← Back to blog

ဒေါသမကင်းသော စာ (၂)

မြန်မာစာ

ပြီးခဲ့တဲ့ အပိုင်း (၁) မှာ ဒေါသ အမျိုးအစားထဲက အရေးအသား ရှင်းလင်းမှုနဲ့ ကျစ်လစ်မှုအပိုင်းကို ရှင်းပြခဲ့ပြီးပါပြီ။ မဖတ်ရသေးသူများ ဒီမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်။ စာတစ်စောင် ပေတစ်ပြောင် ငါဟဲ့ နင်ဟဲ့ ဆိုပြီး လက်ခမောင်းခပ် ရေးကြတော့မယ်ဆိုရင် ရှင်းလင်းတဲ့ ကျစ်လစ်တဲ့ အရေးအသားတွေ ဖြစ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ စာဖတ်သူအနေနဲ့ ကိုယ်ပေးချင်တဲ့ အနှစ်သာရပိုင်းကို သိနိုင်မယ်။ တွေးနိုင်မယ်။ တချို့ကျတော့လည်း မရှုပ်ရှုပ်အောင် ရေးတတ်ကြတယ်။ သူများ နားမလည်အောင် ရေးနိုင်မှ အဆင့်မြင့်တယ်လို့ ထင်ကြတယ်။ တချို့ကျ အင်မတန် ရှည်လျား ရှုပ်ထွေးတဲ့ စာကြောင်းတွေနဲ့ ကိုယ့်ရဲ့ စာပေလက်ရာကို ကိုယ်ထင်ပြကြတယ်။ စာကြောင်းရေ ၅ ကြောင်းလောက် ဖတ်ပြီးမှ ဝါကျ တစ်ကြောင်းရတယ်။ ဒီတော့ စာဖတ်သူ အနေနဲ့ အဲဒီလောက် ရှည်တဲ့ ဝါကျရဲ့ အဓိပ္ပာယ်ကို နားလည်အောင် ဖွင့်ဆိုဖို့ဆိုတာ အတော်လေးကို ခဲယဉ်းသွားပြီ။ အရေးအသား ရှင်းလင်းရမယ့်အပြင် ပြေပြစ်ဖို့ပါ လိုလာပြီ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ စာတွေလိုပေါ့။ စာကြောင်းရေ လေး၊ ငါး၊ ခြောက်ကြောင်းလောက် ပြီးမှ ဝါကျ တစ်ခု ရတယ်။ ဒါပေမယ့် သူရဲ့ စာကြောင်းကို အဆုံးထိ ဖတ်ပြီးတာနဲ့ ဘာဆိုလိုသလဲ ဆိုတာ တန်းသိနိုင်တယ်။ အဲဒီလို ရေးနိုင်ဖို့ ဆိုတာလည်း အတော်လေးကိုမှ မလွယ်ပဲကိုး။ဒီပို့စ်ထဲမှာ ကျနော် အနေနဲ့ စာပေ အရေးအသားမှာ လိုအပ်တဲ့ ပြေပြစ်မှုအပိုင်းနဲ့ လိုက်ဖက်ညီမှု အပိုင်းနဲ့ ဆိုင်တဲ့ အပြစ်အနာတွေကို ဝေဖန် ခွဲပြချင်ပါတယ်။ အရေးအဖွဲ့ ပြေပြစ်မှု ဆိုတာ အဖုအထစ် အကွေ့အကောက် မရှိဘဲ ချောချောမွေ့မွေ့ ရှိခြင်းကို ဆိုလိုတာပါ။ ဝါကျ တစ်ခုကို ဖတ်လိုက်တဲ့အခါ စာဖတ်သူရဲ့ စိတ်ထဲမှာ ထောင့်မနေဘဲ ရှောရှောရှူရှူ ဝါကျဆုံးတဲ့အထိ ရောက်သွားရင် အရေးအဖွဲ့ ပြေပြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အရေးအဖွဲ့ လိုက်ဖက်မှု ဆိုတာကတော့ ဝါကျမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာနဲ့ ကိုယ်သုံးနှုန်းထားတဲ့ စကားလုံးတွေ လိုက်လျောညီရှိခြင်းကို ခေါ်ပါတယ်။ ဥပမာ ရှင်ဘုရင်ရဲ့ ပြောစကားတွေဟာ နန်းတွင်းသုံးစကား၊ ကြီးကျယ်မြင့်မြတ်တဲ့ စကားမျိုးတွေ ဖြစ်မှ သင့်လျော်သလို ပုဂံခေတ်အကြောင်း ပြောနေကာမှ အင်တာနက်ကြီး ပါလာပြန်ရင်လည်း နေရာမကျပြန်ဘူး။ အဲဒီလို အကြောင်းအရာနဲ့ အသုံးအနှုန်း လိုက်လျောညီထွေမှု မရှိလို့ ဖြစ်လာရတဲ့ အပြစ်အနာ ဒေါသတွေကိုလည်း ဆွေးနွေးသွားမှာပါ။

ကဲ ကျနော်တို့ အရေးအသား ပြေပြစ်မှုနဲ့ သက်ဆိုင်တဲ့ ဒေါသတွေ အကြောင်း အရင် ကြည့်ကြရအောင်။အရေးအဖွဲ့ ပြေပြစ်အောင် ဖွဲ့တဲ့အခါမှာ ရှေ့နောက် စကားစဉ် လိုက်ဖက်အောင် ဖွဲ့ခြင်းဟာလည်း လိုအပ်ချက်တစ်ခုပဲ ဖြစ်တယ်။ ဥပမာ အနေနဲ့ ပြောရရင် “ထိုရောကာလ၊ ထိုခဏ၌၊ ထိုမျှရပ်ဝန်း၊ ထိုရဟန်းတို့” ဆိုတဲ့ အဖွဲ့ကို ကြည့်ကြည့်ပါ။ ထို … ထို … ထို ဆိုတဲ့ စကားစဉ်မပျက်အောင် သုံးထားတာကြောင့် ပြေပြစ်မှု ရှိနေပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ “ထိုရောကာလ၊ ထိုခဏ၌၊ ထိုမျှရပ်ဝန်း၊ ဤရဟန်းတို့” လို့ ရေးလိုက်ရင်တော့ စကားစဉ် ပျက်သွားတာကြောင့် အစဉ်ပျက်အပြစ် – ဝါကျ ဘဂ္ဂရီတိ ဒေါသ သင့်တယ်လို့ ဆိုရပါလိမ့်မယ်။အဲဒီလိုပဲ ဝါကျဖွဲ့ရာမှာ ဝိဘတ်တွေ အစဉ်ညီညွတ်အောင် ဖွဲ့တာကလည်း ပြေပြစ်မှုအတွက် အရေးပါတဲ့ အချက်တစ်ချက် ပါပဲ။ ဝါကျတစ်ခုထဲမှာ “အမိ၌ အဖ၌ ဘိုးဘွား၌” လို့ ဝိဘတ်စဉ် ညီညွတ်အောင် ဖွဲ့ရင် ပြေပြေပြစ်ပြစ် ရှိနေပေမယ့် “အမိ၌ အဖအား ဘိုးဘွားကို” လို့ ဝိဘတ်အစဉ်ဖျက်ပြီး ဖွဲ့ရင်တော့ မညီညွတ်တော့ဘဲ ဝိဘတ်အစဉ်ပျက်သော အပြစ် – ဝါကျတ္ထဘဂ္ဂရီတိဒေါသ သင့်တယ်လို့ ဆိုပါတယ်။ အောက်က ဝါကျနှစ်ကြောင်းကို ယှဉ်ကြည့်ပါ။၁။ ဆရာသည် ရှည်သွယ်သော အရပ်၊ ညိုမောင်းသော အသားအရေ၊ ရွှင်ချိုသော မျက်နှာတို့ဖြင့် ကျက်သရေ ရှိလှသည်။၂။ ဆရာသည် အရပ်ရှည်ရှည် ညိုမောင်းသည့် အသားအရေနှင့် မျက်နှာကလည်း ရွှင်ချိုပြီး ကျက်သရေ ရှိလှသည်။ဒီ ဝါကျနှစ်ခုဟာ အကြောင်းအရာချင်း အတူတူ ဖြစ်ပေမယ့် ပထမ ဝါကျက ပိုပြီး ပြေပြစ်တယ်ဆိုတာ ထင်ရှာပါတယ်။အရေးအဖွဲ့ ပြေပြစ်ဖို့အတွက် နားဝင်မချိုတဲ့ အသံကြမ်းတွေကို ရှောင်ဖို့လည်း အလင်္ကာကျမ်းများက ညွှန်းဆိုထားပါသေးတယ်။ အရွတ်အဖတ်ခက်တဲ့ အသံကြမ်းတွေပါရင် အသံကြမ်းအပြစ် – ဗန္ဓဖရုသဒေါသ သင့်တယ်လို့ ဆိုပါတယ်။ “ခက်ခက်ခဲခဲ တွက်ချက်၍ ကုတ်ကုတ်ခြစ်ခြစ် လုပ်လျက်” ဆိုတဲ့ အရေးအသားမျိုးမှာ အရွတ်အဖတ် ခက်တဲ့ အပြေပြစ်တဲ့ သဘောကို တွေ့ပါလိမ့်မယ်။အကြောင်းအရပ် တစ်ခုကို အထူးပြုဖို့ လုပ်မယ်ဆိုရင်လည်း အဲဒီ အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ ဝိသေသနမျိုး ဖြစ်ဖို့ လိုပါတယ်။ “အရပ် ဆယ်မျက်နှာလုံး ထွန်းလင်းတောက်ပသော ဆီးမီးခွက်ငယ်” မှာလို ဆီးမီးခွက်ငယ်မှာ ရှိသင့်တဲ့ ဂုဏ်ထက် အများကြီး ပိုလွန်ပြီး ဖွဲ့ရင် ဂုဏ်လွန်အပြစ် – အဓျတ္ထဒေါသ သင့်တယ်လို့ ဆိုပါတယ်။အဲဒီလိုပဲ၊ “ကကြီး ခခွေး မှန်အောင် ရေးတတ်သော ပညာရှိကြီး” မှာလို ပညာရှိကြီးမှာ ရှိသင့်တဲ့ ဂုဏ်ထက် အများကြီး ယုတ်နိမ့်အောင် ဖွဲ့ထားရင်လည်း ဂုဏ်ယုတ်အပြစ် – ဟီနတ္ထကဒေါသ သင့်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဝိသေသန ပြုခံရတဲ့ အရာထက် မမြင့်လွန်း မနိမ့်လွန်းတဲ့ လိုက်ဖက်တဲ့ အထူးပြုမှုမျိုးသာ သင့်လျော်ပါလိမ့်မယ်။”လှည်းဦး၌ ပစ်ထားသော ရွှေဖရုံသီးဖတ်ကို ကျီးချီသွားရာ လှည်းပါ ကပ်ပါသွားသည်” မှာလို အလွန်အကျွံ ရေးဖွဲ့ရင်လည်း စကားလွန်အပြစ် – အတိဝုတ္ထဒေါသ သင့်တယ်လို့ ဆိုပါတယ်။ အကြောင်းအရာနဲ့ လိုက်ဖက်ရုံလောက်ပဲ ဖွဲ့ဖို့ တောင်းဆိုထားပါတယ်။နောက်ပြီး “အနောက်က နေထွက်၏” လို နေရာဒေသ ဆန့်ကျင်မှု၊ “ဆောင်းတွင်းမှာ တောင်လေလာ၏” လို အချိန်ကာလ ဆန့်ကျင်မှု၊ “သားကို အဖေက ရိုသေရမည်” လို လောကဆန့်ကျင်မှု၊ “မီးသည် အေး၏” လို ယုတ္တိမရှိမှု၊ “ဒါနသီလပြုရင် ကုသိုလ်မရ” လို စာပေကျမ်းဂန်နဲ့ ဆန့်ကျင်မှုတွေ ပါလာခဲ့ရင် ဖြစ်ရိုးဆန့်ကျင်အပြစ် – ဝိရောဓိဒေါသ သင့်ပါတယ်။ရိုင်းပျသော အပြောအဆို အရေးအသားတွေ ဖွဲ့ဆို ရေးသားထားရင် စကားရိုင်းအပြစ် – ဝါကျကမ္မဒေါသ သင့်ပါတယ်။ရှေးသီချင်းကြီး တစ်ပုဒ်မှာ “ဥသျှောင်ကျင်-ငယ်လေး” လို့ ဆိုရမယ့်အစား “ဥသျှောင်-ကျင်ငယ်လေး” လို့ ဆိုမိတဲ့အတွက် “ကျင်ငယ်” ဆိုတဲ့ အနက်ရိုင်း ထွက်တာကြောင့် အနက်ရိုင်းအပြစ် – ဝါကျတ္ထ ကမ္မဒေါသ သင့်တယ်လို့ ဆိုပါတယ်။”ဘုရား၊ တရား၊ သံဃာ” လို့ ဆိုရမယ့်အစား “ဘုရား၊ သံဃာ၊ တရား” လို့ ဆိုရိုးဆိုစဉ် ဖျက်ပြီး ဆိုခဲ့ရင် ဆိုရိုးဆိုစဉ်ပျက်အပြစ် – ကမစ္စုတဒေါသ သင့်ပါတယ်။”အသက်ကိုပင် စွန့်ရန် ဝန်မလေးပါလျက် သူခိုး ခိုးခံရ၍ တုန်လှုပ်သည်” မှာလို ရှေ့နောက် မညီမညွတ် ဖွဲ့ရင် ယုတ္တိမဲ့အပြစ် – သြစိတျဟီနဒေါသ သင့်တယ်လို့ ဆိုပါသေးတယ်။အထက်မှာ ဖော်ပြပေးထားတဲ့ အပြစ်အနာ ဒေါသတွေကို လေ့လာပြီး သဘောပေါက် ရှောင်နိုင်ရှားနိုင် ဂရုစိုက်နိုင်မယ် ဆိုရင် မိမိရဲ့ အရေးအသား အဖွဲ့အနွဲ့တိုင်းဟာ ရှင်းလင်းမှု၊ ကျစ်လစ်မှု၊ ပြေပြစ်မှု၊ လိုက်ဖက်မှု ဆိုတဲ့ လက္ခဏာကောင်းတွေ ပြည့်စုံတဲ့ အသီးအပွင့် ရလဒ်ကောင်းတွေကို ခံစားနိုင်မှာ ဖြစ်တယ်။ တခြားသူ ရေးထားတဲ့ စာတွေကို အကဲဖြတ်တဲ့ နေရာမှာလည်း ဒီနည်းနာတွေဟာ တနည်းတဖုံ အထောက်အပံ့ ဖြစ်နိုင်ပါလိမ့်မယ်။ အထက်က ဖော်ပြထားတဲ့ ဒေါသအပြစ်တွေကို ရှောင်ရှားပြီး လက်တွေ့ကျကျ အသုံးချနိုင်ဖို့ ဒီပို့စ်လေးဟာ အဖိုးတန် လမ်းညွှန်ချက်တွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *