က ကတ်မပြောပါဘူး။ မှန်တာတွေပဲ ရွေးပြောတတ်လို့ပါ။ အမှန်တရားက တစ်ခါတစ်လေမှာ နားခါးတယ် မဟုတ်လား။ အမှန်တရားနဲ့ မမွေ့လျော်တတ်တဲ့ လူတွေ အတွက်တော့ ခါးသပေါ့ဗျာ။ ကျနော်က အမှန်တရားအတွက် အတင်းအကျပ် ပြောတတ်တယ်ဗျ။

နောက်ပြီးတော့ ကြောက်စရာ ကောင်းလောက်အောင် ဥပက္ခာ ပြုတတ်တယ်။ ဘာကိုမှ ဂရုမစိုက်တတ်ဘူး။ ဘာကိုမှလည်း မကြောက်တတ်ဘူး။ လုပ်ချင်တာ တစ်ခုကိုလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လုပ်တတ်တယ်။ ကိုယ် မှန်တယ်လို့ ယုံကြည်ပြီး ဒါလုပ်လိုက်လို့ ဘယ်တော့မှ နောင်တ မရပါဘူးလို့ ကိုယ့်ဖာသာ ကတိပေးနိုင်ရင် လုပ်ပစ်လိုက်တယ်။ မဟုတ်တာတွေ လုပ်နေလို့ တားမရဘူး ဆိုရင်တော့ ကိုယ့်အရှေ့မှာ ဒုက္ခ ရောက်နေတောင် လက်ပိုက်ပြီး ကြည့်နေတတ်တယ်။ အမြင်မတော်ရင်တော့ ဘယ်လိုအခြေအနေမျိုးမှာ မဆို လိုက်ပြီး ကူညီပေးမယ်။ လိုက်ပြီး ဖြေရှင်း ပေးမယ်။ အစွမ်းကုန် ကူညီတတ်တယ်။ ဒါပေမယ့် ပိုက်ဆံတော့ လာမချေးနဲ့။ ဟဲဟဲ။

ရန်သူကို အနိုင်ယူတဲ့ ကျနော့်ရဲ့ လက်သုံး အပြင်းထန်ဆုံး လက်နက်နှစ်ခုက ခွင့်လွှတ်ခြင်းနဲ့ အပြုံးပါ။ ကျနော့်ကို စိတ်ဓါတ်ကျအောင်၊ စိတ်ဆင်းရဲအောင် လုပ်နိုင်တဲ့လူ တစ်မျိုးတည်း ရှိပါတယ်။ အဲဒါက ကျနော် ချစ်တဲ့လူတွေပါ။ လက်ချိုးပြီး ရေကြည့်ရင် (၃) ယောက်တည်း ရှိမယ် ထင်တယ်။ ကျန်တဲ့လူတွေက ကျနော့်ကို ခေတ္တခဏ စိတ်အခန့် မသင့်အောင်တော့ လုပ်လို့ ရလိမ့်မယ်။ ဒါပေမယ့် ဒေါသထွက်ပြီး တနုံ့နုံ့ ဖြစ်နေရအောင်တော့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။ လူတိုင်းမှာ အားနည်းချက်နဲ့ အပြစ်ကိုယ်စီနဲ့ အမှားကို အချိန်မရွေး လုပ်တတ်ကြတယ်။ ဒါကို နားလည်နိုင်ရင် ခွင့်လွှတ်လာနိုင်မယ် ထင်တယ်။ အားလုံးကို အပြုံးနဲ့ ခွင့်လွှတ်ဖို့ ကြိုးစားနေပါတယ်။

ကျနော့်ရဲ့ အကြီးမားဆုံး အားသာချက်နဲ့ ကြောက်စရာ အကောင်းဆုံး အားနည်းချက်ကတော့ လူမရွေးဘဲ ကူညီတတ်ခြင်းပါ။ အကူအညီလိုရင် နောက်ပြီး ကူညီနိုင်ရင် အာလုံးကို ကူညီလိုက်မယ်။ တစ်ခါတစ်လေတော့ ကိုယ့်ဆီ ပြန်ပြန်ပတ်လို့ အရှောင်အတိမ်းလေး လုပ်ရတယ်လေ။

သြော် ကျနော် ပြောဖို့ တစ်ခုမေ့နေတယ်။ ကျနော်က အတော် မေ့တတ်တာ။ မေ့တယ်လို့ ပြောဖို့တောင် မေ့နေလို့ ထပ်ဖြည့်ရတယ်။ ပေးစရာဆို ပိုပြီး မေ့တတ်တယ်လေ။ ရစရာဆို ဒီလောက် မမေ့ဘူး။ တစ်ခါတစ်ခါ ခရီးထွက်လို့ အိပ်ရာက နိုးရင် ငါအခုဘယ်မှာလဲ ဆိုတာကို အတော် စဉ်းစားယူရတယ်။ မိန်းမရလို့ ဘေးမှာ အိပ်နေတဲ့လူကို ဒါ ဘယ်ကလူလဲ မသိဘူး ဆိုပြီး မေ့နေရင် ဒုက္ခပဲနော်။

အခု ပြောပြီးသလောက်က ကျနော့်ရဲ့ စိတ်ဓါတ်ပေါ့။ ကိုယ့်ကိုယ်ကို သိသလောက်ပါ။ ရုပ်ရည် ရူပကာကတော့ သိပ်ပြောစရာ မလိုဘူး ထင်တယ်။ တစ်ခါတစ်ခါ မှန်ကြည့်ပြီး ကိုယ့်ဖာသာကိုယ် ကြိတ်ကြွေနေတာ။ ကြည်ညိုလွန်းလို့လေ။ အရပ်က ခပ်မြင့်မြင့်ဆိုပါတော့။ လူကတော့ ကြည့်လိုက်ရင် ခပ်ပိန်ပိန်ပဲ။ ဒါပေမယ့် မပိန်ဘူးဗျ။ ပေါင် (၁၅၀) နီးပါးရှိတယ်။ တစ်ခုချင်းစီ ဖြုတ်မချိန်ဖူးတော့ ဘယ်နားက လေးလို လေးနေမှန်း မသိပါဘူး။ မျက်မှန်နဲ့ဆိုပေမယ့် အမြင် မကျဉ်းပါဘူး။ လူရဲ့ အကျင့်က ဆံပင်မှာ ပေါ်တယ်လေ။ ထောင်ထောင် ထောင်ထောင်နဲ့။ စဉ်းစားသလားတော့ မမေးနဲ့။ ခေါင်းပေါ်က ဆံပင်ဖြူတာ ရေကြည့်ပေတော့။ အခုတလော အပျင်းကြီးလို့ မစဉ်းစားတော့တာ ဆံပင်တွေတောင် အတော် ပြန်မဲသွားတယ်။ ရုပ်ကတော့ ဗမာနဲ့ မတူတာ အမှန်ပဲ။ ရှမ်းလိုလိုပဲ။ အသားကဖြူတော့ ဂျပန်နဲ့ လူမှားခံရတယ်။ ဂျပန်တွေက `အိချိနော ကုကု ကဲ့ကဲ့´ ဆိုပြီး လာလာပြောလို့ အိုင်ဒုန့်နိုး လို့ ငြင်းငြင်းလွှတ်ရတယ်။ တစ်ခါက ရွှေတိဂုံဘုရားပေါ်မှာ တိုးတစ် ထင်လို့ ဘုရားလူကြီးတွေ အနောက်က လိုက်ချောင်းတာ ခံရဖူးတယ်။ ရင်ဘတ်မှာ တံဆိပ်မကပ်တော့ ပိုက်ဆံကောက်မလို့ လိုက်ချောင်းတာနေမှာ။

ကဲကဲ။ ဒီလောက်ဆို ပီကေရဲ့ မူကြမ်းလေးတော့ ပေါ်လောက်ရောပေါ့။ ရုပ်အတိအကျ သိချင်ရင်တော့ အီးမေးပို့ပေးလိုက်မယ်။ အီးမေးရတဲ့ နေ့ကစပြီး စက်ထဲမှာ ရှိတဲ့ ဗိုင်းရပ်စစ်တဲ့ ပရိုဂရမ်တွေ ဖြုတ်ပစ်လိုက်တော့။ မလိုတော့ဘူး။ သူတို့ထက် ဆိုးတဲ့ အကောင် ရောက်နေပြီလေ။

ကဲ ကျနော့်ကို တက် (TAG) လိုက်တဲ့ ညီမလေး မေပျိုရေ။ ဒီလောက်နဲ့ ကျေနပ်ရဲ့လား။ မကျေနပ်လည်း ဒီထက်တော့ ပို မရေးတတ်တော့ဘူးကွယ်။ ကျေနပ်လိုက်တော့။

Leave a comment

Your email address will not be published. Required fields are marked *