“ဒေါက်၊ ဒေါက်၊ ဒေါက်” ဆိုတဲ့ အသံက ကိုယ်ရဲ့ တံခါးမှာ မြည်နေပြီဆိုရင် ဧည့်သည် တစ်ယောက်ယောက် ကိုယ့်အိမ်ရှေ့ ရောက်နေတယ်လို့ လူတိုင်း ယူဆလိုက်ကြတယ်။ ကိုယ့်တံခါးက ခေါက်သံမြည်မှတော့ ကိုယ့်အိမ် ဧည့်သည်လာတာပေါ့၊ ဒါ ဘာထူးဆန်းသလဲလို့ မေးချင်တဲ့သူတွေ ရှိပါလိမ့်မယ်။ ကျနော် ဆက်စပ်ပြီး တွေးလိုက်မိတာက တံခါးခေါက်သံ ကြားပြီး မကြာခင်မှာ အိမ်ထဲကို လူတချို့ ဝင်လာတော့မယ် ဆိုတာ သေချာသလောက်ပဲ။ တစ်ခါတလေတော့ တံခါးခေါက်တဲ့သူက အိမ်ထဲ မဝင်တော့ဘဲ အိမ်ထဲကသူကို အိမ်ပြင် ခေါ်ထုတ်သွားတတ်တယ်။ ဥပမာ သူငယ်ချင်းတွေပေါ့။ သူတို့ လာရင် လက်ဘက်ရည်ဆိုင် သွားရအောင်ဆိုပြီး ခေါ်သွားလေ့ရှိတယ်။ နေ့တိုင်းလိုလို လူတိုင်းနီးပါး တံခါးခေါက်သံကို ကြားနေကြရမှာပါ။ ဒါပေမယ့် ရည်ရွယ်သူသာ ကြားရတဲ့ တံခါးခေါက်သံမျိုး ကြားဖူးကြလား မသိဘူး။ အဲဒီလို ခေါက်တတ်တဲ့သူကလည်း ဘယ်တော့မှ အထဲ မဝင်တတ်ဘူး။ အထဲကသူကိုပဲ အမြဲ ခေါ်သွားတတ်တယ်။ မှတ်မှတ်ရရ ကျနော် ဘဝမှာ အဲဒီလို တံခါးခေါက်သံမျိုး (၆) ကြိမ်တိတိ ကြားဖူးခဲ့တယ်။ ကျနော်ကို ရည်ရွယ်တာ မဟုတ်ခဲ့ပေမယ့် ပဲ့တင်သံကို သဲ့သဲ့လေး ကြားခဲ့ရတယ်။ တံခါးခေါက်သံနဲ့အတူ လူတစ်ယောက် အမြဲ ပါသွားပေမယ့် ကျနော်အတွက် တစ်ဘဝလုံး မမေ့နိုင်တဲ့ စွမ်းအားတွေကို ချန်သွားခဲ့တယ်။ (၆) ကြိမ်လုံးလုံး တံခါးခေါက်ခဲ့သူက တခြားသူ မဟုတ်ပါဘူး။ ကျနော်တို့နဲ့ အမြဲ ရင်းနှီးနေတဲ့ သေမင်းပါ။
ပထမဆုံး သေခြင်းရဲ့ တံခါးခေါက်သံကို ကြားရတော့ ကျနော် အသက် (၂၁) နှစ် ရှိပါပြီ။ သေခြင်းတရားနဲ့ ပထမဆုံး ရင်းနှီးခွင့် ရခဲ့ခြင်းပါပဲ။ ကျနော် ရန်ကုန်မှာ ကျောင်းတက်နေတုန်း မန်းအိမ်က ဖုန်းတစ်ကော ဝင်လာတာက ကျနော့်အဘွား ဆုံးပြီတဲ့။ ဖုန်းချပြီး တခဏမှာပဲ ကျနော်ဟာ ရှော့ရိုက်ခံထားရတဲ့ လူတစ်ယောက်လို အားအင်တွေ ချည့်နဲ့ပြီး ဘာမှ လုပ်ချင် ကိုင်ချင်စိတ် မရှိတော့ပါဘူး။ အကြောင်းအရင်းက အဘွား ဆုံးသွားလို့ပေါ့။ သိပ်ချစ်လို့လို့ မထင်လိုက်ကြပါနဲ့။ ကျနော်ဘဝမှာ အမုန်းဆုံးလူကို ပြပါ ဆိုရင် အဲဒီ အဘွားကို လက်ညိုးထိုးပြရမှာပါ။ ဒါပေမယ့် ဒီနေ့ ဒီအချိန် ကိုယ့်အားကိုယ်ကိုးပြီး ဒီအဆင့်အတန်း ရောက်နေလို့ ကျေးဇူးတင်ရမယ့်သူကို ပြပါဆိုရင်လည်း သူ့ကိုပဲ ညွှန်ရမှာပါ။ မိဘ ပြီးရင်ပေါ့။ ဘာကြောင့် အဲဒီလောက် မုန်းခဲ့ရသလဲ ဆိုတာကို အခွင့်သင့်ရင် ပို့စ်အနေနဲ့ ရေးပါဦးမယ်။ ကျနော် သူ့ကို သိပ်မုန်းခဲ့လို့ တစ်နေ့နေ့ တစ်ချိန်ချိန် ကလဲ့စားပြန်ချေဖို့ ကျနော် ကြိုးစားခဲ့တာပါ။ ကျနော် အသက် (၂၁) နှစ် ပြည့်တဲ့အချိန်အထိ ကျနော် ကြိုးစားခဲ့သမျှရဲ့ အကြီးမားဆုံး အကြောင်းအရင်းက သူ့ကို လက်စားချေဖို့ပါ။ သူ ကျနော်အပေါ် ပြုမူခဲ့သမျှ ဆတူ သူ ပြန်ခံစားစေရမယ် ဆိုတဲ့ အာဃာတ တွေနဲ့ပေါ့။ အခွင့်သင့်တာနဲ့ နာပြီ မှတ်လို့ တေးနေခဲ့တာ အချိန်တိုင်းပဲ။ အဲဒီအဘွားက ကျနော်နဲ့ မွေးကတည်းက အတူနေလာပြီး အသက် (၁၆) နှစ်သား အရွယ်မှ အိမ်ခွဲသွားခဲ့တယ်။ ကျနော်ရဲ့ ငယ်ဘဝ စိတ်အနာတရ အများဆုံးဟာ သူကြောင့် ဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ကျနော် အဲဒီလောက် ငြိုးနေခဲ့တာပေါ့။ ဒေါသတွေ အာဃာတတွေဟာ ဘယ်လောက် ပူလောင်သလဲဆိုတာကို ဖြစ်နေတုန်းတော့ ဘယ်လိုလုပ် သွားသိနိုင်မှာလဲ။ ဘယ်လောက်အထိ ပူလောင်နေမယ်ဆိုတာ မှန်းဆလို့ ရလောက်ပါတယ်။
ကျနော် ဒီလောက် မုန်းတဲ့ အဘွား ဆုံးသွားပြီလို့ သိလိုက်ရတဲ့ အချိန်မှာ ဘယ်လို ခံစားသွားရမယ်လို့ ထင်သလဲ။ “ကောင်းကွာ၊ ငါရဲ့ မဟာ ရန်သူကြီး မရှိတော့ဘူး” ဆိုပြီး ပျော်နေမယ်လို့ ထင်မိပါသလား။ ကျနော် အဲဒီ သတင်းကို ရပြီး တခဏမှာ ခံစားရတဲ့ ခံစားချက်ကို တင်စားပြီး ပြောရမယ်ဆိုရင် လေးနဲ့မြားကို ပစ်ဖို့ အသင့်ပြင်ထားပြီး ချိန်ရွယ်နေတုန်း ပစ်မှတ် ပျောက်ပြီး ရှာလို့ကို မရတော့တဲ့ ခံစားချက်လိုပါပဲ။ ငယ်ငယ်က ကျနော်ကို ခဲသေးသေးနဲ့ ပေါက်ခဲ့လို့ ကျနော် သူ့ကို ခဲကြီးကြီးနဲ့ ပြန်ပေါက်ပစ်ချင်ခဲ့တယ်။ ဒါပေမယ့် ငယ်သေးတော့ ခဲကြီးကြီးကို မ,နိုင်အောင် နေ့တိုင်း လေ့ကျင့်နေခဲ့တယ်။ နည်းနည်း လေးတာကို မ,နိုင်ပြီဆိုရင် ဒီထက် လေးတာကို မ,နိုင်အောင် ဆက်လေ့ကျင့်ခဲ့တယ်။ အခု အရွယ်ရောက်တော့ ကားကြီးလောက် ကြီးတဲ့ ကျောက်ခဲကို မ,ပြီး ပေါက်ပစ်မယ် စိတ်ကူးကာမှ ပေါက်ရမယ့်သူက အနားမှာ မရှိတော့ဘူး။ ဘယ်နားမှာမှ မရှိနိုင်တော့ဘူး။ ဒီတော့ မနည်းကို မနိုင်မနင်း မ,ထားတဲ့ ကျောက်ခဲကို ကျနော် ဘယ်လို လုပ်ရတော့မလဲ။ အရင့်အရင်က များများ မ,နိုင်အောင် အပင်ပန်းခံခဲ့တာတွေကကော ဘာအဓိပ္ပာယ် ရှိနေသေးလဲ။ ခက်တာက အဲဒီ ကျောက်ခဲကြီး မထားတာ ဘယ်သူမှ မမြင်ဘူး။ တစ်ယောက်တည်း မ,ပြီး တစ်ယောက်တည်း ပင်ပန်းနေခဲ့မိတယ်။ ကာယကံရှင်ဖြစ်တဲ့ အဘွားတောင် သိသွားပါ့မလား မပြောတတ်ဘူး။ တကယ်တမ်းတော့ ရန်ငြိုးထားတတ်တဲ့သူဟာ ကျောက်ခဲကြီး ရွက်ပြီး ပစ်ဖို့ အခါအခွင့် စောင့်နေတဲ့သူနဲ့ တူမှန်း အဲဒီနေ့ကမှ သိခဲ့ရတယ်။ ရန်ငြိုးနဲ့ တူတဲ့ ကျောက်ခဲကြီးကို (၂၁) နှစ်လုံးလုံး ရွက်ပြီး သွားနေခဲ့မိတာ အဲဒီအချိန်မှ မျက်လုံးထဲ မြင်ယောင်လာမိတယ်။ ပစ်ချမယ်လို့ ဆုံးဖြတ်ပြန်တော့လည်း ပစ်ချင်တဲ့သူက မရှိပြန်တော့ဘူး။ ဒီအတိုင်း လွှတ်ချပစ်ရမှာလဲ စိတ်ထဲက မအီမသာ။ ဒီအတိုင်း ရွက်ထားဖို့ ဆိုတာကလည်း လေးမှလေး။ နောက်ဆုံးတော့ ရွက်ထားတဲ့ အာဃာတ အငြိုးတွေကို လွှတ်ချနိုင်လိုက်သလို အဲဒီအချိန်ကစပြီး ဘယ်တော့မှ ကျောက်ခဲ ထပ်မရွက်တော့ဘူးလို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်။
ပထမဆုံး သေမင်းရဲ့ တံခါးခေါက်သံနဲ့ အတူ အဘွား လိုက်ပါသွားခဲ့သလို သူနဲ့အတူ အာဃာတ အငြိုးတွေပါ ထည့်ပေးလိုက် နိုင်ခဲ့တယ်။ အဲဒီ အချိန်ကစပြီး ဟန်မူရာဘီ ကိုဒ ဥပဒေလို မျက်လုံးတစ်ဖက် အတွက် မျက်လုံးတစ်ဖက် ပြန်ဖောက်ကြေး ဆိုတဲ့ ကလဲ့စား ချေမှုမျိုး၊ ရန်ငြိုးထားမှုမျိုး မရှိတော့ဘဲ အသွင်တစ်မျိုး ပြောင်းသွားပါတော့တယ်။
“ငါ့ကို မဲ့ပြတဲ့သူကို ပြုံးလာအောင် လုပ်ပြမယ်”
“ငါ့ကို မုန်းနေတဲ့သူကို ချစ်လာအောင် နေပြမယ်” ဆိုတဲ့ ခံယူချက်နဲ့အတူ ဘဝကို ဆက်လက် ဖြတ်သန်းလာခဲ့ပါတယ်။
“ဒေါသကို မေတ္တာဖြင့်သာ အောင်နိုင်ရာ၏”
(ဆက်ရန်)