ဗိုလ်ချုပ်ကြီးတစ်ယောက်က စစ်ထွက်တော့မယ့် တပ်သားတွေကို စစ်ချီစကား မှာနေတဲ့ အလား ခံတံလေးကို ကြည့်ပြီး ဂျပ်ဗူးနဲ့ မထုပ်ခင် အမှာစကား ပါးနေလေရဲ့။ သူက ပြောတယ်။
“ကဲ မင်းတို့လေးတွေ နောက်နေ့ဆိုရင် မင်းတို့ရဲ့ ဘဝကို စတင်ရတော့မယ်။ မင်းတို့ သိဖို့ လိုက်နာဖို့ ကိုယ်ကျင့်တရား (၅) ခုရှိတယ်။ ဒါတွေကို မင်းတို့ အမြဲ မှတ်ထားပါ။ ဘယ်တော့မှ မမေ့ပါနဲ့။ ဒါမှ မင်းတို့ဟာ ခဲတံကောင်းတစ်ချောင်း ဖြစ်လာမယ်။ မင်းတို့ရဲ့ ဘဝဟာ တန်ဖိုးရှိလာမယ်။
နံပါတ် (၁) မင်းတို့ဟာ အင်မတန် ကြီးကျယ်တဲ့ အရာဝတ္ထုတွေကို ဖန်တီးနိုင်မှာပါ။ ဒါပေမယ့် တခြားလူတစ်ဦးဦးက ဆုပ်ကိုင်တာကိုတော့ မင်းတို့ ခွင့်ပြုရလိမ့်မယ်။ တခြား သူတစ်ဦးဦးဟာ မင်းတို့ကို ချယ်လှယ်ကောင်း ချယ်လှယ်လိမ့်မယ်။
နံပါတ် (၂) မင်းတို့ကို ချွန်လို့ နာကျင်တဲ့ ခံစားမှုတွေ အချိန်တိုင်းမှာ ခံစားရလိမ့်မယ်။ ဒါပေမယ့် မင်းတို့ ခဲတံကောင်း ဖြစ်ဖို့ ဒါဟာ လိုအပ်တယ်။
နံပါတ် (၃) မင်းတို့ လုပ်မိတဲ့ အမှားတွေကို အချိန်မရွေး ပြင်ဆင်နိုင်ရမယ်။
နံပါတ် (၄) မင်းတို့ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းက အတွင်းဆုံးပိုင်းပဲ။ မင်းတို့ ကောင်းမကောင်းဟာ ခဲဆံရဲ့ အရည်အသွေးမှာပဲ မူတည်တယ်။
နံပါတ် (၅) မင်းတို့ကို အသုံးပြုတဲ့ ဘယ်လို မျက်နှာစာမှာပဲ ဖြစ်ဖြစ် မင်းတို့ အမှတ်အသားလေးတွေ ချန်ခဲ့ နိုင်ရမယ်။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မင်းတို့ ဆက်ရေးပါ။
ခံတံတွေဟာ သူတို့ လိုက်နာရမယ့် ကိုယ်ကျင့်တရားကို မြေဝယ်မကျ လိုက်နာပါမယ်လို့ သန္နိဌာန်ချပြီး အောင်မြင်ဖို့ ရည်မှန်းချက် ရင်မှာပိုက်ပြီး ဂျပ်ဗူးထဲကို ဝင်သွားတော့တယ်။
ကဲ … အခု ကျနော်တို့ ခဲတံ နေရာမှာ ကျနော်တို့လို လူတစ်ယောက်ကို အစားထိုးကြည့်ရအောင်ဗျာ။ အဲဒါတွေကို လုံး၀ မမေ့ဘဲ၊ လိုက်နာနိုင်မယ်ဆိုရင် ကျနော်တို့လည်း လူတော်လူကောင်း ဖြစ်လာပါလိမ့်မယ်။
နံပါတ် (၁) သင်တို့တွေဟာ အင်မတန် ကြီးကျယ်တဲ့ လုပ်ရပ်တွေကို ဖန်တီးနိုင်မှာပါ။ ဒါပေမယ့် တခြားလူတွေနဲ့ လက်တွဲနိုင်မှ၊ ကိုယ့်ထက် တတ်သိတဲ့ လူတချို့ရဲ့ ပဲ့ကိုင်တာကို ခံနိုင်ရည်ရှိမှ ဖြစ်မယ်။ လူ့ဘဝမှာ ဘာအကူအညီမှ မလိုဘဲ ကိုယ့်ဖာသာကိုယ် လုပ်လို့ရမယ့် အလုပ်မျိုး ဘယ်နှစ်ခု ရှိလဲ စဉ်းစားကြည့်ပါ။ ကျနော်ဆိုတဲ့ လူသားတစ်ယောက် ဖြစ်ဖို့တောင် တစ်ယောက်တည်း မဖန်တီးနိုင်ဘူးနော်။ ကျနော် မြင်သလောက် ပြောရရင် ဘာအကူအညီမှ မယူဘဲ ကိုယ့်ဖာသာ လုပ်လို့ရတဲ့ အလုပ် တစ်ခုပဲ ရှိတယ်။ အဲဒါ သေကြောင်းကြံခြင်းပဲ။ သေကြောင်းကြံတာတောင် ကိုယ့်နှာခေါင်း ကိုယ့်ဖာသာ ပိတ်ပြီး သေမှပဲ ဘာအကူညီမှ မလိုမှာ။ ကျနော် ပြောချင်တာက လောကမှာ တစ်ယောက်တည်း ရပ်တည်လို့ မရဘူး ဆိုတာပါ။ လူ့လောကမှာ အကူအညီ ပေးတတ်ဖို့ လိုသလိုပဲ အကူအညီ ယူတတ်ဖို့လည်း ကြိုးစားသင့်ပါတယ်။
နံပါတ် (၂) အချိန်နဲ့ အမျှ တွန်းတိုက်တာတွေကြောင့် နာကျင်မှုတွေနဲ့ ကြုံရလိမ့်မယ်။ ဘဝမှာ ပြဿနာ ပေါင်းစုံနဲ့ ကြုံရမယ်။ ဒါတွေက လိုအပ်ပါတယ်။ ဒါမှ ပိုပြီး သန်စွမ်းတဲ့လူ ဖြစ်လာမှာပါ။ ဒီနေ့ ဖြစ်နေတဲ့ ပြဿနာတိုင်းဟာ နောက်နေ့တွေရဲ့ ဘဝလျှောက်လမ်းအတွက် လိုအပ်တဲ့ လေ့ကျင့်ခန်းတွေပါ။ အိပ်စက်ခြင်းကို လျစ်လျူရှုနိုင်မှ အာရုံဦးကို မြင်ရမယ်။ အခက်အခဲတွေကို လျစ်လျူရှုနိုင်မှ အောင်မြင်မှုကို မြင်ရမယ်။ အအိပ်မက်သူ တစ်ယောက်အတွက် နေ့တစ်နေ့ဟာ တန်ဖိုးမရှိသလို စိတ်ပျက်နေသူ တစ်ယောက်အတွက်လည်း ဘဝတစ်ခုဟာ အဓိပ္ပါယ် မရှိပါဘူး။
နံပါတ် (၃) သင်တို့ လုပ်မိခဲ့သမျှ အမှားတွေကို ပြင်ဆင်နိုင်ရမယ်။ လူဆိုတာ မှားကြမှာပဲ။ မမှားရင်တော့ ကောင်းတာပေါ့။ မှားမယ်ဆိုရင် ခဲရာလို အမှားမျိုး ဖြစ်စေချင်တယ်။ ဖျောက်ဖျက်လို့ ရသွားပေမယ့် တခါတလေမှာ အမာရွတ် ထင်ကျန်သွားတတ်တယ်။ ခံတံနဲ့ ရေးတာ မှားလို့ ပြန်ပြင်နိုင်ပေမယ့် လူ့ဘဝမှာ မှားတဲ့ ဘယ်အမှားကို မဆို ပြန်ပြင်လို့ မရကောင်းပါဘူး။ ဖျောက်ဖျက်လို့ရတဲ့ အမှားရယ်လို့ လူ့ဘဝမှာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အချိန်ဆိုတာ နောက်ပြန်ဆွဲလို့ မရလို့ပါ။ တချို့ အမှားတွေက အစားထိုး ကုစားလို့ရပေမယ့် တချို့ကတော့ မကုစားနိုင်ဘူး။ ဘယ်လိုပဲ ကုစားလို့ရရ၊ အစားထိုး ကုစားတာဖြစ်လို့ အမာရွတ်တော့ ကျန်နေမှာပါ။ အထူးသဖြင့် လူမှုရေးပိုင်းမှာ ဖြစ်တတ်တဲ့ အမှားမျိုးပါ။ ဖြစ်ဖြစ်ချင်းမှာပဲ တစ်ဘက်လူရဲ့ နှလုံးသားမှာ အမာရွတ် ဖြစ်ကျန်သွားတယ်။ လုံး၀ ပပျောက်အောင် ကုစားဖို့ ဆိုတာ မလွယ်တော့ဘူး။
နံပါတ် (၄) သင်တို့ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဟာ ခန္ဓာကိုယ် အတွင်းပိုင်းမှာပဲ တည်ပါတယ်။ အဓိကက စိတ်ဓါတ်ပါပဲ။
နံပါတ် (၅) သင်တို့ ဖြတ်သန်းဖူးသမျှ ဘ၀ စာမျက်နှာတိုင်းမှာ အမှတ်အသား ချန်ခဲ့နိုင်ရမယ်။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သင်တို့ရဲ့ တာဝန်ကို မပျက်မကွက် ဆက်လက် ထမ်းဆောင်နိုင်ရမယ်။ ကျနော်တို့ ဘဝမှာ အရာမထင်တဲ့ အလုပ်တွေ ဘယ်လောက်များ လုပ်ပြီးပြီလဲနော်။ အရာထင်တဲ့ အလုပ်ဆိုတာကော ရှာလို့ တွေ့ရဲ့လား။ ကျနော်က ကလေးတစ်ယောက် အဖေပါလို့ လာမပြောပါနဲ့။ ဒါ သတ္တဝါတိုင်း စွမ်းဆောင်နိုင်ပါတယ်။ သက်ရှိတိုင်း စွမ်းဆောင်နိုင်ပါတယ်။ သက်ရှိလို့ ပြောတာကြောင့် သစ်ပင်တွေလည်း ပါပါတယ်။ နယူတန်က ပြောတယ်။ လုပ်ငန်းတစ်ခု စလုပ်တဲ့ အခြေအနေနဲ့ အပြီးသတ် အခြေအနေနဲ့ တစ်ထပ်တည်း တူညီနေရင် ပြီးမြောက်မှုက သုညတဲ့။ ကျနော်တို့ ကုတင်ပေါ်ကနေ အိပ်ယာထပြီး ညကျ ဒီကုတင်မှာပဲ အိပ်ယာပြန်ဝင်တယ်။ သဘာဝအရတော့ ကျနော်တို့ရဲ့ လုပ်ငန်း ပြီးမြောက်မှုက သုညပါပဲ။ အကယ်၍ ပုံမှန် လုပ်နေတဲ့ အစာစား၊ ကိုယ်လက်သန့်စင်၊ အလုပ်သွား၊ အလုပ်လုပ်၊ အလုပ်ပြန် ဆိုတာတွေထပ် ဘာမှ မထူးခြားရင်ပေါ့။ ဒါတွေဟာ အသက်ရှင်ရေးအတွက် ပုံမှန် ထမ်းဆောင်နေရတဲ့ လုပ်ငန်းဝန်တာပါ။ သက်ရှိတိုင်း လုပ်တတ်ပါတယ်။
ကျနော် ဒီနေ့ ငွေ ဘယ်နှစ်သိန်း ပိုဝင်အောင် လုပ်နိုင်တယ်လို့ မဝံ့ကြွား လိုက်ပါနဲ့။ သားကောင်ကြီးကြီး ဖမ်းမိတဲ့ သားရဲတစ်ကောင်ထက် ဘာမှ မထူးပါဘူး။ ဒါတွေဟာ သင်တို့ရဲ့ ဘဝစာမျက်နှာမှာ ခပ်ဖွဖွလေး နင်းနေတဲ့ ခြေရာတွေပါ။ ဖြတ်တော့ လျှောက်သွားတယ် အရာမထင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဓီ တို့ဟာ စား၊ဝတ်၊နေရေး ဆိုတာထက်ကို ပိုပြီး၊ နိုင်ငံအကျိုး လုပ်ခဲ့လို့ ခြေရာကြီးကြီး ကျန်ခဲ့ပါတယ်။ သူတို့ တမင် ချန်ခဲ့တာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဘဝလမ်းကို လျှောက်လှမ်းရင်း နိုင်ငံရေး မျက်နှာစာမှာ ကျန်ခဲ့တာပါ။ ခြေရာကျန်အောင် တမင်လုပ်နေတဲ့ လူတွေလည်း ရှိပါတယ်။ နင်းတဲ့လူက အားစိုက်ထုတ်ရသလို အနင်းခံ မျက်နှာစာကလည်း အပြောင်းအလဲ ရှိမှ ခြေရာဆိုတာ ပေါ်မှာ မဟုတ်လား။ လောကကြီးကို အပြောင်းအလဲ မလုပ်နိုင်ဘဲ၊ လုပ်ဖို့ မကြိုးစားဘဲ ခြေရာ ထင်ကျန်ချင်တဲ့လူတွေ လောကမှာ အပေါသားဗျာ။
ရှိတာတွေကိုပဲ သိဖို့ ကြိုးစားနေတာထက် သိအောင်ကြိုးစားပြီး အရှိတရားတွေကို တိုးပွားအောင် လုပ်သင့်ပါတယ်။ နည်းနည်းများ နားရှုပ်သွားလား။ သိပ္ပံပညာမှာ ရှိတာတွေကို သိဖို့ ကြိုးစားတာ Technician ပါ။ သိအောင်ကြိုးစားရင်း အရှိတရားကို တိုးပွားအောင် လုပ်နေတာ Scientist ပေါ့။ ရှိပြီးသားတွေကို သိအောင် ကြိုးစားနေတာ Operator ပါ။ ပိုပိုပြီး ရှိလာအောင် ကြံဆောင်နေတာတော့ Creator / Inventor ပေါ့။ သင်တို့ဟာ Life Operator လုပ်မလား၊ Life Creator လုပ်မလား။ ရှိပြီးသား ဘဝဆိုတာကိုပဲ မောင်းနှင်ဖို့ ကြိုးစားမလား။ ဘဝအသစ် ဖြစ်တည်လာအောင်ပဲ ကြံဆောင်ကြမလား။