ဒေါသ ဆိုတာ အပြစ်အနာကို ခေါ်ပါတယ်။ ဒေါသသင့်တဲ့ စာ ဆိုတာကတော့ အပြစ်အနာ မကင်းတဲ့ စာပေါ့။ အပြစ်အနာကို သိလို့ ဖြေဖျောက်နိုင်မယ်၊ ရှောင်ရှားနိုင်မယ် ဆိုရင် ဒေါသကင်းတဲ့ စာ ရလာပါလိမ့်မယ်။ ဒါဆို ကျနော်တို့အနေနဲ့ ဒေါသတွေက ဘာတွေလဲဆိုတာကို သိဖို့ လိုလာတာပေါ့။ ဒေါသတွေအကြောင်းကို အလင်္ကာကျမ်းတွေမှာ အကျယ်တဝံ့ ရေးထားပါတယ်။ အလင်္ကာကျမ်း အများစုရဲ့ မြစ်ဖျားခံရာ မူလဘူတ ကျမ်းကတော့ သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) က အရှင်သင်္ဃရက္ခိတမဟာသာမိမထေရ် ပါဠိလို ရေးဖွဲ့ထားတဲ့ သုဗောဓာလင်္ကာရကျမ်းပဲ ဖြစ်ပါတယ်။ အဲဒီကျမ်းဟာ ပုဂံခေတ်လောက်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မြန်မာဘာသာနဲ့ ခေတ်အဆက်ဆက်က ပြန်ဆိုရေးသားခဲ့ကြတယ်။စာဖတ်သူ တချို့ဟာ မြန်မာစာပေနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ဖတ်ရမှာ အင်မတန်မှ ပျင်းရိကြတာ ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ကျနော် ဒီပို့စ်ကို ရေးမှ ဖြစ်မယ်။ ဘာကြောင့် ရေးကိုရေးရသလဲ ဆိုတာ သိရအောင် ကျနော်ရဲ့ ရည်ရွယ်ချက်ကို ချပြမှ ဖြစ်မယ်။ အကြီးမားဆုံး ရည်ရွယ်ချက်ကတော့ စာရေးသူတွေ အပြစ်ကင်းတဲ့ စာဖြစ်ဖို့ အပြစ်တွေကို သိစေချင်တယ်။ နောက်ရည်ရွယ်ချက်က စာဖတ်သူတွေ အတွက်ပါ။ ဒီစာကို ဖတ်ရတာ ထောက်နေတယ်လို့ သိတယ်။ အပြစ်အနာ ရှိနေတယ်။ ဒါပေမယ့် ဘာကြောင့် ထောက်နေသလဲ မဝေခွဲတတ်ဘူး။ အနာမသိ ဆေးမရှိပါဘူး။ ဒီတော့ အနာသိမှ ဖြစ်မယ်။ ဒီပို့စ်ကို ဖတ်ပြီး အပြစ်အနာတွေ ရှာတတ်လာစေချင်တယ်။ ဒါမှ ဝေဖန်နိုင်မယ်။ အကြံပြုနိုင်မယ်။ ဝေဖန်၊ အကြံပြုနိုင်မှ စာကောင်းတွေ ထွက်လာမယ်။ တိုးတက်တဲ့ အရေးအသားတွေ ဖြစ်လာမယ်။ ရေးတဲ့သူကော၊ ဖတ်တဲ့သူပါ အကျိုးရှိစေချင်တယ်။ စာဖတ်သူဟာ ကိုယ်တိုင်လည်း စာရေးတယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ အကျိုးရှိမယ်လို့ မျှော်လင့်မိပါတယ်။ ကျနော် တတ်လို့ ရေးတာ မဟုတ်ပါဘူး။ သိတော့ တာဝန်ရှိတယ်လို့ ယူဆမိလို့ ရေးသားမျှဝေတာ ဖြစ်ပါတယ်။ ကြိုတင် ပြောစရာ ရှိတာက ပါဠိနာမည်တွေကြောင့် အခက်မတွေ့စေချင်ပါဘူး။ ကျော်ဖတ်သွားလည်း ဖြစ်နေပါတယ်။
ဝါကျရဲ့ ဒေါသကို ပြတဲ့အခါမှာ နှစ်ပိုင်း ခွဲပြီး ဆွေးနွေးချင်ပါတယ်။တစ်ပိုင်းက အရေးအဖွဲ့ ရှင်းလင်းမှုနဲ့ ကျစ်လစ်မှု အပိုင်း နဲ့နောက်တစ်ပိုင်းက အရေးအဖွဲ့ ပြေပြစ်မှုနဲ့ လိုက်ဖက်မှု အပိုင်း ပါ။စကားသုံးနှုန်းတဲ့အခါမှာ ဆန့်ကျင်ဖက် အနက်နှစ်မျိုး ထွက်အောင် မသုံးရပါဘူး။ ဒီလိုဆို အဓိပ္ပာယ် ရှင်းရှင်းလင်းလင်း ဘယ်ထွက်တော့မလဲ။ “တောင်” ဆိုတဲ့ စကားလုံးဟာ တောင်အရပ်လို့ အဓိပ္ပာယ်ထွက်သလိုပဲ တောင်ကုန်းလို့လည်း ယူဆလို့ ရနေပါတယ်။ ဒါဆို “တောင်ဆီသို့ မျှော်ငေးနေမိပါသည်” ဆိုတဲ့ ဝါကျကို ဘယ်လို အဓိပ္ပာယ် ဖွင့်မလဲ။ စကား အဆက်အစပ် မပြည့်စုံရင် အဓိပ္ပာယ်လည်း ဝေဝါးသွားပါတယ်။ ဒီလို အဓိပ္ပာယ် နှစ်မျိုးထွက်တာကြောင့် ဆန့်ကျင်ဘက်အပြစ် – ဝိရုဒ္ဓတ္ထန္တရဒေါသ သင့်တယ်လို့ ဆိုပါတယ်။အသိခက်တဲ့ စကားမျိုးကို သုံးရင်လည်း မရှင်းမလင်း ဖြစ်တာမို့ စကားခက်အပြစ် – ကိလိဠဒေါသ သင့်ပါတယ်။ “နေထွက်လုပြီ” လို့ ရေးရင် လူတိုင်း သိနိုင်ပေမယ့် “ပြဘင်္ကရု၊ ဖန်နေနန်းလည်း ပေါ်ထွန်းလုပြီ” လို့ ရေးလိုက်ခြင်း အားဖြင့် ဘာဆိုလိုမှန်း မသိဘဲ ဖြစ်သွားနိုင်ပါတယ်။ထည့်သင့်တဲ့ အကြောင်းပြစကားကို မထည့်ဘဲ ထားရင်လည်း မရှင်းမလင်း ဖြစ်တတ်ပါတယ်။ “ညအခါ အရပ်ဆယ်မျက်နှာလုံး ဖွေးဖွေးဖြူလျက် ရှိ၏” လို့ ရေးရင် ဘာကြောင့် ဖြူမှန်းမသိနိုင်တာကြောင့် မရှင်းမလင်း ဖြစ်ရတယ်။ စကားလိုအပြစ် – နေယျဒေါသ လို့ ခေါ်ပါတယ်။ “ညအခါ အရပ်ဆယ်မျက်နှာလုံး လရောင်ကြောင့် ဖွေးဖွေးဖြူလျက် ရှိ၏” လို့ ရေးရင် “လရောင်ကြောင့်” ဆိုတဲ့ အကြောင်းပြစကားကြောင့် ရှင်းရှင်းလင်းလင်း ဖြစ်သွားစေပါတယ်။အဲဒီလိုပဲ ထည့်သင့်တဲ့ အထူးပြုစကားကို မထည့်ဘဲ ထားရင်လည်း မရှင်းမလင်း ဖြစ်တတ်တာကြောင့် ဂုဏ်ထူးလိုအပြစ် – ဝိသေသနပေက္ခဒေါသ သင့်ပါတယ်။ “မျက်စိဖြင့် ကြည့်၏” လို့ ရေးရင် ဘာမှ မထူးတဲ့အပြင် “မျက်စိဖြင့်” က ပိုနေသလိုပါပဲ။ “ချစ်သော မျက်စိဖြင့် ကြည့်၏” လို့ ရေးရင်တော့ “မျက်စိဖြင့်” က အပိုမဖြစ်တဲ့အပြင် “ချစ်သော” ဆိုတဲ့ အထူးပြုကြောင့် ဆိုလိုတဲ့ အဓိပ္ပာယ် ပိုရှင်းသွားတာ တွေ့ရပါလိမ့်မယ်။”သာယာ ပျော်မွေ့ဖွယ် ကောင်းသော မြို့၏ ဆင်ခြေဖုံးရပ်ကွက်တွင် ကျွန်တော် နေသည်” ဆိုတဲ့ ဝါကျမှာ မြို့က သာယာ ပျော်မွေ့ဖွယ် ကောင်းတာလား၊ ရပ်ကွက်က ပျော်မွေ့ဖွယ် ကောင်းတာလား။ အဲဒီလို ဝါကျဖွဲ့ရာမှာ စပ်သင့်တဲ့ ပုဒ်ချင်း နီးနီးကပ်ကပ် မထားရင် ပုဒ်ထားရှုပ်အပြစ် – ဗျာကိဏ္ဏဒေါသ သင့်ပါတယ်။ဝါကျတွင်းပုဒ်တွေ ရှေ့နောက် ထားရာမှာလည်း အဆက်အစပ်မှန်မှန် ထားဖို့ အရေးကြီးပါတယ်။ “ခွေးနှင့်ဆိတ်သည် မြက်နှင့် အမဲသားကို အသီးသီး စားကြ၏” ဆိုတဲ့ ဝါကျမှာ ခွေးက မြက်ကိုစားပြီး ဆိတ်က အမဲသားကို စားတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားပါတယ်။ အဲဒီလို အရှေ့အနောက် အစီအစဉ် အစပ်အဟပ် ပျက်ရင် ဟပ်စဉ်ပျက်အပြစ် – အပက္ကမဒေါသ လို့ ခေါ်ပါတယ်။ဝါကျရဲ့ အနက်ကိုလည်း တစ်မျိုးထက် ပိုမထွက်အောင် ဖွဲ့ဖို့ လိုအပ်ပါတယ်။ “ခွေးဖြူ တော မတိုးဝံ့” ဆိုတဲ့ စကားပုံ ဝါကျကိုပဲ ကြည့်ပါ။ စကားတစ်လုံးချင်းစီ အနေနဲ့ ရှင်းပြစရာ မလိုပေမယ့် ဝါကျထဲ ထည့်လိုက်တဲ့အခါမှာ ခွေးက ဖြူ (ဆူးရှိတဲ့ အကောင်)တွေထဲ မတိုးဝံ့တာလား၊ ခွေးဖြူက တောထဲ မတိုးဝံ့တာလားလို့ တွေးစရာ ဖြစ်လာတယ်။ ဒီအဖြစ်မျိုးကို ယုံမှားဖွယ်ရှိအပြစ် – သ သံသယဒေါသ လို့ ခေါ်ပါတယ်။ ဒီပြဿနာမျိုးမှာ “ဖြူတောထဲ ခွေးမတိုးဝံ့” ဆိုသလို ပုဒ်အထားအသို ပြောင်းဖွဲ့လိုက်ရင်ပဲ အဓိပ္ပာယ် ရှင်းလင်းသွားပါတယ်။”လေဘောလုံးကို ကိုင်မြှောက်လျက်” ဆိုတဲ့ စကားမှာ “ဘောလုံး” ဟာ “လေ”မပါဘဲ သီးသန့် ရပ်တည်နိုင်တဲ့ အပြင် “လေ” နဲ့ တွဲသုံးလည်း ဘာမှ မထူးခြားတာကြောင့် အပိုစာလုံး ဖြစ်နေပါတယ်။ စကားသုံးနှုန်းရာမှာ အနက်အဓိပ္ပာယ် အထူးမရှိဘဲ အပိုထည့်ထားတဲ့ စကားမျိုးပါရင် အနက်မဲ့အပြစ် – အနတ္တဒေါသ လို့ ခေါ်ပါတယ်။ စကားပိုနေတဲ့အတွက် ကျစ်ကျစ်လစ်လစ် မရှိဘဲ ဖြစ်နေတတ်ပါတယ်။ဝါကျဖွဲ့ရာမှာ စကားတူ၊ အနက်တူတွေ ထပ်နေရင်လည်း အနက်ထပ်အပြစ် – ဧကတ္ထဒေါသ လို့ ခေါ်ပါတယ်။ စကားထပ်နေတာကြောင့် ကျစ်လျစ်မှု မရှိဘဲ ဖြစ်နေတတ်တယ်။ “စာသင်ကြားရာ စာသင်ကျောင်း” မှာလို အနက်အဓိပ္ပာယ်တူ စကားတွေ ထပ်သုံးရင် ဒီ အပြစ် သင့်ပါတယ်။ဒေါသ အပြစ်တွေကို မြင်ပြီး ရှောင်နိုင် ရှားနိုင်မယ်ဆိုရင် လိုက်နာ သီကုံးနိုင်ရင် ရိုးရှင်းကျစ်လျစ်ပြီး ဖတ်ရလွယ်ကူတဲ့ စာပေ အရေးအသားမျိုးတွေ ပိုင်ဆိုင်လာနိုင်ပါတယ်။ အလင်္ကာကျမ်းကြီးတွေမှာ ခန့်ခန့်ညားညား ရေးသားထားတာက တစ်ကြောင်း၊ ပါဠိနာမည်တွေ မြင်ရုံနဲ့ မဖတ်ချင်တာက တစ်ကြောင်းကြောင့် ဒီဒေါသတွေအကြောင်းကို နှံ့နှံ့စပ်စပ် သိဖို့ မလွယ်ကူခဲ့ပါဘူး။ ဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးတဲ့ စကား၊ စာ၊ အလင်္ကာ ဆိုတဲ့ စာအုပ်ထဲမှာ ပုံမှန်လူတစ်ယောက် ဖတ်မှတ်နိုင်တဲ့ အရေးအသားနဲ့ ရှင်းပြထားတာ တွေ့ရလို့ ကျနော်အနေနဲ့ ပြန်လည် စီကုံးပြီး အသိပညာ မျှဝေခြင်းသာ ဖြစ်ပါတယ်။ ဒီနည်းနာတွေကို စနစ်တကျ လေ့လာပြီး လက်တွေ့ အသုံးချနိုင်မယ် ဆိုရင် စာ အရေးအသားပိုင်း နည်းလမ်းကောင်းတွေ အဖြစ်နဲ့ အများကြီး အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်မှ အရေးအဖွဲ့ ပြေပြစ်မှုနဲ့ လိုက်ဖက်မှု အပိုင်းကို ဆက်ဆွေးနွေးပါ့မယ်။(ဆက်ရန်)