← Back to blog

ငြိုးမာန်ဖွဲ့ ဒေါသ

တွေးစရာ ပီကေ့မှတ်စု

လောကမှာ ရုပ်ဝတ္ထုတွေ တိုးတက်လာတာနဲ့ အမျှ ပိုင်ဆိုင်ချင်လာတဲ့ လောဘတွေ ဟာလည်း အတော်ကလေးကို တိုးပွားလာကြတယ်။ ပိုင်ဆိုင်မှုတွေ အတွက် အငြင်းပွားလာကြတယ်။ ယုံကြည်မှုတွေ အတွက် အငြင်းပွားလာကြတယ်။ ဒါကလည်း ပိုင်ဆိုင်မှု အတွက်ပဲလေ။ ယုံကြည်မှုဆိုတာ ကိုယ်ပိုင်ဆိုင် ထားတဲ့ အသိတရားလေ။ ကိုယ့်မှာ ရှိနေတာတွေအတွက် စိုးရိမ်တတ်လာတယ်။ ကိုယ့်မှာ မရှိရင်လည်း သောကတွေ ရောက်လာတယ်။ ကိုယ်က လိုချင်တာကိုး။ ကိုယ် မကျေနပ်တဲ့သူမှာ ရှိနေရင် သာ ဆိုးသေး။ ကိုယ် မရှိရင်၊ မရရင် သူများလည်း မရှိစေချင်ဘူး။ မရစေချင်ဘူး။ ဒါနဲ့ပဲ ကုန်းတိုက်တတ်လာကြတယ်။ စိတ်ထဲကနေ မကျေနပ်ရာက လက်တွေ့ဖျက်ဆီးဖို့ ကြိုးစားလာတယ်။ မနောကံ အကုသိုလ်ကနေ ဝစီကံကို ကူးလာတယ်။ မနာလို ဝန်တိုရာကနေ ကုန်းတိုက်လာတယ်။ ပျက်စီးအောင်လို့လေ။ဒါ ဒေါသစရိုက် ရှိတဲ့လူတွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အပြုအမူတွေပါ။ နောက်တစ်ခုရှိသေးတယ်။ ငိုကြွေးခြင်းပါ။ ကိုယ် ဖြစ်ချင်တာတွေ မဖြစ်လာတဲ့ အခါမှာ ဒေါသဆိုတာ ထွက်ကြစမြဲပါ။ အဲဒီဒေါသဟာ မနောကံကနေ ဝစီကံမြောက်၊ ကာယကံမြောက် ပုံစံအမျိုးမျိုးနဲ့ အပြုအမူအဖြစ် ပြောင်းသွားတယ်။ ဆဲပစ်လိုက်တယ်။ ထ ထိုးတယ်။ ဒါ ဝစီကံမြောက် ဒေါသနဲ့၊ ကာယကံမြောက် ဒေါသတွေလေ။ လူတွေ အသိနည်းတဲ့ ကာယကံမြောက် ဒေါသတစ်မျိုးက ငိုကြွေးခြင်းပဲ။ အားမသန် မာန်လျှော့လေ။ မမျိုသိပ်နိုင်တဲ့ ဒေါသဟာ မနောကံကနေ အသွင်ပြောင်းဖို့ ကြိုးစားတဲ့နေရာမှာ ဝစီကံမြောက် မဆဲရေးဘူး။ ကုန်းမတိုက်ချင်ဘူး။ ကာယကံမြောက် ဘာမှ မလုပ်ရဲဘူး။ ဒီတော့ အဲဒီ ဒေါသတွေဟာ မျက်ရည် အဖြစ်နဲ့ အသွင်ပြောင်းသွားတယ်။ ငိုကြွေးတဲ့လူဟာ အမြဲတမ်း ပူဆွေးရတယ်။ ပူဆွေးရတာ ဒေါသကြောင့်ပေါ့။ ကိုယ်ချစ်တဲ့ ခင်တဲ့ လူတစ်ယောက် သေရင်ပဲဖြစ်ဖြစ် ကျနော်တို့ ငိုကြွေးကြတယ်။ ဒါလည်း ဒေါသရဲ့ ထွက်ပေါက်တစ်ခုလေ။ ဘာကိုမှ အပြစ်တင်လို့ မရဘဲကိုး။

ဒေါသစရိုက်ရှိတဲ့ လူတွေမှာ ထင်ရှားတဲ့ အပြုအမူ (၈) မျိုးရှိပါတယ်။(၁) ခိုက်ရန်ဖြစ်ခြင်း ဒါက မြင်သာပါတယ်။ ရင်ထဲက ဒေါသကို ကာယကံမြောက် အပြင်းထန်ဆုံး ဖွင့်ထုတ်တတ်တဲ့ လူအတော်များများမှာ မြင်ရတယ်။ ကိုယ်ထိလက်ရောက် လုပ်လိုက်ရင် ခိုက်ရန်ဖြစ်တယ်လို့ ခေါ်ရမှာပေါ့။(၂) ငြင်းခုံခြင်းကိုယ် လက်ကိုင်ထားတဲ့ (ပိုင်ဆိုင်ထားတဲ့) တရားတွေကို တခြားလူက ထိပါးလာရင် တုန့်ပြန်တက်တဲ့ ဒေါသပါ။ အသိပညာနဲ့ ပတ်သက်ပြီး အငြင်းပွားတယ်။ ယုံကြည်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားတယ်။ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားတယ်။ ဒါဟာ ဝစီကံပါ။ စကားနဲ့ ထိုးစစ်ဆင်ကြတာပေါ့။ ဒါနဲ့မှ မကျေနပ်တော့ရင် နောက်တစ်ဆင့်တက်ပြီး ခိုက်ရန် ဖြစ်လာနိုင်တယ်။ နိုင်ငံတကာမှာ ပုံစံမျိုးစုံနဲ့ အငြင်းပွားနေကြတယ်။ လူတန်းစားပေါင်းစုံ ငြင်းခုံနေကြတယ်။ Debate လုပ်တယ်ပေါ့။ ဒါ အတ္တနဲ့လည်း သက်ဆိုင်မယ်။ ကိုယ့်ဟာမှ မှန်တယ်လို့ ယုံကြည်ထားတဲ့ အတ္တ။ ငါ့ဟာ မထိနဲ့ နည်းနည်းမှ မလျှော့ဘူးဆိုတဲ့ မာန။ အထင်ရှားဆုံးကတော့ ခက်ထန်နေတဲ့ ဒေါသပါ။(၃) ပရိဒေ၀ – ငိုကြွေးခြင်းဒါကို အပေါ်မှာ နည်းနည်း ရှင်းပြထားပါတယ်။ ငိုကြွေးခြင်းဟာ ကာယကံမြောက် ဒေါသထဲမှာ အနူးညံ့ဆုံးနဲ့ အပြစ်အကင်းဆုံးပါ။ ဒါပေမယ့် နောက်ဆုံးတော့လည်း ခံစားကြရတာ ကာယကံရှင်ပဲလေ။(၄) သောက – စိုးရိမ်ပူဆွေးခြင်း ဒီ (၂) မျိုးက ဒေါသရှိတဲ့ သူတွေနဲ့ ဆိုင်တယ်။ ဆွေမျိုးတွေ သေကြေ ပျက်စီးတာတွေ တွေ့ရတဲ့အခါ ဒေါသနဲ့ သည်းမခံနိုင်လို့ စိုးရိမ်ပူဆွေး ငိုကြွေးရတာပဲ။ စိုးရိမ်တယ် ပူဆွေးတယ် ဆိုတာ ရင်ထဲမှာ ကြိတ်မွေးထားတဲ့ အပူမီးနဲ့ တူတယ်။ ရင်ထဲမှာ လှိုက်လောင်နေတယ်။ တစ်ယောက်တည်း ပူနေတယ်။ တချို့ဆို ဘယ်လောက်ပူလဲ ဆိုတော့ မျက်နှာကြီးကို နီရဲနေအောင် ပူတယ်။ စာထဲမှာ တစ်ခါ ဖတ်ဖူးတာက ပူဆွေးသောကရောက်ပြီး ခန္ဓာကိုယ် မီးလောင်ပြီး သေသွားတယ်လေ။ ရင်ထဲက အပူတွေက အရေပြားကိုတောင် စွဲလောင်သွားတယ်။(၅) မစ္ဆရိယ – ဝန်တိုခြင်း ကိုယ့်မှာ ရှိတဲ့၊ ကိုယ်နဲ့ ဆိုင်တာတွေ တခြားလူတစ်ယောက်နဲ့ သက်ဆိုင်သွားမှာ၊ သူ့လက်ထဲ ရောက်သွားမှာကို သည်းမခံနိုင်လို့ ဖြစ်ရတဲ့ ဒေါသပါ။ ဒီလို ဖြစ်လာပြီဆိုရင် သူများလက်ထဲ ရောက်မသွားအောင် တနည်းနည်းနဲ့ ကြံစည်တော့မယ်။ ဒါဟာ ပျက်စီးခြင်းရဲ့ လမ်းစပါပဲ။ သူ အကုသိုလ် တစ်ခုခု လုပ်မိတော့မယ်လေ။(၆) မာန်ထောင်လွှားခြင်း၊ မာနကြီးခြင်းကိုယ်ပိုင်ထားတာလေးတွေ၊ ကိုယ်သိထားတာလေးတွေကို အဟုတ်လုပ်ပြီး ပြိုင်ဆိုင်ချင် လာတယ်။ ငါသာ တကော လုပ်လာတယ်။ ကိုယ့်ဟာထက် ပိုကောင်းတာ လောကမှာ မရှိဘူးလို့ နားထင် သွေးရောက်နေတယ်။ အားလုံးနဲ့ ယှဉ်လိုက်မယ် ဆိုတဲ့ ဒေါသကလေးက စိတ်မှာ ကပ်လာတယ်။ ကိုယ့်ကိုယ်ကို အဟုတ်မှတ်နေပြီ ဆိုတော့ ဘယ်သူပြိုင်လို့ ရပါတော့နိုင်ပေါ့လေ။(၇) မိမိကိုယ်ကို အထင်ကြီးပြီး သူတစ်ပါးကို အထင်သေးခြင်းဒီ (၂) ခုက လောဘနဲ့ ယှဉ်တဲ့ တရားတွေ။ ဒါပေမယ့် ဒေါသကြီးတဲ့ လူမှာမှ ထင်ရှားတာ။ လူက မာနကြီးလာရင် သူများကို လွယ်လွယ်နဲ့ အထင်သေးလာတယ်။ ကိုယ့်ဟာ အကောင်းဆုံးလို့ ထင်တဲ့လူဟာ သူများဟာတွေ အကုန်လုံး မကောင်းဘူးလို့ ထင်မှာတော့ သေချာတယ်။ ကိုယ့်ဖာသာ သိပ်အထင်ကြီးတဲ့ လူတွေဟာ တခြားလူတွေကို အထင်သေးမှာပဲ။ ဒါသေချာတယ်။ အထင်ကြီးခြင်း၊ အထင်သေးခြင်းက ပိုင်ဆိုင်မှုအပေါ် အခြေတည်ပြီး ဖြစ်လာမို့ လောဘနဲ့ ပိုဆိုင်တယ်။ ဒါပေမယ့် ဒေါသကြီးတဲ့လူတွေရဲ့ အပြုအမူက ပိုပြီး ထင်ရှားတယ်။(၈) ကုန်းတိုက်ခြင်းဝန်တိုတတ်တဲ့သူဟာ မနောကံကနေ တစ်ဆင့်တက်ပြီး ဝစီကံအနေနဲ့ ကုန်းတိုက်လာကြတယ်။ ကုန်းတိုက်တယ်ဆိုတာ ဝစီကံမြောက် ဖျက်ဆီးခြင်းပါ။ သူတပါးရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကို လိုလားတဲ့အတွက် မဟုတ်မမှန်တဲ့စကား၊ အကျိုးမဲ့တဲ့စကား နဲ့ မနှစ်လိုဖွယ် စကားကို ဆိုခြင်းဟာ ကုန်းတိုက်ခြင်း မည်ပါတယ်။ ဒါကြောင့် နှုတ်ဖြင့် ဖျက်ဆီးခြင်းလို့ ခေါ်တာပါ။ ဒီလို ကုန်းတိုက်လိုက်လို့ အငြင်းပွားမှုတွေ ဖြစ်လာမယ်။ အငြင်းပွားပြီး ဒေါသတွေ ဖြစ်လာတယ်။ ဒါနဲ့ ဒေါသတွေ အဆင့်ဆင့် တက်လာပြီး နောက်ဆုံး ပျက်စီးခြင်းမှာ ဆုံးပါတယ်။နောက်တစ်ခု ဆွေးနွေးချင်တာက ရန်ငြိုးတွေ အကြောင်းပါ။ ဒီ ရန်ငြိုးတွေကြောင့်လည်း ဒေါသတွေ အဆင့်ဆင့်တက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပျက်စီးရာ ပျက်စီးကြောင်းတွေ ကြံစည်လာကြတယ်။ လူတွေအတော်များများ ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ငါ့ကို ရန်လာစရင်တော့ မခံဘူး ဆိုတာပါ။ တကယ်တမ်း ရန်တို့ ဒေါသတို့ ဆိုတာ ဘယ်ကနေ ဘယ်လို စသလဲ ဆိုတာကို လူအတော်များများ သတိ မထားမိကြပါဘူး။ ဒေါသတွေ တချောင်းချောင်း ထွက်နေပြီ ဆိုမှ သိကြတဲ့ လူတချို့ ရှိသလို ဒေါသကြောင့် တန်ပြန်တုံ့ပြန်ပြီးမှ သတိရတဲ့ လူတွေလည်း အများကြီးပါ။ ရန်ငြိုးတွေ ဘယ်ကဘယ်လို စမှန်း မသိလိုက်ခင်မှာပဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လက်စားချေနေကြပြီလေ။ နှစ်ဖက်လုံး ကြိုက်တဲ့ဘက်ကို မေးလိုက်ပါ။ သူကငါ့ကို ဒီလိုလုပ်လို့ ငါပြန်လုပ်တာ လို့ ဖြေကြမှာပါ။ ဒီလိုပဲ လက်စားချေနေကြရင် ဘယ်တော့မှ မပြီးတော့ပါဘူး။ရန်ငြိုးတွေ ဖြစ်ရတဲ့ အကြောင်းအရင်း (၉) ခု ရှိပါတယ်။ ဒီကိုးခုကို အခြေပြုပြီး ရန်ငြိုးတွေ ဖြစ်လာကြပါတယ်။(၁) ဒီလူဟာ ငါ့ရဲ့ အကျိုးမဲ့ကို ပြုခဲ့ဖူးတယ်။(၂) အခုလည်း လုပ်နေတုန်းပဲ။(၃) နောင်လည်း လုပ်နေဦးမှာပဲ ဆိုတဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြုတဲ့ သုံးပါး။(၄) ဒီလူဟာ ငါ့မိတ်ဆွေရဲ့ အကျိုးမဲ့ကို ပြုခဲ့ဖူးတယ်။(၅) အခုလည်း လုပ်နေတုန်းပဲ။(၆) နောင်လည်း လုပ်နေဦးမှာပဲ ဆိုတဲ့ မိတ်ဆွေကို အကြောင်းပြုတဲ့ သုံးပါး။(၇) ဒီလူဟာ ငါ့ရန်သူရဲ့ အကျိုးစီးပွားကို ပြုခဲ့ဖူးတယ်။(၈) အခုလည်း လုပ်နေတုန်းပဲ။(၉) နောင်လည်း လုပ်နေဦးမှာပဲ ဆိုတဲ့ ရန်သူကို အကြောင်းပြုတဲ့ သုံးပါး။ဒီရန်ငြိုးတွေကို လက်စားချေမယ့် အစား ဘယ်လို ဖြေဖျောက်လို့ရမလဲ။ ဖြေလို့ ရတဲ့နည်း (၁၀) ခု ရှိပါတယ်။ အောက်မှာ ပြထားတဲ့ (၁၀)ခုထဲက တစ်ခုခုကို နှလုံးသွင်းနိုင်ရင် ရန်ငြိုးတွေ ပြေပျောက်သွားနိုင်ပါတယ်။(၁) ရန်သူသည် ငါ့ကိုသာ ဒုက္ခပေးနိုင်သည်။ ငါ့စိတ်ကို ဒုက္ခမပေးနိုင်။ စိတ်ဆင်းရဲ ရတယ်ဆိုတာ ငါ့စိတ်ကသာ ငါ့ကို ညှင်းနေတာပဲ။ သူက ငါ့ကို စိတ်ဆင်းရဲ ပါစေလို့ လုပ်တာကို ငါမဆင်းရဲဘူး ဆိုရင် သူဘာတတ်နိုင်မှာလဲ။(၂) ချစ်ခင်သော ဆွေမျိုးတို့ကို စွန့်၍ ရဟန်းပြုနိုင်လျက် ဒေါသကို မစွန့်နိုင်လျှင် ဒေါသမက်သောငါ ဖြစ်ရာ၏။(၃) ဒေါသဆိုသည် သီလ၏ အမြစ်၊ သီလ၏ အမျိုး၊ ဟီရိသြတ္တပ္ပကို ဖျက်ချိုးတတ်တာ ငါက ဘာဖြစ်လို့ လက်ခံရမှာလဲ။(၄) ယုတ်မာတဲ့ ရန်သူကို အမျက်ထွက်လျှင် သူနဲ့ငါ ယုတ်မာမှု ပြိုင်သလို ဖြစ်မှာပေါ့။(၅) ငါစိတ်ဆိုးအောင် သူကပြုတာ ငါစိတ်ဆိုးလျှင် သူ့အလို ပြည့်သွားမှာပေါ့။(၆) ငါ၏ ဒေါသသည် ရန်သူအား ဒုက္ခ ပေးချင်မှ ပေးမည်။ ငါကတော့ စိတ်ပင်ပန်း ကြီးစွာဖြစ်မည်။(၇) ရန်သူသည် ဒေါသကြောင့် အပါယ်ခရီး လမ်းမှားနေပြီ။ အရှည်မြင်သူသည် လမ်းမှားသို့ မလိုက်။ အမြင်တိုသူသာ လမ်းမှားကို တကောက်ကောက် လိုက်၏။(၈) ရန်သူသည် ငါ့ကိုယ်၌ ရှိသော ဒေါသကို အားကိုးအားထား ပြု၍ စိတ်ဆိုး၏။ ထိုဒေါသကို ငါပယ်လိုက်လျှင် ရန်သူကျွန်မျိုး အားကိုး ပြုတ်လတ္တံ့။(၉) ငါ့အား စော်ကားသော ရုပ်နာမ် ခန္ဓာတို့သည် လွန်ကုန်ပြီ၊ ချုပ်ကုန်ပြီ။ ယခုရှိသော သူ၏ ရုပ်ခန္ဓာတို့ကို ငါအာရုံပြုလျှင် ဆန်ခိုးမမိ၊ ဖွဲခိုးမိ၊ ခုတ်ရာတပါး၊ ရှရာတခြား မသင့်လွန်းလေစွ။(၁၀) မီးခတ်နှင့်ကျောက် နှစ်ခုပေါင်းမှ မီးတောက်သည်။ မီးခတ် သက်သက်ကြောင့် မီးမတောက်။ ကျောက်၌လည်း သတ္တိထူး ရှိ၏။အထက်ပါ စာများကို တုဝဋကသုတ်မှ၎င်း၊ မှတ်သားထားသော ဒိုင်ယာရီ အဟောင်းများမှ၎င်း ထုတ်နှုတ် တင်ပြပါသည်။ စာဖတ်သူအားလုံး လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။

Leave a comment

Your email address will not be published. Required fields are marked *